သတ်ဖြတ်လိုသော အငွေ့အသက်များ
Vol. 8 Ch. 111
"မစ္စတာယဲ့တဲ့လား"
ချန်းမုန့်ယောင်၏စကားကို ကြားသောအခါ စွန်းကျီ၏အမူအရာလည်း ပြောင်းလဲသွားရသည်။
ယနေ့ပင် လုပ်ငန်းစု၏ဘော့စ်ရာထူးကို ယဲ့မျိုးရိုး လူငယ်လေးတစ်ယောက်က ရယူသွားပြီဖြစ်ကြောင်း သတင်းရထားသည်။
ထိုလူမှာ သူ့ရှေ့ရှိ ပုဂ္ဂိုလ်များ ဖြစ်နေလေမလား။
စွန်းကျီ၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားသည်။
"မစ္စတာယဲ့.. တောင်းပန်ပါတယ်။ ခင်ဗျားမှန်း ကျွန်တော် မသိလိုက်လို့ပါ"
ယဲ့ချန်း၏အမူအရာကား အေးတိအေးစက်နိုင်သွားပြီး စားပွဲနားသို့ လျှောက်သွားကာ ခွက်နှစ်လုံးကို ကောက်ကိုင်၍ လက်ထဲ၌ ယမ်းခါလိုက်၏။ ထို့နောက် အေးတိအေးစက်လေသံဖြင့် ပြောလာလေသည်။
"မင်းရဲ့ခွက်ထဲမှာ ဘာတွေပါလဲ"
စွန်းကျီ မျက်နှာပျက်သွားပြီး အလျင်စလိုပြန်ဖြေလိုက်၏။
"ဘာမှမပါပါဘူး။ ရိုးရိုးဝိုင်လေးပါပဲ"
"ရိုးရိုးဝိုင်လား"
ယဲ့ချန်းမှာ မျက်ခုံးပင့်လိုက်မိပြီး ထိုဝိုင်များကို ကြမ်းပြင်ပေါ်သို့ ရိုက်ခွဲပစ်လိုက်၏။
ဝိုင်များက ကြမ်းပြင်ပေါ်သို့ ကျသွားသည်နှင့် အဖြူရောင်အရည်များက သွေးနီရောင်တစ်မျိုး ထင်ဟပ်သွားသည်။
ထိုဝိုင်ခွက်နှစ်ခွက်မှာ ဆေးခတ်ထားကြောင်း ဦးနှောက်ပါသူတိုင်း စဉ်းစားတတ်သည်။
ယဲ့ချန်းက အေးတိအေးစက်ပြောလိုက်၏။
"ဥက္ကဋ္ဌချန်း..ဒီကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီစည်းမျဉ်းအရ ဘာလုပ်သင့်လဲ"
ချန်းမုန့်ယောင်၏မျက်နှာအမူအရာလည်း အေးစက်သွားလေသည်။
"မိသားစုစည်းမျဉ်းတွေကို တင်းကျပ်သင့်တယ်"
ချန်းမုန့်ယောင်၏စကားများကို ကြားသောအခါ စွန်းကျီ၏အမူအရာလည်း သိသိသာသာပြောင်းလဲသွားပြီး ကြမ်းပြင်ပေါ်၌ ဒူးထောက်ချလိုက်သည်။
"ဥက္ကဋ္ဌယဲ့ ကျွန်တော်မှားသွားပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
ယဲ့ချန်း အေးစက်စက်ပြောလိုက်၏။
"မင်း ဘယ်လိုလုပ်ရပ်တွေလုပ်ခဲ့ဖူးလဲဆိုတာ ငါ စိတ်မဝင်စားဘူး။ ဒါပေမဲ့ အခု ငါက ဘော့စ်ပဲ။ ငါ့လုပ်ငန်းထဲမှာ သန့်ရှင်းနေတာကိုပဲ လိုချင်တယ်။ တစ်ယောက်ယောက်ကများ တရားမဝင်လုပ်ငန်းတွေ လုပ်နေတယ်လို့ သိရလို့ကတော့ ညှာတာနေမှာမဟုတ်ဘူး"
ထိုသို့ပြောပြီးနောက် ယဲ့ချန်းက လက်ကို ဝှေ့ယမ်းလိုက်သည်။
စွန်းကျီလည်း ချက်ချင်းဆိုသလို ဆွဲထုတ်ခံလိုက်ရသည်။ သိပ်မကြာခင်မှာပင် အပြင်ဘက်မှ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
ထန်းလုနှင့် စုန့်ယွီမုန့်တို့ခမျာ ကြောက်ရွံ့မှုကြောင့် လန့်ဖျပ်မိမတတ်ပင်။
ယခု ယဲ့ချန်း၏အပြုအမူမှာ အလွန်အေးစက်စက်နိုင်လှပြီး တက္ကစီဒရိုင်ဘာတစ်ယောက်နှင့်မတူဘဲ ပြတ်သားပြီး အညှာအတာကင်းမဲ့သော ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်နှင့် ပိုတူပေသည်။
ယဲ့ချန်းက မတ်တတ်ထရပ်ပြီး ပြောလိုက်သည်။
"ရှောင်လု.. နောက်ကျနေပြီ။ အိမ်ပြန်ရအောင်"
ထန်းလုကလည်း နာနာခံခံဖြင့် ခေါင်းညိတ်ပြသည်။
ယဲ့ချန်း၊ ထန်းလုနှင့် စုန့်ယွီမုန်တို့ ဘားထဲမှ ထွက်လာခဲ့သည်။
စုန့်ယွီမုန့်လည်း ယခုမှသာ သဘောပေါက်တော့သည်။
ယဲ့ချန်းက အလွန်အထင်ကြီးဖို့ကောင်းလှသည်။
သူ(မ) သူ့အား အကဲခတ်မှားသွားခဲ့သည်။ ထိုလူသည် ဘားမန်နေဂျာ၏ ကံကြမ္မာကိုပင် အဆုံးအဖြတ်ပေးနိုင်သူပင်။ သူက ဘယ်လိုလုပ်ပြီး တက္ကစီဒရိုင်ဘာဖြစ်နိုင်မှာလဲ?
ယဲ့ချန်းလည်း စုန့်ယွီမုန့်ကို သူ(မ)၏အိမ်တံခါးဝအထိ လိုက်လံပို့ဆောင်ပေးခဲ့သည်။
ကားထဲကထွက်ပြီးနောက် စုန့်ယွီမုန့်တစ်ယောက် ရှက်သွေးဖြာရင်း ယဲ့ချန်းကို ပြော၏။
"ယဲ့ချန်း.. ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ ခုနတုန်းက ဖြစ်ခဲ့တဲ့ကိစ္စအတွက် တောင်းပန်ပါတယ်"
ယဲ့ချန်း ပြုံးလိုက်မိသည်။
"ဘာမှမဟုတ်တာကို။ မင်း တကယ်အားနာတယ်ဆိုရင် ငါ့ကို ကြယ်ငါးပွင့်ရီဗျူးပေးလေ"
"ရတာပေါ့။ ပြဿနာမရှိပါဘူး"
စုန့်ယွီမုန့် ပျော်ပျော်ကြီးခေါင်းညိတ်ပြလိုက်သည်။
ရှားလိကား၏နောက်မီးရောင်ကိုကြည့်ရင်း စုန့်ယွီမုန့်ခမျာ အနည်းငယ်အင်တင်တင်ဖြစ်နေမိသည်။
မိမိုက်လွန်းလှသော ယဲ့ချန်း၏အပြုအမူက အလွန်ကြည်ါကောင်းပေသည်။
ငါ သူ့ကိုချစ်မိသွားပြီထင်တယ်.. ဘယ်လိုလုပ်ရပါ့...
ထားလိုက်ပါတော့... သူ့ကို ကြယ်ငါးပွင့်ရီဗျူး အရင်ပေးလိုက်ပါ့မယ်လေ
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်။ ငါးခုမြောက်ကြယ်ငါးပွင့်(၅/၅)ကို ရရှိလိုက်ပါပြီ။ ဆုလာဘ်ကတော့ သစ္စာခံဆေးရည်ဖြစ်ပါတယ်]
သစ္စာခံဆေးရည်ထဲတွင် ဆယ်စက်စာမျှ ပါဝင်ပြီး ထိုဆေးရည်ကို သောက်လိုက်သည်နှင့် သောက်သုံးသူက Hostကို သစ္စာစောင့်သိသွားပေလိမ့်မည်။
ဤဆေးရည်က အလွန်အထင်ကြီးဖို့ကောင်းလှသည်။
ယဲ့ချန်းက ဆီဆာလုပ်ငန်းစုကို သိမ်းပိုက်လိုက်ပြီဖြစ်ရာ ဤလုပ်ငန်းစုထဲတွင် ရေဘယ်လောက်နက်သလဲဆိုတာကို ကောင်းကောင်းနားလည်ထားသည်။
အခြားလူများကို မဆိုထားနှင့်။ လေးစားဖွယ်ကောင်းသည်ဟုထင်ရသော ထိုအမျိုးသမီးကိုယ်တိုင်ပင် သံသယဖြစ်စရာကောင်းသည်။
မိုတုဆေးရုံ၌ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းနေသော စွန်းကျီကို အေးစက်စက်ကြည့်လိုက်သည်။
"အဖေ ကျွန်တော့်အတွက် လက်စားချေပေးရမယ်နော်။ အမလေး ငါ့လက်ချောင်း!"
စွန်းကျီခများ ထိန်းမနိုင်သိမ်းမရ ငိုကြွေးလေတော့သည်။
"ယဲ့ချန်း... လူယုတ်မာ.. မင်းကများ ငါ့သားကို ထိပါးရဲတယ်ပေါ့"
ထိုအမျိုးသား၏မျက်နှာကား သုန်မှုန်နေပေသည်။
ဤပုဂ္ဂိုလ်မှာ စွန်းကျီ၏အဖေ စွန်းထောင်ဖြစ်ပြီး ဆီဆာလုပ်ငန်းစု၏ အကြီးတန်းစီမံခန့်ခွဲရေးပိုင်းထဲမှ တစ်ယောက်အပါအဝင်ဖြစ်၏။
ယခင်တုန်းက သူသည် လူဆိုးလူမိုက်တစ်ယောက်ဖြစ်ခဲ့သော်လည်း နောက်ပိုင်းမှာမူ ဆီဆာလုပ်ငန်းစု၏ဘော့စ်ကို သစ္စာခံခဲ့သည်။
ယခုမူ ဆီဆာလုပ်ငန်းစု၏ဘော့စ်က ရုတ်တရက်ကြီး လူငယ်တစ်ယောက်ဖြစ်သွားသည့်အတွက် သူ့တွင် ယဲ့ချန်းကို လက်တုံ့ပြန်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်နေသည်။
ယဲ့ချန်းက သူ့သားကို အရင်ဆုံးမလိုက်လိမ့်မည် မည်သူက ထင်ထားမည်နည်း။
အစတုန်းကတော့ ယဲ့ချန်းနှင့် ထိပ်တိုက်တွေ့ရန်အတွက် သူ့မှာ အကြောင်းပြချက်မရှိခဲ့ပေ။ သို့သော် ယခုမူ ယဲ့ချန်းက ပြီးပြည့်စုံလှသော အကြောင်းပြချက်တစ်ခုကို ပေးလာလေပြီ။
"အားပြောင်... တခြားရှယ်ယာရှင်တွေအကုန်လုံးကို ခေါ်လိုက်"
စွန်းထောင်က အေးတိအေးစက်ပြောလိုက်၏။
"ဟုတ်ကဲ့ အစ်ကိုထောင်"
အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က တစ်ဖက်သို့လှည့်၍ ထွက်ခွာသွားသည်။
တစ်နာရီအကြာတွင် ခြံဝင်းတစ်ခုထဲ၌ လူရမ်းကားများနှင့်တူသော လူတချို့က လူရှစ်ယောက်ဆံ့သော စားပွဲတစ်လုံးတွင်ထိုင်၍ လက်ဖက်ရည်သောက်နေကြသည်။
စွန်းထောင်က တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။
"ဘော့စ်က ရုတ်တရက် နိုင်ငံခြားကိုထွက်သွားပြီး ဒီလုပ်ငန်းကြီးတစ်ခုလုံးကို သူငယ်နာမစင်သေးတဲ့ ကလေးတစ်ယောက်ကို လွှဲပေးခဲ့တယ်တဲ့။ ခင်ဗျားတို့ အဲဒါကို လက်ခံနိုင်လား"
လူတချို့က စကားမပြောပါဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ဤလူများမှာ လူ့အဖွဲ့အစည်းထဲတွင် ဆယ်စုနှစ်ပေါင်းများစွာ ရှင်သန်နေထိုင်လာခဲ့သူများဖြစ်ရာ သူတို့တွင်လည်း သူတို့၏ကိုယ်ပိုင်အတွေးအခေါ်များ ရှိကြသည်။
စွန်းထောင်က ဆက်ပြောလိုက်၏။
"ဆီဆာလုပ်ငန်းစုကို ဘော့စ်နဲ့အတူ ကျုပ်တို့ လူအိုကြီးတွေက အတူတည်ထောင်ခဲ့ကြတာ။ ယဲ့ချန်းက ဘယ်လိုအကြောင်းအရင်းနဲ့များ ဘော့စ်ဖြစ်လာရတာလဲ"
လူတချို့က ခေါင်းတညိတ်ညိတ်လုပ်လိုက်ကြသည်။ တကယ်တမ်းတွင် သူတို့ကိုယ်တိုင်လည်း ဘော့စ်၏ဆုံးဖြတ်ချက်ကို နားမလည်နိုင်ပေ။
ဆီဆာလုပ်ငန်းစုက အခြေအနေကောင်းနေပါလျက်နှင့် ဘော့စ်က ရုတ်တရက်ကြီး သူ့မိသားစုကို နိုင်ငံခြားသို့ ခေါ်သွားလေသည်။
ဆက်ခံသူကို သူတို့ထဲက ရွေးချယ်လိုက်မည်ဆိုလျှင် ပြဿနာမရှိပေ။ သို့သော် ဘော့စ်က သူငယ်နာပင်မစင်သေးသော ကလေးတစ်ယောက်ကို တာဝန်ပေးခဲ့လိမ့်မည်ဟုတော့ သူတို့ မထင်ထားပေ။
စွန်းထောင်က လူအုပ်ကြီးကိုကြည့်လိုက်လေရာ သူတို့၏မျက်လုံးထဲတွင် မကျေနပ်လေဟန်အရိပ်အယောင်များ ပေါ်ပေါက်နေသည်။
သူက ဆက်ပြောလိုက်၏။
"မနေ့တုန်းက ဒီကောင်လေးက ကျုပ်သားရဲ့လက်ညှိုးကို ဖြတ်ပစ်ခဲ့တယ်။ အဲဒါက ဘာသဘောလဲ။ သူက ကျုပ်တို့လူအိုကြီးတွေကို ပညာပြချင်တာလား။ ကျုပ်တို့သာ ဒီကိစ္စကို ပြန်မခုခံဘူးဆိုရင် ဒီကောင်စုတ်လေးက ကျုပ်တို့ကို အနှေးနဲ့အမြန်ဝါးမျိုပစ်တော့မှာ"
"အစ်ကိုထောင်.. ခင်ဗျား ဘာလုပ်ဖို့စီစဉ်ထားလဲ"
မျက်နှာပေါ်တွင် အမာရွတ်တစ်ခုရှိသော အမျိုးသားတစ်ယောက်က မေးလိုက်သည်။
စွန်းထောင်ကလည်း သရော်ပြုံးပြုံးလျက်…
"ဘာလုပ်ရမှာလဲ။ ဒီကောင်လေးကိုသတ်ရမှာပေါ့။ ဒီလိုဆိုရင် ဆီဆာလုပ်ငန်းစုကလည်း ငါတို့အပိုင်ဖြစ်ပြီ။ ဒီကောင်လေးရဲ့ရှယ်ယာတွေကို ငါတို့တွေ ခွဲယူကြမယ်လေ။ မကောင်းဘူးလား"
စွန်းထောင်၏စကားအဆုံး၌ လူတိုင်း ပင့်သက်ရှိုက်မိကုန်သည်။
စွန်းထောင်က ပုန်ကန်ဖို့ ကြိုးစားနေခြင်းပင်။
သို့သော် ဤလူများမှာ ယဲ့ချန်းအပေါ် ဘာခံစားချက်မှမရှိကြပေ။
သူတို့သာ ယဲ့ချန်း၏ရှယ်ယာများကို ခွဲယူနိုင်ခဲ့ပါက လူတိုင်းအတွက် အကျိုးအမြတ်ရှိပေလိမ့်မည်။ ဤသည်မှာ အရှုံးမရှိသော အနေအထားတစ်ခုပင်။
သူတို့အားလုံး ခေါင်းညိတ်လိုက်ကြသည်။
"အစ်ကိုထောင်.. ကျွန်တော်တို့ ခင်ဗျားရဲ့ဦးဆောင်မှုနောက်ကို လိုက်ခဲ့ပါ့မယ်"
"ဟုတ်ပါတယ်။ အမိန့်ပေးတာနဲ့ ကျွန်တော်တို့ နာခံမှာပါ"
စွန်းထောင်လည်း ခေါင်းညိတ်ပြ၍ အေးတိအေးစက်ပြောလိုက်သည်။
"အမာရွတ်.. မင်းရဲ့လူတွေကို ဒီည စုခိုင်းထားလိုက်။ ပြီးရင် ဝမ်ချွင်းစားသောက်ဆိုင်ကို ချုံခိုတိုက်မယ်။ ငါ ဟုန်းမန်ဧည့်ခံပွဲကြီး ကျင်းပတော့မယ်"
"ဥက္ကဋ္ဌချန်းကရော"
"ချန်းမုန့်ယောင်… အဲဒီကောင်မက အရင်တုန်းက ဘော့စ်ကို မှီခိုနေခဲ့တာလေ။ အခု ဘော့စ်မရှိတော့ဘူးဆိုတော့ သူလည်း ဘာတန်ဖိုးမှမရှိတော့ဘူး"
ယဲ့ချန်း တက္ကစီမောင်းနေစဉ် စွန်းထောင်ထံမှ ဖုန်းဝင်လာသည်။
"ဥက္ကဋ္ဌယဲ့လား"
စွန်းထောင်၏အသံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။
"ဟုတ်ပါတယ်။ ခင်ဗျားက?"
"ကျွန်တော်က ဆီဆာလုပ်ငန်းစုက စွန်းထောင်ပါ။ ဖျော်ဖြေရေးအပိုင်းကို တာဝန်ယူထားရတဲ့လူပေါ့"
စွန်းထောင်က ရယ်မောလျက် ပြောလိုက်သည်။
"အိုး… ဥက္ကဋ္ဌစွန်း မင်္ဂလာပါ"
ယဲ့ချန်းက ပြောလိုက်သည်။
"ဥက္ကဋ္ဌယဲ့.. မနေ့တုန်းက ကျွန်တော့်သားက စဉ်းစားဉာဏ်မရှိဘဲ ခင်ဗျားကို စိတ်တိုအောင် လုပ်မိသွားပါတယ်။ အဲဒီကိစ္စအတွက် တောင်းပန်ချင်လို့ ဒီည ကျွန်တော် ညစာစားပွဲတစ်ခု ပြင်လိုက်ပါ့မယ်။ ခင်ဗျား ဘယ်လိုသဘောရလဲ"
ယဲ့ချန်းမှာ ထိုစကားကိုကြားသော် မျက်ခုံးပင့်လိုက်မိသည်။ စွန်းထောင်၏နောက်ခံရာဇဝင်ကို ယဲ့ချန်း စုံစမ်းပြီးသွားလေပြီ။
ယခင်တုန်းက သူသည် လူမိုက်အကြီးစားတစ်ယောက်ဖြစ်ခဲ့ဖူးပြီး သားဖြစ်သူကိုလည်း တုန်နေအောင် ချစ်ပေးတတ်သည်။
ယဲ့ချန်းက သူ့သား၏လက်ကို ဖြတ်ပြီးလိုက်တာတောင် သူက တောင်းပန်ဖို့ စားသောက်ပွဲတစ်ခု ပြင်ဆင်နေသတဲ့လား။
ဤသည်မှာ ဟုန်းမန်စားသောက်ပွဲတစ်ခုဖြစ်ကြောင်း ယဲ့ချန်း ကောင်းကောင်းသိသည်။ သို့သော် တည်ငြိမ်မှုကို ဆက်ထိန်းထားပြီး သဘောတူလိုက်သည်။
"ကောင်းပြီလေ"
ယဲ့ချန်း ဖုန်းချလိုက်ပြီးနောက် အိမ်ကို တန်းတန်းမတ်မတ်မောင်းသွားလိုက်သည်။
ထို့နောက် ကွန်ပျူတာကိုဖွင့်ကာ စွန်းထောင်၏ဖုန်းကို ဟက်ခ်လိုက်၏။ ထင်ထားသည့်အတိုင်းပင် ဤလူက မရိုးဖြောင့်ပေ။ ဤညနေခင်းအတွက် တစ်ခုခုပြင်ဆင်ရန် အခြားလူများကို ဆက်သွယ်ထားသည်။
ယဲ့ချန်း၏နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားသည်။
ငါ့ကိုသတ်ချင်တာလား? ကံဆိုးချင်တော့ ခင်ဗျားက အဲဒီလောက်အရည်အချင်းမရှိသေးပါဘူး…
•••••••••••••••