မျက်ရည်ပိုးပိုးပေါက်ပေါက်ကျသွားတဲ့ ပစ္စည်းပို့သမား
Vol. 8 Ch. 107
ဂျိမ်းစ်ကလည်း ယဲ့ချန်း စိန်ခေါ်မှုကို လက်ခံလိုက်သဖြင့် ပြုံးလိုက်၏။
"ကောင်းတယ်။ မင်းက ယောကျ်ားစစ်စစ်ပဲ"
သူက သံမဏိချိန်းကြိုးတစ်ချောင်းကို ထုတ်လိုက်ပြီးနောက် သူ့ခါးတစ်ဝိုက် ရစ်ပတ်လိုက်သည်။ ထို့နောက် သော့ခတ်ပြီးနောက် ကျန်အစွန်းတစ်ဖက်ကို ယဲ့ချန်းဘက်သို့ ပစ်ပေးလိုက်သည်။
တစ်ဖက်လူက ချိန်းကြိုး၏အကွာအဝေးအတွင်းမှာ သူနှင့် တိုက်ခိုက်ချင်နေကြောင်း ယဲ့ချန်း သိလိုက်သည်။
ဂျိမ်းစ်က ထက်မြက်ပေသည်။ ချိန်းကြိုးက လူနှစ်ယောက်စလုံးကို ပတ်ထားခြင်းဖြစ်သဖြင့် မျှတဟန်တူသော်ငြား ဤအဓိပ္ပာယ်မှာ သူတို့နှစ်ယောက် အနီးကပ်တိုက်ခိုက်ရမည်ဟူသော အဓိပ္ပာယ်ပင်။
ဟွားနိုင်ငံ၏ သိုင်းပညာမှာ ပေါ့ပါးမှုနှင့် တိကျမှုကို အခြေခံထားသည်။ တစ်ဖက်လူက ဟွားနိုင်ငံ၏ ကွန်ဖူးသိုင်းကို သေချာလေ့လာထားသည်ဟု ဆိုနိုင်လေသည်။
ယဲ့ချန်းလည်း ကြိုးအစွန်းတစ်ဖက်ကိုယူ၍ ချည်နှောင်လိုက်၏။
ဂျိမ်းစ်က ခေါင်းညိတ်ပြပြီးနောက် ပြောလိုက်သည်။
"ငါတို့တိုက်ပွဲမှာ ရလဒ်တစ်ခုတည်းပဲရှိမှာ။ တစ်ဖက်လူကို မှောက်အောင်လုပ်နိုင်ရင် နိုင်ပြီပဲ"
"ကောင်းပြီ"
ယဲ့ချန်း၏စကားအဆုံး၌ ဂျိမ်းစ်က ရုတ်တရက်ကြီး အားထုတ်သုံးလိုက်သည်။
သံမဏကြိုးက တင်းသွားပြီးနောက် ယဲ့ချန်း၏ ခန္ဓာကိုယ်လည်း ပြိုင်ဘက်ဆီသို့ အဆွဲခံလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ဂျိမ်းစ်က ယဲ့ချန်းထံသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
ဤအကွက်ဖြင့် ဂျိမ်းစ်သည် ပြိုင်ဘက်ဘယ်နှယောက်လောက်ကို အလဲထိုးခဲ့သလဲဆိုတာကို မသိနိုင်ပေ။
ဤအခြင်းအရာကိုမြင်သော် လူတိုင်း ထိတ်လန့်သွားလေသည်။ ကြောက်တတ်သော မိန်းကလေးတချို့မှာ မျက်လုံးများပင် မှိတ်ထားကြသည်။
ဂျိမ်းစ်၏လက်သီးက ယဲ့ချန်းကို ထိတော့မည့်ဆဲဆဲမှာပင် ယဲ့ချန်း၏ခန္ဓာကိုယ်က ရုတ်တရက် အနောက်သို့ယို့သွားသည်။
ထိုအခါ ဂျိမ်းစ်၏လက်သီးက ယဲ့ချန်း၏မျက်နှာအနားမှ ကပ်လွဲသွားသည်။ ယဲ့ချန်းကမူ ဂျိမ်းစ်၏အနောက်သို့ ကွေ့ဝိုက်သွားလိုက်ပြီးနောက် ရှေ့ခြေထောက်ကို ကန်ချလိုက်သည်။
ဂျိမ်းစ်လည်း ခလုတ်တိုက်၍ လဲတော့မည့်ဆဲဆဲ ယဲ့ချန်းက သူ့ကို ပြန်ဆွဲထားလိုက်သည်။ ထို့နောက် ယဲ့ချန်းက လေထဲသို့ လွှားခုန်လိုက်ပြီး သူ့ဒူးဖြင့် ဂျိမ်းစ်၏မေးစေ့ကို တိုက်လိုက်သည်။
ဘန်း!
ဂျိမ်းစ်၏ခန္ဓာကိုယ်လည်း အနောက်သို့ယိုင်သွားပြီးနောက် ကြမ်းပြင်ပေါ်သို့ လဲကျသွားလေတော့သည်။
ထိုနေရာတွင် လုံးဝတိတ်ဆိတ်သွားလေသည်။ လူတိုင်းက ယခုလေးတင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ထိတ်လန့်ကုန်ကြသည်။
ဤသည်မှာ ရုပ်ရှင်ရိုက်နေခြင်းမဟုတ်။ ယဲ့ချန်းနှင့် လက်ဝှေ့ချန်ပီယံအကြားရှိ တကယ့်တိုက်ပွဲအစစ်ပင်။
ဂျိမ်းစ် မတ်တတ်ပြန်ရပ်တော့မည့်အချိန်မှာပင် ယဲ့ချန်း၏ခြေထောက်က သူ့လည်ပင်းကို နင်းထားလိုက်သည်။
"မင်း အညံ့ခံပြီလား"
ယဲ့ချန်း၏အသံက ခန်းမထဲ၌ မိုးကြိုးသံအလား ပဲ့တင်ထပ်သွားသည်။
ယခုမူ ဂျိမ်းစ်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲ၌ ပွက်လောရိုက်ကုန်သည်။
"ဘုရားရေ..ဂျိမ်း အလဲထိုးခံလိုက်ရပြီ"
"အဲဒါ ဟွားနိုင်ငံရဲ့ ကွန်ဖူးလား"
"ဟွားနိုင်ငံရဲ့ကွန်ဖူးက အရမ်းမိုက်တာပဲ။ ကြမ်းတယ်ဟေ့"
"ဂျိမ်းစ်က ဟွားနိုင်ငံက ဒီလူ့ရှေ့မှာတော့ ပြန်တောင်မတိုက်ခိုက်နိုင်ဘူး"
ဂျိမ်းစ်က မတ်တတ်ပြန်ရပ်ရန် ရုန်းကန်ချင်သော်ငြား ယဲချန်း၏ခြေထောက်က သူ့လည်ပင်းကို တက်နင်းထားသဖြင့် မွန်းကျပ်ပြီး သေခြင်းတရား၏ ကြောက်ရွံ့မှုကိုပင် ခံစားရသည်။
"အရှုံးပေးပါပြီ။ အရှုံးပေးပါပြီ"
ဂျိမ်းကလည်း အမြန်အရှုံးပေးလိုက်လေသည်။
ယဲ့ချန်းကတော့ သူ့ခြေထောက်ကို ပြန်မလိုက်၏။ ထို့နောက် အေးတိအေးစက်လေသံဖြင့် ပြောလိုက်သည်။
"မှတ်ထား။ ဟွားနိုင်ငံရဲ့ကွန်ဖူးက စော်ကားလို့ရတဲ့အရာတစ်ခု မဟုတ်ဘူး"
လူအုပ်ကြီးကလည်း မိုးခြိမ်းသံအလား လက်ခုပ်ဩဘာသံတစ်သံကို ဖန်တီးလိုက်ကြသည်။
ပွဲကြည့်နေကြသူများမှာ စိတ်လှုပ်ရှားမှုကြောင့် တက်ကြွကုန်ကြသည်။
ကျန်းရှင်းလည်း သက်မချလိုက်မိသည်။ သူ့မျက်နှာထက်တွင်မူ ပျော်ရွှင်မှုအရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။
ယဲ့ချန်း နိုင်သွားလေပြီ။ ဤသည်မှာ ရေပန်းစားသော အကြောင်းအရာတစ်ခုပင်။ အစောပိုင်းတုန်းက ယဲ့ချန်း ပြသသွားသော သိုင်းကွက်များမှာ အထူးသက်ရောက်မှုများထက်ပင် ပိုမိုက်ပေသည်။
သူ့ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဝမ်းသာသွားရသည်။
ယဲ့ချန်းက ကွန်ဖူးကျွမ်းကျင်သူစစ်စစ်ပင်။ သာမန်သရုပ်ဆောင်များမှာ သူ့ကို မယှဉ်နိုင်ချေ။
ယဲ့ရှန်းက ယဲ့ချန်းကိုကြည့်ရင်း မျက်ဝန်းထဲ၌ လေးစားအားကျမှုတို့ ယှက်သန်းနေတော့သည်။ သူ(မ)၏နှလုံးခုန်သံများလည်း မြန်ဆန်နေချေသည်။
သိုင်းပညာရှင်များမှာ သူရဲကောင်းများကို အမြတ်နိုးဆုံးပင်။
ယဲ့ရှန်းလည်း ခြွင်းချက်မရှိပေ။
ယဲ့ချန်းက ဟွားနိုင်ငံသိုင်းပညာ၏ ဂုဏ်သိက္ခာကို တစ်ကြိမ်မက ကာကွယ်ပေးခဲ့သည်။ ယဲ့ရှန်း၏နှလုံးသားထဲတွင် သူက သူ(မ)၏သူရဲကောင်းပင်။
ဂျိမ်းစ်က မတ်တတ်ထရပ်ပြီးနောက် ယဲ့ချန်းကို အလေးအနက်ဦးညွှတ်လိုက်၏။
"မစ္စတာယဲ့.. ကျွန်တော် နိုင်ငံတော်တော်များများမှာ သိုင်းပညာရှင်တွေကို စိန်ခေါ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်တော် တကယ်လေးစားရတာကတော့ ဟွားနိုင်ငံရဲ့ကွန်ဖူးပါပဲ။ ဟွားနိုင်ငံရဲ့ကွန်ဖူးက ဘယ်လောက်ဆွဲဆောင်မှုရှိလဲဆိုတာကို ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်လေသည်။
"ဟွားနိုင်ငံရဲ့ကွန်ဖူးက ကျယ်ပြောပြီး နက်ရှိုင်းတယ်။ ကျုပ်လည်း နည်းနည်းပဲတတ်တာပါ"
"မစ္စတာယဲ့? ခင်ဗျားက ဝမ်ချွင်းသိုင်းအကျော်အမော်တစ်ယောက်ပဲဖြစ်ရမယ်။ ဟုတ်တယ်မလား? ကျွန်တော် ခင်ဗျားဆီမှာ တပည့်ခံလို့ရမလား"
ဂျိမ်းစ်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
ယဲ့ချန်း ခေါင်းခါယမ်းလိုက်သည်။ု
"ကျုပ်က ဆရာလုပ်ဖို့အထိလည်း အရည်အချင်းမပြည့်ဝသေးပါဘူး။ ဒီတိုင်း ဝါသနာရှင်တစ်ယောက်ပါပဲ။ တကယ်တော့ ကျုပ်က တက္ကစီဒရိုင်ဘာတစ်ယောက်ရယ်"
"ဘာ? တက္ကစီဒရိုင်ဘာလား"
ယဲ့ချန်း၏စကားကိုကြားသောအခါ ဂျိမ်းစ်မှာ ကြက်သေသေသွားသည်။
ဘုရားရေ.. တက္ကစီဒရိုင်ဘာတစ်ယောက်တောင် အရမ်းစွမ်းတာပဲ။ တကယ့်သိုင်းအကျော်အမော်တစ်ယောက်ဆိုရင် ဘယ်လောက်တောင်စွမ်းလိုက်မလဲ?
ဂျိမ်းစ်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲရှိ Mနိုင်ငံ၏ ပွဲကြည့်ပရိသတ်များလည်း အံ့ဩကုန်ကြသည်။
"ဘုရားရေ.. ဒီလောက်အံ့ဩဖို့ကောင်းတဲ့ ကွန်ဖူးအကျော်အမော်တစ်ယောက်က တက္ကစီဒရိုင်ဘာတဲ့"
"ဟွားနိုင်ငံမှာရှိတဲ့ ကလေးတိုင်းက သိုင်းပညာရှင်တွေလို့ ငါကြားထားတယ်။ ကြည့်ရတာ တကယ်ဟုတ်နေပုံပဲ"
"ဟွားနိုင်ငံက အရမ်းအစွမ်းထက်တာပဲ။ သိုင်းအကျော်အမော်တွေနဲ့ ပြည့်နေတာ"
ယဲ့ချန်းမှာ ဟွားနိုင်ငံ၏ သိုင်းပညာအတွက် ပေါ့ပေါ့ပါးပါးသာ ဟန်ဆောင်ပြခဲ့သည်။
ပထမဆုံးနေ့မှာ ဖွင့်ပွဲအခမ်းအနားမျှသာ ဖြစ်သောကြောင့် ရိုက်ကူးရေးလုပ်စရာမလိုပေ။ သို့သော် ထင်မှတ်မထားသော ဤအခြေအနေကြောင့် အင်တာနက်အသုံးပြုသူများအကြား အကြိတ်အနယ်ဆွေးနွေးပွဲတစ်ခု ဖြစ်ပွားခဲ့သည်။
"ယီမန်ရိုက်ကွင်းမှာ ယဲ့ချန်းက လက်ဝှေ့ချန်ပီယံတစ်ယောက်ကို အလဲထိုးခဲ့တယ်"
"ယဲ့ချန်းက နိုင်ငံခြားသားတွေကို ဟွားနိုင်ငံရဲ့ကွန်ဖူးက ဘာလဲဆိုတာ သင်ပြပေးခဲ့တာပဲ"
ယဲ့ရှန်းလည်း ရိုက်ကွင်းထဲမှ ထွက်လာပြီးနောက် အပြုံးလေးနှင့် ပြောလိုက်၏။
"ယဲ့ချန်း.. ကျွန်မ ရှင့်ကားနဲ့လိုက်လို့ရမလား"
"ရတာပေါ့။ မင်း ငါ့ကို ကြယ်ငါးပွင့်ရီဗျူးပေးရင်ပေါ့"
ယဲ့ချန်း ရယ်လိုက်လေသည်။
ကားထဲတွင် ဝင်ထိုင်ပြီးနောက် ယဲ့ရှန်း ကျေးဇူးတင်စကားပြောလိုက်သည်။
"ယဲ့ချန်း ကျေးဇူးတင်ပါတယ်"
ဤနှစ်ပိုင်းအတွင်း မသမာသူတချို့ကြောင့် ဟွားနိုင်ငံ၏ သိုင်းပညာမှာ မီဒီယာများထံမှ အဟားခံခဲ့ရသည်။
ဟွားနိုင်ငံ၏ ကွန်ဖူးသိုင်းမှာ အပြင်ပန်းသက်သက်သာဖြစ်ပြီး တကယ့်လက်တွေ့တွင် ဆိုးဝါးလှသည်ဟု တံဆိပ်ကပ်ခံခဲ့ရ၏။
စိတ်တိုဖို့အကောင်းဆုံးအချက်မှာ ထိုသံသယများနှင့် ရင်ဆိုင်နေရသည့်တိုင် မည်သူကမှ သူတို့ကို စိန်ခေါ်ရန် ရပ်တည်နိုင်ခြင်းမရှိ။
ယဲ့ချန်းကတော့ ဟွားနိုင်ငံကွန်ဖူးသိုင်း၏ နိမ့်ကျချိန်၌ ရှေ့ထွက်လာခဲ့ပြီး ဟွားနိုင်ငံ၏ သိုင်းပညာက မည်သို့ဂုဏ်ရှိကြောင်း ထပ်ခါတလဲလဲပြသခဲ့သည်။
"ဟားဟား..ပြဿနာမရှိပါဘူး။ ဒီကမ္ဘာကြီးမှာ အားကြီးသူကသာ အနိုင်ရစမြဲလေ။ မင်း သူတို့ကို ခြောက်လှန့်နိုင်ရင် သူတို့ကလည်း မင်းရဲ့သန်မာမှုကို သိသွားလိမ့်မယ်"
ရှေ့တွင် မီးနီသွားသဖြင့် ယဲ့ချန်းလည်း ဘရိတ်နင်းလိုက်ရသည်။ ထိုအချိန်မှာပင် ပစ္စည်းပို့သမားတစ်ယောက်က မီးနီနေသည့်ကြားက အတင်းဖြတ်ကူးလိုက်သည်။
ထောင့်နားရှိ ကားတစ်စီးက ရုတ်တရက်ရောက်ချလာလေရာ ပစ္စည်းပို့သမားလေးခမျာ မရှောင်နိုင်သဖြင့် ကွေ့လိုက်ရသည်။
ဘန်း!
ပစ္စည်းပို့သမားလေး၏ ဆိုင်ကယ်က ယဲ့ချန်း၏ကားကို ဝင်တိုက်လိုက်လေတော့သည်။
ယဲ့ချန်းခမျာ ဆွံ့အသွားရုံအပြင် မတတ်နိုင်တော့ပြီ။
သေစမ်း..ငါက တော်တော်ကံဆိုးနေတာပဲ… မီးနီစောင့်ရင်း ရပ်နေတာတောင် ဝင်တိုက်ခံရတယ်…
ယဲ့ချန်းလည်း ကားတံခါးကိုဖွင့်လိုက်လေရာ ပစ္စည်းပို့သမားက မြေပြင်ထက်မှ ထလာသည်ကို မြင်လိုက်ရ၏။ သူ့ကားအရှေ့ပိုင်းကတော့ ပစ္စည်းပို့သမား၏ဆိုင်ကယ်ကြောင့် ခြစ်ရာအကြီးကြီးတစ်ခု ထင်သွားသည်။
ထိုအချိန်မှာပင် ပွဲကြည့်သူများ ဝိုင်းအုံလာကြသည်။
"ဒီပစ္စည်းပို့သမားလေးက တော်တော်ကံဆိုးတာပဲ။ ဒီကားက ဈေးကြီးမယ်ထင်တယ်နော်"
"ဒီကားက Cullinanဘရန်းဖြစ်မယ်ထင်တယ်။ တန်ဖိုးက ဆယ်သန်းကျော်တယ်"
"ဝိုး..ဒီပစ္စည်းပို့သမားလေးတော့ ပြဿနာတက်ပြီ"
ပစ္စည်းပို့သမားလေးက မြေပြင်ပေါ်မှထလာပြီးနောက် ထိုစကားများကိုကြားသော် ကြက်သေသေသွားလေသည်။
သူသည် ဆယ်သန်းကျော်တန်ဖိုးရှိသော ကားတစ်စီးကို ဝင်တိုက်မိလိုက်လေပြီ။ သူ့ခြေထောက်များက ချက်ချင်းဆိုသလို ပျော့ခွေသွားပြီးနောက် မြေကြီးပေါ်သို့ ထိုင်ချပစ်လိုက်တော့သည်။
သူ့မိန်းမက နာမကျန်းဖြစ်ပြီး အိပ်ရာထဲ လဲနေလေသည်။ သူ့သမီးကလည်း မူကြိုတက်ရပေဦးမည်။ သူ့အနေနှင့် အစားအသောက်ပို့ရင်း မိသားစုကို ထောက်ပံ့နေခြင်းပင်။
ယခုမူ ဈေးကြီးလွန်းလှသော ကားတစ်စီးကို သူ ဝင်တိုက်လိုက်မိပြီ။ သူပိုင်သမျှအရာအားလုံးကို ရောင်းချပစ်လိုက်မည်ဆိုလျှင်ပင် လျော်ကြေးငွေအတွက် လုံလောက်မည်မဟုတ်။
ယဲ့ချန်းက ကားထဲမှထွက်လာပြီးနောက် ပစ္စည်းပို့သမားလေးမှာ မျက်ရည်အဝိုင်းသားဖြစ်နေတာကို မြင်လိုက်ရ၏။
"ညီလေး.. မငိုပါသေးနဲ့ဦး။ ဟုတ်ပြီလား"
ယဲ့ချန်း ကူကယ်ရာမဲ့စွာ ပြောလိုက်၏။
"အစ်ကို..ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော် မရည်ရွယ်ပါဘူး။ ခင်ဗျားကားက အရမ်းဈေးကြီးလွန်းတယ်။ ကျွန်တော် မလျော်နိုင်လောက်ဘူး။ ဘယ်လိုလုပ်ရမလဲ။ ထောင်ထဲဝင်လို့လည်း မဖြစ်ဘူး။ ကျွန်တော့်မိသားစုက ကျွန်တော့်ကို မှီခိုနေရတာ"
ထိုကောင်လေးခမျာ တစ်ကိုယ်တည်းရေရွတ်ရင်း ငိုရှိုက်နေရှာသည်။
ယဲ့ချန်းလည်း ပြောစရာစကားရှာမရတော့ပေ။
"ဟုတ်ပါပြီ။ မင်း ငါ့ကို ပြန်လျော်ဖို့မလိုပါဘူး။ ဟုတ်ပြီလား"
ယဲ့ချန်း၏စကားကိုကြားသော် ပစ္စည်းပို့သမားလေးလည်း အငိုတိတ်သွားလေတော့သည်။
"ပြန်လျော်ဖို့မလိုဘူးလို့ ပြောလိုက်တာလား"
ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်၏။
"ဒီလိုလုပ်ရင်ရော.. မင်းက မင်းဆိုင်ကယ်ကိုသာ ပြင်လိုက်။ ငါက ငါ့ကားကိုပြင်လိုက်မယ်။ အဆင်ပြေလား"
"တကယ်ပြောတာလား"
ပစ္စည်းပို့သမားလေးက ယဲ့ချန်းကို မယုံကြည်နိုင်လေဟန်ဖြင့် ကြည့်လိုက်၏။
ပစ္စည်းပို့သမားများနှင့် ဆိုင်ကယ်များက ဇိမ်ခံကားများကို ဝင်တိုက်မိပြီး သူတို့မှာရှိသမျှ အကုန်ဆုံးရှုံးလိုက်ရသည့် အဖြစ်အပျက်ပေါင်းများစွာကို သူ ကြားဖူးသည်။
ဤကိစ္စမျိုး သူ့ထံတွင် ဖြစ်ပျက်လာလိမ့်မည်ဟု သူ လုံးဝထင်မထားပေ။
သူ့ကို ပိုထိတ်လန့်စေသည့်အရာမှာ တစ်ဖက်လူက ပိုက်ဆံပေးစရာမလိုဟု ဆိုလာခြင်းပင်။
••••••••••••••••