← Chapters

လွှတ်ပေးလိုက်တာ ကောင်း၏

Vol. 73 Ch. 1087

လွှတ်ပေးလိုက်တာ ကောင်း၏

Vol. 73 Ch. 1087

ကုန်းရယ်လျှံဖုန်း၏ စကားကို ကြားပြီးနောက် နန်းကုန်းယွဲ့ဟွာ ခေါင်းလှည့်လိုက်သည်။

“ကျွန်မဘက်က အဆင်သင့်ဖြစ်နေပါပြီ။ ရဲတိုက်သခင်ကရော နောက်ဆက်ပြီး ဘာလုပ်ဖို့ အစီအစဉ် ရှိပါသလဲ။”

နန်းကုန်းယွဲ့ဟွာ သဘောပေါက်သွား၏။ အကယ်၍ အခြားကမ္ဘာမှ ရန်သူများ အမှန်တကယ် အစွမ်းထက်ပါက ကောင်းကင်နတ်ဆိုးအား ချိပ်ပိတ်မှုကို ဖောက်ဖျက်ရန် သူမ တက်ကြွစွာ ကူညီသင့်သည်။ ထို့နောက် ထိုနတ်ဆိုးကို အခြားကမ္ဘာမှ ကျူးကျော်သူများကို တိုက်ခိုက်စေသင့်သည်။

ကောင်းကင်နတ်ဆိုးနှင့် အခြားကမ္ဘာမှ ကျူးကျော်သူများ မည်သူက ပိုဆိုးကြောင်း သူမ မသေချာပေ။ သို့သော် သူမတို့အတွက်မူ နှစ်ဦးစလုံးသည် ရန်သူများသာ ဖြစ်ကြသည်။

ထိုသို့သော အခြေအနေမျိုးတွင် တောင်ကုန်းပေါ်မှ ကျားနှစ်ကောင် အချင်းချင်း တိုက်ခိုက်သည်ကို ထိုင်ကြည့်နေရုံသာ ရှိတော့သည်။ နှစ်ဖက်စလုံး အပြင်းအထန် တိုက်ခိုက်ပြီးနောက်မှ တတိယအင်အားစုအဖြစ် ဝင်ရောက်စွက်ဖက်မည် ဖြစ်သည်။

သို့သော် အခြားကမ္ဘာမှ ကျူးကျော်သူများနှင့် ကောင်းကင်နတ်ဆိုး နှစ်ဦးစလုံး သူတို့ချင်း တိုက်ပွဲကြောင့် အလွန်အမင်း အင်အား ချည့်နဲ့သွားသည့်တိုင် ကျိရှောင်နိုင်ငံတော် အနေဖြင့် သူတို့ကို ထိန်းချုပ်နိုင်ဦးမည်လား ဆိုသည်က မသေချာသေးပေ။ ဒါက နန်းကုန်းယွဲ့ဟွာ၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှု ဖြစ်သည်။

အကယ်၍ အားလုံး မအောင်မြင်ခဲ့ပါက သူတို့၏ ရှင်သန်ရေးအတွက်သာ စဉ်းစားရတော့မည်ဖြစ်သည်။ ထိုအခါ ကမ္ဘာ့ လမ်းကြောင်းကို ဖွင့်လှစ်ပြီး လူအချို့ကို ခေါ်ဆောင်ကာ ဤကမ္ဘာမှ ထွက်ခွာသွားရမည် ဖြစ်သည်။

ထိုအချိန်တွင် ကုန်းရယ်လျှံဖုန်းက

“ဧကရီ သဘောတူရင် ကျွန်တော်နဲ့ နတ်ဆိုး ချိပ်ပိတ်နယ်မြေဆီ လိုက်ခဲ့ပါ။ နတ်ဆိုးသခင်ကြီးရဲ့ ချိပ်ပိတ်မှုကို ဖျက်ဆီးဖို့ ကျွန်တော်တို့ တက်တက်ကြွကြွ ကူညီကြပါစို့။”

နန်းကုန်းယွဲ့ဟွာက

“ကောင်းပါပြီ။”

ဟု ပြန်လည် ဖြေကြားလိုက်သည်။

ထို့နောက် နန်းကုန်းယွဲ့ဟွာနှင့် ကုန်းရယ်လျှံဖုန်းတို့ လနက်မြို့သို့ ထွက်ခွာသွားကြသည်။ သူတို့ ရောက်ရှိသည့် အချိန်တွင် ကျိယန်ကမ္ဘာ၏ အခြား အဓိက အင်အားစုကြီးများသည် လနက်မြို့တွင် စောင့်ဆိုင်းနေကြပြီး ဖြစ်သည်။

ကုန်းရယ်လျှံဖုန်းက အခြား အင်အားစုများကို ကြိုတင် အကြောင်းကြားထားပြီး ဖြစ်သည်။ သူတို့ အများစုသည် ထျန်းကျိရဲတိုက်၏ စကားကို ယုံကြည်ကြ၏။

ကျိယန်ကမ္ဘာ အတွင်းရှိ အင်အားစုများ အကြား မကြာခဏ ပဋိပက္ခများနှင့် ပွတ်တိုက်မှုများ ရှိခဲ့သော်လည်း ၎င်းတို့သည် ကျိယန်ကမ္ဘာ၏ ပြည်တွင်းရေးရာများသာ ဖြစ်သည်။ ယခု အပြင်ဘက်မှ ကျူးကျော်သူ ပေါ်လာသောအခါ သူတို့ကြားရှိ မုန်းတီးမှုများကို ခေတ္တ ဘေးဖယ်ထားပြီး တစ်စည်းတစ်လုံးတည်း ရပ်တည်ခဲ့ကြသည်။

လနက်မြို့ အပေါ်သို့ ရောက်ရှိပြီးနောက်

မြို့အပေါ်ရှိ အရွယ်အစား အမျိုးမျိုးရှိသော မိုးပျံလှေများကို နန်းကုန်းယွဲ့ တစ်ချက်ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူမ၏ အကြည့်သည် နန်းကုန်းချင်ရ ထံသို့ ကျရောက်သွားသည်။

မိစ္ဆာ ကျင့်ကြံသူတစ်ဦး ဖြစ်သော်ငြားလည်း နန်းကုန်းချင်ရသည် နောက်ဆုံးတွင် ကျိယန်ကမ္ဘာနှင့်အတူ ရပ်တည်ရန် ရွေးချယ်ခဲ့သည်။

ကုန်းရယ်လျှံဖုန်းနှင့် ထျန်းကျိရဲတိုက်မှ လူများ ရောက်ရှိလာသည်ကို အဓိက အင်အားစုများ၏ ဂိုဏ်းချုပ်များနှင့် ခေါင်းဆောင်များက မြင်ကြသောအခါ ကုန်းရယ်လျှံဖုန်း၏ မိုးပျံလှေ အနီးသို့ ချက်ချင်း လာရောက်ကြသည်။

“ရဲတိုက်သခင်။ ဒါတွေက အခြားကမ္ဘာက ကျူးကျော်သူတွေ ဆိုတာ ခင်ဗျား သေချာရဲ့လား။”

“ရဲတိုက်သခင်။ ခင်ဗျားက ကောင်းကင်နတ်ဆိုးကို ချိပ်ပိတ်ထားတာကနေ လွတ်မြောက်အောင် တကယ် ကူညီမလို့လား။”

“ရဲတိုက်သခင်။ တကယ်လို့ ကျူးကျော်သူက ကောင်းကင်နတ်ဆိုးကို မယှဉ်နိုင်ပဲ အစားခံလိုက်ရရင် ဘယ်လိုလုပ်မလဲ။ ကောင်းကင်နတ်ဆိုးက ပိုပြီး အစွမ်းထက်လာရင် ကျွန်တော်တို့ ကျိယန်ကမ္ဘာတော့ သွားပြီ။”

လူအများစုသည် အခြားကမ္ဘာမှ ကျူးကျော်သူများရှိကြောင်း ကုန်းရယ်လျှံဖုန်း ပြောသည်ကို ယုံကြည်ကြသည်။ သို့သော် သံသယအချို့တော့ ရှိနေကြဆဲ ဖြစ်သည်။

ထိုအရာသည် ကောင်းကင်နတ်ဆိုး ဖြစ်ပြီး ကျင့်ကြံသူ အားလုံး၏ ရန်သူ ဖြစ်သည်။ အကယ်၍ ကျူးကျော်သူသည် ကောင်းကင်နတ်ဆိုးထက် ပိုမို အစွမ်းထက်ပါက ထိုအရာသည် မည်သည့် အဆင့်အင်အား ဖြစ်မည်နည်း။

အရေးအကြီးဆုံးမှာ အကယ်၍ ကျူးကျော်သူသည် ကောင်းကင်နတ်ဆိုးကို ရှုံးနိမ့်ပြီး အစားခံလိုက်ရပါက ကောင်းကင်နတ်ဆိုး၏ အင်အားသည် သေချာပေါက် တိုးပွားလာမည် ဖြစ်သည်။ ၎င်းသည် ယခင်ကထက် ဆယ်ဆမက ပိုမို အစွမ်းထက်လာမည် ဖြစ်သည်။ ထိုအခါ ကျိယန်ကမ္ဘာတွင် ကောင်းကင်နတ်ဆိုးကို နောက်တစ်ကြိမ် ချိပ်ပိတ်ရန် အင်အား ရှိချင်မှ ရှိပေတော့မည်။

အတိတ်က ကျိရှောင်နိုင်ငံတော်သည် ကောင်းကင်နတ်ဆိုးကို ချိပ်ပိတ်ရန် နာကျင်ဖွယ်ရာ ပေးဆပ်မှုများ ပြုခဲ့ရသည်။ ယခုအခါ သူတို့က ၎င်းကို လွှတ်ပေးရန် အမှန်တကယ် စဉ်းစားနေကြသည်။

ကျင့်ကြံသူ အများစုသည် အခြားကမ္ဘာမှ ကျူးကျော်သူများထက် ကောင်းကင်နတ်ဆိုးကို ပို၍ ကြောက်ရွံ့ကြသည်။

အနည်းဆုံးတော့ အခြားကမ္ဘာမှ ကျူးကျော်သူများသည် ကျင့်ကြံသူများ ဖြစ်နေနိုင်သေးပြီး ညှိနှိုင်းနိုင်စရာ အခွင့်အရေး ရှိနိုင်သေး၏။ သို့သော် ကောင်းကင်နတ်ဆိုးမှာမူ မျိုးစိတ် မတူသူ ဖြစ်သည်။ ၎င်းသည် ကျင့်ကြံသူများကို အမဲလိုက်သူ၊ ကျင့်ကြံသူများ၏ သဘာဝ ရန်သူ ဖြစ်သည်။

သူတို့၏ သဘာဝ ရန်သူအပေါ် မည်သို့ မျှော်လင့်ချက် ထားနိုင်မည်နည်း။

လူတို့၏ စိုးရိမ်ပူပန်မှုများကို ကြားသောအခါ ကုန်းရယ်လျှံဖုန်းက တည်ငြိမ်စွာဖြင့်

“ကျွန်တော့်ရဲ့ တွက်ချက်မှုတွေအရ ဒီကျူးကျော်သူက ကျိယန်ကမ္ဘာရဲ့ ကံစွမ်းအားကို ခိုးယူသွားဖို့ အလွန် ဖြစ်နိုင်ခြေရှိတယ်။ ပြီးတော့ ကံစွမ်းအားတွေ အခိုးခံလိုက်ရတာနဲ့ ကျိယန်ကမ္ဘာဟာ သေမင်း စိုးမိုးတဲ့ နယ်မြေ ဖြစ်သွားလိမ့်မယ်။”

“ကောင်းကင်နတ်ဆိုးက ကြောက်စရာကောင်းပေမဲ့ ဒီအခြားကမ္ဘာက ရန်သူက ပိုလို့တောင် ဆိုးတယ်။ စောစောက ကောင်းကင်ဘုံ လမ်းစဉ် တုန်လှုပ်သွားတဲ့ အသံကို ခင်ဗျားတို့လည်း ခံစားမိကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။”

ကုန်းရယ်လျှံဖုန်း၏ စကားကို ကြားသောအခါ လူများလည်း နက်ရှိုင်းသော အတွေးထဲကမ္ဘာ နစ်မြောသွားကြ တော့သည်။

ဟုတ်ပါသည်။ စောစောက နတ်ဆိုးချိပ်ပိတ် တားမြစ်နယ်မြေတွင် ပုံမှန် မဟုတ်သည့် အရာများ ပေါ်ပေါက်လာစဉ်က ကောင်းကင်ဘုံ လမ်းစဉ်က သူတို့၏ အကူအညီကို အော်ဟစ် တောင်းခံနေသကဲ့သို့ ဥပဒေနိယာမ အလုံးစုံ နယ်ပယ်အဆင့်ရှိ ကျင့်ကြံသူများ ထင်ရှားစွာ ခံစားမိခဲ့ကြသည်။

ယခင်က ကောင်းကင်ဘုံ လမ်းစဉ်၏ အလိုဆန္ဒကို ခံစားမိဖူးခြင်း မရှိသလောက်ဖြစ်သည်။ ဒါက ပထမဆုံးအကြိမ် သူတို့ ခံစားမိခြင်း ဖြစ်သည်။ ဤအချက်က ကောင်းကင်ဘုံ လမ်းစဉ်သည်လည်း ကျူးကျော်လာသော ရန်သူများကို ကြီးမားသော ခြိမ်းခြောက်မှုအဖြစ် မှတ်ယူနေကြောင်း ညွှန်ပြနေသည်။

ကုန်းရယ်လျှံဖုန်း စကားဆုံးသောအခါ၊ တက်ရောက်လာသော အဓိက အင်အားစု အသီးသီးမှ ခေါင်းဆောင်များ တိတ်ဆိတ်သွားကြသည်။

ကောင်းကင်နတ်ဆိုးသည် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သကဲ့သို့ အခြားကမ္ဘာမှ ရန်သူများသည်လည်း အလားတူ ခြိမ်းခြောက်မှုများ ဖြစ်ကြသည်။ တစ်ဦးက သူတို့၏ အသက်ကို လိုလားပြီး အခြားတစ်ဦးက သူတို့၏ ကမ္ဘာကို ဖျက်ဆီးရန် ကြံစည်နေသည်။

ကြည့်ရတာ သူတို့ ကောင်းကင်နတ်ဆိုးကို လွှတ်ပေးမှသာ ဖြစ်တော့မည်။

သို့သော် အကယ်၍ ကောင်းကင်နတ်ဆိုးက အခြားကမ္ဘာမှ ရန်သူကို ကြောက်လန့် ထွက်ပြေးသွားလျှင်ကော မည်သို့ လုပ်မည်နည်း။

ထိုအချိန်တွင် နန်းကုန်းချင်ရက အေးစက်စွာ ဖြင်

“ကုန်းရယ် သခင်။ တကယ်လို့ ကောင်းကင်နတ်ဆိုးက ကျူးကျော်သူတွေကို ကြောက်ပြီး ထွက်ပြေးသွားရင် ကပ်ဘေးတစ်ခုကို လွှတ်ပေးလိုက်သလိုများ ဖြစ်မသွားဘူးလား။”

ကုန်းရယ်လျှံဖုန်းက

“စိတ်ချပါ သွေးသက်တံသခင်မ။ ကောင်းကင်နတ်ဆိုးက အဲ့ဒီလောက် အလွယ်တကူ ကြောက်လန့်တတ်တာတော့ မဟုတ်ပါဘူး။ ဆန့်ကျင်ဘက် အနေနဲ့ ဒီလောက် အစွမ်းထက်တဲ့ ကျင့်ကြံသူတွေကို မြင်ရရင် သူက သူတို့ကို ဝါးမျိုချင်နေမှာပါ။”

“နှစ်ပေါင်းများစွာ ချိပ်ပိတ်ခံထားရတဲ့ ကောင်းကင်နတ်ဆိုးတစ်ကောင်က သူ့ရဲ့ မျက်စိရှေ့မှာ အရသာရှိတဲ့ စားသောက်ပွဲကြီးတစ်ခု ရောက်လာတာကို တွေ့ရင် ဘယ်လိုလုပ် လွှတ်ပေးနိုင်မှာလဲ။”

လူတိုင်း စဉ်းစားကြည့်ကြရာ ယုတ္တိရှိသည်ဟု ခံစားမိကြသည်။

ထို့နောက် အင်အားစုတစ်ခု၏ ခေါင်းဆောင်တစ်ဦးက

“ဒီလိုဆိုရင်လည်း စလိုက်ကြတာပေါ့။ ကျွန်တော်လည်း နတ်ဆိုးချိပ်ပိတ်နယ်မြေထဲကနေ ကြီးကျယ်တဲ့ အငွေ့အသက်တစ်ခု ထွက်ပေါ်လာတာကို ထင်ထင်ရှားရှား ခံစားမိနေပြီ။”

တက်ရောက်လာသူများလည်း ထို အစွမ်းထက်သော ဖိအားကို ခံစားမိကြသည်။ ထိုဖိအားအရ ကျူးကျော်လာသော ရန်သူများသည် အနည်းဆုံး နတ်ဘဝပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ထို့ပြင် နတ်ဘဝပြောင်းလဲခြင်း အဆင့်၏ အထက်ပင် ဖြစ်နိုင်ခြေ ရှိသည်။

ကုန်းရယ်လျှံဖုန်းက

“ကောင်းပြီ။ ဒါဆိုရင် ကျင့်ကြံသူ မိတ်ဆွေတို့ ကျွန်တော်နဲ့အတူ ပူးပေါင်းပြီး နတ်ဆိုးချိပ်ပိတ် နယ်မြေရဲ့ ချိပ်ပိတ်တံဆိပ်ကို ဖျက်ဆီးဖို့ အတူတကွ လှုပ်ရှားကြပါစို့။”

သူ၏ စကားပြောစဉ်အတွင်းပင် ကုန်းရယ်လျှံဖုန်းက သူ၏ လက်ညှိုးကို မြှောက်လိုက်သည်။ ခန့်ညားထည်ဝါသော အနက်နှင့်အဖြူ စိတ်ဝိညာဉ် စွမ်းအား လိုင်းကြောင်းတစ်ခုသည် နတ်ဆိုးချိပ်ပိတ် နယ်မြေဆီသို့ တည့်တည့် ပစ်လွှတ်သွားသည်။

ကုန်းရယ်လျှံဖုန်း လှုပ်ရှားသည်ကို အခြား အင်အားစုများ၏ ခေါင်းဆောင်များက မြင်သောအခါ လက်ပိုက်ကြည့် မနေကြပဲ ပါဝင် လှုပ်ရှားလိုက်ကြသည်။

လူတိုင်း လှုပ်ရှားလိုက်သည့် တစ်ခဏတွင် နတ်ဆိုးချိပ်ပိတ်နယ်မြေမှ တုန်ခါမှုများ အဆက်မပြတ် ဖြစ်ပေါ်လာသည်။ တောင်တန်းကြီး၏ နက်ရှိုင်းသော အတွင်းပိုင်းတွင် အက်ကွဲကြောင်းများစွာ ပေါ်ထွက်လာပြီး ထိုအက်ကွဲကြောင်းများမှ ပြင်းထန်သော ကောင်းကင်နတ်ဆိုး စွမ်းအားများကို လွှတ်ထုတ်လိုက်သည်။

……..

တစ်ချိန်တည်းမှာပင်။

လနက်မြို့၏ မြို့သခင်စံအိမ်တွင်။

ကျိချိုးယုနှင့် လုချန်းတို့သည် အဆောင်အတွင်း၌ ရှိနေကြသည်။ သူတို့သည် ကောင်းကင်ပေါ်ရှိ မိုးပျံလှေများကို ကြည့်နေကြသည်။

အပြင်ဘက်တွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို ကျိချိုးယု သိပြီးသား ဖြစ်သည်။

သူမက သူမ၏ မကျေနပ်ချက်ကို ဖွင့်ဟပြောဆိုလိုက်သည်။

“သူတို့ ရူးနေကြပြီ။ သူတို့က ကောင်းကင်နတ်ဆိုးကို တကယ် လွှတ်ပေးချင်နေကြတာပဲ။”

ဤကိစ္စကို ထျန်းကျိရဲတိုက်သခင် ကုန်းရယ်လျှံဖုန်းက ဦးဆောင်နေခြင်း ဖြစ်သည်။ မူလအစကမ္ဘာ နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦး အနေနှင့် သူမ သူ့ကို မတားဆီးနိုင်ပေ။ သို့သော် သူမ အလွန်စိတ်ဆင်းရဲနေသည်။

သူမသည် လနက်မြို့ကို နှစ်ပေါင်းများစွာ ကာကွယ်ခဲ့ပြီး အကြိမ်ပေါင်းများစွာ အသက်ပင် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့သည်။ ထိုအရာအားလုံးသည် နတ်ဆိုး သတ္တဝါများ ပျံ့နှံ့မသွားစေရန်နှင့် ကောင်းကင်နတ်ဆိုးက ချိပ်ပိတ်တံဆိပ်ကို ဖောက်ထွက်ရန် လုံလောက်သော စွမ်းအားများ စုပ်ယူခြင်းမှ တားဆီးရန် မဟုတ်ပါလား။

ယခု သူတို့က ကောင်းကင်နတ်ဆိုးကို အမှန်တကယ် လွှတ်ပေးလိုကြသည်။ ထိုအချက်က သူမ၏ နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်မှုများကို အကျိုးမရှိ ဖြစ်သွားစေသည် မဟုတ်ပါလား။

ထို့ပြင် သူမ၏ ဘိုးဘေးများသည် ကောင်းကင်နတ်ဆိုးကို ချိပ်ပိတ်ရန် ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ရသည်။ ယခု ဤလူများသည် ၎င်းကို လွှတ်ပေးမည်ဟု လွယ်လွယ် ပြောဆိုနေကြသည်။

သို့သော် သူမ၏ အတွင်းစိတ်ထဲတွင် မည်မျှပင် စိတ်ဆင်းရဲ ခံစားနေရပါစေ လုချန်း၏ ရှေ့တွင်သာ သူမ ရင်ဖွင့်နိုင်ခဲ့သည်။

ထိုအချိန်တွင် ကျိချိုးယု၏ ဘေးရှိ လုချန်းက ပြုံးလျက်

“လွှတ်ပေးလိုက်တာက ကောင်းနိုင်ပါတယ်။”

လုချန်း၏ စကားကို ကြားသောအခါ ကျိချိုးယုသည် အနည်းငယ် ကြောင်သွားသည်။ သူမက လုချန်းအား မယုံနိုင်သော အမူအရာဖြင့် လှည့်ကြည့်ကာ

“ရှင်... ရှင်လည်း ကောင်းကင်နတ်ဆိုးက ကျိယန်ကမ္ဘာကို အခြားကမ္ဘာက ကျူးကျော်သူတွေနဲ့ တိုက်ခိုက်ဖို့ ကူညီလိမ့်မယ်လို့ ထင်နေတာလား။”

All Chapters