လှုပ်ရှားနိုင်ပြီ
Vol. 73 Ch. 1091
ကျိချိုးယုသည် လုချန်းနှင့် ကောင်းကင်နတ်ဆိုးတို့၏ တိုက်ပွဲကို မမြင်တွေ့ခဲ့ရပေ။ သို့သော် ထွက်ပြေးနေကြသော အင်အားစုများ၏ အပြုအမူများအရ အဖြေကို အခြေခံအားဖြင့် ခန့်မှန်းနိုင်ခဲ့သည်။
ထိုအချိန်တွင် လုချန်း၏ ရုပ်သေးသည် ကျိချိုးယု၏ ခါးကို ပွေ့ဖက်ထားသည်။ ထို့နောက် သူက သူမ၏ နားနားကပ်၍
“ကျိယန်ကမ္ဘာရဲ့ အင်အားစုကြီးတွေ ကောင်းကင်နတ်ဆိုးကို သူတို့ဘာသာ လွှတ်ပေးခဲ့တာက ကျိယန်ကမ္ဘာကို တိုက်ခိုက်ဖို့ ကိုယ့်ကို အခွင့်အရေး ပေးလိုက်တာပဲ။”
လုချန်း၏ စကားကို ကြားသောအခါ ကျိချိုးယု မယုံနိုင်လောက်အောင် စိတ်ရှုပ်ထွေးသွားခဲ့သည်။
ပြင်ပ ကျူးကျော်သူများကို ရင်ဆိုင်ရန်အတွက် ဆိုလျှင်ပင် ကောင်းကင်နတ်ဆိုးကို လွှတ်ပေးခြင်းအား သူမ ဆန့်ကျင်ခဲ့၏။ သူမ၏ အမြင်တွင် ကောင်းကင်နတ်ဆိုးသည် ကျင့်ကြံသူများ၏ အဓိက ရန်သူအဖြစ် ရှိနေဆဲ ဖြစ်သည်။
ယခုအခါ ကျိယန်ကမ္ဘာ၏ အင်အားစုကြီးများက ကောင်းကင်နတ်ဆိုးကို လွှတ်ပေးရန် စိတ်တူကိုယ်တူ ပူးပေါင်းခဲ့ကြသည်။ ပြင်ပ ကျူးကျော်သူများအား ခုခံ ကာကွယ်စေရန်ကောင်းကင်နတ်ဆိုးကို လွှတ်ပေးသည်ဟု အကြောင်းပြကြသည်။ သို့သော် သာမန်လူ အများစု၏ အမြင်တွင် သူတို့၏ လုပ်ရပ်များသည် ကျိယန်ကမ္ဘာ တစ်ခုလုံးကို ဖျက်ဆီးခြင်းနှင့် တူသည်။
ပြင်ပကျူးကျော်သူများက ဤအချိန်တွင် ကျိယန်ကမ္ဘာသို့ ဝင်ရောက်လာပြီး ကောင်းကင်နတ်ဆိုးကို ဖယ်ရှားလိုက်ခြင်းက ကျိယန်ကမ္ဘာအား ဘေးဒုက္ခတစ်ခုမှ ကယ်တင်လိုက်ခြင်းသာဖြစ်သည်။
ထို့ပြင် ယခု ထိုအင်အားကြီးများသည် ခုခံမှု တစ်စုံတစ်ရာ မပြုကြပဲ ထွက်ပြေးသွားကြသည်။ ထို့ကြောင့် ကျိယန်ကမ္ဘာမှ လူများသည် ဤအင်အားစုကြီးများအပေါ် ပို၍ အထင်သေးလာကြသည်။
ဤကဲ့သို့သော အခြေအနေများအောက်တွင် အခြားကမ္ဘာမှ စစ်တပ်များ ကျိယန်ကမ္ဘာသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် အခြေအနေတစ်ခု ဖြစ်ပေါ်လာလိမ့်မည်။ တက်ကြွစွာ လက်နက်ချ အညံ့ခံရန် ရွေးချယ်မည့် အဆင့်နိမ့် အင်အားစုများစွာ ရှိလာမည်ဖြစ်သည်။
ကျိယန်ကမ္ဘာသည် ယခုအခါ လုချန်း၏ လက်အောက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ကျန်ရှိနေသည်မှာ လွှဲပြောင်းယူရမည့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်တစ်ခုသာ ဖြစ်သည်ဟု ဆိုနိုင်သည်။
သူမကိုယ်တိုင်ကတော့ ကျိယန်ကမ္ဘာ၏ သစ္စာဖောက်တစ်ဦး ဖြစ်လာရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူမသည် ပြင်ပကျူးကျော်သူ လုချန်း၏ ကြံရာပါ ဖြစ်နေပြီဖြစ်သည်။ ထိုအတွေးက ကျိချိုးယုကို အလွန်စိတ်ဆင်းရဲစေခဲ့သည်။
ဤ သေနာကျ လိမ်လည်သူက တကယ်ပင် အစွမ်းထက်ပါလား။
သူ့ကဲ့သို့ အစွမ်းထက်သော လူတစ်ယောက်နှင့် ဆိုလျှင် အခြေအနေတစ်ရပ်ကို သူမ စိုးရိမ်မိသည်။ သူမ၏ မူလအစကမ္ဘာ နယ်ပယ်အဆင့် ဖောက်ခွဲခြင်းက သူ့ကို ထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်စေမည် မဟုတ်ဟု သူမ စိုးရိမ်နေခြင်း ဖြစ်သည်။
ယခုတော့ သစ္စာဖောက်မ ဖြစ်သော သူမသည် ကျိယန်ကမ္ဘာတွင် ထာဝရ ကဲ့ရဲ့ ရှုတ်ချခြင်းကို ခံရပေတော့မည်။
…….
တစ်ချိန်တည်းမှာပင်။
လုချန်းသည် ကောင်းကင်နတ်ဆိုးကို အပြီးတိုင် ရှင်းလင်းခဲ့သည်။ ပြီးနောက် ထျန်းချန်ကမ္ဘာ၏ စစ်တပ်ကို ကျိယန်ကမ္ဘာသို့ ဝင်ရောက်ရန် သူ၏ ရုပ်သေးကို အသုံးပြု၍ ချက်ချင်း သတင်းစကား ပေးပို့လိုက်သည်။
မကြာမီတွင် မိုးပျံလှေများ တစ်စီးပြီးတစ်စီး ဝင်ရောက်လာခဲ့ကြသည်။ ၎င်းတို့သည် ရှနိုင်ငံတော်၏ အလံများကို လွှင့်ထူထားပြီး ကမ္ဘာ့အတားအဆီး၏ အက်ကွဲကြောင်းများမှတစ်ဆင့် ဤနယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။
ပထမဆုံးသော ရှနိုင်ငံတော်၏ မိုးပျံလှေ လနက်မြို့ အပေါ်မှ ကောင်းကင်ပြင်သို့ ဝင်ရောက်လာသောအခါ ကျိချိုးယု လုံးဝ စိတ်ဓာတ်ကျသွားခဲ့သည်။
ကောင်းကင်ယံမှ တစ်ခါမှ မမြင်ဖူးခဲ့သော ထိုအလံများကို သူမ ကြည့်နေမိသည်။ ထို့နောက် ကျိချိုးယုက လုချန်း၏ ရုပ်သေးကို
“ရှင် အခု လှုပ်ရှားလို့ ရပါပြီ။”
လုချန်းက
“မလောပါနဲ့”
ဟု ခပ်အေးအေး တုံ့ပြန်လိုက်သည်။
သူ စကားပြောနေစဉ် လုချန်း တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။ ထို့နောက် သူက ပြုံးလျက်
“ကိုယ် မင်းကို ရွေးချယ်စရာ နှစ်ခု ပေးနိုင်တယ်။ တစ်ခုက အခု သေလိုက်တာ။ နောက်တစ်ခုက ကိုယ့်ကို မေ့ပစ်လိုက်ပြီးမှ သေတာ။”
လုချန်း၏ စကားကို ကြားသောအခါ ကျိချိုးယု၏ နှလုံးသားထဲ နာကျင်မှုတစ်ခု ခံစားလိုက်ရ၏။ သူသည် အမှန်တကယ်ပင် သေနာကျ လိမ်လည်သူတစ်ဦး ဖြစ်သည်။ သူမကို သဘောကျသည်ဟု သူအကြိမ်ကြိမ် ပြောခဲ့သော်လည်း အဆုံးသတ်တွင်မူ သူက သူမကို သတ်ရန် အစီအစဉ် ရှိနေဆဲ ဖြစ်သည်။
ယခုအချိန်တွင် သူမ သေခြင်းတရားကို မကြောက်ရွံ့တော့ပေ။ သို့သော် လုချန်း၏ လိမ်လည်လှည့်ဖြားမှုနှင့် သူမအပေါ် ထားရှိသော သူ၏ သဘောထားက သေခြင်းတရားထက်ပင် ပို၍ နာကျင်စေခဲ့သည်။
ထို့နောက် ကျိချိုးယုက
“ရှင့်မှာ ကျွန်မရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်နိုင်တဲ့ နည်းလမ်းရှိရင် အဲ့ဒီအတိုင်းသာ လုပ်လိုက်ပါ။”
နာကျင်မှု၊ စိတ်ရှုပ်ထွေးမှုများဖြင့် သေဆုံးရမည့်အစား ဤသေနာကျ လူလိမ်သူကို မေ့ပစ်လိုက်ပြီး ဘာမှ မသိပဲ သေဆုံးသွားလိုသည်။
လုချန်းက
“ခဏစောင့်ပါ။ မကြာခင်မှာ ကိုယ့်လူတွေက အရာအားလုံး မေ့သွားစေမယ့် စိတ်ဝိညာဉ် လက်ဖက်ရည်ကို ယူလာပေးလိမ့်မယ်။”
ထိုသို့ ကြားသောအခါ ကျိချိုးယု သူမ၏ မျက်လုံးများကို အနည်းငယ် မှိတ်ထားလိုက်သည်။ ထို့နောက် သူမ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
ထာဝရကာလကဲ့သို့ ကြာမြင့်သွားခဲ့သည်။ ထို့နောက် အဖြူရောင် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ကောင်းကင်ယံရှိ မိုးပျံလှေတစ်စီးပေါ်မှ ခုန်ဆင်းလာခဲ့သည်။ သူမ၏ လက်ထဲတွင် လက်ဖက်ရည်အိုးတစ်လုံးနှင့် ခွက်တစ်ခွက်ကို ကိုင်ဆောင်ထားသည်။
ထိုအမျိုးသမီး၏ အငွေ့အသက်ကို ခံစားမိသောအခါ ကျိချိုးယု သူမ၏ မျက်လုံးများကို ပြန်လည် ဖွင့်ကြည့်လိုက်သည်။ သူမ၏ ရှေ့မှောက်တွင် အလွန်တရာ လှပ၍ တည်ကြည်ခန့်ညားသော အမျိုးသမီးတစ်ဦး ရပ်နေသည်။ ထိုအမျိုးသမီးသည် လူ့လောကသို့ ဆင်းသက်လာသော နတ်ပြည်မှ နှင်ချခံရသော နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်နေသည်။ ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ သူမ ခဏခန့် ကြက်သေသေသွားခဲ့သည်။
သူမ တွေးထင်ထားသည့် အတိုင်းပင် ဤလူလိမ်၏ ဘေးတွင် လှပသော အမျိုးသမီးများ မရှားပါးပေ။
သို့သော် ဤအရာအားလုံးသည် သူမနှင့် သက်ဆိုင်ခြင်း မရှိတော့ပေ။
မည်သို့ပင်ဖြစ်စေ သူမ အခု သေဆုံးရတော့မည် ဖြစ်သည်။
ပိုင်ချင်းချင်းက လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်ပြီး ကျိချိုးယုထံသို့ ကမ်းပေးကာ
“ဒါက မင်းကြီး ချီးမြှင့်တဲ့ ဆုလာဘ်ပါ။”
သူမ၏ ရှေ့မှောက်ရှိ လက်ဖက်ရည်ခွက်ကို ကျိချိုးယု ကြည့်လိုက်သည်။ ထို့နောက် သူမသည် ဦးခေါင်းကို လှည့်၍ ဘေးရှိ ရုပ်သေးလုချန်းကို ကြည့်လိုက်သည်။
“ဒါက ရှင့်အကြောင်းတွေ မေ့သွားစေမယ့် စိတ်ဝိညာဉ် လက်ဖက်ရည်လား။”
လုချန်းက
“ဟုတ်တယ်။ မင်း ဒါကို သောက်လိုက်တာနဲ့ ကိုယ်နဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်အားလုံးကို ချက်ချင်း မေ့သွားလိမ့်မယ်။”
လုချန်း စကားဆုံးသည်နှင့် ကျိချိုးယု သူမ၏ လက်ကို ဆန့်တန်းလိုက်သည်။ သူမ၏ နူးညံ့သော လက်ချောင်းလေးများက လက်ဖက်ရည်ခွက်ကို ထိမိတော့မည် အပြုတွင် သူမ၏ လက်မောင်းများ အလိုအလျောက် တုန်ယင်လာခဲ့သည်။
ကျွန်မ သူ့ကို တကယ် မေ့ပစ်ရတော့မှာလား။
ထိုအခိုက်အတန့်တွင် အတိတ်ကမြင်ကွင်းများ သူမ၏ စိတ်ထဲတွင် ပြန်လည် ပေါ်လာခဲ့သည်။ လုချန်းနှင့် အတူ ကုန်ဆုံးခဲ့သော အချိန်များ၊ သူမ၏ ဘဝတွင် အပျော်ရွှင်ရဆုံး အချိန်များ၏ မြင်ကွင်းများ ဖြစ်သည်။
ယခင်က သူမသည် ကျင့်ကြံခြင်း တစ်ခုတည်းကိုသာ အာရုံစိုက်ခဲ့သည်။ လုချန်း မပေါ်လာမီအထိ အချစ်၏ ခံစားချက်ကို သူမ တစ်ခါမှ မခံစားဖူးခဲ့ပေ။
သူမသည် အစပိုင်းတွင် လုချန်းထံ ချဉ်းကပ်ခဲ့သည်။ အမှန်တကယ် မရှိသော နတ်ဆိုးနှင် ဓားသိုင်းအတွက် ဖြစ်သည်။ သို့သော် သူနှင့် အတူ အချိန်များစွာ ကုန်ဆုံးလာသည်နှင့်အမျှ သူမ လုချန်းကို စွန့်ခွာသွားရန် မစွမ်းနိုင်တော့ကြောင်း တဖြည်းဖြည်း သဘောပေါက်လာခဲ့သည်။
သူ၏ ပုံရိပ်သည် သူမ၏ စိတ်ထဲတွင် အလိုအလျောက် ပေါ်လာတတ်သည်။ လုချန်း သူမ၏ ဘေးတွင် မရှိသည့်အခါများ၌ သူမ၏ အကြည့်များက သူ့ကို အမြဲတမ်း ရှာဖွေနေတတ်သည်။
ကျိချိုးယုက ပိုင်ချင်းချင်း၏ လက်ထဲမှ လက်ဖက်ရည်ခွက်ကို ယူရန် နှောင့်နှေးနေသည်ကို မြင်သောအခါ လုချန်းက ပြုံးလျက်
“ဘာဖြစ်တာလဲ။ ကိုယ့်ကို မမေ့ရက်နိုင်ဘူးလား။ ဒါဆို မင်းမှာ ကိုယ့်အပေါ် အခုထိ ခံစားချက်တွေ ရှိနေတုန်းပဲ ဆိုတဲ့ သဘောလား။”
လုချန်း၏ စကားကို ကြားသောအခါ ကျိချိုးယုသည် သတိပြန်ဝင်လာခဲ့သည်။ ထို့နောက် သွားများကို တင်းတင်း ကြိတ်လိုက်ကာ ပိုင်ချင်းချင်း၏ လက်ထဲမှ လက်ဖက်ရည်ခွက်ကို တိုက်ရိုက် ဆွဲယူလိုက်သည်။
ထို့နောက် လုချန်းကို ပြင်းထန်စွာ စိုက်ကြည့်လိုက်ရင်း
“ရှင်က လိမ်လည်တတ်တဲ့ လူယုတ်မာပဲ”
ကျိန်ဆဲပြီးနောက် ကျိချိုးယု လက်ဖက်ရည်ကို တစ်ကျိုက်တည်း မော့သောက်လိုက်သည်။
နဂါးဖီးနစ် လက်ဖက်ရည် ကို သောက်လိုက်ပြီး ခဏအကြာတွင် ကျိချိုးယု ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ထိုစဉ် သူမ၏ မျက်ဝန်းထောင့်များမှ မျက်ရည်များ နောက်တစ်ကြိမ် ထပ်မံ ကျဆင်းလာခဲ့သည်။
ပြီးဆုံးသွားခဲ့ပြီ...
အားလုံး ပြီးဆုံးသွားခဲ့ပြီ။
လုချန်းနှင့် သူမ၏ ဆက်ဆံရေး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သလို သူမ၏ ဘဝသည်လည်း...
………
အချိန်မည်မျှကြာသွားသည်မသိ နောက်ဆုံးတွင် ကျိချိုးယု ရုတ်တရက် မျက်လုံး ဖွင့်လိုက်သည်။
ထို့နောက် ရုပ်သေးလုချန်းကို ကြည့်ရန် ဦးခေါင်း လှည့်လိုက်သည်။ ထိုအခါ သူမ၏ မျက်ဝန်းများထဲတွင် ဇဝေဇဝါဖြစ်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ဘာတွေ ဖြစ်နေတာလဲ။
ဘာဖြစ်လို့ သူမ အဲ့ဒီ လိမ်တတ်တဲ့ လူယုတ်မာ လုချန်းကို မမေ့သေးတာလဲ။
ကျိချိုးယုက ဇဝေဇဝါဖြစ်စွာဖြင့်
“ဘာလို့ လက်ဖက်ရည်က အာနိသင် မပြတာလဲ။”
လုချန်းက ပြုံးလျက်
“အာနိသင် ပြဖို့ ခဏတော့ စောင့်ရလိမ့်မယ်။”
လုချန်း၏ အသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် လူငယ်တစ်ဦး ကောင်းကင်ယံမှ ဆင်းသက်လာသည်။ သူသည် ရွှေနက်နဂါးဝတ်ရုံကို ဝတ်ဆင်ထားပြီး ကျိချိုးယုနှင့် မနီးမဝေးတွင် ကျရောက်လာခဲ့သည်။
လုချန်း၏ ခန္ဓာကိုယ်အစစ် ပေါ်လာသည့် ခဏတွင် ကျိချိုးယု ထိုနေရာတွင်ပင် ကြက်သေသေသွားခဲ့သည်။
လုချန်းက သူ၏ ခန္ဓာကိုယ်အစစ် ရောက်ရှိလာကြောင်း အတိအလင်း မပြောခဲ့ပေ။ သို့သော် ဤတစ်ကြိမ် ရောက်ရှိလာသော လုချန်းသည် သူ၏ ခန္ဓာကိုယ်အစစ် ဖြစ်ရမည်ဟု ကျိချိုးယုက ချက်ချင်း ခန့်မှန်းမိလိုက်သည်။
လုချန်း၏ ခန္ဓာကိုယ်အစစ်မှ ထုတ်လွှတ်နေသော အငွေ့အသက်သည် ရုပ်သေးနှင့် လုံးဝ ကွဲပြားခြားနားနေ၏။
သူသည် လူ့လောကသို့ ဆင်းသက်လာသည့် နတ်ပြည်မှ နှင်ချခံရသော နတ်တစ်ပါးနှင့် တူနေသည်။ သူ့ထံမှ အထူး ဆန်းကြယ်သော ရနံ့သင်းသင်းတစ်ခုက ကျိချိုးယု၏ နှာခေါင်းထဲသို့ တိုးဝင်လာသည်။ ထိုရနံ့ကို အနည်းငယ်မျှ ရှူရှိုက်မိရုံဖြင့် သူမအား ပြင်းထန်စွာ မငြိမ်မသက် ဖြစ်သွားစေသည်။
ကျိချိုးယုက
“လု... လုချန်း... အဲ့ဒါ ရှင်လား”
ဟု တိုးတိုးလေး ရေရွတ်လိုက်သည်။
လုချန်းက သဲ့သဲ့လေး ပြုံးလိုက်သည်။ ထို့နောက် သူက ကျိချိုးယု ဘေးရှိ ရုပ်သေးကို သိမ်းဆည်းလိုက်သည်။
“ကိုယ်ပါပဲ။”
လုချန်း၏ အတည်ပြု ချက်ကို ကြားသောအခါ ကျိချိုးယုသည် သတိပြန်ဝင်လာသည်။ သူမကအေးစက်စွာ ပြောလိုက်သည်။
“ရှင် ကျွန်မရှေ့မှာ မျက်နှာပြရဲတယ် ဟုတ်လား။ ကျွန်မ ကိုယ့်ဘာသာ ဖောက်ခွဲပြီး ရှင်နဲ့ အတူတူ သေသွားမှာကို မကြောက်ဘူးလား”
လုချန်းက
“မင်း ဖောက်ခွဲတာက ကိုယ့်ကို ထိခိုက်စေနိုင်မလား ဆိုတာကို ခဏထားလိုက်ဦး၊ တကယ်လို့ မင်း လုပ်နိုင်ခဲ့ရင်တောင် မင်း ကိုယ့်ရှေ့မှာ မင်းဘာသာမင်း ဖောက်ခွဲလိမ့်မယ်လို့ ကိုယ် မထင်ဘူး။”
ကျိချိုးယုက အေးစက်စွာ ပြောလိုက်ပြန်သည်။
“ကျွန်မ ရှင့်ကို အခုထိ ချစ်နေတုန်းပဲလို့ ရှင် တကယ် ထင်နေတာလား”
“တကယ် ရယ်စရာကောင်းလိုက်တာ။”
“ရှင်က တခြားကမ္ဘာက လူတစ်ယောက်ပါလို့ ကျွန်မကို ပြောလိုက်တဲ့ အချိန်ကစပြီး ကျွန်မ နှလုံးသားထဲမှာ ခံစားရတဲ့ ရှင့်အတွက် တစ်ခုတည်းသောအရာက အမုန်းတရားပဲ။”
လုချန်းက
“ဟေ။ အဲ့ဒီလိုလား။”
ထို့နောက် ကျိချိုးယု သူမ၏ လည်ပင်းကို မော့လိုက်သည်။
“လာလေ။ ရှင့်သဘောအတိုင်း လုပ်လိုက်ပါ” ဟု သူမက ဆက်ပြောလိုက်သည်။
ယခု သူမသည် လုချန်း၏ ခန္ဓာကိုယ်အစစ်ကို မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။ ထို့ကြောင့် သူမ အတွက် နောင်တရစရာ မရှိတော့ဟု ဆိုနိုင်သည်။
………………..