လုချန်း၏ သဝဏ်လွှာ
Vol. 73 Ch. 1094
လုချန်း၏ ကြေညာချက် ထွက်ပေါ်လာပြီးနောက် ကျိယန်ကမ္ဘာရှိ အဓိက အင်အားစုများက ကောင်းကင်နတ်ဆိုးများကို လွှတ်ပေးခဲ့သည့် သတင်းသည် တောမီးလောင်သကဲ့သို့ ကျိယန်ကမ္ဘာ တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
လဝက် မပြည့်မီ အချိန်တိုအတွင်းမှာပင် ကျိယန်ကမ္ဘာ၏ သာမန်လူထုကြားတွင် အုပ်စုနှစ်စုအဖြစ် ကွဲပြားသွားခဲ့ကြသည်။
လူအချို့က ကျိယန်ကမ္ဘာ၏ ထိပ်တန်း အင်အားစုများသည် ထျန်းချန်ကမ္ဘာမှ ကျူးကျော်သူများကို ခုခံတွန်းလှန်ရန် နောက်ဆုံးလက်နက်အဖြစ် ကောင်းကင်နတ်ဆိုးများကို လွှတ်ပေးခဲ့ခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။
တစ်ချိန်တည်းတွင် မည်သည့်အကြောင်းပြချက်နှင့်ဖြစ်စေ ကျိယန်ကမ္ဘာရှိ ထိုထိပ်တန်း အင်အားစုများသည် ကောင်းကင်နတ်ဆိုးများကို လုံးဝ မလွှတ်ပေးခဲ့သင့်ဟု အခြားတစ်စုက တွေးထင်ကြသည်။
သူတို့သည် ပိုမို မြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်ရန်ဟူသော ကိုယ်ကျိုးတစ်ခုတည်းအတွက် ကောင်းကင်နတ်ဆိုးများနှင့် ပူးပေါင်း ကြံစည်ခဲ့ကြခြင်း ဖြစ်၏။ ထို့ကြောင့် ကောင်းကင်နတ်ဆိုးများ၏ လက်ပါးစေများ ဖြစ်လာခဲ့ကာ ကျိယန်ကမ္ဘာရှိ သာမန်လူများ၏ အသက်ကို လုံးဝ ထည့်သွင်း စဉ်းစားခဲ့ခြင်း မရှိပေ။
သာမန်လူ အများစုအတွက် ကောင်းကင်နတ်ဆိုးများကို လွှတ်ပေးခြင်းသည် ခွင့်မလွှတ်နိုင်သော အပြစ်တစ်ခု ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကောင်းကင်နတ်ဆိုးများ ဆိုသည်မှာ အဘယ်နည်း။
၎င်းတို့သည် ကျင့်ကြံသူများနှင့် လူသားများကို အစာသဖွယ် စားသုံးသော မိစ္ဆာများဖြစ်သည်။
လူသားမျိုးနွယ်၏ သဘာဝ ရန်သူများ ဖြစ်ကြသည်။
ကျိယန်ကမ္ဘာ၏ ထိပ်တန်း အင်အားစုများက ကောင်းကင်နတ်ဆိုးများကို လွှတ်ပေးခြင်းသည် ရူးသွပ်မှုတစ်ခု သို့မဟုတ် ကောင်းကင်နတ်ဆိုးများ ဘက်သို့ သစ္စာဖောက် ကူးပြောင်းသွားခြင်းသာ ဖြစ်ရပေမည်။
ပြင်ပကမ္ဘာမှ ကျူးကျော်သူများကို ခုခံရန် ကောင်းကင်နတ်ဆိုးများကို လွှတ်ပေးခြင်းလား။
တကယ်ကို အဓိပ္ပာယ်မရှိသော ကိုယ့်ကိုယ်ကို လှည့်စားသော အကြောင်းပြချက်ပင်။
အကယ်၍ ကောင်းကင်နတ်ဆိုးက ကျူးကျော်သူများကို အနိုင်ယူပြီး ၎င်းတို့ကို ဝါးမျိုလိုက်ပါက ကောင်းကင်နတ်ဆိုးများ၏ စွမ်းအားသည် ပို၍ပင် ကြီးမားလာမည်ဖြစ်သည်။ ထိုအခါ ကျိယန်ကမ္ဘာရှိ လူသားအားလုံးသည် ကောင်းကင်နတ်ဆိုးများအတွက် အစာအဖြစ်သို့ ပြောင်းလဲသွားကြလိမ့်မည်။
အနည်းဆုံးတော့ ပြင်ပကမ္ဘာမှ ကျူးကျော်သူများသည် လူသားများ ဖြစ်နေသေးပြီး လူသားများကို အစာအဖြစ် သဘောထားလိမ့်မည် မဟုတ်ပေ။
ကောင်းကင်နတ်ဆိုးများ၏ ချုပ်နှောင်ခြင်းကို ခံရပြီး အာဟာရအဖြစ် အသုံးပြုခံရမည့် ကြမ္မာဆိုးနှင့် ရင်ဆိုင်မည့်အစား ပြင်ပကမ္ဘာမှ ကျူးကျော်သူများ၏ အုပ်ချုပ်မှုကို ခံယူလိုက်ခြင်းကို သာမန်လူများ ပို၍ လိုလားကြသည်။
အချိန်တစ်ခုအကြာတွင် အဓိက ထိပ်တန်း အင်အားစုများကို အပြစ်ပေးရန် တောင်းဆိုသံများ ကျိယန်ကမ္ဘာအတွင်း ကျယ်လောင်စွာ ပေါ်ထွက်လာခဲ့တော့သည်။
….
တစ်ချိန်တည်းမှာပင်။
ကျိရှောင်နိုင်ငံတော်။
မြေအောက် နန်းတော်။
ခန်းမ၏ လေးလံသော တိတ်ဆိတ်မှုထဲတွင် နန်းကုန်းယွဲ့ဟွာသည် သူမ၏ လက်ထဲမှ ကြေညာချက်ကို စိုက်ကြည့်နေပြီး
“ဒီ ဆွမ်ဧကရာဇ်က တကယ်ကို နည်းဗျူဟာ ကြွယ်ဝတာပဲ။ တန်ပြန် စွဲချက်တင်တဲ့ နည်းလမ်းကိုတောင် သုံးရဲတယ်”
ဟု သူမ၏ နှုတ်ခမ်းများ မထီမဲ့မြင် ပြုံးကာ တွန့်ကွေးသွားရင်း ပြောလိုက်သည်။
ထို့နောက် သူမ၏ ဘေးမှ နန်းကုန်းချင်ရက
“သူက စစ်သား တစ်ယောက်တောင် အကုန်အကျ မခံပဲ ကျိယန်ကမ္ဘာ တစ်ခုလုံးကို သိမ်းသွင်းဖို့ ရည်ရွယ်နေတာ။”
ဟု မှတ်ချက်ပြုလိုက်သည်။
နန်းကုန်းချင်ရ၏ စကားကို ကြားသောအခါ နန်းကုန်းယွဲ့ဟွာ၏ နှလုံး အနည်းငယ် တုန်လှုပ်သွားသည်။
သူမ တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိလိုက်သည်။
တခြားကမ္ဘာမှ ကျူးကျော်သူများက ကျိယန်ကမ္ဘာကို ဖျက်ဆီးပစ်လိမ့်မည်ဟု ကုန်းရယ်လျှံဖုန်းက သူမအား သတိပေးခဲ့သည်ကို ပြန်သတိရမိသည်။ ထိုကြောက်မက်ဖွယ် သတိပေးစကားကြောင့်ပင် သူမသည် ကုန်းရယ်လျှံဖုန်း၏ အဆိုပြုချက်ကို သဘောတူခဲ့ပြီး ကောင်းကင်နတ်ဆိုးများကို တက်ကြွစွာ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု သူမ ပြန်စဉ်းစားကြည့်မိသောအခါ အကယ်၍ ဆွမ်ဧကရာဇ်က ကျိယန်ကမ္ဘာကို ဖျက်ဆီးရန် အမှန်တကယ် ရည်ရွယ်ခဲ့ပါက သူ့ အနေနှင့် ယခုလို နည်းဗျူဟာများကို အသုံးပြုရန် လိုအပ်ဦးမှာလား။
ရှနိုင်ငံတော်၏ စစ်တပ်များကို ဦးဆောင်၍ ကျိယန်ကမ္ဘာ၏ အဓိက အင်အားစုများကို လုံးဝ ချေမှုန်းပစ်လိုက်ရုံသာ မဟုတ်ပါလား။
ဆွမ်ဧကရာဇ်သည် ကောင်းကင်နတ်ဆိုးတစ်ကောင်ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်စွမ်း ရှိခဲ့သည်။ ကျိယန်ကမ္ဘာ၏ အဓိက အင်အားစုများကို ချေမှုန်းပစ်ရန်မှာ သူ့အတွက် လုံးဝ ခက်ခဲသော အလုပ်တစ်ခု မဟုတ်ပေ။
လုချန်း၏ လက်ရှိ လုပ်ဆောင်ချက်များသည် ကျိယန်ကမ္ဘာကို ဖျက်ဆီးရန် ကျူးကျော်ခြင်းတစ်ခုနှင့် သိပ်မတူလှပေ။ ၎င်းတို့သည် ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များကို ထိန်းချုပ်နိုင်ရန် တိုက်ပွဲဝင်သည့် ကြိုးပမ်းမှုတစ်ခုအဖြစ် ပို၍ ထင်ရှားနေသည်။
အကယ်၍ လုချန်းသည် ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များအတွက် ယှဉ်ပြိုင်ရန် ကျိယန်ကမ္ဘာကို ကျူးကျော်ချင်ခဲ့ခြင်း ဖြစ်ကြောင်း သူမ အစကတည်းက သိခဲ့ပါက ကောင်းကင်နတ်ဆိုးကို လွှတ်ပေးရန် ဘယ်သောအခါကမှ သဘောတူခဲ့မည် မဟုတ်ပေ။
ကျိယန်ကမ္ဘာကို ဖျက်ဆီးခြင်းနှင့် ၎င်းကို ထိန်းချုပ်ခြင်းကြားတွင် အခြေခံကျသော ကွာခြားချက်ကြီးတစ်ခုရှိသည်ဟု နန်းကုန်းယွဲ့ဟွာ မြင်၏။
သူမသည် ကုန်းရယ်လျှံဖုန်း၏ လှည့်ဖြားခြင်းကို ခံခဲ့ရပြီ ဖြစ်ကြောင်း ယခု နန်းကုန်းယွဲ့ဟွာ သဘောပေါက်သွားခဲ့သည်။
ထိုအတွေးနှင့်အတူ နန်းကုန်းယွဲ့ဟွာသည် သူမ၏ လက်ထဲမှ ကြေညာချက်ကို စိတ်ဝိညာဉ် စွမ်းအားဖြင့် မီးရှို့လိုက်ရာ ချက်ချင်းပင် ပြာအဖြစ်သို့ လောင်ကျွမ်းသွားသည်။
ထို့နောက် သူမ၏ အကြည့်များသည် သူမ၏ ရှေ့မှ ရှုပ်ထွေးသော စက်ဝိုင်းပုံ နည်းဗျူဟာ ပုံစံ ဆီသို့ ပြန်ရောက်သွားသည်။
“ဆွမ်ဧကရာဇ်က ငါတို့လို နိယာမ အလုံးစုံ အဆင့် ကျင့်ကြံသူတွေကို ကျိယန်ကမ္ဘာကနေ ဆန္ဒအလျောက် ထွက်သွားစေချင်နေတဲ့ပုံပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် သူ့အတွက် ကျိယန်ကမ္ဘာ တစ်ခုလုံးကို အလွယ်တကူ ထိန်းချုပ်နိုင်သွားမှာပဲ။”
ထိုသို့ ပြောလိုက်စဉ် နန်းကုန်းယွဲ့ဟွာ၏ မျက်နှာတွင် ခါးသီးမှုနှင့် မကျေနပ်မှုတို့ ရောထွေးနေသော ခံစားချက်များ ထင်ဟပ်နေသည်။
အခြားသူများသည် ဆွမ်ဧကရာဇ်၏ အခွင့်အရေးပေးမှုကြောင့် မိမိတို့ဘာသာ ထွက်ခွာသွားနိုင်ကြသော်လည်း သူတို့ကတော့ မတူပေ။ သူတို့ တည်ဆောက်ခဲ့သော ဤကမ္ဘာ့လမ်းကြောင်းကို တည်ငြိမ်စေရန်က များစွာခက်ခဲနေခဲ့သည်။
ထိုအခိုက်တွင် နန်းကုန်းချင်ရက “တကယ်လို့ အဆင်မပြေဘူးဆိုရင်လည်း ဒီအတိုင်းပဲ ထားလိုက်တော့။”
နန်းကုန်းချင်ရသည် တစ်ယောက်တည်း ထွက်ခွာသွားရန် ဆန္ဒမရှိသလို သူတို့ တည်ဆောက်ခဲ့သော ကမ္ဘာ့လမ်းကြောင်းသည် လူအများကြီးကို သယ်ဆောင်သွားနိုင်ခြင်းလည်း မရှိပေ။
အကယ်၍ သူတို့ ဆက်လက် နှောင့်နှေးနေပြီး တည်ငြိမ်သော လမ်းကြောင်းတစ်ခု မတည်ဆောက်နိုင်မီမှာပင် ဆွမ်ဧကရာဇ်က တိုက်ခိုက်လာခဲ့ပါက ထွက်ပြေးရန် အခွင့်အရေးပင် ရှိတော့မည် မဟုတ်ပေ။
နန်းကုန်းယွဲ့ဟွာ တိတ်ဆိတ်သွားခဲ့၏။ သူမ ဒီအတိုင်း လွယ်လွယ် လက်လျှော့လိုက်ရန် ဆန္ဒ မရှိပေ။
ထိုအခိုက်အတန့်မှာပင် အစေခံတစ်ဦး ကျောက်သား ခန်းမထဲ ရုတ်တရက် ပေါ်လာသည်။ စာလွှာ နှစ်စောင်ကို ကိုင်ဆောင်လျက် သူမက
“ ရှနိုင်ငံတော်ရဲ့ သံတမန်က စာလွှာ နှစ်စောင် ယူဆောင်လာပါတယ်။ တစ်စောင်က ဧကရီ့အတွက် ဖြစ်ပြီး နောက်တစ်စောင်က နန်းကုန်း ဂိုဏ်းချုပ်အတွက်ပါ။”
ထိုစကားများကို ကြားသောအခါ နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရ နှစ်ဦးလုံး အံ့အားသင့်မှုဖြင့် မျက်မှောင်ကြုတ်သွားကြသည်။ သူတို့ တစ်ယောက်စီအတွက် စာလွှာ တစ်စောင်စီလား။
အဘယ်ကြောင့် တစ်စုံတစ်ယောက်က သူတို့ထံ စာလွှာများ ပေးပို့ရသနည်း။
သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် အစေခံ၏ လက်ထဲမှ စာလွှာ နှစ်စောင်သည် နန်းကုန်းယွဲ့ဟွာ၏ လက်ထဲသို့ ပျံသန်းသွားသည်။ သူမ လှမ်းကြည့်လိုက်ရာ တစ်စောင်စီတွင် သူတို့ နှစ်ဦးထဲမှ တစ်ဦး၏ အမည်ကို ရေးထိုးထားသည်ကို တွေ့လိုက်ရသည်။
နန်းကုန်းယွဲ့ဟွာက နန်းကုန်းချင်ရ၏ အမည်ပါသော စာလွှာကို သူမထံသို့ ကမ်းပေးလိုက်ပြီးနောက် သူမထံ လိပ်မူထားသော စာလွှာတွင် ဆွမ်ဧကရာဇ် မည်သို့ ရေးသားထားသည်ကို ကြည့်ရှုရန် ချက်ချင်း ဖွင့်လိုက်သည်။
စာပါအကြောင်းအရာများကို ဖတ်ရှုနေစဉ် နန်းကုန်းယွဲ့ဟွာ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားပြီး သူမ၏ မျက်နှာအမူအရာလည်း အလွန်တည်ကြည် လေးနက်သွားသည်။
နန်းကုန်းယွဲ့ဟွာ၏ စိတ်ရှုပ်ထွေးနေဟန်ကို မြင်သောအခါ နန်းကုန်းချင်ရလည်း စာလွှာထဲတွင် မည်သည့်အရာများ ပါဝင်သည်ကို သိလိုစိတ် ပြင်းပြလာသည်။ ထို့နောက် သူမ၏ စာလွှာကို ဖွင့်လိုက်ပြီး ၎င်း၏ အကြောင်းအရာများကို အကြမ်းဖျင်း ဖတ်ရှုလိုက်သည်။
ဒါက...
စာလွှာ၏ ပထမဆုံး စာပိုဒ်ကို ဖတ်ပြီးသည်နှင့် နန်းကုန်းချင်ရ ကြက်သေသေသွားခဲ့သည်။
ဒီစာက...
ဒါက ချစ်ရေးဆိုသည့် စာတစ်စောင် ဖြစ်နေသည်။
သူတို့ လနက်မြို့တွင် တွေ့ဆုံခဲ့သော လုချန်းသည် အမှန်တော့ ဆွမ်ဧကရာဇ်၏ ရုပ်သေး ခန္ဓာကိုယ်ဖြစ်ကြောင်းကို ယခုမှ သူတို့ နှစ်ဦးလုံး သဘောပေါက်သွားကြသည်။
သူတို့ လုချန်းကို ပထမဆုံး တွေ့ဆုံခဲ့စဉ်က နှလုံးခုန်သံကို မခံစားခဲ့ရသည်မှာ အံ့ဩစရာ မရှိတော့ပေ။ ဤမျှ ထူခြားသိမ်မွေ့သော ရုပ်သေး နည်းပညာများကို သူတို့၏ ကမ္ဘာတွင် ကြားသိဖူးခြင်း မရှိခဲ့သောကြောင့် လုချန်း ရုပ်သေးတစ်ရုပ် ဖြစ်နိုင်ခြေကို သူတို့ ထည့်သွင်း စဉ်းစားခဲ့ခြင်း မရှိခဲ့ပေ။
စာလွှာ၏ အကြောင်းအရာများကို ဖတ်ရှုပြီးနောက် နန်းကုန်းယွဲ့ဟွာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး စာလွှာကို မီးရှို့လိုက်သည်။
ထို့နောက် သူမ နန်းကုန်းချင်ရအား လှမ်းကြည့်လိုက်စဉ် သူမကဲ့သို့ အလားတူ အံ့အားသင့်နေသော မျက်နှာအမူအရာကို မြင်သောအခါ သူမ၏ စာပါအကြောင်းအရာ၏ အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။
နန်းကုန်းချင်ရက ဖတ်ရှုပြီးနောက် နန်းကုန်းယွဲ့ဟွာ ပြုလုပ်ခဲ့သလို သူမ၏ စာလွှာကို မီးမရှို့ခဲ့ပေ။ ထိုအစား သူမက နန်းကုန်းယွဲ့ဟွာကို ကြည့်လိုက်ပြီး
“သူ နင့်ဆီကို ဘာတွေရေးထားတာလဲ။”
နန်းကုန်းယွဲ့ဟွာက
“နင့်ရဲ့ တုံ့ပြန်ပုံအရ သူ ငါတို့ နှစ်ယောက်လုံးဆီ ရေးလိုက်တဲ့ စာတွေက အကြောင်းအရာ တူမယ့်ပုံပဲ။”
“ဆွမ်ဧကရာဇ်က ငါ့ကို သူနဲ့ လက်ထပ်စေချင်တယ်။ သူ့ရဲ့ မိန်းမ ဖြစ်စေချင်တယ်။ ပြီးတော့ သူက ကျိရှောင်နိုင်ငံတော်ကို ငါရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ဆက်ရှိနေစေရမယ်လို့ ကတိပေးထားတယ်။”
နန်းကုန်းယွဲ့ဟွာ၏ စကားကို ကြားပြီးနောက် နန်းကုန်းချင်ရက ခပ်ဖျော့ဖျော့ ရယ်မောကာ
“သူက တကယ်ကို လောဘကြီးတာပဲ။ သူက ငါ့ကိုလည်း သူ့ကို လက်ထပ်ပြီး သူ့ရဲ့ မိန်းမ ဖြစ်စေချင်နေတယ်။”
နန်းကုန်းချင်ရ၏ စကားများ ဆုံးသွားသည်နှင့် သူတို့ နှစ်ဦးလုံး စကားဆက်မပြောတော့ပဲ တိတ်ဆိတ်ခြင်းထဲသို့ နစ်မြုပ် ရောက်ရှိသွားကြသည်။ ထို့နောက် ကျောက်သားခန်းမသည် သူတို့၏ အသက်ရှုသံများကိုပင် ကြားနိုင်လောက်အောင် တိတ်ဆိတ်သွားခဲ့သည်။
ဤကမ္ဘာမှ ထွက်ခွာသွားရန် မလိုအပ်ပါက သူတို့ ထွက်ခွာသွားချင်ကြမည် မဟုတ်ပေ။ သို့သော် ဆွမ်ဧကရာဇ်ကို လက်ထပ်ပြီး သူ၏ မိန်းမ ဖြစ်လာရမည် ဟူသော အတွေးက သူတို့ နှစ်ဦးလုံးကို စိတ်အလွန် ရှုပ်ထွေးသွားစေသည်။
ထို့ပြင် လုချန်း၏ ကမ်းလှမ်းချက် ရိုးသားမှု ရှိမရှိ သို့မဟုတ် အခြားသော မသမာသည့် ရည်ရွယ်ချက်တစ်ခုအတွက် ကျိယန်ကမ္ဘာမှ သူတို့ ထွက်ပြေးခြင်းကို တားဆီးရန် ပရိယာယ်တစ်ခု ဖြစ်နေလား ဆိုသည်ကိုလည်း သူတို့ မသေချာကြပေ။
အကယ်၍ လုချန်းကို လက်ထပ်၍ သူ၏ မိန်းမ ဖြစ်လာရုံမျှသာ ဆိုပါက အနည်းငယ် စဉ်းစားချင်စရာ ရှိသေးသည်။ သို့သော်... အကယ်၍ လုချန်းက သူတို့ကို ကျင့်စဉ်မီးဖို များအဖြစ် အသုံးချလိုသောကြောင့်သာ ဖြစ်နေပါက...
သူတို့၏ အဆင့်တွင် ကျင့်ကြံသူများသည် ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ကို အလေးမထား ကြတော့ပေ။
အလှအပကို နှစ်သက်သော ကျင့်ကြံသူများ ရှိနေသော်လည်း အများစုအတွက်မူ အမျိုးသမီးတစ်ဦးကို လက်ထပ်ခြင်းသည် စုံတွဲ ကျင့်စဉ်ကျင့်ရန် ရည်ရွယ်ချက်များအတွက် သို့မဟုတ် ကျင့်စဉ်မီးဖိုအဖြစ် အသုံးပြုရန် အတွက်သာ ဖြစ်နိုင်ခြေရှိသည်။
ကောင်းကင်နတ်ဆိုးတစ်ကောင်ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့် လုချန်းက သူတို့ကို လက်ထပ်ခွင့် တောင်းဆိုနေတာလား။
ဒါက သူတို့အတွက် အတော်လေး မယုံနိုင်စရာ ကောင်းသော၊ လက်တွေ့မကျသော အရာတစ်ခု ဖြစ်နေသည်။
လုချန်းအတွက် ကျင့်စဉ်မီးဖိုများ ဖြစ်လာရန် သူတို့၌ လုံးဝ ဆန္ဒ မရှိကြပေ။
သူတို့ တိတ်ဆိတ်စွာ တွေးတော နေကြစဉ်မှာပင် အစေခံ နောက်တစ်ဦး အခန်းထဲသို့ ဝင်ရောက်လာပြီး
“အပြင်မှာ ရှနိုင်ငံတော်က သံတမန်လို့ ဆိုတဲ့သူတစ်ယောက်က တွေ့ဆုံခွင့် တောင်းနေပါတယ် ဧကရီ။”
………………