အရူးတွေလို့ ထင်နေတာလား
Vol. 73 Ch. 1095
အစေခံ၏ စကားသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ နန်းကုန်းယွဲ့ဟွာလည်း အတွေးထဲနစ်မြောနေရာမှ သတိပြန်ဝင်လာခဲ့ပြီး
“အဲ့ဒီလူရဲ့ အဆင့်က ဘာလဲ”
ဟု ချက်ချင်း မေးလိုက်သည်။
အစေခံက
“မူလအစကမ္ဘာ နယ်ပယ်အဆင့်ပဲ ရှိပါတယ်”
ထို့နောက် နန်းကုန်းယွဲ့ဟွာက
“သူ့ကို နန်းတွင်းဥယျာဉ်တော်ထဲမှာ လာတွေ့ခိုင်းလိုက်ပါ”
ဟု အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ အရှင်မ။”
အစေခံ၏ အသံသည် လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ သူမ၏ ခန္ဓာကိုယ်လည်း ထိုနေရာတွင်ပင် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
အစေခံ ထွက်သွားပြီးနောက် နန်းကုန်းယွဲ့ဟွာက
“သံတမန်တစ်ယောက် လွှတ်လိုက်မှတော့ ဘာအတွက်လဲဆိုတာ ငါတို့ သွားကြည့်တာပေါ့။ ဆွမ်ဧကရာဇ်က ဘာတွေ ကြံစည်နေလဲဆိုတာ ငါ သိချင်နေတယ်။”
ထိုသို့ ပြောပြီးနောက် နန်းကုန်းယွဲ့ဟွာ နန်းတွင်းဥယျာဉ်တော်သို့ တိုက်ရိုက် သွားလိုက်သည်။ နန်းကုန်းချင်ရလည်း လုချန်း ဘာလုပ်ရန် ရည်ရွယ်ထားသည်ကို အလွန် သိချင်နေသောကြောင့် နန်းတွင်းဥယျာဉ်တော်သို့ လိုက်ပါသွားခဲ့သည်။
သူတို့နှစ်ဦး နန်းတွင်းဥယျာဉ်တော်သို့ ခြေချပြီး မကြာမီမှာပင် အစေခံက ရှနိုင်ငံတော်၏ သံတမန်ဟု ဆိုသူကို နန်းတွင်းဥယျာဉ်တော်သို့ ခေါ်ဆောင်လာခဲ့သည်။
ရှနိုင်ငံတော်၏ သံတမန် နန်းတွင်းဥယျာဉ်တော်ထဲသို့ ခြေချလိုက်သည့် ခဏတွင် အဆောင်ငယ် အတွင်း စောင့်ဆိုင်းနေသောနန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့ ရုတ်တရက် ကြက်သေသေသွားခဲ့ကြသည်။
သူတို့ သတိပြန်ဝင်လာကြသောအခါ သူတို့၏ မျက်နှာများ ချက်ချင်း တင်းမာသွားပြီး ကြောက်မက်ဖွယ် ရန်သူတစ်ဦးကို ရင်ဆိုင်နေရသည့်အလား သူတို့၏ စိတ်ဝိညာဉ် စွမ်းအားများကို ချက်ချင်း ထုတ်လွှတ်လိုက်ကြသည်။
ရှနိုင်ငံတော်၏ သံတမန်ဟု ဆိုသူသည် အမှန်တကယ်တော့ လုချန်း ကိုယ်တိုင် ဖြစ်နေလိမ့်မည်ဟု သူတို့ တစ်ခါမှ စိတ်ကူးကြည့်ခဲ့မိခြင်း မရှိပေ။
မဟုတ်သေးပါ...
နန်းတွင်းဥယျာဉ်တော်ထဲသို့ ဝင်ရောက်လာသော လုချန်းသည် မူလအစကမ္ဘာ နယ်ပယ်အဆင့်တွင်သာ ရှိနေကြောင်း နန်းကုန်းယွဲ့ဟွာ လျင်မြန်စွာ သဘောပေါက်လိုက်၏။ ထို့ကြောင့် သူကိုယ်တိုင် လာရောက်ခြင်း မဟုတ်ပေ။ အနည်းဆုံးတော့ သူ၏ ပင်မခန္ဓာကိုယ်တော့ မဟုတ်ပေ။
နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့၏ မျက်နှာများ တင်းမာနေကြသည်ကို မြင်သောအခါ လုချန်း၏ နှုတ်ခမ်းများ အနည်းငယ် ကွေးတက်သွားပြီး အပြုံးရိပ်တစ်ခု ပေါ်လာကာ
“နတ်သမီးလေး နှစ်ပါးက ဒီလောက် တင်းမာနေဖို့ မလိုပါဘူး။ ဒါက ကျွန်တော်တို့ ပထမဆုံး တွေ့ဆုံကြတာမှ မဟုတ်တာ။”
သူတို့၏ ရှေ့မှ လုချန်း၏ အဆင့်ကို ပြန်လည် ဆန်းစစ်ပြီးနောက် နန်းကုန်းယွဲ့ဟွာက
“ဒါက ရှင့်ရဲ့ ရုပ်သေးလား။”
လုချန်းက
“ဟုတ်ပါတယ်။ ရုပ်သေးတစ်ခုနဲ့ တွေ့ဆုံခိုင်းတာက ရိုးသားမှု မရှိဘူးလို့ အထင်ခံရနိုင်ပေမယ့် ကျွန်တော့်ရဲ့ ခန္ဓာကိုယ်အစစ်က ကျိရှောင်နိုင်ငံတော်ကို တိုက်ရိုက် လာခဲ့ရင် ခင်ဗျားတို့ နှစ်ယောက်လန့်သွားမှာကိုလည်း စိုးရိမ်မိလို့ပါ။”
“ဒါကို နတ်သမီးလေး နှစ်ပါးက ကျွန်တော်ဘက်က ရိုးသားမှု မရှိဘူးလို့ ခံစားရတယ်ဆိုရင် အခုချက်ချင်း ကျွန်တော်ကိုယ်တိုင် လာနိုင်ပါတယ်။”
နန်းကုန်းယွဲ့ဟွာက
“မလိုပါဘူး”
ဟု ခေါင်းကို ခပ်သွက်သွက် ခါယမ်းရင်း လျင်မြန်စွာ ပြောလိုက်သည်။
ဆွမ်ဧကရာဇ်တွင် ကောင်းကင်နတ်ဆိုးတစ်ကောင်ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်စွမ်း ရှိ၏။ သူ၏ ခန္ဓာကိုယ်အစစ်သာ အမှန်တကယ် ဤနေရာသို့ ရောက်လာခဲ့ပါက သူတို့၌ ထွက်ပြေးရန် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။
ထိုအချိန်တွင် နန်းကုန်းချင်ရက
“ဆွမ်ဧကရာဇ်က စာထဲမှာ ပြောထားတဲ့ စကားတွေထဲက ဘယ်လောက်က အမှန်ဖြစ်ပြီး ဘယ်လောက်က အမှား ဖြစ်မလဲ ဆိုတာကို ကျွန်မ သိချင်မိပါတယ်”
ဟု စူးစမ်းစွာ မေးလိုက်သည်။
လုချန်းက သူတို့ကို လက်ထပ်လိုသည်ဟူသော အဆိုနှင့် ပတ်သက်၍ သူတို့အပြည့်အဝ ယုံကြည်ကြမည် မဟုတ်ပေ။ လုချန်း၏ အဆင့်အတန်းအရ အမျိုးသမီးတစ်ဦးကို သူမ၏ အလှတရား တစ်ခုတည်းအတွက်သာ မည်သို့ လက်ထပ်နိုင်မည်နည်း။
လုချန်း၌ မသမာသော ရည်ရွယ်ချက်တစ်ခု သေချာပေါက် ရှိနေ၏။ သူ ဘာ ကြံစည်နေသည်ကိုသာ ရှင်းရှင်းလင်းလင်း မသိရသေးခြင်း ဖြစ်သည်။
သူတို့ကို သူ၏ ကျင့်စဉ်မီးဖိုများအဖြစ် ပြောင်းလဲလိုခြင်း သို့မဟုတ် သူ၏ ကစားစရာများအဖြစ် ပြုလုပ်ရန် ကြံစည်နေလား ဆိုတာကို သူတို့ သံသယ ရှိနေကြသည်။
ထိုအချိန်တွင် လုချန်းက
“သဝဏ်လွှာထဲက အကြောင်းအရာတွေ အားလုံးဟာ ကျွန်တော့် နှလုံးသားထဲက ထွက်လာတဲ့ ရိုးသားတဲ့ စကားလုံးတွေချည်းပါပဲ။ ကျွန်တော် နတ်သမီးလေး နှစ်ပါးကို တကယ် သဘောကျပါတယ်။”
ထိုသို့ ကြားသော် နန်းကုန်းယွဲ့ဟွာက အေးစက်စွာ ရယ်မောလိုက်ရင်း
“ဆွမ်ဧကရာဇ်က ကျွန်မတို့ကို အရူးတွေလို့ ထင်နေတာလား။”
“ဆွမ်ဧကရာဇ်ရဲ့ အင်အားနဲ့ဆိုရင် ဘယ်လို အမျိုးသမီးမျိုးကိုမဆို ရနိုင်မှာပဲ။ ရှင်က ကျွန်မတို့ကို ဘယ်လိုလုပ် သဘောကျနိုင်မှာလဲ။”
လုချန်းက ပြုံးလျက်
“ခင်ဗျားတို့ ပြောတာ မှန်ပါတယ်။ ထျန်းချန်ကမ္ဘာမှာ ကျွန်တော့်ရဲ့ စကားတစ်ခွန်းတည်းနဲ့ မရေမတွက်နိုင်တဲ့ အမျိုးသမီးတွေက ကျွန်တော့်ကို ဆန္ဒအလျောက် လက်ထပ်ကြပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်က ဘယ် အမျိုးသမီးကိုမဆို လက်ထပ်တာ မဟုတ်ပါဘူး”
“ကျွန်တော့် နှလုံးသားကို လှုပ်ရှားစေနိုင်တဲ့ သူတွေကိုပဲ ကျွန်တော် လက်ထပ်တယ်။”
“ပြီးတော့ နတ်သမီးလေး နှစ်ပါးက ကျွန်တော့် နှလုံးသားကို လှုပ်ရှားစေခဲ့တယ်။”
နန်းကုန်းယွဲ့ဟွာက အလေးမထားဟန်ဖြင့်
“ဆွမ်ဧကရာဇ်က ဒီစကားတွေကို အရင်က အမျိုးသမီးတွေ အများကြီးကို ပြောခဲ့ဖူးမှာပဲ။”
နန်းကုန်းချင်ရကလည်း ဘေးမှ ဝင်ပြောလိုက်သည်။
“ကျွန်မတို့က ကလေးမလေးတွေလည်း မဟုတ်ဘူး။ ရှင့်ရဲ့ ဒီစကားတွေကို ကျွန်မတို့က ယုံလိမ့်မယ်လို့ ရှင် ထင်နေတာလား။”
လုချန်းက
“ခင်ဗျားတို့ မယုံဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ရဲ့အဆင့်အတန်းမှာ ခံစားချက်တွေအကြောင်း ပြောဆိုတာက တကယ်ကို ကလေးဆန်တယ်လို့ ထင်ရနိုင်ပေမဲ့ ကျွန်တော်အခု ပြောခဲ့တာတွေကတော့ နှလုံးသားထဲက လာတာတွေပါ။”
“ခင်ဗျားတို့ နတ်သမီးလေး နှစ်ပါး ယုံကြည်ဖို့ ရွေးချယ်တာ မရွေးချယ်တာကတော့ ခင်ဗျားတို့ ဆုံးဖြတ်ရမယ့် ကိစ္စပါ။ ခင်ဗျားတို့ ထွက်သွားချင်တယ်ဆိုရင်လည်း ကမ္ဘာ့လမ်းကြောင်းကို တည်ဆောက်ဖို့ ကျွန်တော်က ခင်ဗျားတို့ကို အချိန် လုံလုံလောက်လောက် ပေးထားပြီးသားပဲ။ ခင်ဗျားတို့ ကြိုက်တဲ့ အချိန် ထွက်သွားနိုင်ပါတယ်။”
“ခင်ဗျားတို့သာ ကျွန်တော်ရဲ့ စကားတွေကို ယုံကြည်ဖို့ ဆန္ဒရှိတယ်ဆိုရင် ခင်ဗျားတို့ ကျွန်တော်ကို လက်ထပ်ပြီးတဲ့နောက်မှာ ကျိယန်ကမ္ဘာရဲ့ စီမံခန့်ခွဲမှုကို ခင်ဗျားတို့ နှစ်ယောက်လုံးဆီကို အပ်နှံပါ့မယ်။”
လုချန်း၏ စကားကို ကြားသောအခါ နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့ အံ့အားသင့်သွားကြ၏။ ဆွမ်ဧကရာဇ်၏ စစ်မှန်သော ရည်ရွယ်ချက်များကို စတင် နားလည်လာပြီဟု သူတို့ ရုတ်တရက် ခံစားလိုက်ကြရသည်။
သူတို့ကို ကျိယန်ကမ္ဘာကို စီမံခန့်ခွဲခိုင်းခြင်းက ဆွမ်ဧကရာဇ်သည် ဤနေရာတွင် ကြာရှည် နေထိုင်မည် မဟုတ်ဟု အဓိပ္ပာယ်ရသည်။ သူသည် ကျိယန်ကမ္ဘာ တစ်ခုတည်းနှင့် ကျေနပ်နေမည် မဟုတ်ကြောင်း ဆိုလိုသည်။
ထို့ကြောင့် သူ သိမ်းပိုက်ခဲ့သော ကမ္ဘာများကိုစီမံခန့်ခွဲရန် အခြားသူများထံ လွှဲအပ်ရန် စဉ်းစားလိမ့်မည်ဖြစ်သည်။
ဆွမ်ဧကရာဇ်သည် သူတို့ကို သူနှင့် ချည်နှောင်ထားရန် နိုင်ငံရေးအရ လက်ထပ်လိုခြင်းဖြစ်သည်။ ထိုသို့ဖြင့် ကျိယန်ကမ္ဘာ တစ်ခုလုံးကို သူတို့အား စီမံခန့်ခွဲစေပြီး သူကိုယ်တိုင်ကမူ သူ၏ စစ်ဆင်ရေးများကို ဆက်လက် ဆင်နွှဲပြီး အခြားကမ္ဘာများကို ဆက်လက် သိမ်းပိုက်ရန် ရည်ရွယ်နေခြင်းဖြစ်သည်။
အကယ်၍ သူ၏ ရည်မှန်းချက်က ဒီအတိုင်းဖြစ်ပါက နိုင်ငံရေးအရ လက်ထပ်လိုခြင်းသာ ဖြစ်ရမည်။
မည်သည့်ကမ္ဘာတွင်ပင် ဖြစ်စေ အဆင့်မြင့် နိုင်ငံရေး မဟာမိတ်ဖွဲ့မှုများသည် ရှေးအကျဆုံးသော နည်းလမ်းများကို မကြာခဏ လိုအပ်တတ်သည်။
သူတို့ လုချန်း၏ မိန်းမ ဖြစ်လာခြင်းသည် နိုင်ငံရေး မဟာမိတ်ဖွဲ့ခြင်းတစ်ခုနှင့် တူညီပေလိမ့်မည်။
သို့သော်... လုချန်းဘက်က အမှန်တကယ် ရိုးသားဖြောင့်မတ်နိုင်သည်ဟု သူတို့ ကောက်ချက်ချခဲ့ကြသော်လည်း သူတို့၏ နှလုံးသားထဲတွင်တော့ သူ့အပေါ် သတိထားမှု အချို့ ရှိနေဆဲ ဖြစ်သည်။
မည်သို့ပင် ဆိုစေ လုချန်းက သူ၏ စကားကို ပြန်ပြင်မည် မဟုတ်ဟု မည်သူမှ မသိနိုင် ပေ။ သူတို့ သူ့ကိုလက်ခံလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့သည် စဉ့်နှီးတုံးပေါ်မှ ငါးများကဲ့သို့ ဖြစ်သွားမည်ဖြစ်ပြီး လုချန်း၏ သနားညှာတာမှုအပေါ် လုံးဝ မှီခိုနေရတော့မည်ဖြစ်သည်။
အမျိုးသမီး နှစ်ဦး တိတ်ဆိတ်သွားသည်ကို မြင်သောအခါ လုချန်းက
“ဒီလို စဉ်းစားကြည့်ရအောင်။ အကယ်၍ ကျွန်တော်က ခင်ဗျားတို့ကို အတင်းအကျပ် ထိန်းသိမ်းထားချင်ခဲ့တယ်ဆိုရင် အခုလို ခင်ဗျားတို့ဆီကို သံတမန်တစ်ယောက် လွှတ်ပြီး အလုပ်ရှုပ်မခံတော့ပဲ ကောင်းကင်နတ်ဆိုးကို သတ်ခဲ့တဲ့ နေ့မှာပဲ အဲ့ဒီလို လုပ်ခဲ့ပြီးလောက်ပြီ။”
“အခုအချိန်အထိတောင် ကျွန်တော် ခင်ဗျားတို့ကို ထိန်းသိမ်းထားချင်တယ်ဆိုရင် ဒါက လွယ်ကူတဲ့ ကိစ္စတစ်ခုပါပဲ။”
“ကျိယန်ကမ္ဘာ တစ်ခုလုံးကို တည်ငြိမ်အောင် လုပ်ဆောင်ပေးဖို့ ခင်ဗျားတို့ကို လိုအပ်တဲ့အတွက် အခု ကျွန်တော် ဒီလိုယဉ်ကျေးစွာ ပြောဆိုနေတာ ဖြစ်ပါတယ်။”
“ကျိယန်ကမ္ဘာကို သိမ်းပိုက်တာက ကျွန်တော့် ခရီးစဉ်ရဲ့ အစခြေလှမ်း တစ်ခုပါ။ ကျွန်တော့်ရဲ့ စစ်မှန်တဲ့ ခရီးလမ်းက ကြယ်တာရာတွေနဲ့ အာကာသတွေ ကြားထဲမှာ ရှိနေတာပါ။”
လုချန်း၏ အသံ ပျောက်ကွယ်သွားသည်နှင့် နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့လည်း အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ဟုတ်ပါသည်။ ကောင်းကင်နတ်ဆိုးကို ဓားခချက်တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်သော ဆွမ်ဧကရာဇ်၏ အင်အားနှင့် ဆိုလျှင် ထိုနေ့က ကျိယန်ကမ္ဘာ၏ အဓိက အင်အားစုများကို ထိန်းသိမ်းထားရန် သူ၏အဖို့ သိပ်ခက်ခဲလိမ့်မည် မဟုတ်ပါ။ ဆွမ်ဧကရာဇ်က သူတို့ကို တမင်ပြန်သွားခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ရှင်းနေသည်။
ထိုအရာက သူတို့ နှစ်ဦးကို ပြန်သွားခွင့်ပြုရန် တမင် ပြုလုပ်ခဲ့သော ဆုံးဖြတ်ချက်တစ်ခုလည်း ဖြစ်သည်။ လုချန်း၏ ရုပ်သေးက ကျိရှောင်နိုင်ငံတော်၏ နန်းတော် အပြင်ဘက်သို့ မည်သူမှ မသိပဲ ရောက်ရှိလာနိုင်ခဲ့သည်ကို ထောက်ရှုလျှင် သူ၏ ခန္ဓာကိုယ်အစစ်သည်လည်း ထိုနည်းတူ သေချာပေါက် ပြုလုပ်နိုင်ပေလိမ့်မည်။
ဆိုလိုသည်မှာ အကယ်၍ သူက သူတို့ကို ထိန်းသိမ်းထားရန် အင်အား အသုံးပြုလိုခဲ့ပါက သူအဖို့ လွယ်ကူပေလိမ့်မည်။
လုချန်း၏ ခန္ဓာကိုယ်အစစ်က သူတို့ မသိလိုက်ပဲ ကျိရှောင်နိုင်ငံတော်၏ နေပြည်တော် တစ်နေရာရာတွင် ရှိနေနှင့်ပြီးလည်း ဖြစ်နိုင်လောက်သည်။
ထိုအတွေးနှင့်အတူ အမျိုးသမီး နှစ်ဦးလုံး၏ နဖူးပြင်များတွင် ချွေးစေးများပြန်လာခဲ့သည်။
အကယ်၍ သူတို့ ငြင်းဆန်ခဲ့ပါက ဆွမ်ဧကရာဇ် ဘယ်လိုလုပ်လာနိုင်လဲဆိုတာကို ပြောရန် ခက်ခဲလှသည်။
သို့သော်...
သတိပြန်ဝင်လာပြီးနောက် နန်းကုန်းယွဲ့ဟွာ လုချန်း၏ ရုပ်သေးကို လှမ်းကြည့်လိုက်သည်။ တစ်ဆက်တည်းပင် ကောင်းကင်နတ်ဆိုးကို သတ်ဖြတ်ခဲ့သည့် နေ့က လုချန်း၏ ပုံစံအမှန် မည်သို့မည်ပုံ ရှိသည်ကို သူမ ရှင်းရှင်းလင်းလင်း မမြင်တွေ့ခဲ့ရကြောင်းလည်း သဘောပေါက်လိုက်သည်။
ရုပ်သေး လုချန်းသည် ထူးကဲစွာ ခန့်ညားချောမောနေ၏။ သူ၏ ပုံစံအမှန်က အလားတူ ဖြစ်မဖြစ်ကို သူမ မသိပေ။
သူတို့၏ ကျင့်ကြံမှု အဆင့်တွင် ကျင့်ကြံဖော် တစ်ဦးကို ရှာဖွေခြင်း၌ ကိုယ်ရေးကိုယ်တာ အကျိုးကျေးဇူးများကို ဦးစားပေး ထည့်သွင်း စဉ်းစားတတ်ကြသော်လည်း ကျိရှောင်နိုင်ငံတော်၏ ဧကရီတစ်ပါး အနေနှင့် အဘိုးကြီး တစ်ယောက်ကို လက်ထပ်ရန် နန်းကုန်းယွဲ့ဟွာ စိတ်ထဲ အနည်းငယ် တွန့်ဆုတ်နေဆဲ ဖြစ်သည်။