အခြားကမ္ဘာမှ ရန်သူများ
Vol. 73 Ch. 1086
လုချန်း၏ ထွက်သက်လေကို ယွမ်ရှန်ရှန် ခံစားမိလိုက်ပြီးနောက် မျက်လုံးဖွင့်လိုက်ကာ
“ရှင် ကျိယန်ကမ္ဘာကို တိုက်ခိုက်ဖို့ အစီအစဉ်ရှိနေတာလား”
ဟု တည်ငြိမ်စွာ မေးလိုက်သည်။
လုချန်းက ယွမ်ရှန်ရှန်၏ မွှေးပျံ့သော ပခုံးပေါ်သို့ မှီလိုက်ရင်း သူမ၏ နားနားကပ်ကာ အသက်ပြင်းပြင်း ရှူရှိုက်လိုက်၏။ အမျိုးသမီးတစ်ဦး၏ သင်းပျံ့သောရနံ့ သူ၏ နှာခေါင်းထဲသို့ တိုးဝင်လာသောအခါ လုချန်း ချက်ချင်း လန်းဆန်းတက်ကြွသွားသည်။
“အင်း။ နောက်နှစ်ဝက်နေရင် စစ်တပ်တွေ ချီတက်ကြတော့မယ်။”
အစက လုချန်းသည် ကျိယန်ကမ္ဘာကို ပို၍ စောစီးစွာ ကျူးကျော်လိုခဲ့၏။ သို့မှသာ အမှတ် ကိုးဆယ်ကျော်သော ထိုအမျိုးသမီးများကို သူကိုယ်တိုင် သိမ်းပိုက်နိုင်မည် ဖြစ်သည်။
သို့သော် ဒါက သူ၏ ပထမဆုံးအကြိမ် ကမ္ဘာတစ်ခုလုံးကို တိုက်ခိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ပြင်ဆင်မှုအတွက် အချိန်ပိုယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ယွမ်ရှန်ရှန်က
“ရှင်မရှိတုန်း အဲဒီမိန်းမက အခွင့်ကောင်းယူပြီး ထျန်းချန်ကမ္ဘာကို ဝင်ဖျက်ဆီးမှာကို မစိုးရိမ်ဘူးလား။”
ယွမ်ရှန်ရှန် ရည်ညွှန်းလိုက်သော အမျိုးသမီးမှာ အခြားသူမဟုတ်ပေ။ သူမ၏ ပင်မခန္ဓာကိုယ်ဖြစ်သူ ယွမ်ချင်းရှုပင် ဖြစ်သည်။
လုချန်းက ပြုံးလျက်
“အမှန်အတိုင်း ပြောရရင် ကိုယ် နည်းနည်းတော့ စိတ်ပူတယ်။”
ယွမ်ချင်းရှုသည် သူနှင့် ပူးပေါင်းရန် သဘောတူခဲ့သည်။ သို့သော် အချိန်တန်လာသောအခါ သူ့ကို သစ္စာမဖောက်ဟု အတိအကျ မပြောနိုင်ပေ။ ယွမ်ချင်းရှုသည် “နဂါးဖီးနစ် လက်ဖက်ရည်” ကို မသောက်ရသေးသောကြောင့် လုချန်း သူမကို စိတ်ချလက်ချ ယုံကြည်နိုင်မည် မဟုတ်ချေ။
ထို့ပြင် သူ ကျိယန်ကမ္ဘာကို တိုက်ခိုက်ချိန်တွင် သန့်ရှင်းသော နဂါးနက် နယ်မြေမှ လူများကိုလည်း ခေါ်ဆောင်သွားမည် ဖြစ်သည်။ နတ်ဘဝပြောင်းလဲခြင်း အဆင့်ရှိ ယင်ကျန်းယဲ့ ထွက်သွားသည်နှင့် ထျန်းချန်ကမ္ဘာ၌ ယွမ်ချင်းရှုကို ခုခံနိုင်သူ မရှိတော့ပေ။
ထိုအချိန်တွင် လုချန်း တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။ သန့်ရှင်းသော နဂါးနက် နယ်မြေသည် ဥပဒေ နိယာမ အလုံးစုံအဆင့် ကျင့်ကြံသူ ငါးဦးကို ထျန်းချန်ကမ္ဘာသို့ စေလွှတ်ခဲ့သည်။ ထိုကျင့်ကြံသူငါးဦး ရှန်ဟွေ ချပ်ဝတ်ကို ဝတ်ဆင်လိုက်သည်နှင့် နတ်ဘဝပြောင်းလဲခြင်း အဆင့်၏ အင်အားကို သူတို့ပိုင်ဆိုင်နိုင်ကြပြီဖြစ်သည်။
သူ့တို့ထဲမှ နှစ်ယောက်ကို ထျန်းချန်ကမ္ဘာတွင် ချန်ထားခဲ့နိုင်သည်။ အကယ်၍ ယွမ်ချင်းရှု အမှန်တကယ် သစ္စာဖောက်ခဲ့လျှင် ထိုနှစ်ယောက်သည် ယင်ကျန်းယဲ့ ပြန်လာသည်အထိ သူမကို အချိန်အတိုင်းအတာတစ်ခုအထိ တောင့်ခံထားနိုင်မည် ဖြစ်သည်။
ထိုသို့ စဉ်းစားမိပြီးနောက် လုချန်းက
“ဒါပေမဲ့ ဒါက ပြဿနာအကြီးကြီးတော့ မဟုတ်ပါဘူး။ သန့်ရှင်းသော နဂါးနက် နယ်မြေက ဥပဒေ နိယာမ အလုံးစုံအဆင့် ကျင့်ကြံသူ နှစ်ယောက် ထျန်းချန်ကမ္ဘာမှာ ထားခဲ့ခိုင်းမယ်။ ပြီးတော့ နဂါးနက်မြို့မှာ ရုပ်သေးခန္ဓာကိုယ်တစ်ခုလည်း ထားခဲ့မယ်။ တကယ်လို့ သူ သစ္စာဖောက်ခဲ့ရင်တောင် ကိုယ် ချက်ချင်း ပြန်လာနိုင်မှာပါ။”
လုချန်း၏ စကားကို ကြားသောအခါ ယွမ်ရှန်ရှန်က
“ရှင် ကျွန်မကို ဒါတွေ မပြောပြသင့်ဘူး။”
“သူ့ရဲ့ စိတ်အာရုံက ကျွန်မရဲ့ ခန္ဓာကိုယ်ကို အချိန်မရွေး ထိန်းချုပ်နိုင်တယ်။ တကယ်လို့ သူက ကျွန်မကို ရုတ်တရက် ပူးကပ်လိုက်ရင် ရှင် ခုနက ပြောသွားတာတွေအကုန်လုံး သူ ချက်ချင်း သိသွားလိမ့်မယ်။”
“ကိစ္စမရှိပါဘူး။ သူသိလေ ပိုကောင်းလေပဲ။ သူသိထားရင် သူ သိပ်ပြီး မဆင်မခြင် မလုပ်ရဲတော့ဘူး။”
အကယ်၍ သူ ထျန်းချန်ကမ္ဘာသို့ ချက်ချင်း ပြန်လာနိုင်ကြောင်း ယွမ်ချင်းရှု သိထားပါက သစ္စာဖောက်ခြင်း၏ အကျိုးဆက်များကို ပိုမို ထည့်သွင်းစဉ်းစားမည် ဖြစ်ပြီး သူမ မဆင်မခြင် ပြုမူရဲခြင်းမရှိအောင် ဟန့်တားထားမည်ဖြစ်သည်။
ယွမ်ရှန်ရှန် ဆက်ပြောမည် ပြုစဉ်မှာပင် လုချန်း၏လက်က သူမ၏ အဖြူရောင်ဝတ်စုံပေါ် ကျရောက်လာပြီး
“ ကိုယ် ဒီရက်ပိုင်း ကျင့်စဉ်နဲ့ ပတ်သက်ပြီး ပြဿနာတချို့ တွေ့နေလို့။ ကိုယ့်ရဲ့ သွေးကြောတွေကို ညှိပေးပါဦး။”
ခေါင်းကို အနည်းငယ် လှည့်ရင်း ယွမ်ရှန်ရှန် သူ့ကို မကျေမနပ် ကြည့်လိုက်သည်။
သွေးကြော ထိန်းညှိနှိုင်းတာလား။
ယွမ်ရှန်ရှန်က
“ဒီနှစ်ထဲမှာ ရှင် ကျွန်မဆီ သွေးကြောလာညှိတဲ့ အကြိမ်အရေအတွက်က နည်းနည်း များလွန်းနေပြီ။”
ဟု အေးစက်စွာ ပြောလိုက်သည်။
အတိတ်က လုချန်းသည် သူမထံသို့ ရံဖန်ရံခါသာ လာလေ့ရှိ၏။ အဘယ်ကြောင့်ဆိုသော် သူ့ပတ်ဝန်းကျင်တွင် အမျိုးသမီးများစွာ ရှိနေသဖြင့် သူမ၏အလှည့် အမြဲမရောက်ပေ။ သို့သော် ယွမ်ချင်းရှု ရောက်လာသည့် အချိန်မှစ၍ သူ သူမနှင့်အတူ ခြောက်လကြာဆက်တိုက် နေထိုင်ခဲ့မှာ မကြာသေးပေ။
ယခုလည်း သူမနှင့်အတူ “သွေးကြော ညှိနှိုင်း” လိုပြန်သည်။
လူတိုင်း၏ အာရုံစိုက်စရာတစ်ခု သူမ ဖြစ်မလာချင်ပါ။ ဒီတိုင်းဆက်ဖြစ်နေပါက လုချန်း၏ အခြားအမျိုးသမီးများအားလုံးက စောင့်ကြည့်တော့မည်ဖြစ်သည်။ အကယ်၍ သူမက သူ့ကို တစ်ဦးတည်း ပိုင်ဆိုင်ထားပါက သူမအား မုန်းတီးလာကြပေမည်။ ထိုအမျိုးသမီးများကို သူမ မကြောက်သော်လည်း ပြဿနာများကိုတော့ ရှောင်ရှားလိုသည်။
ယွမ်ရှန်ရှန်၏ စကားကို ကြားသောအခါ လုချန်းက ရယ်လျက်
“မများပါဘူး။ အရင်တစ်ခေါက်က မင်းက ကိုယ့်ကို တက်တက်ကြွကြွ သွေးကြောညှိပေးခဲ့တာလေ။ ကိုယ် တောင်းဆိုခဲ့တာ မဟုတ်ဘူး။”
ယခင်တစ်ကြိမ်က ယွမ်ချင်းရှုကို လက်တုံ့ပြန်သည့်အနေဖြင့် လုချန်းကို သူမ၏အနားမှ ထွက်ခွာခွင့် မပြုခဲ့ပေ။ ထိုစဉ်က စတင်သူက လုချန်း မဟုတ်ခဲ့ပေ။
နောက်ထပ် စကားမဆိုတော့ပဲ လုချန်းက ယွမ်ရှန်ရှန်ကို ညင်သာစွာ တွန်းလှဲလိုက်သည်။ ထို့နောက် သူမ၏ နှုတ်ခမ်းများကို သူ၏ နှုတ်ခမ်းဖြင့် ပိတ်လိုက်သည်။
ယွမ်ရှန်ရှန် ခုခံခြင်း မပြုခဲ့ပေ။ ထိုသို့ဆိုလျှင် သွေးကြော ညှိနှိုင်းရတော့မည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူမ ဤပုန်ကန်တတ်သော တပည့်အတွက် ဤအရာကို အကြိမ်မည်မျှ ပြုလုပ်ပေးခဲ့သည်ကို ရေတွက်နိုင်တော့မည် မဟုတ်ချေ။
ခဏအကြာတွင် ယွမ်ရှန်ရှန် လုချန်းအား “သွေးကြော ညှိနှိုင်းပေးနေသော” အသံများသည် အခန်းအတွင်း၌ ပဲ့တင်ထပ်သွားသည်။
…….
မျက်စိတစ်မှိတ်အတွင်း နှစ်ဝက် ကြာသွားခဲ့သည်။ ဤခြောက်လတာ ကာလအတွင်း လုချန်းသည် ယခင်အတိုင်းပင် သူ၏ ဇနီးများ၏ အဆောင်များကြား ကူးသန်းသွားလာနေခဲ့၏။ ဤကာလအတွင်း ယွမ်ချင်းရှုသည် ယွမ်ရှန်ရှန်ကို ပူးကပ်ခြင်း မပြုခဲ့ပေ။
သို့သော် လျှို့ဝှက်လဝန်းနန်းတော်မှ နတ်လှေများ ထွက်ခွာသွားခြင်း မရှိသေးပေ။ ၎င်းတို့သည် ထျန်းချန်ကမ္ဘာ၏ အပြင်ဘက်တွင် ရပ်တန့်ထားဆဲ ဖြစ်သည်။ ဤအချက်က ယွမ်ချင်းရှုသည် လက်မလျှော့သေးပဲ မကောင်းသော အကြံအစည်အချို့ကို ကြံစည်နေသလားဟု လုချန်းအား တွေးမိစေသည်။
သူတို့သည် မဟာမိတ်ဖွဲ့ပြီးသား ဖြစ်သော်လည်း သူ့ထံ၌ အရင်ခောတ်က အမှတ်တရများ မရှိတော့ပေ။ ထို့ပြင် သူမ၏ လျှို့ဝှက်လဝန်းနန်းတော်သည်လည်း ထျန်းချန်ကမ္ဘာတွင် မတည်ရှိပေ။အကြောင်းမရှိပဲ ထျန်းချန်ကမ္ဘာ အနီးတစ်ဝိုက်တွင် နေထိုင်ရင်း သူ ဘာလုပ်နေသနည်း။
သူမအပေါ် သံသယများ ရှိနေသော်လည်း ရှနိုင်ငံတော်၏ စစ်ရေးပြင်ဆင်မှုများ ပြီးမြောက်သွားခဲ့သည်။ ရှနိုင်ငံတော်သည် ကျိယန်ကမ္ဘာကို အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေခဲ့သည်။
လုချန်းထံ၌ ဆက်လက် အချိန်ဆွဲရန် အစီအစဉ် မရှိတော့ပေ။ ယွမ်ချင်းရှုက ထျန်းချန်ကမ္ဘာ အပြင်ဘက်တွင် နေလိုလျှင် သူမကို နေခွင့်ပြုလိုက်မည်။ မည်သို့ပင်ဖြစ်စေ နဂါးနက်မြို့တွင် သူ၏ရုပ်သေးရုပ်တစ်ခု ထားခဲ့မည် ဖြစ်သည်။ တစ်စုံတစ်ခု ဖြစ်ပျက်ပါက ဤနည်းဖြင့် သူချက်ချင်း သိနိုင်မည် ဖြစ်သည်။
အရာအားလုံး အသင့်ဖြစ်သည်နှင့် ရှနိုင်ငံတော်၏ မိုးပျံလှေများသည် ထျန်းချန်ကမ္ဘာနှင့် ကျိယန်ကမ္ဘာတို့၏ ဆုံရာ နေရာသို့ ဦးတည် ထွက်ခွာသွားသည်။
ရှနိုင်ငံတော် စစ်တပ်ကြီးသည်ကမ္ဘာ့အကာအကွယ်၏ အက်ကွဲကြောင်းသို့ ရောက်ရှိသွားသည်။ သို့သော် ရှနိုင်ငံတော် စစ်သားများကိုတော့ ကျိယန်ကမ္ဘာသို့ ချက်ချင်း ဝင်ရောက်ခွင့် မပြုခဲ့ပေ။
ထျန်းချန်ကမ္ဘာ၏ အခြားတစ်ဖက်တွင် ကောင်းကင်နတ်ဆိုး ချိပ်ပိတ်နယ်မြေ တည်ရှိနေသည်။ ထိုကောင်းကင်နတ်ဆိုးကို မရှင်းလင်းရသေးပေ။ အကယ်၍ ရှနိုင်ငံတော် စစ်သားများ မဆင်မခြင် အတင်း ဝင်ရောက်သွားပါက ကောင်းကင်နတ်ဆိုး၏ အစာဖြစ်သွားနိုင်၏။
ထို့ကြောင့် ကောင်းကင်နတ်ဆိုးကို ဦးစွာ ဖြေရှင်းရန် လုချန်း စီစဉ်ခဲ့သည်။
သူနှင့် ယင်ကျန်းယဲ့တို့သည် အက်ကွဲကြောင်းထဲသို့ ဝင်ရောက်ကာ ကျိယန်ကမ္ဘာသို့ ရောက်သွားကြသည်။
သူ၏ ပင်မခန္ဓာကိုယ် ကျိယန်ကမ္ဘာသို့ ရောက်ရှိသွားသည်နှင့် ချိပ်ပိတ်နယ်မြေမှ ထွက်ပေါ်နေသော ပြင်းထန်သည့် ကောင်းကင်နတ်ဆိုး စွမ်းအားကို လုချန်း ချက်ချင်း အာရုံခံမိလိုက်သည်။
သူတို့ ချိပ်ပိတ်နယ်မြေ အထက်သို့ ရောက်ရှိသွားသည်နှင့် ချိပ်ပိတ်ခံထားရသော ကောင်းကင်နတ်ဆိုးလည်း သူတို့၏ တည်ရှိမှုကို ချက်ချင်း သတိပြုမိသွားသည်။
ကျင့်ကြံသူများ ရောက်ရှိလာသဖြင့် ကောင်းကင်နတ်ဆိုး ဝမ်းမြောက်သွားသည်။ သို့သော် နောက်တစ်ခဏတွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူ ခံစားမိလိုက်၏။ သူ၏ စွမ်းအားကို အပေါ်မှ ကျင့်ကြံသူက ဖိနှိပ်ထားသည်ကို ကောင်းကင်နတ်ဆိုး မသဲမကွဲ သတိထားမိလာသည်။
ဘာတွေ ဖြစ်ပျက်နေသနည်း။
သူသည် ကောင်းကင်နတ်ဆိုး ဖြစ်သည်။ ကောင်းကင်နတ်ဆိုးများသည် ကျင့်ကြံသူတို့၏ ရန်သူများ မဟုတ်လား။ သူ၏ စွမ်းအားကို ကျင့်ကြံသူတစ်ဦးက မည်သို့ ဖိနှိပ်နိုင်မည်နည်း။
ဒီအတိုင်းတော့ မဖြစ်ပေ။ တစ်ခုခုတော့ မှားနေပြီ ဖြစ်သည်။
ယခု ပေါ်လာသော ကျင့်ကြံသူသည် ၎င်းအတွက် လာခြင်းဖြစ်ကြောင်း ကောင်းကင်နတ်ဆိုး သဘောပေါက်သွားသည်။ ထို့ကြောင့် ချိပ်ပိတ်ထားခြင်းကို အလျင်အမြန် တိုက်ခိုက်ချိုးဖျက်ကာ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
ကောင်းကင်နတ်ဆိုး ရုန်းကန်နေစဉ် ချိပ်ပိတ်နယ်မြေတစ်ခုလုံး စတင် တုန်ခါလာသည်။ ထိုအခါ ကျိယန်ကမ္ဘာ တစ်ခုလုံး မြေငလျင်ဒဏ် ခံစားလိုက်ရသည်။
…….
တစ်ချိန်တည်းမှာပင်...
ထျန်းကျိရဲတိုက်။
ထျန်းကျိရဲတိုက်၏ မြင့်မားသော မျှော်စင်တစ်ခုအတွင်း၌ ရှိနေသော အဘိုးအိုတစ်ဦး မျက်လုံး ဖွင့်လိုက်သည်။ သူသည် ရုတ်တရက် သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး မျှော်စင်အတွင်းရှိ တပည့်များထံသို့ သတင်းစကားတစ်ခု ချက်ချင်း ပေးပို့လိုက်သည်။
“အခြားကမ္ဘာက ရန်သူတွေပေါ်လာပြီ။ ထျန်းကျိရဲတိုက် အဖွဲ့ဝင်အားလုံး ချက်ချင်း လနက်မြို့ကို ဦးတည်ရမယ်။”
အဘိုးအို၏ သတင်းစကားကို ကြားသောအခါ ထျန်းကျိရဲတိုက် တစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
ထိုအချိန်တွင် အဘိုးအို၏ ခန္ဓာကိုယ်လည်း မျှော်စင်အတွင်းမှ ပျောက်ကွယ်သွားသည်။
……..
တစ်ချိန်တည်းမှာပင်။
ကျိရှောင်နိုင်ငံတော်။
ဖီးနစ်ဝတ်ရုံကို ဝတ်ဆင်ထားသော နန်းကုန်းယွဲ့ဟွာသည် နန်းတော်ရှေ့တွင် ရပ်လျက် လနက်မြို့တည်ရှိရာ အရပ်ဆီသို့ ငေးကြည့်နေသည်။
သူမသည်လည်း စောစောက တုန်ခါမှုကို ခံစားမိခဲ့၏။ အကြောင်းတစ်ခုခုကြောင့် ကောင်းကင်နတ်ဆိုး စွမ်းအားနှင့်အတူ ကောင်းကင်ဘုံ လမ်းစဉ်ထံမှ အကူအညီ တောင်းခံသံတစ်ခုကိုလည်း သူမ ခံစားမိလိုက်ပုံ ရသည်။
သူမ အတွေးထဲနစ်မြောနေစဉ် ရင်းနှီးသော အသံတစ်ခု သူမ၏ နောက်မှ ကြားလိုက်ရသည်။
“ ဧကရီ။ အခြားကမ္ဘာက ရန်သူရောက်လာပါပြီ။”
……………..