← Chapters

နတ်ဘုရား တောင်ကြား

Vol. 10 Ch. 136

နတ်ဘုရား တောင်ကြား

Vol. 10 Ch. 136

~စင်မြင့်ကြီးမှာ ပျက်စီ၊ခဏ္ဍးသွားခဲ့ပြီး ဖုန်မှုန့်များ ကောင်းကင်ယံသို့ လွင့်ပျံတက်နေခဲ့သည်။

ဖုန်းဝူချန်နှင့် ပိုင်ခုံတို့၏ အခြေအနေကို မည်သူမျှ မသိနိုင်ခဲ့ကြပါချေ။

ဘယ်သူ ရှုံးပြီး ဘယ်သူ နိုင်သွားသလဲ...။ လူတိုင်း အလွန်အမင်း မျှော်လင့်တကြီး စောင့်စားနေခဲ့ကြသည်။

"သူတို့နှစ်ယောက်ရဲ့ စွမ်းအားက တကယ်ပဲ ကြောက်ဖို့ကောင်းတာပဲ...။ ယွမ်တန်ဘုံ ဆဋ္ဌမအလွှာနဲ့တောင် ယှဉ်နိုင်လောက်တယ်..."

အကြီးအကဲ တစ်ဦးက လေးနက်စွာ ဆိုလိုက်၏။

အကြီးအကဲ စူးမှာ ခါးသီးစွာ ပြုံးလိုက်မိရုံမှတစ်ပါး အခြားမရှိတော့ပေ။

'...ငါတို့တောင်မှ လက်တွဲမထားခဲ့ရင်... ဒီ ကြောက်စရာကောင်းတဲ့ စွမ်းအင်ကို တောင့်ခံနိုင်ပါ့မလား မသိဘူး...'

"...ဖုန်းဝူချန်ရဲ့ စွမ်းအားက... ဒီအဘိုးကြီးထက်တောင် ကျော်လွန်သွားခဲ့ပြီပဲ..."

ရှင်းထျန်းဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။ သူ အလွန် စိုးရိမ်ပူပန်နေခဲ့၏။

"ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားနဲ့ဆိုတော့ ဘယ်သူ နိုင်သွားလဲ ပြောရခက်တယ်..."

ကျောင်းအုပ်ကြီး တစ်ဦးက ခေါင်းခါလိုက်လေသည်။

"ပြောရခက်ပါတယ်...။ ပိုင်ခုံမှာ ဝိညာဉ်လက်နက် နှစ်ခုတောင် ရှိနေတာ... ပြီးတော့ သူက အရမ်း အစွမ်းထက်တယ်...။ ချင်းဟုန် ဓားသိုင်းကွက်ရဲ့ တတိယ အကွက်နဲ့ဆိုရင် သူက ကြီးမားလှတဲ့ စွမ်းအားကို ထုတ်ဖော်နိုင်တယ်...။ ဖုန်းဝူချန်ရဲ့ မြေကမ္ဘာအဆင့် သိုင်းပညာနဲ့ ယှဉ်ပြိုင်ဖို့ လုံလောက်တယ်..."

ထိုစဉ် ကျန်းယွင်ထျန်းက

"ဖုန်းဝူချန်ရဲ့ ရုပ်ခန္ဓာက အလွန် ကြောက်ဖို့ကောင်းတာ...။ တို့တွေရဲ့ စိတ်ကူးထဲက ပုံရိပ်ကိုတောင် ကျော်လွန်နေတယ်...။ ပိုင်ခုံက သူ့ကို အနိုင်ယူနိုင်ဖို့ သိပ် မသေချာလောက်ဘူး..." ဟု

ပြောဆိုလိုက်၏။

ရွှေယွင် အကယ်ဒမီမှ အကြီးအကဲ တစ်ဦးက ပြန်ပြောလေသည်။

"ပိုင်ခုံက မရေမတွက်နိုင်တဲ့ တိုက်ပွဲတွေကို ဖြတ်သန်းလာခဲ့ပြီးသား...။ သူ့ကို အနိုင်ယူဖို့ မလွယ်ကူပါဘူး..."

သို့သော်... သူတို့အားလုံး ထင်ကြေးပေးနေစဉ်မှာပင် စင်မြင့်ပေါ်မှ ဖုန်မှုန့်များသည် တဖြည်းဖြည်း ပြယ်လွင့်သွားခဲ့ပြီး မသဲမကွဲ ပုံရိပ် နှစ်ခု လူတိုင်း၏ မြင်ကွင်းထဲသို့ ပေါ်ထွက်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် လူတိုင်း တိတ်ဆိတ်သွားခဲ့ကြ၏။

●စင်မြင့်ပေါ်တွင်... ပြင်းထန်စွာ ဒဏ်ရာရနေသော ပိုင်ခုံကို ဖုန်းဝူချန်က တွဲကူလျက် ဆင်းသက်လာသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

စင်မြင့်ပေါ်တွင်မူ... စင်မြင့်သည် မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားခဲ့ပြီး အချင်း ဆယ်ပေခန့် ရှိသော ဧရာမ တွင်းနက်ကြီး တစ်ခု ပေါက်ကွဲ ဖြစ်ပေါ်နေခဲ့၏။ ထိုမြင်ကွင်းသည် အတော်လေး ထိတ်လန့်ဖွယ် ကောင်းလှသည်။

"ဖုန်းဝူချန်... နိုင်သွားတယ်..."

"တကယ်ပဲ ဖုန်းဝူချန်ပဲ...။ ပိုင်ခုံ ရှုံးသွားပြီ..."

"အလိုလေး…ငါ ယုံတောင် မယုံနိုင်ဘူး...။ ဖုန်းဝူချန်က သိပ် ကြောက်ဖို့ကောင်းလွန်းတယ်...။ သူ အခုထိတောင် မတ်တပ်ရပ်နေ

နိုင်သေးတယ်..."

ကျောင်းသားများ အားလုံး အံ့အားသင့် မှင်သက်သွားကြသည်။ ပတ်ဝန်းကျင် တစ်ခုလုံး ပေါက်ကွဲထွက်သွားခဲ့၏။ အားအကောင်းဆုံးနှင့် ပထမ နေရာအတွက် မျှော်လင့်ချက် အရှိဆုံး တစ်ပြေးသူ ပိုင်ခုံသည် ဖုန်းဝူချန်၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားခဲ့လေပြီ။

လျိုချင်းယန်က စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။ သူ၏ မျက်နှာသည် နီမြန်းနေခဲ့၏။

"အစ်ကိုဖုန်း နိုင်ပြီ...။ ဟားဟား...။ အစ်ကိုဖုန်း နိုင်သွားပြီ..."

ကောင်းကင် အရိပ်တပ်ဖွဲ့ဝင်များနှင့် အလံနက် တပ်မတော်မှ စစ်သည်တော်များ အားလုံး ကျယ်လောင်စွာ အော်ဟစ် အားပေးနေကြသည်။ မျက်နှာတိုင်းတွင် စိတ်လှုပ်ရှားမှုနှင့် ဝမ်းမြောက်မှုများ ပြည့်နှက်နေခဲ့၏။

အကြီးအကဲ စူးသည်လည်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်မိတော့သည်။

"ငါတို့ အကယ်ဒမီ ပထမနေရာ ရပြီ..."

ရှင်းထျန်းဖုန်းက ပျော်ရွှင်သော အပြုံးဖြင့် ဆိုလိုက်သည်။ နှစ်ပေါင်းများစွာ ထျန်းယန် အကယ်ဒမီ အမြဲတမ်း အောက်ဆုံးတွင် ရှိနေခဲ့သည်ကို ပြန်လည် ကြည့်ရှုရင်း ဤတစ်ကြိမ်တွင် သူတို့ ထိုးတက်လာနိုင်ခဲ့သည်မှာ ရှားပါးလှသော အဖြစ်အပျက် ဖြစ်၏။ ရှင်းထျန်းဖုန်း၏ မျက်ဝန်းများ အနည်းငယ် စိုစွတ်လာခဲ့သည်။

‘..နောက်ဆုံးတော့ ငါတို့ မျက်နှာပန်း လှနိုင်ခဲ့ပြီ…’

'...ဖုန်းဝူချန်သာ မရှိခဲ့ရင်...။ ထျန်းယန် အကယ်ဒမီက ဒီတစ်ခါလည်း အောက်ဆုံးမှာပဲ ရှိနေဦးမှာပဲ...'

ရွှေယွင် အကယ်ဒမီမှ ကျောင်းအုပ်ကြီးနှင့် အကြီးအကဲများသည် အနည်းငယ် စိတ်ပျက်မိကြသော်လည်း ပိုင်ခုံ၏ စွမ်းဆောင်ရည်အပေါ် အလွန် ကျေနပ်နေခဲ့ကြသည်။ သူ အမှန်တကယ်ပင် အစွမ်းကုန် ပေးဆပ်ခဲ့သည် မဟုတ်ပါလား။

အကြီးအကဲ တစ်ဦးက ရယ်မောလိုက်သည်။

"ဘယ်သူက ထင်မှာလဲ...။ ဒီနှစ် ပါရမီရှင် အဆင့် သတ်မှတ်ပွဲ ပြိုင်ပွဲက ဖုန်းဝူချန်လို ကြောက်စရာကောင်းတဲ့ ပါရမီရှင်မျိုးကို မွေးထုတ်ပေးလိမ့်မယ်လို့..."

"ဖုန်းဝူချန် ပထမနေရာ ရသွားတာနဲ့... ထျန်းယန် အကယ်ဒမီက အင်ပါယာကြီး လေးခုလုံးမှာ သေချာပေါက် ကျော်ကြားသွားတော့မှာပဲ..."

"သူက အလားအလာ အများကြီး ရှိတဲ့ လူငယ် တစ်ယောက်ပဲ...။ နောက်ထပ် နှစ်အနည်းငယ် ကြာရင်... ဖုန်းဝူချန်က ငါတို့ အဘိုးကြီးတွေကို သေချာပေါက် ကျော်ဖြတ်သွားလိမ့်မယ်..."

"ရှင်း ကျောင်းအုပ်ကြီး... ဂုဏ်ယူပါတယ်...။ ခင်ဗျား ဒီလောက် ပါရမီထူးချွန်တဲ့ ကျောင်းသားမျိုးကို လက်ခံထားနိုင်ခဲ့တာပဲ..."

အကယ်ဒမီ၏ အကြီးတန်း အရာရှိများသည် တစ်ယောက်ပြီးတစ်ယောက် ချီးကျူးလိုက်ကြသည်။ ရှင်းထျန်းဖုန်း ဤမျှ ပါရမီရှိသော ကျောင်းသားမျိုးကို ပိုင်ဆိုင်ထားသည့်အတွက် အားလုံးက မနာလို ဖြစ်နေခဲ့ကြ၏။

ထို့နောက်တွင် ရွှေယွင် အကယ်ဒမီ၏ ကျောင်းအုပ်ကြီးက ကြေညာလိုက်လေသည်။

"ဖုန်းဝူချန် အောင်နိုင်ပါတယ်..."

ဖုန်းဝူချန်ကို တစ်ချက် ကြည့်လိုက်ပြီး ရွှေယွင် အကယ်ဒမီ၏ ကျောင်းအုပ်ကြီးက ဆက်လက် ပြောကြားခဲ့သည်။

"ဖုန်းဝူချန်က ဒီ ပါရမီရှင် အဆင့် သတ်မှတ်ပွဲ ပြိုင်ပွဲမှာ ပထမနေရာကို ရရှိသွားပါတယ်..."

လင်ရှောင်ရှောင်က ဝမ်းမြောက်စွာ ဂုဏ်ပြုလိုက်သည်။ ချိုမြိန်ပြီး ဆွဲဆောင်မှု ရှိသော အပြုံးတစ်ပွင့် ပြသလိုက်၏။

"ဂုဏ်ယူပါတယ်... ဖုန်းအစ်ကိုကြီး..."

လျိုချင်းယန်ကလည်း "အစ်ကိုဖုန်း..။ ခင်ဗျားက အကောင်းဆုံးပဲ…”

ဟု ဆိုကာ လက်မထောင်ပြလိုက်သည်။

မူရှန်နှင့် တုံဝူရွှမ်းတို့ကလည်း တစ်ယောက်ပြီး တစ်ယောက် ချီးကျူးလိုက်ကြသည်။ သူတို့၏ မျက်နှာများထက်တွင်လည်း စိတ်လှုပ်ရှားသော အပြုံးများ ရှိနေခဲ့၏။

"ဖုန်းဝူချန်...။ မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တယ်...။ မင်းက တို့ အကယ်ဒမီကို ဂုဏ်ယူစေခဲ့တာပဲ..."

ထို့အတူ …အခြား အကယ်ဒမီများမှ ကျောင်းသားများသည်လည်း ဖုန်းဝူချန်အပေါ် ချီးကျူးစကားများ အလျှံပယ် သွန်းလောင်းနေခဲ့ကြသည်။

ကျောင်းသား တစ်ဦးက နားမလည်နိုင်စွာ မေးလိုက်သည်။

"ဒုတိယနဲ့ တတိယ နေရာတွေကရော ဘယ်လိုလုပ်မလဲ..."

သွမ့်ဟုန်ရှီးနှင့် စူးလဲ့ယန်တို့သည် အစောပိုင်းက စင်မြင့်ပေါ်တွင် ရှိနေခဲ့ကြသည်။ သို့သော် ဤမျှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင် ထုတ်လွှတ်မှုသည် သူတို့ကိုလည်း လွင့်စင်သွားစေခဲ့သည် မဟုတ်ပါလား။

ထိုသို့ ဖြစ်နေပါလျက် ဒုတိယနှင့် တတိယ နေရာများကို မည်သို့ ဆုံးဖြတ်နိုင်မည်နည်း။

ဖုန်းဝူချန်နှင့် ပိုင်ခုံတို့ကြားမှ တိုက်ပွဲကို လူတိုင်း မြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ ပိုင်ခုံ ရှုံးနိမ့်သွားခဲ့သော်လည်း ဒုတိယ နေရာသည် သံသယ ကင်းမဲ့စွာ သူ၏ နေရာသာ ဖြစ်ပေလိမ့်မည်။ သို့သော် တတိယ နေရာအတွက်မူ... မည်သူ ဖြစ်မည်နည်း။ သွမ့်ဟုန်ရှီးလော သို့တည်းမဟုတ် စူးလဲ့ယန်လော။

များမကြာမီမှာပင် ကျောင်းအုပ်ကြီး အများအပြား ဆွေးနွေးမှု ပြုလုပ်ပြီးနောက် ရွှေယွင် အကယ်ဒမီ၏ ကျောင်းအုပ်ကြီးက နောက်ဆုံးတွင် ကြေညာလိုက်လေသည်။

"ပိုင်ခုံက ပါရမီရှင် အဆင့် သတ်မှတ်ပွဲ ပြိုင်ပွဲမှာ ဒုတိယ နေရာကို ရရှိပါတယ်...။ စူးလဲ့ယန်နဲ့ သွမ့်ဟုန်ရှီးတို့က တတိယ နေရာကို အတူတူ မျှဝေ ရယူကြပါတယ်...။ အထူး အခြေအနေတွေကြောင့်နဲ့ ဆရာတို့ တိုင်ပင် ဆွေးနွေးပြီးတဲ့နောက်မှာ... သူတို့ လေးယောက်လုံး ဝိညာဉ်ရေကန်ထဲ ဝင်ရောက် ကျင့်ကြံခွင့် ရရှိပါမယ်..."

ခေတ္တမျှ ရပ်တန့်ပြီးနောက် ရွှေယွင် အကယ်ဒမီ၏ ကျောင်းအုပ်ကြီးက ထပ်ပြောလိုက်၏။

"သူတို့ရဲ့ ဒဏ်ရာတွေ အပြည့်အဝ ပျောက်ကင်းသွားပြီးတဲ့နောက်မှာ နတ်ဘုရား တောင်ကြားထဲကို ဝင်ရောက်ကြမှာ ဖြစ်တယ်..."

"...တတိယ နေရာ နှစ်ယောက် ပူးတွဲတာက ဖြေရှင်းနည်း ကောင်းတစ်ခုပဲ...။ မဟုတ်ရင် တတိယ နေရာကို ဘယ်သူ ရမလဲ ဆိုတာ ဆုံးဖြတ်ရ တကယ် ခက်နေမှာ..."

"...ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ...။ ဒါက ငါတို့နဲ့ ဘာမှ မဆိုင်တော့ဘူး...။ တို့တွေက သူတို့ကို အားကျနေရုံပဲ တတ်နိုင်တယ်...။ ဒါပေမဲ့ ပြောရမယ် ဆိုရင်တော့... ဖုန်းဝူချန်ရဲ့ စွမ်းအားက တကယ် ကြောက်ဖို့ကောင်းတာပဲ..."

"ဆုလာဘ်တွေ ရတာက အရမ်း ကောင်းတာပဲ...။ ရာထူးတိုးပြီး မြင့်မြတ်သူ ဖြစ်လာဖို့ အခွင့်အရေးတောင် ရှိသေးတယ်..."

ကျောင်းသားများထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ ကန့်ကွက်ခြင်း မရှိခဲ့ကြပါ။ သူတို့ အားလုံး အားကျ မနာလို ဖြစ်နေခဲ့ကြ၏။

ဒဏ်ရာရနေကြသော သွမ့်ဟုန်ရှီးနှင့် စူးလဲ့ယန်တို့ နှစ်ဦးစလုံး အံ့ဩတကြီး အချင်းချင်း ပြန်ကြည့်လိုက်မိကြသည်။

"...ငါတို့... နှစ်ယောက်လုံး... တတိယ ရတယ်...။ ငါတို့ နှစ်ယောက်လုံး... ဝိညာဉ်ရေကန်ထဲ ဝင်ပြီး ကျင့်ကြံခွင့် ရတယ်..."

ခဏတာ ထိတ်လန့်တုန်လှုပ်မှု ပြီးနောက် အလွန်အမင်း ပျော်ရွှင်သော အမူအရာ တစ်ခု သူတို့၏ ဖြူဖျော့သော မျက်နှာများထက်တွင် ပေါ်ထွက်လာခဲ့သည်။

ပါရမီရှင် အဆင့် သတ်မှတ်ပွဲ တိုက်ပွဲ ပြီးဆုံးသွားခဲ့ပြီး ထျန်းယန် အကယ်ဒမီသည် သံသယ ကင်းမဲ့စွာ အတောက်ပဆုံးသော တည်ရှိမှု ဖြစ်လာခဲ့သည်။ သတင်းများ ပျံ့နှံ့သွားသည်နှင့် ၎င်းသည် အင်ပါယာကြီး လေးခုလုံးကို သေချာပေါက် တုန်လှုပ်သွား

စေပေလိမ့်မည်။

ဤ ပါရမီရှင် အဆင့် သတ်မှတ်ပွဲ တိုက်ပွဲသည် ထျန်းယန် အကယ်ဒမီကို လုံးဝ ပြောင်းလဲသွားစေခဲ့သည်။ နောက်ဆုံး အဆင့် မဟုတ်တော့ဘဲ ပထမဆုံး အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ပါရမီရှင် အဆင့် သတ်မှတ်ပွဲ တိုက်ပွဲတွင် ပထမ နေရာကို ရယူသွားခဲ့သော ဖုန်းဝူချန်အတွက်မူ ပြောစရာပင် လိုတော့မည် မဟုတ်ပေ။ သူသည် အင်ပါယာကြီး လေးခုလုံးကို လုံးဝ တုန်လှုပ်သွားစေနိုင်ပေလိမ့်မည်။

အချိန်သည် ဖုန်းဝူချန်နှင့် အခြားသူများ ကုသနေစဉ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ နာရီပေါင်းများစွာ ကြာမြင့်ပြီးနောက် ဖုန်းဝူချန်၏ ဒဏ်ရာများသည် အများစု ပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။ သူ၏ နာလန်ထူနှုန်း၏ လျင်မြန်မှုကြောင့် လူတိုင်းကို နောက်တစ်ကြိမ် ထိတ်လန့်သွားစေခဲ့ပြန်သည်။

နောက်တစ်နေ့ နံနက်တွင်တော့ ဖုန်းဝူချန်သည် အပြည့်အဝ နာလန်ထူလာခဲ့ပြီး ဖြစ်လေသည်။ ပိုင်ခုံ၊ သွမ့်ဟုန်ရှီး၊ စူးလဲ့ယန်နှင့် အခြားသူများမှာမူ ကုသရေး ဆေးလုံးများ သောက်သုံးပြီး အကြီးအကဲများထံမှ အကူအညီ ရရှိခဲ့သည့်တိုင် အနည်းစုသာ ပျောက်ကင်းနိုင်ခဲ့ကြသေး၏။

နှိုင်းယှဉ် ကြည့်လိုက်သောအခါ လူတိုင်း ပို၍ပင် ထိတ်လန့်သွားခဲ့ကြရသည်။

'..... တခြားသူတွေနဲ့ မမျှတတဲ့ နှိုင်းယှဉ်မှုတွေလောက် ဘယ်အရာမှ စိတ်ဓာတ်ကျစရာ မကောင်းတာ မရှိဘူး...'

နေ့လယ်ခင်း ရောက်မှသာ ပိုင်ခုံနှင့် အခြားသူများ၏ ဒဏ်ရာများသည် အတော်အတန် အတိုင်းအတာအထိ ပျောက်ကင်းလာခဲ့ကြသည်။ အချိန် မဖြုန်းတီးလိုသောကြောင့် ဖုန်းဝူချန်နှင့် အခြား အနည်းငယ်သော သူများသည် ကျောင်းအုပ်ကြီး လေးဦး၏ နောက်မှ လိုက်ပါလျက် နတ်ဘုရား တောင်ကြား အတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်။

အခြား ကျောင်းသားများသည်လည်း နတ်ဘုရား တောင်ကြား တောင်ခြေရင်းတွင် ကျင့်ကြံနိုင်ကြ၏။ တောင်ခြေရင်းမှာပင် ဝိညာဉ်စွမ်းအင်သည် အလွန်အမင်း ထူထပ်လှပြီး ၎င်းက ကျင့်ကြံမှုကို များစွာ အထောက်အကူ ပြုပေသည်။

နတ်ဘုရား တောင်ကြား အတွင်းသို့ ခြေချလိုက်ရုံမျှဖြင့် ဝိညာဉ်စွမ်းအင်သည် ပို၍ပင် ပြင်းထန်လာခဲ့သည်။ ယခုအခါ မြူခိုးကဲ့သို့ ဖြစ်နေပြီး ၎င်း၏ ထူထပ်မှုသည် လူတိုင်းကို အံ့ဩသွားစေခဲ့၏။

လမ်းတစ်လျှောက်တွင် ဖုန်းဝူချန်သည် အဖိုးတန် ဆေးဖက်ဝင် အပင်များစွာ၏ ရနံ့နှင့် ကောင်းကင်နှင့် မြေကြီးမှ ရတနာများစွာ၏ သန့်စင်သော စွမ်းအင် အရှိန်အဝါကို ခံစားမိနေခဲ့သည်။

'...နတ်ဘုရား တောင်ကြားသာ အင်ပါယာကြီး လေးခုရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိခဲ့ရင် ကောင်းမှာပဲ...။ ဒါဆိုရင်တော့ နတ်ဘုရား တောင်ကြားထဲက ရတနာ အားလုံးကို ငါ တကယ် ရှင်းပစ်လိုက်ချင်တာ...'

ဖုန်းဝူချန်ကို ပို၍ပင် နားမလည်နိုင် ဖြစ်သွားစေသည်မှာ သူ နတ်ဘုရား တောင်ကြား အတွင်းသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်လေလေ သူ၏ နှလုံးသားထဲမှ ရှင်းပြမရနိုင်သော ခေါ်သံသည် ပိုမို အားကောင်းလာလေလေ ဖြစ်နေခြင်းပင်။

ဖုန်းဝူချန် ဘာဖြစ်နေသည်ကို မသိခဲ့ပါ။ သူသည် အစပိုင်းတွင် ၎င်းကို ထင်ယောင်ထင်မှား တစ်ခုဟု ထင်မှတ်ထားခဲ့သည်။ သို့သော် ယခု ထို ပြင်းထန်သော ခေါ်သံသည် အမှန်တကယ် တည်ရှိနေခဲ့၏။

'...ဘာကများ... ငါ့ကို ခေါ်နေတာလဲ...'

ဖုန်းဝူချန် မသိခဲ့ဘဲ သူ အနည်းငယ် စိတ်မသက်မသာ ဖြစ်လာစ ပြုနေခဲ့သည်။

ဖုန်းဝူချန်က သူတို့ ခရီးဆက်နေစဉ်အတွင်း စူးစမ်းစွာ မေးမြန်းလိုက်သည်။

"ကျွန်တော် အရင်က ကြားဖူးတာတော့ နတ်ဘုရား တောင်ကြားက အရမ်း အန္တရာယ်များတယ် ဆိုပဲ...။ ကျောင်းအုပ်ကြီး... ပြောပြပေးလို့ ရမလား..."

ထိုစကားကို ကြားသောအခါ ရှင်းထျန်းဖုန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး ဆိုလိုက်၏။

"နတ်ဘုရား တောင်ကြား တည်ရှိရာ တောင်တန်းက သဘာဝ ဝင်္ကပါ တစ်ခုအဖြစ် တည်ရှိနေတယ်...။ လမ်းကို မသိဘဲနဲ့ ဝင်ရောက်မိရင် ထွက်လမ်း တစ်ခုပဲ ရှိတယ်... အဲ့ဒါက သေလမ်းပဲ...။ ဒါက ပထမ အချက်...။ ဒုတိယ အချက်ကတော့... နတ်ဘုရား တောင်ကြားမှာ မရေမတွက်နိုင်တဲ့ ရတနာတွေ ရှိတယ်... ဒါပေမဲ့ သူတို့ကို ကြမ်းကြုတ်သားရဲတွေက စောင့်ကြပ်နေကြတယ်...။ မင်း သူတို့ကို မနှိုးဆွသမျှ... သူတို့ကလည်း မင်းကို ရှာမတွေ့သမျှ... အန္တရာယ် မရှိပါဘူး...။ ဒါပေမဲ့... သူတို့က လူသားတွေရဲ့ အနံ့ကို အလွန်အမင်း အာရုံခံစားနိုင်ကြတယ်..."

"...ကြမ်းကြုတ်သားရဲတွေ..."

ဖုန်းဝူချန် အနည်းငယ် ထိတ်လန့်သွားခဲ့၏။ သူ မည်သည့် ကြမ်းကြုတ် သားရဲ၏ တည်ရှိမှုကိုမျှ မခံစားမိခဲ့ပါချေ။

ထို့အပြင်... ယခင် တိုက်ပွဲများသည် ဤမျှ ဆူညံ ပွက်လောရိုက်သွားခဲ့ရာ ကြမ်းကြုတ် သားရဲများကို သတိပေးလိုက်သင့်သည် မဟုတ်ပါလား။ အဘယ့်ကြောင့် မည်သည့် ဟိန်းဟောက်သံမျှ လုံးဝ မထွက်ပေါ်လာခဲ့ရသနည်း။

ကြမ်းကြုတ် သားရဲများသည် သူတို့၏ လှိုဏ်ဂူများမှ ဘယ်သောအခါမှ ထွက်မလာကြခြင်းများလား။

နတ်ဘုရား တောင်ကြားက ကျယ်ပြန့်လေသည်။ ကြမ်းကြုတ် သားရဲတွေ ကြားခဲ့လျှင်တောင်မှ... ဒါက သူတို့အတွက် ယင်ကောင် တဝီဝီ မြည်သံလောက်သာ ရှိပေလိမ့်မည်..။

ထိုစဉ် သွမ့်ဟုန်ရှီးက စူးစမ်းစွာ မေးလိုက်သည်။

"ကျောင်းအုပ်ကြီး... ကြမ်းကြုတ် သားရဲတွေက မြင့်မြတ်သားရဲ တောင်ထိပ်က သားရဲတွေလောက် အားကောင်းကြလား..."

ရှင်းထျန်းဖုန်းက အေးဆေးစွာ ပြုံးလိုက်၏။

"ဟုတ်တာပေါ့...။ နတ်ဘုရား တောင်ကြားထဲမှာ ထျန်းယွမ်ဘုံ အဆင့် ကြမ်းကြုတ်သားရဲတွေ ရှိတယ်...။ အလွန် ကြောက်ဖို့ကောင်းတယ်...။ ဒါပေမဲ့... ဆေးပညာရှင်တွေမှာ ကြမ်းကြုတ်သားရဲတွေကို မောင်းထုတ်နိုင်တဲ့ ဆေးဝါးတွေ ရှိတယ်...။ ဒီတော့ ယေဘုယျအားဖြင့် ဘယ်သားရဲမှ အနားကို ကပ်လာမှာ မဟုတ်ဘူး..."

ဖုန်းဝူချန်က ခေါင်းခါလိုက်သည်။ သို့သော် သူ သားရဲများကို မကြောက်ရွံ့ခဲ့ပါချေ။ ထျန်းယွမ်ဘုံ အဆင့်များကို မဆိုထားနှင့် ပို၍ ကြောက်မက်ဖွယ် ကောင်းသော သားရဲများပင်လျှင် ဖုန်းဝူချန်၏ အနီးသို့ ချဉ်းကပ်ဝံ့မည် မဟုတ်ပေ။

"...ထျန်းယွမ်ဘုံ အဆင့် ကြမ်းကြုတ်သားရဲတွေကတော့ အဲ့ဒီ ဆေးဝါးတွေကို ကြောက်မှာ မဟုတ်ဘူး..."

ကြမ်းကြုတ် သားရဲများသည် အရှိန်အဝါကို အလွန် အာရုံခံစားနိုင်ကြသည်။ ဖုန်းဝူချန်တွင် နဂါးမျိုးနွယ် သွေး ပါဝင်နေခဲ့၏။ နဂါးမျိုးနွယ်သည် အလွန် မြင့်မြတ်သော တည်ရှိမှု တစ်ခု ဖြစ်ပြီး သားရဲများသည် သူ့အား စတင်၍ မထီလေးစားလုပ်ဝံ့မည် မဟုတ်ပါ။

ကျန်းယွင်ထျန်းက ဆိုလိုက်သည်။

"ဒါကြောင့်ပဲ အင်ပါယာကြီး လေးခုက ဘယ်သူ့ကိုမှ အလျင်စလို ဝင်ရောက်ခွင့် မပေးဘဲ တားမြစ်ထားရတာ..."

ပိုင်ခုံက လေးနက်စွာ ဆိုလိုက်၏။

"ဘယ်လိုပဲ ဖြစ်ဖြစ်... လူတိုင်း သတိထားတာ အကောင်းဆုံးပါပဲ...။ ကြမ်းကြုတ်သားရဲတွေအပြင်... နတ်ဘုရား တောင်ကြားထဲမှာ သဘာဝ အဆိပ်အတောက် တချို့လည်း ရှိသေးတယ်...။ အရမ်း အန္တရာယ်များ

တယ်..."

နတ်ဘုရား တောင်ကြားတွင် မရေမတွက်နိုင်သော ရတနာများ ရှိနေသည်နှင့်အညီ သဘာဝကျကျပင် အန္တရာယ်များစွာလည်း ရှိနေခဲ့သည်။

သို့သော်... ရှင်းထျန်းဖုန်းနှင့် အခြားသူများ နတ်ဘုရား တောင်ကြား အတွင်းသို့ ပိုမို နက်ရှိုင်းစွာ စတင် ဝင်ရောက်သွားသောအခါ ကျောင်းအုပ်ကြီးများနှင့် အကြီးအကဲများသည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို စတင် ခံစားမိလာခဲ့ကြသည်။

"ထူးဆန်းလိုက်တာ..."

ကျောင်းအုပ်ကြီး လေးဦးစလုံး သူတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။ သူတို့၏ မျက်နှာအမူအရာများ လေးနက်သွားခဲ့၏။

စူးလဲ့ယန်က နားမလည်နိုင်စွာ မေးလိုက်သည်။ သူလည်း ပိုမို သတိထားလာခဲ့၏။

"ကျောင်းအုပ်ကြီး... ဘာဖြစ်လို့လဲ..."

ရှင်းထျန်းဖုန်းက လေးနက်စွာ ဆိုလိုက်သည်။ သူ ပို၍ပင် နားမလည်နိုင် ဖြစ်လာခဲ့၏။

"နတ်ဘုရား တောင်ကြားက သိပ် တိတ်ဆိတ်လွန်းနေတယ်...။ ဒီလောက်အထိ ခရီးနှင်လာခဲ့ပြီးမှတော့... တို့တွေ ကြမ်းကြုတ်သားရဲတွေရဲ့ အရှိန်အဝါကို ခံစားမိသင့်နေပြီ...။ ဒါပေမဲ့ အခု... တို့တွေ ဝိညာဉ်ရေကန်ကို နီးကပ်လာနေပြီ ဖြစ်ပေမဲ့... သူတို့ရဲ့ အရိပ်အယောင် တစ်စုံတစ်ရာတောင် မရှိဘူး...။ အရိပ်တောင် မတွေ့ရဘူး..."

အကြီးအကဲ တစ်ဦးက မျက်မှောင် အကြီးအကျယ် ကြုတ်လိုက်မိသည်။

"တကယ်ပဲ ထူးဆန်းနေတာပဲ...။ ငါ တကယ်ပဲ ဘယ် ကြမ်းကြုတ်သားရဲရဲ့ အရှိန်အဝါကိုမှ မခံစားမိဘူး...။ သူတို့တွေ အမြစ်ပြတ် ရှင်းလင်းခံလိုက်ရတာများလား...။ ငါ့မှာ အရမ်း မကောင်းတဲ့ ခံစားချက်ကြီး ဖြစ်နေတယ်..."

ရွှေယွင် အကယ်ဒမီ၏ ကျောင်းအုပ်ကြီးက သတိရှိစွာ ဆိုလိုက်ပြီးနောက် ရှေ့သို့ ဆက်လက် လှုပ်ရှားသွားခဲ့သည်။

"အားလုံး... သတိထားကြမယ်..."

ကျောင်းအုပ်ကြီးများနှင့် အကြီးအကဲများ၏ ကျင့်ကြံမှု အဆင့်ဖြင့် သူတို့၏ အာရုံခံစားနိုင်စွမ်းသည် အလွန် အားကောင်းလှ၏။ သူတို့ ကြမ်းကြုတ် သားရဲများ၏ အရှိန်အဝါကို မခံစားမိဘဲ နေနိုင်စရာ အကြောင်းမရှိပါ။ သို့သော် ယခု သူတို့ နတ်ဘုရား တောင်ကြား အတွင်းသို့ နက်ရှိုင်းစွာ ချင်းနင်း ဝင်ရောက်လာခဲ့သည့်တိုင် သားရဲများ၏ အရိပ်အယောင်ကို မတွေ့ရှိရသေးပါ။ ထို့အပြင် သူတို့၏ အရှိန်အဝါကိုလည်း မခံစားမိသေးရာ ၎င်းသည် အမှန်တကယ်ပင် သိချင်စိတ် ဖြစ်ဖွယ် ကောင်းလှပေသည်။

လူတိုင်း အနေကျုံ့လာကြသည်။ ဖုန်းဝူချန် တစ်ဦးတည်းသာ ပေါ့ပေါ့ပါးပါး ဖြစ်နေပုံ ပေါ်သော်လည်း သူ၏ စိတ်ထဲတွင်မူ အတွေးများဖြင့် ပြည့်နှက်နေခဲ့သည်။

'...ခေါ်သံက... ပို ပိုပြီး အားကောင်းလာနေတယ်...။ ဒါက တကယ်ပဲ ဘာကြီးလဲ...'

ဖုန်းဝူချန်သည် နားမလည်နိုင် ဖြစ်နေရင်း သိချင်စိတ် ပြင်းပြလာခဲ့သည်။ သူ၏ အကြည့်များသည် ခေါ်သံ လာရာ လားရာဘက်သို့ အလိုအလျောက် ရောက်ရှိသွားခဲ့၏။

၎င်းသည် ဖုန်းဝူချန်၏ ဘယ်ဘက်ခြမ်းတွင် ရှိနေခဲ့ပြီး မည်သည့်နေရာသို့ ဦးတည်နေသည်ကို သူ မသိခဲ့ပါချေ။

ထိုစဉ် သွမ့်ဟုန်ရှီးက ရုတ်တရက် ဘယ်ဘက် မလှမ်းမကမ်းမှ ကြီးမားသော ခြေရာများကို လက်ညှိုးထိုးပြလိုက်သည်။

"ကျောင်းအုပ်ကြီး... ဒီမှာ ကြမ်းကြုတ်သားရဲ ခြေရာတွေ ရှိတယ်‌ဗျ..."

ခြေရာ တစ်ခုတည်းသာ မဟုတ်ဘဲ များပြားလှစွာ ရှိနေခဲ့၏။ နောက်သို့ ဆုတ်ခွာသွားသော လမ်းကြောင်းအတိုင်း ကြမ်းကြုတ် သားရဲများ၏ ခြေရာများဖြင့် ထူထပ်စွာ ပြည့်နှက်နေခဲ့သည်။

ကြီးမားသော ခြေရာများ၏ လားရာသည် ဖုန်းဝူချန် လှမ်းကြည့်နေခဲ့သော နေရာနှင့် ထပ်တူကျနေခဲ့သည်။ ဤခြေရာများသည် ဖုန်းဝူချန်၏ ပြင်းထန်သော ခေါ်သံနှင့် ဆက်စပ်မှု ရှိနေပါသလား။

ထိုခြေရာများကို မြင်တွေ့လိုက်ရသောအခါ လူတိုင်း အလွန် အံ့အားသင့်သွားခဲ့ကြသည်။

ရှင်းထျန်းဖုန်း အကြီးအကျယ် မျက်မှောင်ကြုတ်လိုက်မိပြီး ခြေရာများ၏ လားရာဘက်သို့ ကြည့်လိုက်ကာ မေးခွန်းထုတ်လိုက်၏။

"နတ်ဘုရား တောင်ကြားထဲမှာ ဘာတွေ ဖြစ်ခဲ့တာလဲ...။ ဒီ ကြမ်းကြုတ်သားရဲ ခြေရာတွေက အရမ်း ကြောက်လန့်တကြား ဖြစ်နေပုံပဲ...။ သူတို့တွေ ထွက်ပြေးနေကြပုံပဲ..."

ကျန်းယွင်ထျန်း အလွန် နားမလည်နိုင် ဖြစ်သွားခဲ့ပြီး သူ၏ မျက်နှာအမူအရာ ပိုမို လေးနက်လာခဲ့သည်။

"...နတ်ဘုရား တောင်ကြားထဲက ကြမ်းကြုတ်သားရဲတွေကို အုပ်စုလိုက် ထွက်ပြေးရလောက်အောင် ဒီလောက် ပြင်းပြင်းထန်ထန် ကြောက်လန့်သွားစေနိုင်တာက ဘာများ ဖြစ်နိုင်မှာလဲ…”

All Chapters