ချီလင် စစ်သည်တော် ချပ်ဝတ်
Vol. 10 Ch. 139
~နတ်ဘုရား တောင်ကြားကြီးက အကျယ်ကြီးပင်။ ချီလင် သားရဲကြီး ပျံသန်းနေတာတောင်မှ... ၎င်း၏ ကြောက်စရာကောင်းသည့် အမြန်နှုန်းနှင့်.. မိနစ် အနည်းငယ်လောက် ကြာသွားသေး၏။
'...တော်တော် ဝေးတာပဲ... ဒီခေါ်သံ လာတဲ့ နေရာက...'
သူတို့ နီးကပ်လာလေလေ... ခေါ်သံက တိုး၍ အားကောင်းလာလေလေ ဖြစ်သည်။
ပျံသန်းနေရင်းမှာပဲ ချီလင် သားရဲကြီးက ဖုန်းဝူချန်ဘက်သို့ ခပ်ရေးရေး ပြုံးလျက် လှည့်မေးလိုက်သည်။
"ဖုန်းဝူချန်... မင်း တောင်တန်းတွေထဲ ဝင်လာကတည်းက ခေါ်သံ အရိပ်အယောင်လေးကို ခံစားမိခဲ့တယ် မဟုတ်လား…”
သူ၏ လေသံထဲတွင် အနည်းငယ် ရိုသေလေးစားမှု ပါဝင်နေခဲ့၏။
'...ဟင်... သူ ဘယ်လို သိတာလဲ...'
ဖုန်းဝူချန်က ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ်...။ နတ်ဘုရား တောင်ကြားထဲ ဝင်လာပြီးနောက်ပိုင်း ခေါ်သံက ပို အားကောင်းလာတယ်...။ အဲ့ဒါ ဘာလဲဆိုတာ ကျွန်တော့်ကို ပြောပြလို့ ရမလား...။ ဘာလို့ ကျွန်တော့်ကို ခေါ်နေရတာလဲ..."
ချီလင် သားရဲက ဖြေကြားလိုက်၏။
"မင်းကို ခေါ်နေတာက... မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ နဂါးမျိုးနွယ်ရဲ့ သွေးမျိုးဆက် စွမ်းအား ရှိနေလို့ပဲ...။ ပြီးတော့ မင်း နိုးထလာခဲ့တဲ့ နဂါးမျိုးနွယ် သွေးမျိုးဆက်က အလွန်အမင်း သန့်စင်တယ်...။ ဆယ်ဆင့် ဒါမှမဟုတ် အဲ့ဒီထက်တောင် မြင့်နိုင်သေးတယ်...။ ဒါ့အပြင်... မင်းဆီမှာ နဂါးနတ်ဘုရားရဲ့ အငွေ့အသက်လည်း ရှိနေတယ်...။ အဲ့ဒါက နဂါးမျိုးနွယ်ရဲ့ ရှေးဦးမျိုးဆက် ဘိုးဘေးတွေမှာပဲ ရှိတဲ့ မှော်စွမ်းအင် တစ်မျိုးပဲ..."
"...နဂါးမျိုးနွယ်နဲ့ ပတ်သက်နေတာလား..."
ဖုန်းဝူချန် အနည်းငယ် အံ့ဩသွားဟန်ဖြင့် မေးလိုက်မိသည်။
ချီလင် သားရဲက ခေါင်းညိတ်ပြလိုက်ပြီး အတိတ်ကို ပြန်လည် သတိရဟန်ဖြင့် ဆိုလေသည်။
"ဟုတ်တယ်..."
"နတ်ဘုရား တောင်ကြားက နှစ်ပေါင်း သောင်းနဲ့ချီပြီး တည်ရှိလာခဲ့တာ...။ ဒါက မူလကတော့ ချီလင် မျိုးနွယ်ရဲ့ ပိုင်နက် နယ်မြေပဲ...။ ဒါပေမဲ့ မဟာစစ်ပွဲကြီး တစ်ခုကြောင့် ချီလင် မျိုးနွယ်က အမြစ်ပြတ် ချေမှုန်းခံလိုက်ရပြီး... ငါ တစ်ကောင်တည်းပဲ ကျန်ရစ်ခဲ့ရတယ်...။ အဲ့ဒီတုန်းက ငါ့ကို ကူညီဖို့ ရောက်လာခဲ့တာ နဂါးမျိုးနွယ်ပဲ...။ သူတို့ကြောင့် ငါ အသက်ရှင်နိုင်ခဲ့ပြီး... အဲ့ဒီနောက်ပိုင်း ငါ နတ်ဘုရား တောင်ကြားထဲမှာပဲ ပုန်းအောင်းနေခဲ့တာ ပေါ့ကွာ..."
"...ဒီနေရာက... ချီလင် မျိုးနွယ်ရဲ့ ပိုင်နက်...။ ဒါနဲ့ နဂါးမျိုးနွယ်နဲ့ ဘာဆိုင်လို့လဲဗျ..."
ဖုန်းဝူချန်က ထပ်မံ မေးမြန်းလိုက်သည်။
ချီလင် မျိုးနွယ်၏ ပိုင်နက် နယ်မြေက အမှန်တကယ် ဤနေရာတွင် ရှိနေခဲ့သည်ကို သူ့ရင်ထဲမှာလည်း အတော်ကလေး..မယုံကြည်နိုင် ဖြစ်နေခဲ့၏။
မိစ္ဆာ နဂါးနတ်ဘုရား၏ မှတ်ဉာဏ်များမှတစ်ဆင့် ဖုန်းဝူချန်သည် ချီလင် မျိုးနွယ် မည်မျှ အလွန်အမင်း ကြမ်းကြုတ်သည်ကို သိရှိထားခဲ့သည်။
'...ဒီလောက် အစွမ်းထက်တဲ့ မျိုးနွယ်စုက... တိုက်ကြီးပေါ်မှာ ရှိနေသင့်တာ မဟုတ်ဘူးလား...'
ချီလင် မျိုးနွယ်၏ စွမ်းအားသည် ဤမျှ ကြောက်မက်ဖွယ် ကောင်းလှရာ သူတို့ကို အမြစ်ပြတ် ချေမှုန်းနိုင်ခဲ့သော အင်အားစုသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းရမည် ဖြစ်၏။
ချီလင် သားရဲက ခေါင်းညိတ်လိုက်ပြီး ဆိုသည်။
"နဂါးမျိုးနွယ်ရဲ့ အကူအညီနဲ့... ငါတို့ ချီလင် မျိုးနွယ်ရဲ့ မျိုးဆက်ကို ထိန်းသိမ်းထားနိုင်ခဲ့တယ်...။ နဂါးမျိုးနွယ်ရဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားကို ကျေးဇူးဆပ်တဲ့အနေနဲ့... မျိုးနွယ် ခေါင်းဆောင်နဲ့ အကြီးအကဲတွေ မသေဆုံးခင်မှာ... သူတို့ရဲ့ ကိုယ်ပိုင် စွမ်းအားနဲ့ သွေးတွေကို... နဂါးမျိုးနွယ်ရဲ့ သွေးနဲ့အတူ ရောစပ်ပြီး ရတနာ တစ်ပါးကို သန့်စင် ဖန်တီးခဲ့ကြတယ်...။ အဲ့ဒါကို... ချီလင် စစ်သည်တော်ချပ်ဝတ် လို့ အမည်ပေးခဲ့တယ်..."
"...ချီလင် စစ်သည်တော် ချပ်ဝတ်..."
ဖုန်းဝူချန်၏ စိတ်ဝင်စားမှုသည် ချက်ချင်းပင် နိုးကြွလာခဲ့သည်။ ၎င်းသည် ချီလင် မျိုးနွယ် ခေါင်းဆောင်နှင့် အကြီးအကဲများ၏ စွမ်းအားနှင့် သွေးများမှ ဖန်တီးထားသော ရတနာ တစ်ပါး ဖြစ်၏။ ၎င်းသည် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းမည်မှာ မလွဲဧကန်ပင်။
ချီလင် သားရဲက ဆက်ပြောလေသည်။
"ချီလင် စစ်သည်တော် ချပ်ဝတ်မှာ ဖျော့တော့တဲ့ ဝိညာဉ် တစ်ခု ပိုင်ဆိုင်ထားပြီး နဂါးမျိုးနွယ်ရဲ့ သွေးမျိုးဆက်ကို အာရုံခံစားနိုင်တယ်...။ နှစ်ပေါင်း သောင်းနဲ့ချီပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေရာကနေ နိုးထလာခဲ့တာက မင်း ပေါ်ထွက်လာခဲ့လို့ပဲ...။ ပြီးတော့ ချီလင် စစ်သည်တော် ချပ်ဝတ်က မင်းကို ခေါ်နေတယ် ဆိုကတည်းက... ၎င်းက မင်း တစ်ယောက်တည်းကိုသာ အသိအမှတ် ပြုတယ် ဆိုတဲ့ အဓိပ္ပာယ်ပဲ..."
"...ဖျော့တော့တဲ့ ဝိညာဉ်...။ ဒါ... နတ်ဘုရားအဆင့် လက်နက် တစ်ခုများလား..."
ဖုန်းဝူချန်က ချီလင် သားရဲကို ထိတ်လန့်တကြား ကြည့်လိုက်ပြီး မေးမြန်းခဲ့သည်။
'...ဟာ... တကယ်ကြီးလား... နတ်ဘုရားအဆင့် လက်နက်တဲ့လား... ငါတော့ ကံကောင်းလွန်းနေပြီ...'
ချီလင် သားရဲက ခေါင်းခါလိုက်၏။
"နတ်ဘုရားအဆင့် လက်နက်တွေက ဒဏ္ဍာရီထဲမှာပဲ ရှိတာပါ...။ ဘယ်သူမှ မမြင်ဖူးခဲ့ကြဘူး...။ လက်နက် အတွင်းက ဝိညာဉ်က သိပ် အားနည်းလွန်းတယ်...။ အဲ့ဒီတုန်းက မျိုးနွယ် ခေါင်းဆောင်နဲ့ အကြီးအကဲတွေက သူတို့ရဲ့ စွမ်းအား အားလုံးကို ကုန်ဆုံးသွားခဲ့ကြပြီးပြီ...။ ပြီးတော့ ဝိညာဉ် တစ်ခု ဘာလို့ ပေါ်ထွက်လာခဲ့မှန်းလည်း သူတို့ မသိခဲ့ကြဘူး..."
ဖုန်းဝူချန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ နတ်ဘုရားအဆင့် လက်နက် တစ်ခု ရရှိနိုင်ခြေသည် သူ့အား သည်းထိတ်ရင်ဖို ဖြစ်သွားစေခဲ့၏။
"ဝိညာဉ်သာ ရှိနေရင်... ဒါက နတ်ဘုရားအဆင့် လက်နက်ပဲ...။ ခင်ဗျား ပြောပုံအရဆိုရင်... ချီလင် စစ်သည်တော် ချပ်ဝတ်က နတ်ဘုရားအဆင့် လက်နက် တစ်ခုနီးပါးပါပဲ..."
ချီလင် သားရဲက ပြန်ပြောလေသည်။
"ဒါက နတ်ဘုရားအဆင့် လက်နက် ဟုတ်၊ မဟုတ် ဆိုတာကိုတော့ ငါလည်း မသိဘူး..."
ဖုန်းဝူချန်က အနည်းငယ် နားမလည်နိုင်စွာ မေးမြန်းလိုက်ပြန်သည်။
"ဒီလောက် အစွမ်းထက်တဲ့ ရတနာကို... နဂါးမျိုးနွယ်ကို ကျေးဇူးဆပ်ဖို့ ဖန်တီးခဲ့တာဆိုရင်... ဘာလို့ ချီလင် စစ်သည်တော် ချပ်ဝတ်ကို နဂါးမျိုးနွယ်ဆီ မပေးခဲ့တာလဲ..."
ချီလင် သားရဲက ခေါင်းခါလိုက်၏။
"နဂါးမျိုးနွယ်က ဘယ်လို ဟင်းလင်းပြင် ဘုံတစ်ခုမှာ ရှိနေမှန်း ငါ မသိဘူးလေ...။ ငါက စောင့်ဆိုင်းနေရုံပဲ တတ်နိုင်တယ်..."
"...သြော်... ဒီလိုကိုး..."
ဖုန်းဝူချန် နားလည်စွာ ခေါင်းညိတ်လိုက်သည်။
နဂါးမျိုးနွယ်သည် အလွန် နက်ရှိုင်းစွာ ပုန်းကွယ်နေထိုင်ကြပြီး တိုက်ကြီးပေါ်တွင် ဘယ်သောအခါမှ ပေါ်ထွက်လာခြင်း မရှိခဲ့ကြပေ။ ထို့ကြောင့် တိုက်ကြီးပေါ်မှ ကျင့်ကြံသူ အများအပြားသည် နဂါးမျိုးနွယ် တည်ရှိနေသည်ကိုပင် သိရှိကြခြင်း မရှိခဲ့ပါ။ တိုက်ကြီးမှ သဘာဝလွန် အင်အားစုများသာ သိရှိကြလေသည်။
ချီလင် သားရဲ၏ နက်ရှိုင်းသော ကျင့်ကြံမှု အဆင့်နှင့်ပင် ၎င်းသည် နဂါးမျိုးနွယ်၏ တည်နေရာကို မသိရှိခဲ့ပါချေ။
ဖုန်းဝူချန်ကို စူးစိုက်ကြည့်ရင်း ချီလင် သားရဲက သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။
"ဖုန်းဝူချန်... မင်းက နဂါးမျိုးနွယ် အဖွဲ့ဝင် တစ်ယောက် မဟုတ်ဘူး...။ မင်းက လူသား တစ်ယောက်ပဲ...။ ဒါဆို ဘာလို့ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဒီလောက် သန့်စင်ပြီး အစွမ်းထက်တဲ့ နဂါးမျိုးနွယ် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားရတာလဲ..."
ဖုန်းဝူချန် နတ်ဘုရား တောင်ကြားထဲသို့ ခြေချလိုက်သည့် အခိုက်အတန့်မှစ၍ ချီလင် သားရဲသည် သူ နဂါးမျိုးနွယ်ဝင် တစ်ဦး မဟုတ်ဘဲ လူသား တစ်ဦး ဖြစ်ကြောင်း ပြောနိုင်ခဲ့လေသည်။
လူသား တစ်ဦးက နဂါးမျိုးနွယ် ကိုယ်တိုင်ပင် ပိုင်ဆိုင်နိုင်ဖွယ် မရှိသော ကြောက်မက်ဖွယ် နဂါးမျိုးနွယ် သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားခြင်း...။ ၎င်းသည် အလွန် ထူးဆန်းနေသည် မဟုတ်ပါလား။
ထိုစကားကို ကြားသောအခါ ဖုန်းဝူချန် တိတ်ဆိတ်သွားခဲ့သည်။ သူလည်း မည်သို့ ရှင်းပြရမည်ကို မသိခဲ့ပါချေ။
'...ငါက... ငါလည်း သေချာ မသိဘူးလေ...။ ဟို နတ်ဆိုး နဂါးနတ်ဘုရားဆီက ရခဲ့တာပဲ သိတာ...'
ခဏတာ တိတ်ဆိတ်မှု ပြီးနောက် ဖုန်းဝူချန်က ထိုသို့ ဖြေရှင်းလိုက်သည်။
"ကျွန်တော် နဂါးမျိုးနွယ် သွေးမျိုးဆက်ကို ရရှိခဲ့တာက လုံးဝ မတော်တဆ အခွင့်အရေး တစ်ခုကြောင့်ပါ...။ အဲ့ဒါကို မနိုးထခင်အထိ ကျွန်တော် မသိခဲ့ဘူး..."
ထိုအခါ ချီလင် သားရဲက စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး ရင်တွင်း တွေးတောလိုက်မိသည်။
'...ဒါက မတော်တဆ အခွင့်အရေး သက်သက်တော့ မဟုတ်လောက်ဘူး...။ ဖြစ်နိုင်တာကတော့... နဂါးမျိုးနွယ်ရဲ့ ရှေးဦးမျိုးဆက် ဘိုးဘေးက ဖုန်းဝူချန်ကို ရွေးချယ်ခဲ့တာ ဖြစ်နိုင်တယ်...။ ဒီလောက် အားကောင်းပြီး သန့်စင်တဲ့ နဂါးမျိုးနွယ် သွေးမျိုးဆက်မျိုးကို... နဂါးမျိုးနွယ်ရဲ့ သန့်စင်သော သားတော်တွေတောင် မပိုင်ဆိုင်ထားကြဘူး...။ လူသား တစ်ယောက်ကို မဆိုထားနဲ့ပေါ့...။ ဖုန်းဝူချန်ရဲ့ မူလ ရင်းမြစ်က... ငါ စိတ်ကူးထားတာထက် ပို ကြောက်ဖို့ကောင်းနိုင်တယ်...'
"ချီလင် အကြီးအကဲ...။ တကယ်လို့ နတ်ဘုရား တောင်ကြားက တကယ်ပဲ ချီလင် မျိုးနွယ်ရဲ့ ပိုင်နက် နယ်မြေ ဆိုရင်... ဘာလို့ လူသားတွေကို ဝင်ရောက်ခွင့် ပြုထားရတာလဲ…”
ဟု ဖုန်းဝူချန်က မေးမြန်းလိုက်သည်။
ထိုအခါ ချီလင် သားရဲက အနည်းငယ် ဝမ်းနည်းဟန်ဖြင့် ခေါင်းခါလိုက်၏။
"ချီလင် မျိုးနွယ်က မရှိတော့ဘူးလေ...။ ငါ တစ်ကောင်တည်းပဲ ကျန်တော့တာ...။ ချီလင် မျိုးနွယ်ကို ပြန်လည် ထူထောင်ဖို့ မဖြစ်နိုင်တော့ပါဘူး..."
ဖုန်းဝူချန်က ပြန်ပြောလိုက်သည်။
"မကြိုးစားဘဲနဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ..."
ချီလင် သားရဲ အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ ဖုန်းဝူချန်၏ ရိုးရှင်းသော စကားလုံးများသည် သူ့အား ခဏတာ မှင်တက်သွားစေခဲ့၏။
'...ဟုတ်တယ်... ငါ ဘာလို့ မကြိုးစားကြည့်ခဲ့မိတာလဲ...'
ဖုန်းဝူချန်က ဆက်ပြောလေသည်။
"ချီလင် မျိုးနွယ်က ဒီလောက် အစွမ်းထက်တာပဲ...။ ပြီးတော့ ခင်ဗျားလို အကြီးအကဲ တစ်ယောက် အသက်ရှင်နေသေးပြီး ဒီလောက် အားကောင်းတဲ့ ကျင့်ကြံမှု အဆင့်လည်း ရှိနေသေးမှတော့... ခင်ဗျားမှာ ချီလင် မျိုးနွယ်ကို ပြန်လည် ထူထောင်ဖို့ ပိုပြီး တာဝန် ရှိနေတာပေါ့...။ တစ်ယောက်တည်း နေရတာ အထီးကျန်နေရမှာပဲ..."
ချီလင် သားရဲက စကားမဆိုဘဲ ပြုံးလိုက်သည်။
ဖြစ်နိုင်သည်မှာ သူ ထိုအကြောင်းကို စဉ်းစားဖူးခဲ့ခြင်း ဖြစ်နိုင်သလို ဖြစ်နိုင်သည်မှာ သူ ဘယ်သောအခါကမျှ မစဉ်းစားခဲ့ဖူးခြင်းလည်း ဖြစ်နိုင်ပေသည်။
ဖုန်းဝူချန်က သိချင်စိတ်ဖြင့် စပ်စုလိုက်သည်။
"စကားမစပ်... နတ်ဘုရား တောင်ကြားထဲက ကြမ်းကြုတ်သားရဲတွေ အားလုံး ဘာလို့ ထွက်ပြေးကုန်ကြတာလဲဗျ...။ အဲ့ဒါက ချီလင် စစ်သည်တော် ချပ်ဝတ် နိုးထလာခဲ့လို့လား..."
ချီလင် သားရဲက ခေါင်းညိတ်လိုက်ပြီး ဆိုသည်။
"ချီလင် စစ်သည်တော် ချပ်ဝတ် နိုးထလာခဲ့တာက အကြောင်းရင်း တစ်ခုပေါ့...။ ဒါပေမဲ့ အဓိက အကြောင်းရင်းကတော့ မင်းရဲ့ အတွင်းထဲက နဂါးမျိုးနွယ် သွေးမျိုးဆက်ကြောင့်ပဲ...။ နတ်ဘုရား တောင်ကြားက ကြမ်းကြုတ်သားရဲတွေ ထွက်ပြေးသွားကြတာ မဟုတ်ဘူး...။ သူတို့တွေ ရှေ့မှာ... ချီလင် မျိုးနွယ် နန်းတော်မှာ ရှိနေကြတယ်...။ ငါတို့တွေ အဲ့ဒီကို ရောက်ခါနီးနေပြီကွ..."
"...နန်းတော်..."
ဖုန်းဝူချန်က ချီလင် သားရဲကို အံ့ဩတကြီး ကြည့်လိုက်မိသည်။
များမကြာမီမှာပင်... အမြင့်မှ အောက်သို့ ငုံ့ကြည့်လိုက်သောအခါ ကျယ်ပြန့်လှသော အပျက်အစီးများ အစုအဝေးကြီး တစ်ခုကို မြင်တွေ့လိုက်ရသည်။
၎င်းမှာ ယခင်က ချီလင် မျိုးနွယ်၏ နန်းတော် ဖြစ်ခဲ့ပြီး ယခုအခါ စစ်ပွဲပြီးနောက် အပျက်အစီးများ အဖြစ်သို့ လျော့ကျသွားခဲ့ကာ အချိန်ကာလ၏ အမှတ်အသားများ ထင်ကျန်နေခဲ့လေသည်။
ကြီးမာ..ကျယ်ပြန့်လှသော နန်းတော်ဆောင်များသည် ပြိုကျ ပျက်စီးနေခဲ့ကြပြီး အဓိက နန်းတော်ဆောင် တစ်ခုတည်းသာ တစ်ဝက်တစ်ပျက် ပျက်စီးလျက် ကျန်ရှိနေခဲ့၏။
အဝေးမှနေ၍ ဖုန်းဝူချန်သည် ကြမ်းကြုတ် သားရဲ ရာပေါင်းများစွာ အပျက်အစီးများ အလယ်တွင် စုရုံးနေကြသည်ကို မြင်တွေ့လိုက်ရသည်။ အားလုံး ကြောက်လန့်တကြား တုန်ယင်နေခဲ့ကြ၏။
ဤ ပျက်စီးနေသော နန်းတော်များမှ ချီလင် မျိုးနွယ်၏ မူလ နေထိုင်ရာသည် လုံးဝ ခမ်းနား ထည်ဝါခဲ့မည်မှာ ထင်ရှားလှပေသည်။
သူ အပျက်အစီးများနှင့် နီးကပ်လာလေလေ သူ့နှလုံးသားတွင်းထဲမှ ခံစားနေရသော ခေါ်သံသည် ပိုမို အားကောင်းလာလေလေ ဖြစ်ပြီး ဖုန်းဝူချန်သည် အလွန်အမင်း ကြမ်းတမ်းသော အရှိန်အဝါ တစ်ခုကိုလည်း ခံစားမိလာခဲ့သည်။
၎င်းက သွေးဆာမှုများဖြင့် ပြည့်နှက်လို့နေ၏။
ဤ ကြောက်မက်ဖွယ် အရှိန်အဝါသည် မည်သူ့ကိုမဆို မယုံနိုင်လောက်အောင် အကြောက်လွန်သွားစေရန် သေချာပေါက် လုံလောက်ပေသည်။
"...ဒါက... ချီလင် ချပ်ဝတ်ရဲ့ အရှိန်အဝါလား...။ တကယ် ကြောက်ဖို့ကောင်းတာပဲ...။ ကြမ်းတမ်းမှုနဲ့ သွေးဆာမှုတွေနဲ့ ပြည့်နေတာပဲ...။ ဒီသားရဲတွေ ဒီလောက် ကြောက်နေကြတာ အံ့ဩစရာ မရှိတော့ပါဘူး…”
ဖုန်းဝူချန်က ထိတ်လန့်တကြား ရေရွတ်လိုက်သည်။
ချီလင် ချပ်ဝတ်၏ အရှိန်အဝါကို ခံစားမိသောအခါ သူ၏ မျက်နှာတွင် အကြောက်တရား တစ်ခု အလိုအလျောက် ပေါ်ပေါက်လာခဲ့၏။
ချီလင် သားရဲနှင့် ဖုန်းဝူချန်တို့ ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့ကြသည်။
ကြမ်းကြုတ် သားရဲများ အားလုံး ကြောက်ရွံ့မှုဖြင့် မြေပြင်ပေါ် ဝပ်တွားနေခဲ့ကြပြီး လှုပ်ရှားဝံ့ခြင်း မရှိခဲ့ကြပေ။ ရှင်းလင်းစွာပင် ဖုန်းဝူချန်အား လက်နက်ချ အညံ့ခံနေခဲ့ကြသည်။
ဆင်းသက်လိုက်သည်နှင့် ချီလင် သားရဲသည်လည်း လူသား ပုံစံသို့ ပြောင်းလဲသွားခဲ့၏။ အသက် သုံးဆယ် အရွယ်ခန့် အမျိုးသား တစ်ဦးနှင့် တူပြီး အဖြူရောင် ပိုးထည်ကို ဝတ်ဆင်ထားကာ ရုပ်ရည် ချောမောပြီး ခန့်ညားလှသည်။ ချီလင် မျိုးနွယ်ဝင် တစ်ဦးနှင့် လုံးဝ မတူညီခဲ့ပါချေ။
'...ဟာ... ချီလင်က လူပုံ ပြောင်းလို့ရတာလား...။ ပြီးတော့ ဒီလောက် နုပျိုနေတာပဲ...'
ဖုန်းဝူချန်က သူ၏ ရှေ့မှောက်မှ အမျိုးသားကို လုံးဝ အံ့ဩတကြီး ကြည့်လိုက်မိသည်။ ချီလင် သားရဲ ဤမျှ နုပျိုလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့မိပါချေ။ သူက ထိုသားရဲကို အဘိုးကြီး တစ်ဦးဟု ထင်မှတ်ထားခဲ့မိသည်။
ထိုအမျိုးသားက ပြုံးလိုက်ပြီး ဆိုလိုက်သည်။ ဖုန်းဝူချန်၏ အံ့ဩနေသော မျက်နှာအမူအရာကို ကြည့်နေစဉ် သူ၏ မျက်ဝန်းထဲတွင် လေးစားမှု အရိပ်အယောင် တစ်ချက် ရှိနေဆဲ ဖြစ်၏။
"ငါ့နာမည်က ကူရွှမ်း...။ ငါ့နောက် လိုက်ခဲ့ပါ..."
ကူရွှမ်းက ဖုန်းဝူချန်ကို ချီလင် ချပ်ဝတ် တံဆိပ်ခတ်ထားရာ နန်းတော်၏ အပျက်အစီးများရှိရာသို့ ဦးဆောင် ခေါ်ဆောင်သွားခဲ့သည်။
ပျက်စီးနေသော နန်းတော်၏ ကြီးကျယ်သော ခန်းမဆောင် အလယ်ဗဟိုတွင် ချပ်ဝတ် တစ်စုံ လေပေါ်တွင် ပျံဝဲနေခဲ့သည်။
ခပ်ဖျော့ဖျော့ ရွှေရောင် အလင်းတန်းများ ထုတ်လွှတ်နေပြီး အဖြူရောင် စွမ်းအင်လုံး တစ်ခုဖြင့် ရစ်ပတ်ထားခဲ့၏။ ၎င်းသည် တံဆိပ် တစ်ခု ဖြစ်သည်။
ထို ချပ်ဝတ်သည် ရွှေဝါရောင် ဖြစ်ပြီး လွှမ်းမိုးနိုင်သော တည်ရှိမှုဖြင့် ပြည့်နှက်နေခဲ့သည်။ ပို၍ အံ့ဖွယ် ကောင်းသည်မှာ ၎င်းတွင် အတောင်ပံ တစ်စုံ ရှိနေခဲ့ပြီး အတော်လေး ထူးခြားလှပေသည်။
ချပ်ဝတ်ကို ကြည့်ရင်း ဖုန်းဝူချန်က ကောက်ချက်ချလိုက်သည်။
"ဒီ ချီလင် ချပ်ဝတ်က အင်ပါယာက စစ်သူကြီး တစ်ယောက် ဝတ်ဆင်ဖို့ ပို သင့်တော်တယ်...။ ကျွန်တော်နဲ့တော့ မလိုက်ဖက်ဘူး...။ ဒါပေမဲ့ အဲ့ဒီ အတောင်ပံတွေကတော့ ထူးခြားပြီး ကွဲပြားတာပဲ..."
ကူရွှမ်းက ပြုံးလိုက်၏။
"ချီလင် ချပ်ဝတ်က အတော်လေး ထူးခြားတယ်...။ ဝတ်ဆင်လိုက်တဲ့အခါ... အတောင်ပံတွေကိုပဲ မြင်ရလိမ့်မယ်...။ ကျန်တဲ့ အရာအားလုံးက မမြင်နိုင်ဘူး..."
"...အိုး...။ ဒါက အံ့ဩစရာပဲလား..."
ဖုန်းဝူချန် နောက်တစ်ကြိမ် အံ့ဩတကြီး အော်လိုက်မိသည်။
ကူရွှမ်းက ရယ်မောလိုက်၏။
"ဟားဟား၊ မင်း စမ်းကြည့်လို့ ရတယ်..."
ဖုန်းဝူချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
"ကျွန်တော်က နဂါးမျိုးနွယ်ဝင် တစ်ယောက် မဟုတ်ဘူးလေ...။ ချီလင် ချပ်ဝတ်က နဂါးမျိုးနွယ်အတွက် ရည်ရွယ်တာ...။ ကျွန်တော့်အတွက် မဟုတ်ဘူး...။ ကျွန်တော် ဝတ်ဆင်လိုက်ရင် မသင့်တော်ဘူး ဖြစ်မနေဘူးလား..."
ကူရွှမ်းက သေချာစွာ အတည်ပြုလိုက်သည်။
"ချီလင် ချပ်ဝတ်က မင်းအတွက် အံဝင်ခွင်ကျ ဖန်တီးထားတာပါ...။ နဂါးမျိုးနွယ်ဝင် ဘယ်သူ တစ်ဦးတစ်ယောက်မှ မင်းလောက် အားကောင်းတဲ့ သွေးမျိုးဆက်မျိုးကို ပိုင်ဆိုင်မှာ မဟုတ်ဘူးကွ..."
သူ၏ စကား ဆုံးသည်နှင့် ကူရွှမ်းက သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ချီလင် ချပ်ဝတ်၏ မျက်နှာပြင်ပေါ်မှ တံဆိပ်သည် ချက်ချင်း ကွယ်ပျောက်သွားခဲ့လေသည်။
တံဆိပ် ပျောက်ကွယ်သွားသည့် အခိုက်တွင် ချီလင် ချပ်ဝတ်သည် ဖုန်းဝူချန်ထံသို့ ရုတ်တရက် ပြေးဝင်လာခဲ့ပြီး သူ့အား တုံ့ပြန်ရန် အခွင့်အရေး တစ်စုံတစ်ရာ မပေးခဲ့ပါချေ။
'...ဟာ... လာပြီ...'
အရူးအမူး သတ္တဝါ တစ်ကောင်ကဲ့သို့ ပြေးဝင်လာသော ချီလင် ချပ်ဝတ်ကို မြင်တွေ့လိုက်ရသောအခါ... ၎င်းသည် ထို ကြောက်မက်ဖွယ် ကြမ်းတမ်းမှုနှင့် သွေးဆာမှု အရှိန်အဝါကို သယ်ဆောင်လာဆဲ ဖြစ်ရာ... ဖုန်းဝူချန်၏ မျက်နှာ ကြောက်လန့်တကြား ဖြူဖျော့သွားခဲ့ရသည်။
သို့သော် ဖုန်းဝူချန် တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် ထို ချပ်ဝတ်သည် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ရွှေရောင် အလင်းတန်းများ ပေါက်ကွဲ ထွက်လာပြီး ကြီးကျယ်သော ခန်းမဆောင် တစ်ခုလုံးကို လင်းထိန်သွားစေခဲ့၏။
အံ့ဖွယ် ကောင်းစွာပင်... ရွှေရောင် လွှမ်းမိုးနိုင်သော ချပ်ဝတ်သည် ပျောက်ကွယ်သွားခဲ့ပြီး အနက်ရောင် အတောင်ပံ တစ်စုံ ဖုန်းဝူချန်၏ နောက်ကျောဘက်တွင် ပေါ်ထွက်လာခဲ့သည်။ တဆက်တည်း၌ ကြောက်မက်ဖွယ် တည်ရှိမှု တစ်ခု သူ့ထံမှ တိုက်ခတ် ထွက်ပေါ်လာခဲ့၏။
ဖုန်းဝူချန် အံ့အားသင့်သွားခဲ့သည်။ သူ၏ အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားလျက် မည်သည့် ဖုံးကွယ်မှုမျှ လုံးဝ မရှိခဲ့ပါချေ။
"...တကယ်ပဲ... မမြင်ရဘူးပဲ...။ အတောင်ပံတွေကိုပဲ မြင်ရတယ်..."
"ဝီ..."
ဖုန်းဝူချန် အံ့ဩတကြီး ဖြစ်နေစဉ်မှာပင် အနက်ရောင် အတောင်ပံများ၏ ထိပ်ဖျားများသည် သူ၏ လက်ကို ရုတ်တရက် စူးရှစွာ ထိုးစိုက်လိုက်ပြီး သွေး တစ်စက်သည် ချက်ချင်းပင် အတောင်ပံများထဲသို့ စုပ်ယူခံလိုက်ရသည်။
ချီလင် ချပ်ဝတ်သည် အမှန်တကယ်ပင် သွေးဖြင့် အသိအမှတ် ပြုခြင်းကို သူ့အလိုလို စတင်လိုက်လေသည်။
ဖုန်းဝူချန် နောက်တစ်ကြိမ် အံ့အားသင့်သွားခဲ့ရပြီး သူ၏ နှလုံးသားထဲတွင် ပီတိဖြာသွားရသည်။
"...ဒီ ချပ်ဝတ်မှာ တကယ်ပဲ လက်နက် ဝိညာဉ် ရှိနေတာပဲ..."
ကူရွှမ်းက ခပ်ဖွဖွ ပြုံးလိုက်၏။
"သွေးနဲ့ အသိအမှတ် ပြုခြင်းကို သူ့အလိုလို စတင်လိုက်တာ... ကြည့်ရတာ ချီလင် ချပ်ဝတ်က မင်းကို တကယ် သဘောကျနေပုံပဲ..."
စိတ်ကူး တစ်ချက်ဖြင့် ဖုန်းဝူချန်သည် သူ၏ နောက်ကျောဘက်မှ အနက်ရောင် အတောင်ပံများကို ပျောက်ကွယ်သွားစေခဲ့သည်။
နောက်ထပ် စိတ်ကူး တစ်ချက်ဖြင့် သူ ချီလင် ချပ်ဝတ်ကို ဆင့်ခေါ်လိုက်ရာ အနက်ရောင် အတောင်ပံ တစ်စုံ ချက်ချင်းပင် သူ၏ နောက်ကျောဘက်တွင် ပြန်လည် ပေါက်လာခဲ့သည်။
နောက်ထပ် စိတ်ကူး တစ်ချက်ဖြင့် အတောင်ပံများ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး ဖုန်းဝူချန် ချက်ချင်းပင် ကောင်းကင်ထက်သို့ တဟုန်ထိုး ပျံဝဲတက်သွားခဲ့သည်။ အံ့ဩဖွယ် အမြန်နှုန်းဖြင့် မျက်စိ တစ်မှိတ်အတွင်း မီတာပေါင်း ဒါဇင်များစွာ အမြင့်သို့ ရောက်ရှိသွားခဲ့တော့၏။
ဖုန်းဝူချန် အလွန်အမင်း ဝမ်းမြောက်သွားခဲ့သည်။
သူ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ခဲ့ဘဲ ကောင်းကင်ထက်သို့ ရှည်လျားစွာ ဟိန်းဟောက်လိုက်ချင်စိတ် ဖြစ်သွားသည်။
"တကယ် အားကောင်းတာပဲ...။ ဒါက တိုက်ခိုက်ရေး စွမ်းအားကိုတောင် မြှင့်တင်ပေးနိုင်သေးတယ်...။ နတ်ဘုရား အဆင့် လက်နက် တစ်ခု ဆိုတဲ့အတိုင်း ထိုက်တန်ပါပေတယ်...။ ခုခံစွမ်းအားကလည်း အလွန် အံ့ဩစရာ ကောင်းရမယ်...။ ဖြစ်နိုင်တာက... ယွမ်တန်ဘုံ သတ္တမ အလွှာ တစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုတောင် တောင့်ခံနိုင်လောက်တယ်..."
ဓားပျံသိုင်း မရှိဘဲ ချီလင် ချပ်ဝတ် တစ်ခုတည်းကိုသာ အားကိုးလျက် ဖုန်းဝူချန်သည် ကောင်းကင်ယံတွင် ပျံဝဲနိုင်ခဲ့ပြီး သူ၏ အမြန်နှုန်းမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။
ဤအခိုက်အတန့်တွင် ဖုန်းဝူချန်သည် နတ်ဘုရား တောင်ကြား၏ သခင်ကဲ့သို့ ဖြစ်နေခဲ့ပြီး ကြမ်းကြုတ် သားရဲ ရာပေါင်းများစွာ သူ၏ ရှေ့မှောက်တွင် လက်နက်ချ အညံ့ခံနေခဲ့ကြသည်။
ချီလင် ချပ်ဝတ်ကို ဆင့်ခေါ်ထားသော ဖုန်းဝူချန်သည် ခန့်ညားပြီး လွှမ်းမိုးနိုင်စွမ်း ရှိလှသည်။ သူ၏ အရှိန်အဝါသည် အချုပ်အခြာ အာဏာပိုင် တစ်ဦးကဲ့သို့ သူ မြင်တွေ့သမျှ အရာအားလုံး၏ အရှင်သခင် ဖြစ်နေသကဲ့သို့ပင်။
ဖုန်းဝူချန် ဖြည်းညှင်းစွာ ဆင်းသက်လာခဲ့ပြီး ကူရွှမ်းဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်၏။
"အကြီးအကဲ ကူရွှမ်း... ကျေးဇူးအများကြီး တင်ပါတယ်..."
ထိုအခါ ကူရွှမ်းက ခပ်ရေးရေး ပြုံးလိုက်၏။
"ဒါက ချီလင် မျိုးနွယ်က နဂါးမျိုးနွယ်အပေါ် တင်ရှိနေတဲ့ ဂုဏ်သိက္ခာ ကြွေးမြီ တစ်ခုပါပဲ...။ ကျေးဇူးတင်စရာ မလိုပါဘူး...။ ချီလင် ချပ်ဝတ်က အစကတည်းက မင်းအတွက်ပါပဲ…”