← Chapters

ကြီးမားသော ပြောင်းလဲမှုများ

Vol. 10 Ch. 140

ကြီးမားသော ပြောင်းလဲမှုများ

Vol. 10 Ch. 140

~ဒီနတ်ဘုရား တောင်ကြား ခရီးစဉ်မှ နတ်ဘုရား အဆင့် နီးပါး လက်နက် တစ်ပါးကို ရလိုက်လိမ့်မည်ဟု ဖုန်းဝူချန် တစ်ခါမှ အိပ်မက် မက်ခဲ့ဖူးပါချေ။

'...ဘယ်သူ ထင်မလဲ၊ ငါ့လို လူက... ဒီလောက် ကံကောင်းလိမ့်မယ်လို့...'

သူ၏ ရုပ်ခန္ဓာက မူလကတည်းက မယုံနိုင်လောက်အောင် စွမ်းအားကြီးနေခဲ့ပြီး ဖြစ်ရာ ယခု ချီလင် စစ်သည်တော် ချပ်ဝတ်ပါ ပေါင်းထည့်လိုက်သောအခါ သူ၏ ခုခံကာကွယ်နိုင်စွမ်းသည် အမြင့်ဆုံး စံချိန်များဆီသို့ တဟုန်ထိုး တက်သွားခဲ့လေပြီ။

ချီလင် စစ်သည်တော် ချပ်ဝတ်တွင် အတောင်ပံများ ပါရှိပြီး သူ၏ တိုက်ခိုက်ရေး စွမ်းအားကို မြှင့်တင်ပေးနိုင်ခဲ့၏။ ဒါက သူ၏ တိုက်ခိုက်ရေး စွမ်းပကား သိသိသာသာ တိုးမြင့်လာမည်ဟု ဆိုလိုပေသည်။ သူ၏ စွမ်းအားနှင့် အမြန်နှုန်း နှစ်ခုစလုံးသည် ယခုအခါ ယခင်ကထက် များစွာ သာလွန်နေခဲ့လေပြီ။

'...ဟီးဟီး... အခုသာ ပိုင်ခုံနဲ့ ပြန်တွေ့ရင်တော့... ခုနကလို သနားကမား ဖြစ်နေမှာ မဟုတ်တော့ဘူး...'

အကယ်၍သာ သူ ယခု ပိုင်ခုံနှင့် ပြန်လည် ရင်ဆိုင်ရမည် ဆိုပါလျှင် ယခင်ကကဲ့သို့ ဝမ်းနည်းဖွယ် အခြေအနေမျိုးတွင် ရှိနေတော့မည် မဟုတ်ပေ။

ယွမ်တန်ဘုံ ဆဋ္ဌမအလွှာ ပညာရှင် တစ်ဦးကို ရင်ဆိုင်ရန် ဖုန်းဝူချန် လုံးဝ ယုံကြည်မှု ရှိနေခဲ့သည်။

ထို့နောက် ဖုန်းဝူချန်က လက်နှစ်ဖက်ကို ဆုပ်လျက် ဦးညွှတ်လိုက်၏။

"ဘယ်လိုပဲ ဖြစ်ဖြစ်... အကြီးအကဲ ကူရွှမ်းကို ကျွန်တော် ကြီးမားတဲ့ ကျေးဇူးကြွေး အကြီးကြီး တင်သွားပါပြီ...။ ဒီနေ့ရဲ့ ကျေးဇူးတရားကို မေ့မှာ မဟုတ်ပါဘူး...။ အခွင့်အရေး ရတဲ့အခါ အကြီးအကဲ ကူရွှမ်းကို ကျွန်တော် ပြန်လည် ပေးဆပ်ပါ့မယ်..."

'...ဒီအဘိုးကြီးကိုတော့ ကျေးဇူးတင်ရမှာပဲ...။ နောက်မှ အဆင်ပြေရင် ပြန်ဆပ်ရမှာပေါ့လေ...'

ကူရွှမ်းက ဖုန်းဝူချန်ကို ကြည့်ရင်း ခပ်ရေးရေး ပြုံးလိုက်သည်။

"ချီလင် စစ်သည်တော် ချပ်ဝတ်ကို စောင့်ကြပ်ရတဲ့ တာဝန်က အခု ပြီးဆုံးသွားပါပြီ...။ ငါ ထွက်သွားရမယ့် အချိန် ကျရောက်လာပြီ...။ ဒီလောက် ထူးခြားဆန်းကြယ်တဲ့ ပါရမီမျိုးနဲ့ဆိုရင်... မင်းက အနာဂတ်မှာ တိုက်ကြီးကို သေချာပေါက် တုန်လှုပ်သွားစေပြီး သူ့ရဲ့ အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက် ဖြစ်လာမှာပါ.."

ထိုအခါ ကူရွှမ်းအား ဖုန်းဝူချန်က ကျိုးနွံသော အပြုံးဖြင့် ပြန်လည် ဖြေကြားခဲ့၏။

"အကြီးအကဲ ကျွန်တော့်ကို မြှောက်ပြောနေသလောက်တော့ ကျွန်တော် ကြောက်ဖို့ကောင်းတာ မဟုတ်ပါဘူး..."

ထို့နောက် သူ မေးမြန်းလိုက်သည်။

"အကြီးအကဲ ကူရွှမ်းက နောက် ဘယ်သွားဖို့ စီစဉ်ထားလဲ...။ ခင်ဗျားသာ ထွက်သွားခဲ့ရင်... ဝိညာဉ်ရေကန်ရဲ့ ဝိညာဉ်စွမ်းအင်တွေက တဖြည်းဖြည်း ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလား..."

'...သွားပြီ... သူ ထွက်သွားရင် ငါ့ကျင့်ကြံဖို့ စွမ်းအင်တွေ လျော့ကုန်တော့မှာပေါ့...'

ကူရွှမ်းက ခပ်ဖွဖွ ပြုံးလျက် ပြန်ဖြေခဲ့၏။

"စိတ်ချပါ...။ ဝိညာဉ်ရေကန်ရဲ့ ဝိညာဉ်စွမ်းအင်က ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး...။ နတ်ဘုရား တောင်ကြားထဲမှာ နှစ်ပေါင်းများစွာ နေလာခဲ့ပြီးမှတော့... ငါ တိုက်ကြီးကို လှည့်လည်သွားလာရမယ့် အချိန် တန်လောက်ပါပြီ...။ မင်း ပြောခဲ့သလိုပဲ... ချီလင် မျိုးနွယ်ကို ပြန်လည် အသက်သွင်းဖို့အတွက်... ငါ့လက်ထဲမှာ ဒါကို ပျက်သုဉ်းသွားခွင့် မပြုနိုင်ဘူးလေ.."

ဖုန်းဝူချန် နောက်တစ်ကြိမ် ဦးညွှတ်လိုက်ပြီး ဆုတောင်းပေးခဲ့သည်။

"အကြီးအကဲ ကူရွှမ်း ချီလင် မျိုးနွယ်ကို ပြန်လည် ထူထောင်ရာမှာ မြန်မြန် အောင်မြင်မှု ရရှိပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်..."

ကူရွှမ်းက အားရပါးရ ရယ်မောလိုက်၏။

"မင်းရဲ့ မင်္ဂလာရှိတဲ့ စကားတွေနဲ့အတူ... တို့တွေ နောက်တစ်ကြိမ် ပြန်တွေ့တဲ့ အချိန်ကျရင်... မင်း တိုက်ကြီး တစ်ခွင်လုံးမှာ ကျော်ကြားနေလောက်ပြီလို့ ငါ မျှော်လင့်ပါတယ်...။ အဲ့ဒီအချိန်အထိပဲ..."

သူ စကားပြောပြီးနောက် ကူရွှမ်း၏ ပုံရိပ်သည် လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။ လေထုထဲတွင် အရိပ်အယောင် အနည်းငယ်မျှပင် မလှုပ်ခတ်သွားဘဲ သူ ထိုနေရာတွင် ဘယ်သောအခါကမျှ မရှိခဲ့ဖူးသကဲ့သို့ပင်။

ကူရွှမ်း၏ ကျင့်ကြံမှု အဆင့် မည်မျှ နက်ရှိုင်းလွန်းသည်ကို ထုတ်ဖော် ပြသနေခဲ့ပေသည်။

ကူရွှမ်း ထွက်ခွာသွားပြီးနောက် ဖုန်းဝူချန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပြီး တိုးတိုး ရေရွတ်လိုက်သည်။

"...ဒီလောက် အစွမ်းထက်တဲ့ မျိုးနွယ်စုကို တစ်စုံတစ်ယောက်က ဘယ်လိုလုပ် အမြစ်ပြတ် သုတ်သင်ပစ်နိုင်ခဲ့တာလဲ...။ ဒါက ဘယ်လို အင်အားစုမျိုး ဖြစ်နိုင်မှာလဲ..."

ထို ဆန်းကြယ်သော စွမ်းအားအကြောင်းကို သူ သိချင်နေခဲ့မိ၏။

သူ ခန်းမဆောင်မှ ထွက်ခွာလာသောအခါ ကြမ်းကြုတ် သားရဲ ရာပေါင်းများစွာသည် မြေပြင်ပေါ်တွင် ကြောက်ရွံ့တုန်လှုပ်စွာ ဝပ်တွားနေကြဆဲ ဖြစ်သည်။

'...ဟား... ငါ့သွေးမျိုးဆက်ရဲ့ အရှိန်အဝါက ဒီလောက် ကြောက်ဖို့ကောင်းတာကိုး...'

ဖုန်းဝူချန်သည် သားရဲများ ခံစားနေရသော ကြောက်မက်ဖွယ်ရာသည် သူတို့၏ ဝိညာဉ်များနှင့် အသားထဲမှ လာသည်ကို သိရှိနေခဲ့၏။ ၎င်းသည် နဂါးမျိုးနွယ်၏ ကြောက်မက်ဖွယ် ကောင်းသော အသွင်အပြင်... သားရဲ အားလုံး၏ အထွတ်အထိပ် အုပ်စိုးရှင်များပင်။

ချီလင် စစ်သည်တော် ချပ်ဝတ်ကို ဆင့်ခေါ်လိုက်ပြီး ၎င်း၏ အတောင်ပံများ ခတ်လိုက်သည်နှင့် ဖုန်းဝူချန်သည် သူ၏ အစစ်အမှန်ယွမ်ကို ထုတ်ဖော်လိုက်ပြီး မျက်စိ တစ်မှိတ်အတွင်း ကောင်းကင်ထက်သို့ တဟုန်ထိုး တက်သွားကာ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေတော့သည်။

သူ၏ အံ့ဩဖွယ် အမြန်နှုန်းသည် ဖုန်းဝူချန်အား အတိုင်းအဆမရှိ သည်းထိတ်ရင်ဖို ဖြစ်သွားစေခဲ့သည်။

ထိုအခိုက်မှာ လေဟာနယ် အထက်တွင် ကူရွှမ်း၏ ပုံရိပ်သည် လေဟာနယ်မှ ထွက်ပေါ်လာခဲ့သည်။

ထွက်ခွာသွားသော ဖုန်းဝူချန်ကို ကြည့်ရင်း သူ နှုတ်ခမ်းများ လှုပ်ရွကာ ရေရွတ်လိုက်မိ၏။

"...ဒီလူငယ်လေးက ရေကန်ထဲက သာမန်ငါး တစ်ကောင်တော့ မဟုတ်ဘူး...။ တစ်နေ့ကျရင်... သူက နဂါးမျိုးနွယ်ကိုတောင် ကျော်လွန်သွားလိမ့်မယ်...။ လူသား တစ်ယောက်က နဂါးတွေ ကိုယ်တိုင်ထက် ပို အားကောင်းတဲ့ နဂါး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတယ် ဆိုတာမျိုးက တစ်ခါမှ မကြားဖူးဘူး...။ ဖုန်းဝူချန်ရဲ့ မူလ ရင်းမြစ်က တကယ် သိချင်စရာ ကောင်းတာပဲ..."

ဤစကားများ ပြောဆိုပြီးနောက် ကူရွှမ်း၏ ပုံရိပ်သည် နောက်တစ်ကြိမ် ပျောက်ကွယ်သွားခဲ့ပြန်သည်။

ဝိညာဉ်ရေကန်သို့ နီးကပ်လာသည်နှင့် ဖုန်းဝူချန်သည် ချီလင် စစ်သည်တော် ချပ်ဝတ်ကို သူ၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ပြန်လည် ရုပ်သိမ်းလိုက်သည်။

သည်လောက် ကြောက်မက်ဖွယ် ကောင်းသော နတ်ဘုရားအဆင့် လက်နက်ကို ပေါ့ပေါ့ဆဆ မပြသသင့်ပါချေ။

မလိုအပ်သော ပြဿနာများနှင့် အန္တရာယ်များကို ဆွဲဆောင်ခြင်းမှ ရှောင်ရှားရန် လုံးဝ လိုအပ်မှသာလျှင် ၎င်းကို မဆင်မခြင် အသုံးမပြုသင့်ပေ။

ဝိညာဉ်ရေကန်သို့ ပြန်လည် ရောက်ရှိလာရာ ဖုန်းဝူချန် ဘေးကင်းစွာ ပြန်ရောက်လာသည်ကို မြင်တွေ့ရသောအခါ ယဲ့ချန်းချုံး၊ ရှင်းထျန်းဖုန်းနှင့် အခြားသူများ နောက်ဆုံးတွင် လုံးဝ စိတ်အေးသွားကြတော့သည်။

သွမ့်ဟုန်ရှီးက အလျင်အမြန် မေးလိုက်သည်။

"ဖုန်းဝူချန်... မင်း အဆင်ပြေရဲ့လား..."

ဖုန်းဝူချန်က ပေါ့ပေါ့ပါးပါး ဆိုလိုက်၏။

"ငါ အဆင်ပြေပါတယ်...။ ကျောင်းအုပ်ကြီးရယ်... အကြီးအကဲတို့ရယ်... ဗိုလ်ချုပ်ကြီးရယ်ကို တော်တော်လေး စိတ်ပူသွားစေခဲ့မိပြီ..."

ထို့နောက် ဖုန်းဝူချန်က ပေါ့ပေါ့တန်တန် ဆင်ခြေ တစ်ခုကို ဖန်တီးလိုက်လေသည်။

ယဲ့ချန်းချုံးနှင့် အခြားသူများ သူ့ကို ယုံကြည်သည် ဖြစ်စေ၊ မယုံကြည်သည် ဖြစ်စေ သူသည် ကျင့်ကြံရန် ဝိညာဉ်ရေကန် အတွင်းသို့ ခုန်ဆင်းသွားခဲ့လေသည်။

ဝိညာဉ်ရေကန်၏ ကြွယ်ဝပြီး ထူထပ်လှသော ဝိညာဉ်စွမ်းအင်နှင့် ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ကောင်းသော ကျင့်ကြံမှု အမြန်နှုန်းတို့ဖြင့် ယွမ်တန်ဘုံ စတုတ္ထအလွှာသို့ တစ်လတာ အချိန်အတွင်း ရောက်ရှိရန် လုံးဝ ပြဿနာ မရှိပေ။

...

အချိန်သည် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားခဲ့သည်။

လဝက်ခန့် ကြာမြင့်ပြီးနောက်တွင် ဟွမ်ယန် အလျင်စလို ပြေးဝင်လာခဲ့သည်။ သူ၏ မျက်နှာအမူအရာမှာ ထိတ်ပျာနေပြီး ဒဏ်ရာများ ရရှိထားကာ မျက်နှာမှာ သွေးဆုတ်နေခဲ့၏။ သိသာထင်ရှားသော တစ်စုံတစ်ခု ဖြစ်ပွားခဲ့သည်မှာ ရှင်းလင်းနေခဲ့သည်။

'...ဟာ... ဟွမ်ယန် ဒီလောက် ပျာယာခတ်နေတာ တစ်ခါမှ မမြင်ဖူးဘူး... ဘာတွေ ဖြစ်ကုန်ပြီလဲ...'

ဟွမ်ယန်သည် အမြဲတမ်း တည်ငြိမ် အေးဆေးသူ ဖြစ်ရာ သူ့အား ဤမျှ ကြောက်လန့်သွားစေခဲ့သော အရာသည် ပြင်းထန်ရပေမည်။

ကြီးမားသော အဖြစ်အပျက် တစ်ခု ဖြစ်ပွားခဲ့သည်ဟု ယဲ့ချန်းချုံး ခန့်မှန်းနေခဲ့ပြီး ဖြစ်လေသည်။

ဟွမ်ယန်က လေသံတိုးတိုးဖြင့် အစီရင်ခံလိုက်သည်။

"ဗိုလ်ချုပ်ကြီးကို အစီရင်ခံပါတယ်...။ ဖုန်းမိသားစု ဘေးဒုက္ခ ကြုံတွေ့နေရပါတယ်..."

"ဘာ..."

လင်ရှောင်ရှောင်နှင့် လျိုချင်းယန်တို့ ထိတ်လန့်တကြား ဖြူဖျော့သွားခဲ့ကြသည်။

ယဲ့ချန်းချုံး အကြီးအကျယ် မျက်မှောင်ကြုတ်လိုက်မိသည်။

"...ဒါဆို... ထျန်းယွင်ဂိုဏ်းက နောက်ဆုံးတော့ လှုပ်ရှားလာခဲ့ပြီပေါ့..."

ဟွမ်ယန်က သူ ပြောလေလေ ပို၍ ကြောက်လန့်လာလေလေ ဖြစ်နေခဲ့သည်။

"ထျန်းယွင်ဂိုဏ်းရဲ့ အဓိက တပည့် ဖုယွင်က... အစွမ်းထက်တဲ့ ထျန်းယွင်ဂိုဏ်း တပည့် တစ်ရာကျော်ကို ဦးဆောင်ပြီး ဖုန်းမိသားစုကို ချေမှုန်း တိုက်ခိုက်ခဲ့ပါတယ်...။ ဖုန်းမိသားစုဝင် လေးဆယ့်ခုနစ်ယောက် အသတ်ခံခဲ့ရတယ်...။ ဒုတိယ အကြီးအကဲနဲ့ တတိယ အကြီးအကဲ... ပြီးတော့ လူငယ် မျိုးဆက် တချို့ အပါအဝင်ပေါ့...။ ဖုန်းမိသားစု ခေါင်းဆောင်နဲ့ တခြားသူတွေ အဖမ်းခံခဲ့ရတယ်...။ ထျန်းကျိုးနယ်ရဲ့ တပ်မှူးနဲ့ ဧကရာဇ် မြို့တော်ရဲ့ မြို့တော်ဝန်... ဝမ်ပေါင် ကုန်တိုက်က ယွိီဝမ်ရှုံး... ပြီးတော့ ယွင်ကျိုးနယ်က အစွမ်းထက် ကျင့်ကြံသူ အများအပြား... အားလုံး ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်...။ အလံနက် တပ်မတော်နဲ့ ကောင်းကင် အရိပ်တပ်ဖွဲ့ဝင်တွေလည်း ‌ဆိုးဆိုးရွားရွား အထိအခိုက် အကျအဆုံးတွေ ကြုံခဲ့ရပြီး လူ နှစ်ဆယ်ကျော် ဆုံးရှုံးခဲ့ရပါတယ်..."

ယဲ့ချန်းချုံး နားထောင်လေလေ သူ ပို၍ ဒေါသထွက်လေလေ ဖြစ်လာခဲ့သည်။

ပြင်းထန်သော အဖြစ်အပျက် တစ်ခု ဖြစ်ပွားခဲ့သည်ဟု သူ ခန့်မှန်းထားခဲ့သော်ငြားလည်း ဤမျှ ပြင်းထန်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့မိပါချေ။

'...တောက်... ဒီကောင်တွေ... သိပ် ရမ်းကားလွန်းတယ်...'

လျိုချင်းယန်မှာ စကားလုံးများပင် ပျောက်ဆုံးသွားလောက်အောင် ကြောက်မက်ဖွယ်ရာ ဖြစ်သွားခဲ့ရသည်။

"...သေကုန်ပြီ...။ လူတွေ အများကြီး သေကုန်ပြီ..."

မြောင်ချင်းချင်း၏ မျက်နှာသည် ကြောက်လန့်တကြား ပြာနှမ်းသွားခဲ့သည်။

"...ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

လင်ရှောင်ရှောင်သည်လည်း ကြောက်လန့်သွားခဲ့သည်။

အခြေအနေ၏ ပြင်းထန်မှုကို သူမ သိရှိနေခဲ့ပြီး ဖုန်းဝူချန် ၎င်းကို ရင်ဆိုင်နိုင်စွမ်း ရှိပါ့မလားဟု စိုးရိမ်နေခဲ့၏။

‘...ဖုန်းအစ်ကိုကြီးသာ ဒါကို သိသွားရင်... ငါ ကြောက်တယ်…’

"အဓိပ္ပာယ် မရှိလိုက်တာ...။ ထျန်းယွင်ဂိုဏ်းက အင်ပါယာကို လုံးဝ အလေးမထားတော့ဘူး..."

ယဲ့ချန်းချုံးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ သူ၏ သေစေနိုင်သော အရှိန်အဝါများ ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။

ကျန်းကျွင့်လန်က လေးနက်စွာ မေးလိုက်သည်။

"မူထျန်းယွင်နဲ့ မူယွင်ရှန်းတို့ရော ဘယ်မှာလဲ..."

ထိုအခါ ဟွမ်ယန်၏ ကြောက်လန့်မှုများ လျှံကျလာခဲ့သည်။

"မူထျန်းယွင်က အရင် ဟွမ်ဖူထျန်းပါးနဲ့ တိုက်ပွဲမှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး အခုထိ နာလန်မထူသေးပါဘူး...။ ဂိုဏ်းချုပ် မူယွင်ရှန်းက ဒဏ်ရာရထားလျက်နဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်...။ ဒါပေမဲ့ ဖုယွင်ရဲ့ လက်ချက်နဲ့ ဒဏ်ရာရသွားခဲ့ရပြန်ပါတယ်...။ သူတို့တွေ သိပ် အားကောင်းလွန်းတယ်...။ ကျွန်တော်တို့တွေ သူတို့ကို လုံးဝ မတားဆီးနိုင်ခဲ့ပါဘူး...။ ချီဟွမ်တို့လည်း အားလုံး အထိနာသွားကြပါတယ်...။ ကောင်းကင် ဗိမာန်လည်း ပျက်စီးသွားပါပြီ...။ ဗိုလ်ချုပ်ကြီး... ကျွန်တော်တို့ ဘာလုပ်ကြရမလဲခင်ဗျာ..."

(ယခုအခါ ဖုန်းဝူချန်ရဲ့ ‘ကောင်းကင်ဗိမာန်’ကို ‘ကောင်းကင်ဗိမာန်’ဟု

ပြောင်းလဲ သုံးစွဲသွားပါမည်။)

ယဲ့ချန်းချုံးမှာ ဒေါသထွက်လွန်း၍ သူ၏ မျက်နှာမှ ကြွက်သားများ ပြင်းထန်စွာ တဆတ်ဆတ် တုန်ခါနေခဲ့သည်။

သူက ခက်ထန်စွာ ညွှန်ကြားလိုက်၏။

"ငါတို့... အင်ပါယာကို ပြန်မယ်..."

"ရှောင်ရှောင်... မင်း ဒီမှာပဲ နေပြီး ဖုန်းအစ်ကိုကြီးကို စောင့်လိုက် နော်...။ အစ်ကိုတို့ ကျန်တဲ့သူတွေကို အကူအညီ ပေးဖို့ ချက်ချင်း ပြန်ကြရမှာ…”

လျိုချင်းယန်ကလည်း လျင်မြန်စွာ ပြောလိုက်သည်။

သူ၏ ကြောက်လန့်မှုသည် လက်စားချေလိုသော ဒေါသများဖြင့် အစားထိုးခံလိုက်ရပြီ ဖြစ်၏။

ကောင်းကင် အရိပ် တပ်ဖွဲ့ဝင်များနှင့် အလံနက် တပ်မတော်မှ စစ်သည်တော်များသည် ယဲ့ချန်းချုံး၏ နောက်သို့ အလျင်အမြန် လိုက်ပါသွားခဲ့ကြသည်။ သူတို့၏ ကြောက်မက်ဖွယ် သတ်ဖြတ်

လိုစိတ်သည် အရိုးထဲထိအောင် ချမ်းစိမ့်သွားစေခဲ့၏။

အင်ပါယာမှ အခြား ဗိုလ်ချုပ် သုံးဦး၊ သူတို့၏ စစ်သည်တော်များနှင့် ကျောင်းသားများသည် ဘာတွေ ဖြစ်ပျက်နေသည်ကို နားမလည်နိုင် ဖြစ်နေခဲ့ကြသည်။ ယဲ့ချန်းချုံးနှင့် စစ်သည်တော်များ တောင်တန်းမှ ထွက်ခွာသွားခဲ့ကြသည်အထိ သူတို့ မေးမြန်းရန် အချိန် မရလိုက်ကြပါချေ။

သူတို့၏ လှုပ်ရှားမှုများမှာ စူးရှပြီး အမြန်နှုန်းမှာ အံ့ဩဖွယ် ကောင်းလှသည်။ ဤသည်မှာ အခြား အင်ပါယာမှ ဗိုလ်ချုပ်များနှင့် စစ်သည်တော်များကို နက်ရှိုင်းစွာ စိတ်မသက်မသာ ဖြစ်သွားစေခဲ့သည်။

'...ကောင်းကင် အရိပ်တပ်ဖွဲ့ဝင်တွေနဲ့ အလံနက် တပ်မတော်က... ဘယ်တုန်းက ဒီလောက် အစွမ်းထက်သွားတာလဲ...'

၎င်းသည် လူများစွာ၏ ပထမဆုံး အတွေး ဖြစ်ခဲ့သည်။

ယန်ဟော် အင်ပါယာ၏ ထိပ်သီး စစ်သည်တော်များ အားလုံး များစွာ... များစွာ ပိုမို အားကောင်းလာခဲ့ကြသည်ဟု ခံစားနေခဲ့ရ၏။

ထိုစဉ် လင်ရှောင်ရှောင်၏ ဒေါသသည် တဖြည်းဖြည်း တောက်လောင်

လာခဲ့သည်။ သူမ၏ ရေခဲတမျှ အေးစက်သော အမူအရာသည် အရိုးထိအောင် ချမ်းစိမ့်သွားစေခဲ့ပြီး သူမ၏ လှပသော မျက်ဝန်းနက်များတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။

‘ထျန်းယွင်ဂိုဏ်းက... လွန်လွန်းတယ်...။ သိပ်ကို လွန်လွန်းတယ်…’

အင်ပါယာကြီး သုံးခုမှ ဗိုလ်ချုပ်များနှင့် စစ်သည်တော်များ၊ ပါရမီရှင် ကျောင်းသားများခမျာ လင်ရှောင်ရှောင်၏ ရေခဲတမျှ အေးစက်သော သတ်ဖြတ်လိုစိတ်ကြောင့် ကျောက်ရုပ်များအဖြစ် အေးခဲတောင့်တင်း သွားခဲ့ကြသည်။

'...ဘာ... ဘာများ ဖြစ်သွားလို့... ယဲ့ချန်းချုံးတို့ကို ဒီလောက် ဒေါသထွက်သွားစေပြီး ဒီ ကြောက်စရာကောင်းတဲ့ သတ်ဖြတ်လိုတဲ့ အငွေ့အသက်ကို ထုတ်လွှတ်နေရတာလဲ...'

သူတို့ထဲမှ မည်သူမျှ မသိရှိခဲ့ကြပါချေ။

ဖုန်းဝူချန်သည်လည်း မသိခဲ့ပါ။ ဤအခိုက်အတန့်တွင် သူသည် ဝိညာဉ်ရေကန်တွင် ကျင့်ကြံနေဆဲ ဖြစ်ပါသည်။

—------

ဖုန်းမိသားစု၏ လက်ရှိ အခြေအနေကို အန္တရာယ် ကျရောက်နေသည်ဟုသာ ဖော်ပြနိုင်ပါသည်။ မည်သည့်အချိန်တွင်မဆို အမြစ်ပြတ် ချေမှုန်းခံရနိုင်ဖွယ် ရှိနေခဲ့သည်။

ဖုန်းမိသားစုဝင်း အတွင်းတွင် နီရဲသော သွေးချောင်းများ စီးဆင်းနေခဲ့ပြီး ရုပ်အလောင်းများ မြေပြင်ပေါ် ကြေကွဲဖွယ် ပြန့်ကျဲနေခဲ့သည်။ ယွိီဝမ်ရှုံး၊ လင်မိသားစုဝင်များ၊ ယွင်ကျိုးနယ်မှ အစွမ်းထက် ပုဂ္ဂိုလ်များနှင့် အခြားသူများ အပါအဝင် သွေးနံ့များ ထူထပ်စွာ လွှမ်းခြုံနေခဲ့၏။

သေဆုံးသွားခဲ့ကြသူများမှလွဲ၍ ဖုန်းကျိန့်ရှုံးနှင့် အခြား ဖုန်းမိသားစုဝင်များ အားလုံး အဖမ်းခံခဲ့ကြရသည်။

...

ကောင်းကင်ဗိမာန်။

ကောင်းကင်ဗိမာန် နန်းတော်သည် လုံးဝ ပြိုကျ ပျက်စီးသွားခဲ့ပြီး သံကြိုး တံတား လေးစင်းစလုံး ပျက်စီးသွားခဲ့သည်။

နန်းတော် ရင်ပြင်တွင် အလောင်းပေါင်း ခြောက်ဆယ်၊ ခုနစ်ဆယ်ခန့် လဲလျောင်းနေခဲ့ပြီး နီစွေးသော သွေးများ ချောင်းစီးနေခဲ့၏။

သေဒဏ် ကျခံရတော့မည့် သူတွေကို မျှော်လင့်ချက် ပေးခဲ့မိသည်... ။

မတော်တဆပဲ... သူတို့၏ ပျက်စီးခြင်းကို ဖြစ်ပေါ်စေခဲ့မိလေသည်။

ဖုန်းဝူချန် တည်ထောင်ခဲ့သော ကောင်းကင်ဗိမာန်သည် လုံးဝ ဖျက်ဆီးခံလိုက်ရသည်ဟု ဆိုနိုင်ပေတော့မည်။

ချီဟွမ်နှင့် အခြား ရှစ်ယောက်တို့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြပြီး သူတို့ လျှပ်တပြက် နေရာ‌ ရွှေ့ပြောင်း သိုင်း အား မတတ်မြောက်ထားခဲ့ပါလျှင်

အသက်များပင် ဆုံးရှုံးသွားဖွယ် ရှိနေခဲ့သည်။

ရုတ်တရက် ပြောင်းလဲမှုသည် လုံးဝ မျှော်လင့်မထားခဲ့သော အရာ ဖြစ်ပေသည်။

ဤသည်မှာ ထျန်းယွင်ဂိုဏ်း၏ အဆင့်မြင့် အဖွဲ့ဝင်များ၏ အမိန့်လော သို့တည်းမဟုတ် ထျန်းယွင်ဂိုဏ်း၏ အဓိက တပည့် ဖုယွင်၏ ကိုယ်ပိုင် သဘောအတိုင်း ပြုမူခဲ့ခြင်းလော။

...

ဧကရာဇ် မြို့တော်၊ ယန်ဟော် အင်ပါယာ၌…။

ဖုန်းမိသားစု၏ ဆိုးရွားသော အခြေအနေနှင့် ပတ်သက်သော စကားလုံးများသည် အင်ပါယာ၏ တော်ဝင် မိသားစုထံသို့ ပေါက်ကြားခဲ့ပြီး ဖြစ်လေသည်။

နန်းတွင်း အကြံပေး ယန်ထျန်းရှန်နှင့် မင်းသား စစ်ထူကျန့်ထျန်းတို့ အလွန်အမင်း ဒေါသထွက်နေခဲ့ကြပြီး အင်ပါယာမှ စစ်သူကြီးများနှင့် စစ်သည်တော် အများအပြားကို ထျန်းကျိုးနယ်ရှိ ပြိုင်ဘက်ကင်းမြို့သို့ အလျင်စလို စေလွှတ်လိုက်ခဲ့ပြီး ဖြစ်၏။

ဧကရာဇ်ထံမှ ခွင့်ပြုချက် ရယူရန် မလိုအပ်ခဲ့ပါချေ။

ဧကရာဇ်သည် ဝင်ရောက် စွက်ဖက်ခြင်း မပြုခဲ့ပါ။ ရပ်တည်ချက် တစ်ခု မချမှတ်ခဲ့သော်လည်း သူ၏ သွယ်ဝိုက်သော သဘောတူညီမှုမှာ ရှင်းလင်းနေခဲ့သည်။

ဧကရာဇ်က တော်ဝင် နန်းတော်ထဲတွင် ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။

"...ကူချင်းရွှမ်း... အို... ကူချင်းရွှမ်းရယ်...။ ပဉ္စမအဆင့် လက်နက်သန့်စင်သူ တစ်ယောက်ကို လွယ်လွယ်နဲ့ ရန်စလို့ မရဘူး...။ ငါ မင်းကို သတိပေးခဲ့ပြီးသားပဲ...။ ဒါပေမဲ့ မင်းက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ကိုပဲ ချမှတ်ခဲ့တယ်...။ ထျန်းယွင်ဂိုဏ်းက တကယ်ပဲ အစွမ်းထက်ပါတယ်...။ ဒါပေမဲ့ ပဉ္စမအဆင့် လက်နက်သန့်စင်သူ တစ်ယောက်နဲ့တော့ ယှဉ်လို့ မရသေးပါဘူး..."

ထိုအခိုက်အတန့်၌ စစ်သည်တော် တစ်ဦး ခန်းမဆောင်ထဲသို့ ဝင်ရောက်လာပြီး လေးစားစွာ အစီရင်ခံလိုက်သည်။

"အရှင်မင်းကြီး...။ ဗိုလ်ချုပ်ကြီးက ယဲ့မိသားစုရဲ့ အစွမ်းထက် အဖွဲ့ဝင် အားလုံးကို အခုလေးတင် ဧကရာဇ် မြို့တော်ကနေ ဦးဆောင် ထွက်ခွာသွားပါတယ်...။ နီမိသားစုရဲ့ အစွမ်းထက် အဖွဲ့ဝင်တွေနဲ့အတူ... ထျန်းကျိုးနယ်ဘက်ကို ဦးတည်သွားကြပါတယ်..."

ဧကရာဇ် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

"...နီမိသားစုကလည်း ဝင်စွက်ဖက်ဖို့ စီစဉ်နေတာလား..."

စစ်သည်တော်က လေးစားစွာ ဆိုလိုက်၏။

"နီမိသားစုကို သခင်လေး နီဟန် ကိုယ်တိုင် ဦးဆောင်ပါတယ်..."

ဧကရာဇ် နောက်တစ်ကြိမ် အံ့အားသင့်မှုကို ဖော်ပြလိုက်သည်။

"...နီဟန်...။ အဲ့ဒီ လူငယ်လေးက နှစ်ပေါင်းများစွာ တကိုယ်တည်း ပိတ်လှောင် ကျင့်ကြံနေခဲ့တာ...။ သူ အခုအချိန်လောက်ဆို ယွမ်တန်ဘုံ ပဉ္စမအလွှာကို ရောက်နေလောက်ပြီ..."

ဧကရာဇ်၏ မျက်ဝန်းများတွင် စူးရှသော အလင်းရောင် တစ်ချက် လင်းလက်သွားပြီး အမိန့်ချွေလိုက်၏။

"မဟာ တိုက်ပွဲကြီး တစ်ခုကတော့ ရှောင်လွှဲလို့ မရနိုင်တော့ဘူး...။ အမိန့် ထုတ်ပြန်လိုက်...။ တော်ဝင် မိသားစုရဲ့ အစွမ်းထက် အဖွဲ့ဝင် အားလုံး... ဘယ်အချိန်မဆို အသင့် အနေအထားမှာ ရှိနေစေ..."

ဧကရာဇ်က ခပ်ရေးရေး ပြုံးလိုက်သည်။

ဧကရာဇ် အနေနှင့် ယခုလို ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းသည် ဖုန်းဝူချန်သည် သူ့အတွက် ပိုမို အကျိုးကျေးဇူး ရှိလိမ့်မည်ဟု ယုံကြည်နေကြောင်း ရှင်းလင်းစွာ ပြသနေခဲ့သည်။

"...ကူချင်းရွှမ်း...။ ဒီ ဧကရာဇ်ကလည်း မင်းရဲ့ လက်ရှိ စွမ်းအားကို သိချင်နေမိတယ်...။ မင်းရဲ့ ထျန်းယွမ်ဘုံက ကြောက်ဖို့ကောင်းလား... ဒါမှမဟုတ် ငါကိုယ်တော်ရဲ့ ထျန်းယွမ်ဘုံက ပို အားကောင်းလား ဆိုတာ ကြည့်ရသေးတာပေါ့..."

ဧကရာဇ်သည် စိတ်ဖြင့် လက်နက်ဖန်ဆင်းခြင်း စွမ်းရည် ပိုင်ဆိုင်ထားနိုင်သော ပဉ္စမအဆင့် လက်နက်သန့်စင်သူ တစ်ဦးကို ငြူစူစေခြင်းထက် ထျန်းယွင်ဂိုဏ်းနှင့် ရန်သူ ဖြစ်ရခြင်းကို ပို၍ လိုလားသည်။

ဤအခိုက်အတန့်တွင် ယဲ့ မိသားစု၏ မိသားစု အကြီးအကဲ ဖြစ်သော ယဲ့ချန်းချုံးသည် ယဲ့ မိသားစုမှ အစွမ်းထက် အဖွဲ့ဝင် တစ်ရာကျော်နှင့် နီမိသားစုမှ အဖွဲ့ဝင် ဒါဇင်ပေါင်းများစွာကို ဦးဆောင်လျက် ထျန်းကျိုးနယ်ရှိ ပြိုင်ဘက်ကင်းမြို့သို့ လည်ပြန်မကြည့်သော အမြန်နှုန်းဖြင့် သုတ်ချေတင်နေခဲ့လေပြီ။

သူတို့သည် အင်ပါယာ၏ စစ်သူကြီးချုပ်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

သူတို့သည် ယွင်ကျိုးနယ် တစ်ခွင်လုံး ပဲ့တင်ထပ်နေသော အမည်နာမ ရှိသည့် အရှင်သခင်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

ထို ပုဂ္ဂိုလ်ကား... ‘ဖုန်းဝူချန်’ ပင်တည်း။

All Chapters