စစ်သည် တစ်သိန်း
Vol. 10 Ch. 142
~ယွမ်တန်ဘုံ စတုတ္ထအလွှာသို့ ခြေချလိုက်ပြီးနောက် ဖုန်းဝူချန်၏ တိုက်ပွဲ စွမ်းရည်သည် ပို၍ပင် အားကောင်းလာခဲ့ချေပြီ။ သူ၏ သွေးရူးသွေးတန်း အခြေအနေမှာမူ အလုံးစုံ ပို၍ လန့်စရာ ကောင်းလှ၏။
ထိုတပည့်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"ငါ ထွက်သွားတာကို မင်း မတားနိုင်..."
သို့သော် သူ၏ စကားသံ အဆုံးမသတ်သေးခင်မှာပင် သူ၏ မျက်နှာသည် ရုတ်တရက် ကြောက်ရွံ့မှုကြောင့် ရှုံ့မဲ့သွားခဲ့ပြီးနောက်... မျှော်လင့်ချက် ကင်းမဲ့သွားခဲ့တော့သည်။
'...ဘယ်... ဘယ်လိုလုပ်ပြီး သူက...'
အဘယ်ကြောင့်ဆိုသော် ထိုအခိုက်အတန့်တွင် ဖုန်းဝူချန်သည် သူ၏ ရှေ့မှောက်သို့ တစ္ဆေတစ်ကောင်ကဲ့သို့ ပေါ်ထွက်လာခဲ့သောကြောင့် ဖြစ်လေသည်။ သူ၏ ကြောက်ခမန်းလိလိ အမြန်နှုန်းသည် ထိုတပည့်ကို ကြက်သီးမွှေးညှင်း
ထအောင် ကြောက်လန့်သွားစေခဲ့သည်။
"ခွပ်။"
ဖုန်းဝူချန် တပည့်၏ ဝမ်းဗိုက်သို့ တည့်တည့် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။
လွှမ်းမိုးနိုင်သော စွမ်းအားဖြင့် ထိုလူ သွေးများ ဝေါခနဲ အန်ကျလာ၏။
ပုစွန်တစ်ကောင်လို သူ့ကိုယ်မှာ ကွေးကောက်သွားသည်။
'...အား... နာ... နာလိုက်တာ...'
တစ်ကိုယ်လုံး နာကျင်မှုများ လျှပ်စီးလို ပျံ့နှံ့သွားတော့၏။ သူ့မျက်လုံးများ ပြူးထွက်လာသည်။
...တစ်ချက်တည်း။
လက်သီး တစ်ချက်တည်းနှင့်...။
ဆဋ္ဌမအလွှာ ပညာရှင် တစ်ယောက် သွေးအန်သွားရသည်။
ဖုန်းဝူချန်၏ စွမ်းအားမှာ ဘယ်လောက်တောင် ကြောက်စရာကောင်းနေပြီနည်း။
ထိုတပည့် စိတ်ထဲတွင် တွေးလိုက်မိရင်း ကြီးမားလှသော ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက် ကင်းမဲ့မှုများ ပြည့်နှက်လို့ နေ၏။
‘,...ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ...။ ငါ... ငါ သူ့လက်သီး တစ်ချက်တောင် မခံနိုင်ဘူး...။ သူ... သူ ဒီလောက် အားမကောင်းနိုင်ဘူး…’
သူ ဖုန်းဝူချန် အစွမ်းထက်မှန်း သိခဲ့သော်ငြားလည်း ဖုန်းဝူချန် ဤမျှ လွှမ်းမိုးနိုင်လောက်အောင် အစွမ်းထက်လိမ့်မည်ဟု သူ ဘယ်သောအခါကမျှ မမျှော်မှန်းထားမိပါချေ။
လူငါးဦး၏ ပူးပေါင်း တိုက်ခိုက်မှုသည် ဖုန်းဝူချန်အပေါ် မည်သို့သော ခြိမ်းခြောက်မှုကိုမျှ လုံးဝ မဖြစ်ပေါ်စေခဲ့ပါ။
"ဘုန်း။"
ဖုန်းဝူချန်၏ လက်သီးသည် ထိုတပည့်၏ ဦးခေါင်း နောက်စေ့သို့ ထပ်မံ ကျရောက်သွားခဲ့ပြီး ကျယ်လောင်သော အသံနှင့်အတူ ပေါက်ကွဲသွားကာ ထိုတပည့်ကို မြေပြင်ထဲသို့ တိုက်ရိုက် ရိုက်သွင်းလိုက်လေတော့သည်။
ပြင်းထန်စွာ ဒဏ်ရာရနေသော တပည့်ထံမှ အားနည်းလှသော အသံ ထွက်ပေါ်လာခဲ့သည်။
"ရပ်... ရပ်လိုက်ပါတော့..."
"...သေစမ်း..."
ဖုန်းဝူချန် ဟိန်းဟောက်လိုက်၏။ သူ၏ လက်သီးက ရက်စက်စွာ ကျဆင်းလာခဲ့သည်။
ဘုန်း။”
ဒေါသထွက်နေသော ဖုန်းဝူချန်သည် အေးစက်ပြီး ရက်စက် ကြမ်းကြုတ်လှကာ သူ၏ နည်းလမ်းများမှာ ကြမ်းတမ်းလှပေသည်။
"အား..."
လက်သီး၏ အရှိန်သည် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှပြီး 'ဘုန်း' ခနဲ ပေါက်ကွဲသွားခဲ့သည်။
ထိုတပည့်၏ ဦးခေါင်း ချက်ချင်း ပွင့်ကြဲသွားခဲ့၏။ ကြောက်မက်ဖွယ် စွမ်းအားသည် မြေပြင်ကို ပြိုကျ ချိုင့်ဝင်သွားစေပြီး 'ကျန်း' ငါးခု၊ ခြောက်ခုခန့် ကျယ်ဝန်းသော ကြီးမားသည့် တွင်းနက်ကြီး တစ်ခု ဖြစ်ပေါ်သွားစေခဲ့တော့သည်။
( ၅၅ ပေ၊ ၆၆ပေခန့်)
ယွမ်တန်ဘုံ ဆဋ္ဌမအလွှာ ကျွမ်းကျင်သူ တစ်ဦး...။ သေဆုံးသွားခဲ့လေပြီ။
တစ်မိနစ် မပြည့်သော အချိန်အတွင်း အစွမ်းထက် တပည့် ငါးဦး သူတို့၏ ကြောက်မက်ဖွယ် အဆုံးသတ်များနှင့် ကြုံတွေ့ခဲ့ရလေပြီ။
အဝေးမှ သူ၏ လက်ကို ခပ်ဖွဖွ ဆုပ်လိုက်ရုံမျှဖြင့် ဖုန်းဝူချန်သည် မီးလျှံဓားကို ရွှေရောင် လျှပ်စီးတန်း တစ်ခုကဲ့သို့ ပစ်ထွက်လာစေရန် ထိန်းချုပ်လိုက်လေ၏။
သူ၏ ပုံရိပ် တစ်ချက် လင်းလက်သွားသည်နှင့် သူသည် မီးလျှံဓားကို နောက်တစ်ကြိမ် ထိန်းချုပ်လိုက်ပြီး ကောင်းကင်ထက်သို့ ပျံတက်သွားခဲ့တော့သည်။
ဖုန်းဝူချန် ထွက်သွားပြီး မကြာမီပင် လင်ရှောင်ရှောင် အရိပ်တချက် ဝေဝါးကာ ပေါ်ထွက်လာခဲ့၏။ ဝမ်းနည်းစရာ ကောင်းသည်မှာ သူမ ဖုန်းဝူချန်ကို အမီ လိုက်နိုင်ခြင်း မရှိသေးပါချေ။
'...နောက်ကျသွားပြန်ပြီ...'
အစ်ကိုကြီးဖုန်းက သိပ်မြန်လွန်းသည်။ အကောင်းဆုံး အနေအထားတွင် လင်ရှောင်ရှောင်၏ အမြန်နှုန်းသည် ယွမ်တန်ဘုံ ပဉ္စမအလွှာ ပညာရှင်များ၏ အမြန်နှုန်းနှင့်သာ ယှဉ်နိုင်ခဲ့လေသည်။
လင်ရှောင်ရှောင်က သေဆုံးသွားသော လူငါးဦးကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီကာ ရေရွတ်လိုက်ပြီးနောက် နောက်တစ်ကြိမ် လိုက်လံသွားခဲ့တော့သည်။
"နင်တို့အားလုံး သေသင့်တယ်..."
ဖုန်းဝူချန် ဖြတ်သန်းသွားရာ အောက်ဘက်မှ ကျင့်ကြံသူတိုင်းသည် သူ၏ အဆုံးအစမရှိပြီး ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်လိုစိတ်ကြောင့် ထိတ်ပျာသွားခဲ့ကြရသည်။
"ကြောက်စရာ ကောင်းတဲ့ သတ်ဖြတ်လိုစိတ်ပဲ...။ ဒါ... ဖုန်းဝူချန်ပဲ..."
ထိုစဉ် ဟွမ်ဖူမိသားစုမှ ဟွမ်ဖူယွင်ကျုံး အရိပ်တချက် လင်းလက်ကာ အပြင်ဘက်သို့ ပေါ်ထွက်လာခဲ့၏။
သူ၏ မျက်လုံးများသည် ထို ဟန့်တားနိုင်သော သတ်ဖြတ်လိုစိတ်ရှိရာ ကောင်းကင်ဘက်သို့ စူးစမ်း ကြည့်ရှုလိုက်ရာ မျက်နှာ ချက်ချင်း မည်းမှောင်သွားခဲ့သည်။
ဟွမ်ဖူထျန်းပါး မျက်မှောင်ကြုတ်
လိုက်မိသည်။
"ယွမ်တန်ဘုံ စတုတ္ထအလွှာ...။ ဒီကောင်စုတ်လေး အဆင့် ထပ်တက်သွားပြန်ပြီ...။ ကြည့်ရတာ သူ ထျန်းယွင်ဂိုဏ်းက တပည့်တွေကို သတ်ခဲ့ပုံပဲ..."
ထိုအခါ အဆင့်မြင့် အဖွဲ့ဝင် တစ်ဦးက လေးနက်စွာ မေးမြန်းလိုက်၏။
"မိသားစု အကြီးအကဲ...။ ကျွန်တော်တို့ သူ့ကို ဆွဲချလိုက်ရမလား..."
ဟွမ်ဖူထျန်းပါး ချက်ချင်း ကန့်ကွက်လိုက်သည်။
"သူ့ကို ပြန်ခိုင်းလိုက်။"
'...ဒီကောင်စုတ် အခု သွေးဆာနေတာ...။ သူ့အရှိန်ကလည်း ကြောက်စရာကောင်းတယ်...။ ငါတို့ ဝင်တားရင်တောင် မှီပါ့မလား မသေချာဘူး...။ တော်ကြာ သူ့ဒေါသက ငါတို့မိသားစုဘက် လှည့်လာမှဖြင့်...။ သွားပြီ...။ ငါ့ဒဏ်ရာတွေတောင် မကျက်သေးဘူး...။ ဒီအချိန်မှာ သူ့ကို သွားစွတာက... ကိုယ့်သေတွင်း ကိုယ်တူးတာပဲ...'
ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် အမြန်နှုန်းကို ကြည့်လျှင် သူတို့ ဝင်ရောက် စွက်ဖက်ခဲ့သည့်တိုင် သူ့ကို တားဆီးနိုင်မည်၊ မနိုင်မည်မှာ မသေချာခဲ့ပါချေ။
အကယ်၍သာ ဖုန်းဝူချန်၏ အမျက်ဒေါသသည် ဟွမ်ဖူမိသားစုဘက်သို့ လမ်းကြောင်း ပြောင်းလာခဲ့မည် ဆိုပါလျှင် ထိုမိသားစုသည် သေချာပေါက် ပျက်စီးခြင်းနှင့် ရင်ဆိုင်ရပေလိမ့်မည်။
အကြွင်းမဲ့ သေချာမှု မရှိဘဲ ဟွမ်ဖူထျန်းပါး မလှုပ်ရှားပါ။
ထို့အပြင်... ဟွမ်ဖူမိသားစုသည် များစွာ အင်အား ချည့်နဲ့နေခဲ့ပြီး အစွမ်းထက် အစောင့် ဒါဇင်လောက်သာ ကျန်ရှိတော့သည်။
ဟွမ်ဖူထျန်းပါးသည်လည်း သူ၏ ဒဏ်ရာများမှ အပြည့်အဝ နာလန်ထူလာခြင်း မရှိသေးပါချေ။ ဤအချိန်တွင် ဖုန်းဝူချန်ကို ရန်ပြုခြင်းသည် ပညာမဲ့သော ဆုံးဖြတ်ချက် တစ်ခု ဖြစ်ပေလိမ့်မည်။
"ဓားပျံသိုင်း...။ စစ်သူကြီးချုပ်ပဲ...။ စစ်သူကြီးချုပ် ပြန်လာပြီ..."
"ယွမ်တန်ဘုံ စတုတ္ထအလွှာ...။ စစ်သူကြီးချုပ် အဆင့် ထပ်တက်သွားပြန်ပြီ..."
"တကယ်ပဲ...ဆရာဖုန်းရဲ့ ကျင့်ကြံမှု အမြန်နှုန်းက ကြောက်ဖို့ကောင်းလိုက်တာ..."
မြေပြင်ပေါ်တွင် စောင့်ဆိုင်းနေခဲ့ကြသော ကျင့်ကြံသူ အများအပြားနှင့် ဧကရာဇ် စစ်သည်တော်များသည် ဖုန်းဝူချန် ပေါ်ထွက်လာသည်နှင့် အားလုံး စိတ်လှုပ်ရှားမှုဖြင့် ဆူပွက်လာခဲ့ကြတော့သည်။
"စစ်သူကြီးချုပ် ပြန်လာပြီ..."
“ဆရာဖုန်း…”
ဖုန်းဝူချန် ပြိုင်ဘက်ကင်းမြို့သို့ နီးကပ်လာလေလေ လူများ ပိုမို စိတ်အားထက်သန်စွာ ဆူပွက်လာလေလေ ဖြစ်၏။ ထိုနေရာတွင် လဝက်တာ ကာလပတ်လုံး အသင့် အနေအထားဖြင့် ရှိနေခဲ့ကြသော နန်းတွင်း အကြံပေး၊ မင်းသား၊ အင်ပါယာ၏ ထိပ်သီး စစ်သည်တော်များနှင့် ယွင်ကျိုးနယ်မှ အစွမ်းထက် ကျင့်ကြံသူ အများအပြားသည် နောက်ဆုံးတွင် ဖုန်းဝူချန် ပြန်လာခြင်းကို စောင့်မျှော်နေခဲ့ကြပြီ ဖြစ်သည်။
"ဝူး..."
မျက်စိတစ်မှိတ်အတွင်းမှာပင် ဖုန်းဝူချန် ဓားပျံသိုင်းဖြင့် ပြိုင်ဘက်ကင်းမြို့ အထက်သို့ ရောက်ရှိလာခဲ့၏။
သူ၏ ကိုယ်မှ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များ ဟန့်တားနိုင်စွမ်း အပြည့် ထုတ်လွှတ်နေသည်။
ဖုန်းဝူချန်၏ မျက်နှာမှာ ရေခဲတမျှ အေးစက်နေ၏။ မျက်လုံးများက မိစ္ဆာ တစ်ကောင်လို သွေးရောင် လင်းလက်နေသည်။ လူတိုင်းကို ထိတ်လန့် မှင်သက်သွားစေခဲ့၏။
...ဒေါသ။ ပြင်းထန်လှသော ဒေါသ။
အဆုံးမရှိသော သတ်ဖြတ်လိုစိတ်အား လူတိုင်း ခံစားနေခဲ့ရသည်။
"စစ်သူကြီးချုပ်ကို ကြိုဆိုပါတယ်..."
ရုတ်တရက်... ပြိုင်ဘက်ကင်းမြို့ ပတ်ပတ်လည် အရပ်ရပ်မှ မတ်တပ်ရပ်နေသော စစ်သည်တော်များ၊ စစ်သည်များနှင့် ယွင်ကျိုးနယ်မှ အဓိက အင်အားစုများ၏ တပည့်များ အားလုံး ရိုသေစွာ အော်ဟစ်လိုက်ကြသည်။
သူတို့၏ အသံများသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှပြီး သူတို့၏ အရှိန်အဟုန်မှာ လွှမ်းမိုးနိုင်စွမ်း ရှိလှကာ အရပ်လေးမျက်နှာကို တုန်လှုပ်သွားစေခဲ့သည်။
နီဟန်က ဖုန်းဝူချန်ကို အကဲဖြတ်ရင်း စိုးရိမ်တကြီး မှတ်ချက်ချလိုက်သည်။
"...အဲ့ဒါ စစ်သူကြီးချုပ်လား...။ သူ့ရဲ့ သတ်ဖြတ်လိုစိတ် အရှိန်အဝါက အလွန် လေးလံတာပဲ...။ ပြီးတော့ သူ့စွမ်းအားက ကြောက်ဖို့ကောင်းတယ်...။ ငါ့အောက်တော့ သေချာပေါက် မနိမ့်ဘူး..."
နီမိသားစုမှ အခြား အဖွဲ့ဝင် တစ်ဦးကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်၏။
"ပါရမီရှင် တိုက်ပွဲမှာ ပထမ အဆင့် ရခဲ့တာဆိုတော့... သူက သေချာပေါက် အားကောင်းမှာပဲ...။ ကျွန်တော်တို့ မိသားစု အကြီးအကဲတောင်မှ သူ့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်မှာ ကျွန်တော် စိုးရိမ်မိတယ် ..."
ယဲ့ချန်းချုံးက လေးနက်စွာ ပြောပြလိုက်၏။
"စစ်သူကြီးချုပ်ရဲ့ စွမ်းအားက အလွန် ကြောက်ဖို့ကောင်းတယ်...။ အခု သူ ယွမ်တန်ဘုံ စတုတ္ထအလွှာကို ဝင်ရောက်သွားခဲ့ပြီ ဆိုတော့... သူက သတ္တမအလွှာ ပညာရှင် တစ်ယောက်နဲ့ ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ...။ ငါနဲ့ အကြီးအကဲ နီကိုတောင် ကျော်လွန်သွားခဲ့ပြီ...။ ပါရမီရှင် တိုက်ပွဲမှာ... စစ်သူကြီးချုပ်က ရွှေယွင် အကယ်ဒမီက နံပါတ်တစ် ပညာရှင် ပိုင်ခုံ... ယွမ်တန်ဘုံ ဆဋ္ဌမအလွှာ ပါရမီရှင် တစ်ယောက်ကို အနိုင်ယူခဲ့တယ်..."
"...သတ္တမအလွှာ ပညာရှင် တစ်ယောက်နဲ့ ယှဉ်ပြိုင်နိုင်တယ်..."
နီဟန်နှင့် ယဲ့မိသားစုမှ အခြား အစွမ်းထက် ပုဂ္ဂိုလ်များ အပါအဝင် အားလုံး ထိတ်လန့်တုန်လှုပ်သော မျက်နှာအမူအရာများ ပြသလိုက်ကြပြီး လုံးဝ အံ့အားသင့်သွားခဲ့ကြသည်။
ဖုန်းဝူချန် လွှမ်းမိုးနိုင်လောက်အောင် အားကောင်းသည် ဆိုသည်ကို သူတို့ ကြားဖူးခဲ့သည်မှာ ကြာလှပြီ ဖြစ်သော်လည်း သူ ဤမျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်ဟု ဘယ်သောအခါကမျှ မသိခဲ့ကြပါချေ။
ပါရမီရှင် အဆင့် သတ်မှတ်ပွဲ သိုင်းပြိုင်ပွဲ၏ သတင်းသည် အခုထိ ကြေညာခြင်း မရှိသေးဘဲ နီမိသားစု ၎င်းအကြောင်း သိရှိရခြင်းကာ ယဲ့ချန်းချုံး အိမ်ပြန်ရောက်စဉ် စကား အစပ်အဟပ်ဖြင့် ပြောကြားခဲ့သောကြောင့်သာ ဖြစ်လေသည်။
သွေးနီရောင် မျက်လုံးများဖြင့် ဖုန်းဝူချန်သည် ပြိုင်ဘက်ကင်းမြို့၏ ဖုန်းမိသားစုကို အောက်သို့ ငုံ့ကြည့်လိုက်သည်။
လူများ ဝမ်းနည်းဖွယ် သေဆုံးခဲ့ကြရသော မြေကွက်လပ်...
ယွိီဝမ်ရှုံး၏ ရုပ်အလောင်း...
ဖုန်းမိသားစု၏ ဒုတိယ အကြီးအကဲနှင့် တတိယ အကြီးအကဲတို့၏ ရုပ်အလောင်းများ...။
ရင်းနှီးသော မျက်နှာ တစ်ခုပြီးတစ်ခု သူ၏ မြင်ကွင်းထဲတွင် စွဲထင်သွားခဲ့သည်။
၎င်းက ဖုန်းဝူချန်၏ တဟုန်ထိုး တက်နေသော သတ်ဖြတ်လိုစိတ်ကို ပို၍ပင် ကြောက်မက်ဖွယ် ကောင်းသွားစေခဲ့၏။
သူ၏ မျိုးနွယ်စုဝင်များ ဝမ်းနည်းဖွယ် သေဆုံးခဲ့ကြရသည်။
သူ မွေးမြူခဲ့သော လက်အောက်ငယ်သားများ ဝမ်းနည်းဖွယ် သေဆုံးခဲ့ကြရသည်။
ဖုန်းမိသားစု၏ မိတ်ဖက်များ ဝမ်းနည်းဖွယ် သေဆုံးခဲ့ကြရသည်။
မြင်ကွင်း တစ်ခုချင်းစီသည် ဖုန်းဝူချန်၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ စွဲထင်သွားခဲ့လေပြီ။
"ဟား... ဟား... ဟားဟားဟား။"
ဒေါသတကြီး ဖြစ်နေသော ဖုန်းဝူချန်သည် ကောင်းကင်ကို မော့ကြည့်ရင်း ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။
...ရူးသွပ်နေပုံ ပေါ်၏။ သူ၏ ရယ်သံများမှတစ်ဆင့် ဝမ်းနည်းပူဆွေးမှု၊ မုန်းတီးမှုတို့ကို လူတိုင်း ခံစားနေခဲ့ရသည်။
'...သေကုန်ပြီ... ငါ့လူတွေ... ငါ့မိသားစု... အားလုံး...'
ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ကောင်းပြီး ဝမ်းနည်းပူဆွေးနေသော ရူးသွပ်မှုကို မြင်တွေ့ရသောအခါ ယန်ထျန်းရှန်းနှင့် စစ်ထူကျန့်ထျန်း နှစ်ဦးစလုံး သူတို့၏ ကျောရိုးထဲ စိမ့်တက်သွားသော အအေးဓာတ်အား ခံစားလိုက်ရသည်။
"ဆရာဖုန်း..."
လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာလည်း မယုံနိုင်လောက်အောင် စိုးရိမ်ပူပန်နေခဲ့ကြသည်။
ဖုန်းဝူချန် ပို၍ ရူးသွပ်ပြီး ဒေါသထွက်လာလေလေ သူမတို့ ပို၍ စိုးရိမ်လာလေလေ ဖြစ်၏။
မည်သူ တစ်ဦးတစ်ယောက်မျှ ဖုန်းဝူချန်ကို ဤ ကြောက်မက်ဖွယ် အခြေအနေမျိုးတွင် ယခင်က မမြင်ဖူးခဲ့ကြပါချေ။
"...လက်ရှိ ဖုန်းဝူချန်က... အကြောက်စရာအကောင်းဆုံး ဖုန်းဝူချန်ပဲ…”
တိုက်ကြီးမှ လာခဲ့သူ ကျန်းကျွင့်လန် မျက်မှောင်ကြုတ်လိုက်ပြီး ရေရွတ်လိုက်မိသည်။
မူထျန်းယွင်က မျက်မှောင်ကြုတ်လျက် ချီးကျူးလိုက်၏။
"အော်ဟစ်သံ တစ်ချက်က တောင် တစ်ထောင်ကို တုန်လှုပ်သွားစေတယ်...။ ဖုန်းမိသားစုက ဖုန်းဝူချန်ရဲ့ ပြောင်းပြန် အကြေးခွံပဲ..."
[ ‘ပြောင်းပြန် အကြေးခွံ’ ဆိုတာ နဂါးရဲ့ လည်ပင်းအောက်မှာ ပြောင်းပြန်ပေါက်နေတဲ့ အကြေးခွံဖြစ်ပြီး ထိမိရင် နဂါး အလွန် ဒေါသထွက်တယ်လို့ ဒဏ္ဍာရီမှာ ဆိုပါတယ်။
အထိမခံနိုင်တဲ့ အရာကို တင်စားထားတာပါ။ ]
ယွင်ကျိုးနယ်၏ အသန်မာဆုံး ပုဂ္ဂိုလ် မူထျန်းယွင်ပင်လျှင် ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်နှင့် အမျက်ဒေါသအပေါ် နက်ရှိုင်းသော စိုးရိမ်ပူပန်မှုကို ခံစားနေခဲ့ရသည်။
"စစ်သူကြီးချုပ်ကို အစီရင်ခံပါတယ်...။ ကျွန်တော်တို့ရဲ့ ဒဏ်ရာတွေ အပြည့်အဝ ပျောက်ကင်းသွားပါပြီ...။ ကျေးဇူးပြုပြီး အမိန့် ပေးပါ... စစ်သူကြီးချုပ်..."ဟု ဟွမ်ယန်က လေးစားစွာ အော်ဟစ်လိုက်သည်။ သူ၏ နှလုံးသားသည် အချိန်အတော်ကြာ အောင်းထားခဲ့ရသော ဒေါသများဖြင့် ပူလောင်နေခဲ့သည်။
အင်ပါယာ၏ ထိပ်သီး စစ်သည်တော်များက တစ်ယောက်ပြီးတစ်ယောက် ကြွေးကြော်လိုက်ကြ၏။
တစ်ဦးချင်းစီတွင် ခြိမ်းခြောက် ရက်စက်ပြီး သတ်ဖြတ်လိုသော အသွင်များ ပေါ်ပေါက်နေခဲ့၏။
"စစ်သူကြီးချုပ်ကို အမိန့် ပေးဖို့ လေးလေးနက်နက် တောင်းဆိုပါတယ်..."
ဖုန်းဝူချန်က ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည်။
"...ထျန်းယွင်ဂိုဏ်း..."
"ဆရာ... ကျွန်တော်တို့ရဲ့ မဟာမိတ်တွေ အားလုံး ရောက်ရှိနေပါပြီ...။ ကျေးဇူးပြုပြီး အမိန့် ပေးပါ..."ဟု နန်းတွင်း အကြံပေးက ဖုန်းဝူချန်အား လေးစားစွာ ဆိုလိုက်၏။
အင်ပါယာ၏ နန်းတွင်း အကြံပေးများနှင့် မင်းသားများ ဖြစ်ကြသည့်အပြင် ပဉ္စမအဆင့် ဆေးပညာရှင်များနှင့် စတုတ္ထအဆင့် လက်နက်သန့်စင်သူများ ဖြစ်ကြသော ယန်ထျန်းရှန်းနှင့် စစ်ထူကျန့်ထျန်းတို့သည် မြင့်မြတ်သော ရာထူးများကို ပိုင်ဆိုင်ထားကြသည့် အလျောက် အစွမ်းထက် ပုဂ္ဂိုလ် အများအပြားကို သိရှိထားကြသည်။
ယခု ဖုန်းဝူချန် အတွက် သူတို့၏ အမိန့်များသည် သူတို့၏ အသက်ကို စွန့်စား ကူညီရန် ဆန္ဒရှိသော လူအများအပြားကို ခေါ်ဆောင်လာခဲ့သည်။
ဖုန်းဝူချန် ထက်ရှသော အသံဖြင့် အော်ဟစ်လိုက်၏။
"ထျန်းယွင်ဂိုဏ်းက ငါ့ရဲ့ မျိုးနွယ်စုဝင်တွေကို သတ်တယ်... ငါ့ရဲ့ လက်အောက်ငယ်သားတွေကို သတ်တယ်... ပြီးတော့ ငါ့မိဘတွေကို ဖမ်းဆီးသွားတယ်...။ အဲ့ဒီ ဟန်ဆောင် ကောင်းနေတဲ့... ကိုယ့်ကိုယ်ကိုယ် မှန်တယ် ထင်နေတဲ့ လူတွေကို ငါ လုံးဝ အလွတ်မပေးဘူး...။
ထျန်း ယွင် ဂိုဏ်းက လူ တိုင်း... သေ ရ မယ်..."
အောက်ဘက်မှ လူတိုင်းလည်း ဟိန်းဟောက်လိုက်ကြသည်။
“ထျန်းယွင်ဂိုဏ်းကို အမြစ်ဖြတ် သုတ်သင်...။ ထျန်းယွင်ဂိုဏ်းကို အမြစ်ဖြတ် သုတ်သင်မယ်…”
သူတို့၏ အသံများသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှပြီး ပြင်းရှသော သတ်ဖြတ်လိုစိတ်များ ကောင်းကင်ထက်သို့ တဟုန်ထိုး တက်သွားခဲ့၏။
ဤအခိုက်အတန့်တွင် စစ်မြင်း တစ်စီးကို စီးနင်းလာသော စစ်သည်တော် တစ်ဦး ပြိုင်ဘက်ကင်းမြို့သို့ ပြေးဝင်လာခဲ့ပြီး လေလယ်တွင် ပျံဝဲနေသော ဖုန်းဝူချန်အား လေးစားစွာ အစီရင်ခံလိုက်သည်။
"စစ်သူကြီးချုပ်ကို အစီရင်ခံပါတယ်...။ ဧကရာဇ်က အင်ပါယာရဲ့ စစ်သည် အားလုံးကို ဒီကို လာဖို့ အမိန့် ထုတ်ပြန်လိုက်ပါတယ်...။ စစ်သည် တစ်သိန်း မြို့တော်ကို ရောက်ရှိနေပါပြီ...။ အိမ်ရှေ့စံမင်းသား ကိုယ်တိုင် ဦးဆောင်ပါတယ်...။ သူတို့ မကြာခင် ပြိုင်ဘက်ကင်းမြို့ကို ရောက်ရှိလာတော့မှာပါ...။ ဧကရာဇ်က အမိန့် ချမှတ်ပါတယ်... စစ်သည် တစ်သိန်း စစ်သူကြီးချုပ်ရဲ့ စေခိုင်းမှုအောက်မှာ ရှိနေပါမယ်..."
"စစ်သည် တစ်သိန်း။"
ထိုစကားလုံးများကို ကြားသောအခါ လူတိုင်း အသက်ရှူ မှားသွားသည်အထိ ထိတ်လန့်သွားကြရသည်။
ဧကရာဇ်က... အင်ပါယာရဲ့ စစ်သည် အားလုံးကို စေလွှတ်လိုက်တာလား။
စစ်သည် တစ်သိန်း။ နိုင်ငံတွေ အချင်းချင်း စစ်ခင်းကြတုန်းကပင် ဧကရာဇ်က စစ်သည် တစ်သိန်းကို တစ်ကြိမ်တည်း ဘယ်တုန်းကမှ မသုံးခဲ့ဖူးပေ။
သို့သာ်ငြား... ဖုန်းဝူချန် အတွက်... ဧကရာဇ်က ထျန်းယွင်ဂိုဏ်းနှင့် ရန်သူ ဖြစ်ဖို့ ဆန္ဒရှိခဲ့သည်။ အင်ပါယာမှ စစ်သည် တစ်သိန်းကို ထျန်းယွင်ဂိုဏ်းနှင့် ရင်ဆိုင်ရန် စေလွှတ်ခဲ့လေသည်။
ဧကရာဇ်က ဖုန်းဝူချန်ကို မည်မျှ တန်ဖိုးထားကြောင်း ထင်ရှားလှပေသည်။
စစ်သည်တော်များ အားလုံး မှင်သက် ကြောင်ငေးသွားခဲ့ကြသည်။
"...အိမ်ရှေ့ မင်းသား ကိုယ်တိုင် စစ်မြေပြင်ကို ထွက်လာတာ..."
ထို့နောက် နန်းတွင်း အကြံပေးက "ဧကရာဇ်က ဘယ်တော့ ထွက်ခွာမှာလဲ…” ဟု မေးလိုက်၏။
စစ်သည်တော်က လေးစားစွာ ပြန်ဖြေခဲ့သည်။
"နန်းတွင်း အကြံပေးကြီးကို အစီရင်ခံပါတယ်ခင်ဗျာ...။ ဧကရာဇ်က လမ်းမှာ ရှိနေပါပြီ..."
ဧကရာဇ် ကိုယ်တိုင် စစ်ခင်းရန် ထွက်လာသည်တဲ့လား။
လူတိုင်း နောက်တစ်ကြိမ်
မှင်သက်သွားခဲ့ကြပြန်သည်။
အင်ပါယာ၏ စစ်သည် တစ်သိန်းသည် လွှမ်းမိုးနိုင်သော အရှိန်အဟုန်ဖြင့် ချီတက်လာခဲ့ကြပြီး သူတို့ ဖြတ်သန်းသွားရာ မြေပြင်ကို တုန်လှုပ်သွားစေခဲ့သည်။
"ဝုန်း.. ဝုန်း.."
မိနစ် အနည်းငယ် ကြာမြင့်ပြီးနောက် စစ်သည် တစ်သိန်း တိုက်ခတ်လာသော ဒီရေ လှိုင်းလုံးကြီး တစ်ခုကဲ့သို့ ရောက်ရှိလာခဲ့ကြသည်။ မြေပြင် တုန်ခါသွားခဲ့ပြီး ပြိုင်ဘက်ကင်းမြို့ အရပ်ရပ်မှ စစ်သည်တော်များနှင့် ကျင့်ကြံသူများသည် လွှမ်းမိုးနိုင်သော အရှိန်အဟုန်ကို ခံစားမိလိုက်ကြသည်။
အင်ပါယာ၏ စစ်သည် တစ်သိန်း... ရောက်ရှိလာခဲ့ချေပြီ။
စစ်သည် တစ်သိန်းသည် ပြိုင်ဘက်ကင်းမြို့၏ ဂိတ်တံခါး အပြင်ဘက်တွင် ရပ်တန့်လိုက်ကြသည်။ ရှေ့ဆုံးတွင်မူ အခြားသူမဟုတ် အိမ်ရှေ့စံမင်းသား သွမ့်ဝူချင်း ရှိနေခဲ့သည်။
ဟွမ်ယန်နှင့် အခြား ထိပ်သီး စစ်သည်တော်များ၊ စစ်သည် တစ်သောင်းကျော်နှင့်အတူ လေးစားစွာ ဦးညွှတ်လိုက်ကြသည်။
"အရှင်မင်းသားကို ဂါရဝ ပြုပါတယ်..."
အင်ပါယာ၏ စစ်သူကြီးများသည် စိတ်ထဲတွင် တိတ်တဆိတ် သည်းထိတ်ရင်ဖို ဖြစ်နေခဲ့ကြသည်။
သွမ့်ဝူချင်းသည် စစ်သူကြီးများကြားတွင် ပါရမီရှင် တစ်ဦးအဖြစ် ကျော်ကြားပြီး စစ်ရေးတွင် အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။
အကြောင်းမှာ ယဲ့ချန်းချုံးသည် သွမ့်ဝူချင်း၏ ဆရာ ဖြစ်သောကြောင့်ပင်။
သွမ့်ဝူချင်း၏ တပ်ဖွဲ့များကို ဦးဆောင် တိုက်ခိုက်ရာတွင် စွမ်းရည်အားလုံးကို ယဲ့ချန်းချုံးက သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။
သွမ့်ဝူချင်းသည် သူ၏ စစ်သည်တော် ချပ်ဝတ်ဖြင့် ရုပ်ရည် ချောမောပြီး ခန့်ညားလှကာ စစ်သူကြီး တစ်ဦး၏ အငွေ့အသက် ရှိနေခဲ့သည်။ သူ၏ အားကောင်းသော အရှိန်အဝါက ထက်ရှနေခဲ့ပြီး သူ၏ စွမ်းအားကို သက်သေပြနေခဲ့၏။
သွမ့်ဝူချင်းက ယဉ်ကျေးသော အလေးပြုမှု တစ်ခု ပြုလုပ်လိုက်သည်။
အိမ်ရှေ့စံမင်းသား ဖြစ်သည့်တိုင် သူသည် ဖုန်းဝူချန်၏ ရှေ့မှောက်တွင် မောက်မာဝံ့ခြင်း မရှိခဲ့ပါချေ။
"စစ်သူကြီးချုပ်...။ ကျွန်တော့် ခမည်းတော်ရဲ့ အမိန့်အရ... ကျွန်တော် တပ်ဖွဲ့တွေကို တိုက်ပွဲဝင်ဖို့ ခေါ်ဆောင်လာခဲ့ပါတယ်...။ ကျွန်တော် ခင်ဗျားရဲ့ အမိန့် အားလုံးကို လိုက်နာပါ့မယ်..."
"အင်ပါယာရဲ့ စစ်သည်တော်တို့... ကျုပ်ရဲ့ အမိန့်ကို နားထောင်ပါ...။ ထျန်းယွင်ဂိုဏ်းကို ပိတ်ဆို့ထားလိုက်...။ တစ်ယောက်တည်းတောင် လွတ်မသွားစေနဲ့…” ဟု ဖုန်းဝူချန်က ဟိန်းဟောက်လိုက်သည်။
သူ၏ ဒေါသတကြီး ကြွေးကြော်သံသည် ရူးသွပ်သော သတ်ဖြတ်လိုစိတ်ကို သယ်ဆောင်လာခဲ့ပြီး အရပ်လေးမျက်နှာသို့ လေပြင်းသဖွယ် တိုက်ခတ်သွားခဲ့၏။
သွမ့်ဝူချင်းက ဟိန်းဟောက်လိုက်သည်။
"စစ်သည်တော်တို့... ငါ့အမိန့်ကို နားထောင်...။ ထျန်းယွင်ဂိုဏ်းကို ပိတ်ဆို့ထားလိုက်..."
"သွားကြစို့…”
မူထျန်းယွင်က ကြေညာလိုက်ပြီး ယွင်ကျိုးနယ် တစ်ခွင်လုံးမှ အစွမ်းထက် အင်အားစုများကို စစ်ချီ၍ ဦးဆောင်သွားခဲ့သည်။
စစ်သည် တစ်သိန်း...။
ယွင်ကျိုးနယ်၏ အဓိကနှင့် သာမည အင်အားစု အားလုံးမှ အစွမ်းထက် ပုဂ္ဂိုလ်များနှင့်အတူ... ရပ်တန့်၍ မရနိုင်သော အရှိန်အဟုန် တစ်ခုကို ဖန်တီးခဲ့ကြပြီး မြင်ကွင်းသည် ဟန့်တားနိုင်စွမ်းဖြင့် ပြည့်နှက်လို့ နေခဲ့သည်။
"ဖုန်းအစ်ကိုကြီး..."
ထိုအခိုက်အတန့်တွင် လင်ရှောင်ရှောင် အရိပ်တချက် ဝေဝါးကာ ပေါ်ထွက်လာခဲ့၏။
"...ရှောင်ရှောင်..."
ဖုန်းဝူချန် ခဏတာ မှင်သက်သွားခဲ့သည်။
ထိုအခါ လင်ရှောင်ရှောင်က ပြတ်သားစွာ ကြေညာလိုက်သည်။
"ဖုန်းအစ်ကိုကြီး... ရှောင်ရှောင် ထွက်မသွားဘူး...။ သေမယ်ဆိုရင်တောင် အတူတူ သေကြမယ် နော်..."
"ဖုန်းအစ်ကိုကြီး ဘယ်လို အခက်အခဲတွေပဲ ကြုံရကြုံရ... ရှောင်ရှောင် ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူး...။ ဖုန်းအစ်ကိုကြီး ကျဆုံးသွားခဲ့ရင်တောင်... ရှောင်ရှောင်က ရှင့် ဘေးကနေ ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ဘူး...။ ပြီးတော့... ဖုန်းအစ်ကိုကြီး ပြန်ပြီး ထွန်းတောက်လာမယ့် တစ်နေ့ကျရင်... ရှောင်ရှောင်က ရှင်နဲ့အတူ လောကကြီးကို အုပ်စိုးဖို့ ရှိနေမှာပါ…”