ရက်စက်သော နည်းဗျူဟာများ
Vol. 10 Ch. 143
~လင်ရှောင်ရှောင်၏ ပေါ်ထွက်လာမှုနှင့် သူမ၏ စကားလုံးများသည် မူလက သူမကို ဒေါသတကြီး ပေါက်ကွဲပစ်တော့မည့် ဖုန်းဝူချန်ကို နက်ရှိုင်းစွာ တုန်လှုပ်သွားစေခဲ့လေသည်။
'...ရှောင်ရှောင်...။ ငါ့အတွက်... ဒီလောက်ထိ...'
သူ၏ အတွင်းထဲတွင် တိုးဝင်လာသော နွေးထွေးမှုသည် ဖုန်းဝူချန်၏ အမျက်ဒေါသကို တဖြည်းဖြည်း အရည်ပျော်သွားစေခဲ့၏။
"...ရှောင်ရှောင်..."
သူ၏ မျက်ဝန်းထဲမှ သွေးရောင် အလင်းတန်းများသည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီး သူ၏ အကြည့်များ နူးညံ့သွားခဲ့သည်။
"ဖုန်းအစ်ကိုကြီး...။ ကျွန်မ တစ်သက်လုံး အစ်ကိုကြီး ဘေးကနေ ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ဘူး…”
လင်ရှောင်ရှောင်က ပြတ်သားစွာ ကြေညာလိုက်သည်။ သူမ၏ လှပသော မျက်ဝန်းများတွင် မျက်ရည်များ လင်းလက်နေခဲ့ပြီး ထိခိုက်နာကျင်နေသော နတ်သမီးလေး တစ်ပါးကဲ့သို့ပင်... လူတစ်ဦး မကာကွယ်ဘဲ မနေနိုင်အောင် ဖြစ်သွားစေခဲ့၏။
အသက်ရှင်သေဆုံးမှုနှင့် ရင်ဆိုင်ရသည့်တိုင် လင်ရှောင်ရှောင်သည် သူ၏ ဘေးတွင် မယိမ်းမယိုင် ရပ်တည်နေခဲ့သည်။
၎င်းက ဖုန်းဝူချန်ကို နက်ရှိုင်းစွာ တုန်လှုပ်သွားစေခဲ့၏။
ဤမျှ အချိန်ကြာမြင့်စွာ အတူတကွ ဖြတ်သန်းပြီးနောက်... ဖုန်းဝူချန် ထိုအခိုက်အတန့်တွင် သဘောပေါက်သွားခဲ့သည်။
လင်ရှောင်ရှောင်သည် သူ၏ နှလုံးသားထဲတွင် နက်ရှိုင်းစွာ စွဲထင်သွားခဲ့ပြီ ဖြစ်ပြီး အခြား မည်သူနှင့်မျှ အစားထိုး၍ မရနိုင်တော့ပါချေ။
'...ငါ... ငါ ရှောင်ရှောင်ကို...'
ဖုန်းဝူချန်က လင်ရှောင်ရှောင်ကို သူ၏ လက်မောင်းများထဲသို့ ဆွဲသွင်းလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
"အစ်ကိုကြီးကလည်း... ရှောင်ရှောင့်ကို ဘယ်တော့မှ အထိအခိုက် မခံစေရဘူး...။ ဘယ်သူမှ မင်းကို အနိုင်ကျင့်ခွင့် မရှိစေရဘူး..."
'...ဟုတ်တယ်... ဘယ်သူမှ မင်းကို မထိရဘူး...'
လင်ရှောင်ရှောင်သည် မော့လင်းအာထက် အဆပေါင်းများစွာ သာလွန် ကောင်းမွန်လှပေသည်။
ဖုန်းဝူချန် စိတ်ထဲတွင် တိတ်တဆိတ် ကံကောင်းသည်ဟု ခံစားလိုက်မိသည်။
မော့လင်းအာ သူနှင့် လမ်းခွဲသွားခဲ့သောကြောင့် ဖြစ်၏။
သို့မဟုတ်ပါက သူ လင်ရှောင်ရှောင်နှင့် ဘယ်သောအခါမှ တွေ့ဆုံခဲ့ရမည် မဟုတ်ပေ။
လင်ရှောင်ရှောင်နှင့် တွေ့ဆုံခဲ့ရခြင်းသည် သူ၏ ယခင် ဘဝက ပြုစုပျိုးထောင်ခဲ့သော ကောင်းမှုကံများကြောင့်ဟု ဖုန်းဝူချန် ခံစားလိုက်ရသည်။
ဟုတ်ပါသည်။ မော့လင်းအာသည် မကောင်းဆိုးဝါး။ လူတစ်ယောက် မဟုတ်ခဲ့ပါချေ။
သူမတွင် သူမ၏ ကိုယ်ပိုင် ရွေးချယ်မှုများ ရှိနေခဲ့ရုံသာ ဖြစ်သည်။ သူမ၏ စွမ်းအားနှင့် ရာထူးအပေါ် လိုက်စားမှုမှာ အလွန်အမင်း ပြင်းထန်လွန်းနေခဲ့ရုံသာ။
ဖုန်းဝူချန်၏ ပွေ့ဖက်မှုနှင့်အတူ လင်ရှောင်ရှောင်သည် မယုံနိုင်လောက်အောင် ချိုမြိန်မှုကို ခံစားလိုက်ရသည်။ ဖုန်းဝူချန်နှင့်အတူ ကုန်ဆုံးခဲ့ရသော အချိန်သည် သူမ၏ အားထုတ်မှု အားလုံးကို တန်ဖိုးရှိသွားစေခဲ့သည်ဟု သူမ ခံစားလိုက်ရ၏။
လင်ရှောင်ရှောင်က ချိုမြိန်သော အပြုံးဖြင့် ဆိုလိုက်သည်။
"ဖုန်းအစ်ကိုကြီး...။ ဦးလေးဖုန်းနဲ့ ဒေါ်လေးရှောင်ကို ကယ်တင်ဖို့ နည်းလမ်းတစ်ခု ကျွန်မ သိတယ်...။ ရှင် စိတ်အေးလက်အေး တိုက်ခိုက်လို့ ရပါတယ်..."
"...တကယ်...။ ဟား... တော်လိုက်တာ ရှောင်ရှောင်ရာ..."
ဖုန်းဝူချန်က ပြုံးလိုက်သည်။
"ကောင်းပြီ...။ မင်းရဲ့ စကားတွေနဲ့ဆိုတော့... ငါ စိတ်အေးနိုင်ပြီ...။ သွားကြစို့..."
သူ၏ သွေးရူးသွေးတန်း အခြေအနေ ငြိမ်သက်သွားခဲ့သော်လည်း ဖုန်းဝူချန်၏ ဒေါသနှင့် မုန်းတီးမှုသည် သူ၏ နှလုံးသားထဲတွင် ရှိနေဆဲ ဖြစ်ပြီး သူ၏ မျက်ဝန်းထဲမှ သတ်ဖြတ်လိုစိတ်များမှာ
လည်း ကျန်ရှိနေဆဲပင်။
စစ်သည် တစ်သိန်း ပါဝင်သော အင်အားကြီး တပ်မတော်သည် ထျန်းယွင်ဂိုဏ်းရှိရာသို့ ခန့်ညားစွာ ချီတက်သွားခဲ့ကြလေ၏။ သူတို့ သွားရာ လမ်းတစ်လျှောက်တွင် အခြား အင်အားစု အားလုံး လမ်းဖယ်
ပေးခဲ့ကြရ၏။
'...ဒီတစ်ခါတော့... ငါတို့နဲ့ ထျန်းယွင်ဂိုဏ်း... အပြတ်ပဲ...'
ကျားနှစ်ကောင် တိုက်ခိုက်ကြလျှင် တစ်ကောင် ဒဏ်ရာရမည်မှာ မလွဲဧကန်ပင်။
ဤတိုက်ပွဲသည် ရှောင်လွှဲ၍ မရနိုင်တော့ပါချေ။
သွမ့်ဝူချင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"လေးဖွဲ့ ခွဲမယ်...။ ယွင်ယွဲ့ တောင်တန်းရဲ့ မြောက်၊ တောင်၊ အရှေ့၊ အနောက်ကို ပိတ်ဆို့ထားလိုက်..."
စစ်သည် တစ်သိန်း ပါဝင်သော တပ်မတော်ကြီးသည် စစ်သူကြီး လေးဦး၏ ဦးဆောင်မှုဖြင့် လေးဖွဲ့ ခွဲထွက်သွားခဲ့ကြသည်။
ဧရာမ အခင်းအကျင်းကြီး တစ်ခုကဲ့သို့ ခန့်ညားလှသော ကြီးမားသည့် ဖွဲ့စည်းပုံ တစ်ခုကို ဖန်တီးလိုက်ကြ၏။
ယဲ့ချန်းချုံး ဦးဆောင်သော ကောင်းကင် အရိပ်တပ်ဖွဲ့ဝင်များနှင့် အလံနက် တပ်မတော်တို့သည် ရှေ့ဆုံးမှ ချီတက် တိုက်ခိုက်သွားခဲ့ကြသည်။
သံမဏိ သွေးသား စစ်ဝိညာဉ်နှင့် ချမ်းစိမ့်စိမ့် လေးလံသော သတ်ဖြတ်လိုသည့် အငွေ့အသက်သည် နှလုံးသားများကို တုန်လှုပ်သွားစေခဲ့သည်။
သူတို့သည် အင်ပါယာ၏ အထက်မြက်ဆုံး စစ်သည်တော်များ... အင်ပါယာ၏ ရှေ့ပြေး တပ်ဦးပင်။
ယဲ့မိသားစုနှင့် နီမိသားစုမှ ပညာရှင်များသည် အနီးကပ် လိုက်ပါလာခဲ့ကြပြီး သူတို့၏ နောက်တွင်မူ မူထျန်းယွင် ဦးဆောင်သော ယွင်ကျိုးနယ်မှ အသန်မာဆုံး အင်အားစုများ ရှိနေခဲ့ကြသည်။
"...သူတို့ ရောက်လာကြပြီ..."
ထျန်းယွင်ဂိုဏ်း အတွင်းတွင် အထက်ပိုင်း လူကြီးများသည် ချဉ်းကပ်လာသော သံမဏိသွေးသား သတ်ဖြတ်လိုသည့် အငွေ့အသက်နှင့် အင်ပါယာ စစ်သည်တော်များ၏ မြင့်မားသော စိတ်ဓာတ်ကို ခံစားမိနေခဲ့ကြပြီ ဖြစ်သည်။
ကူချင်းရွှမ်း အကြီးအကျယ် မျက်မှောင်ကြုတ်လိုက်မိပြီး သုန်မှုန်စွာ ရေရွတ်လိုက်၏။
"ကြည့်ရတာ ဧကရာဇ်က စိတ်ပိုင်းဖြတ်လိုက်ပုံပဲ..."
'...ဟီဟီး.. လာတော့လည်း ဘာဖြစ်လဲ...'
ကူချင်းရှန်းက အေးစက်စွာ ပြန်ပြောလိုက်သည်။ သူ၏ ကြောက်မက်ဖွယ် သတ်ဖြတ်လိုသည့် အငွေ့အသက်သည် ဒီရေလှိုင်းလုံး တစ်ခုကဲ့သို့ တိုက်ခတ်နေခဲ့၏။
"ဟမ့်...။ သေတဲ့အထိ တိုက်ခိုက်ရမယ် ဆိုရင်တောင်... ငါတို့တွေ သူတို့ကို အမြစ်ပြတ် သုတ်သင်ပစ်ရမယ်..."
မဟာ အကြီးအကဲ လူရှင်းချန်က လေးနက်စွာ စကားဆိုလာခဲ့သည်။
"မဟာ တိုက်ပွဲကြီးက နီးကပ်လာပြီ...။ အမိန့်တွေ ထုတ်ပြန်လိုက်...။ တပည့် အားလုံး တိုက်ပွဲအတွက် ပြင်ဆင်ကြ..."
ထျန်းယွင်ဂိုဏ်း အတွင်းတွင် တပည့် တစ်သောင်းတို့သည် အင်ပါယာ စစ်သည်တော်များ၏ သတ်ဖြတ်လိုသည့် အငွေ့အသက်ကို ခံစားမိနေခဲ့ကြပြီး လွှမ်းမိုးနိုင်သော အရှိန်အဟုန်ကို ခံစားမိနေခဲ့ကြသည်။ များစွာသော နှလုံးသားများတွင် ရှောင်လွှဲမရနိုင်သော စိုးထိတ်မှုများ ဖြစ်တည်လာခဲ့၏။
ထိုအခိုက်အတန့်၌ နားကွဲမတတ် ကျယ်လောင်ပြီး သြဇာအာဏာ ရှိသော ကြွေးကြော်သံ တစ်ခု ရုတ်တရက် ထျန်းယွင်ဂိုဏ်း အတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ ထိုအသံ၌ ဟန့်တားနိုင်သော စွမ်းအားဖြင့် ပြည့်နှက်လို့ နေ၏။
"ထျန်းယွင်ဂိုဏ်း... မင်းတို့ရဲ့ အမိန့် မနာခံမှုအတွက်... မင်းတို့ရဲ့ ပြစ်မှုတွေက ခွင့်မလွှတ်နိုင်စရာပဲ…”
"...စစ်သူကြီးချုပ် ယဲ့ချန်းချုံး..."
ထျန်းယွင်ဂိုဏ်း တပည့် အများအပြား၏ မျက်နှာများ အနည်းငယ် ပြောင်းလဲသွားခဲ့ကြသည်။
ယဲ့ချန်းချုံး ဦးဆောင်သော ကောင်းကင် အရိပ်တပ်ဖွဲ့ဝင်များနှင့် အလံနက် တပ်မတော်တို့သည် ထျန်းယွင်ဂိုဏ်း၏ ဂိတ်တံခါးများဆီသို့ တိုက်ရိုက် ချေမှုန်း ဝင်ရောက်သွားခဲ့ကြပြီး တပည့် အများအပြားအား ချေမှုန်းပစ်ခဲ့သည်။
ကောင်းကင် အရိပ်တပ်ဖွဲ့ဝင်များနှင့် အလံနက် တပ်မတော်...၊
ယဲ့မိသားစု..၊ နီမိသားစု... နှင့် မူထျန်းယွင် ဦးဆောင်သော ယွင်ကျိုးနယ်မှ အစွမ်းထက် အင်အားစုများ... အားလုံး ထျန်းယွင်ဂိုဏ်း အတွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်သွားခဲ့ကြ လေသည်။
ထိုစဉ် ထျန်းယွင်ဂိုဏ်း၏ ကျယ်ပြန့်လှသော ရင်ပြင်တွင် ဂိုဏ်းတပည့် အားလုံး စုရုံးနေခဲ့ကြ၏။
ကူချင်းရွှမ်းနှင့် ထျန်းယွင်ဂိုဏ်းမှ အခြား အဆင့်မြင့် အဖွဲ့ဝင်များသည် ကြီးကျယ်သော ခန်းမဆောင်ကြီးထဲမှ အရိပ်တချက် လင်းလက်ကာ ထွက်ပေါ်လာခဲ့ကြသည်။ အလွန် ကြမ်းကြုတ်သော အရှိန်အဝါများ သူတို့ထံမှ ထွက်ပေါ်နေခဲ့၏။
ဂိုဏ်း ကာကွယ်စောင့်ရှောက်သူ ကူချင်းရှန်းက အနည်းငယ် လှောင်ပြောင်လိုက်သည်။
သူ၏ မျက်ဝန်းများတွင် မထီမဲ့မြင် အပြုအမူ အရိပ်အယောင် တစ်ချက် ရှိနေခဲ့၏။
"မူထျန်းယွင်... ယဲ့ချန်းချုံး...။ မင်းတို့ ဒီကို သေဖို့ လာကြတာလား..."
ထိုစကားကို ကြားသောအခါ မူထျန်းယွင်က ခပ်မှိန်မှိန် ပြုံးလိုက်ပြီး ဆို၏။
"သေဖို့ လာတာပဲ ဖြစ်ဖြစ်... ငါတို့ ရွှမ်းထျန်းဂိုဏ်းက သေဆုံးသွားခဲ့ရတဲ့ သူတွေအတွက် လက်စားချေရမယ်...။ ယွင်ကျိုးနယ်ရဲ့ အဓိက အင်အားစုတွေက လူတွေ အများကြီး မင်းတို့ ထျန်းယွင်ဂိုဏ်းရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရတာ...။ ငါတို့ ဒါကို ဒီအတိုင်း ထားခဲ့လို့ ဖြစ်မလား..."
ထိုအခါ ဖုယွင်က ပေါ့ပေါ့တန်တန်ပြန်၍ ချေပလိုက်သည်။
"သူတို့က သူတို့ သေတွင်း သူတို့ တူးခဲ့ကြတာ...။ သူတို့ ဒါထဲ ဝင်မပါဘဲ နေခဲ့သင့်တယ်...။ ငါ လုပ်နိုင်တာ ဘာမှ မရှိခဲ့ဘူး..."
"ငါ ကိုယ်တိုင် လေ့ကျင့်ပေးခဲ့တဲ့ ထိပ်သီး စစ်သည်တော်တွေ... နှစ်ဆယ်ကျော် ဝမ်းနည်းဖွယ် သေဆုံးခဲ့ရတာ...။ ငါ ဘယ်လိုလုပ် လက်ပိုက်ကြည့်နေပြီး ဘာမှ မလုပ်ဘဲ နေနိုင်မှာလဲ...။ ထျန်းယွင်ဂိုဏ်းရဲ့ အမိန့် မနာခံမှုကို ခွင့်လွှတ်လို့ မရနိုင်ဘူး..."
ယဲ့ချန်းချုံးက ထက်ရှ၍ လေးနက်သော အသံဖြင့် စကား ဆိုလာခဲ့ခြင်း ဖြစ်၏။
ကောင်းကင် အရိပ်တပ်ဖွဲ့ဝင်များနှင့် အလံနက် တပ်မတော် စစ်သည်တော်များက အော်ဟစ်လိုက်ကြသည်။
ကောင်းကင်ကို ထိရှလောက်သော ဒေါသများ သူတို့၏ အသံများတွင် ပါဝင်နေခဲ့၏။
"ငါတို့ ညီအစ်ကိုတွေအတွက် သွေးကလဲ့စားချေမယ်..."
နားကွဲမတတ် ဟိန်းဟောက်သံများသည် ထျန်းယွင်ဂိုဏ်း တစ်ခွင်လုံး ပဲ့တင်ထပ်သွားခဲ့ပြီး အချိန်အတော်ကြာ တည်ရှိနေခဲ့သည်။
"စည်တော် တီးကြ…”
ထျန်းယွင်ဂိုဏ်း တောင်ခြေရင်းမှ သွမ့်ဝူချင်း၏ ကြွေးကြော်သံ ထွက်ပေါ်လာခဲ့သည်။
“ဗုန်း ဗုန်း ဗုန်း…”
“ဗုန်း ဗုန်း ဗုန်း…”
“ဗုန်း ဗုန်း ဗုန်း…”
စစ်စည်တော်သံများ မြည်ဟည်းလာခဲ့သည်။
တံပိုးခရာသံများ သီဆိုလာ၏။
ကြောက်ရွံ့ ရိုသေဖွယ် ကောင်းပြီး မြေပြင်ကို တုန်လှုပ်သွားစေမည့် အရှိန်အဟုန်ဖြင့်...။စိတ်ဓာတ်ကို လှုံ့ဆော်ပြီး သွေးများကို ဆူပွက်လာစေခဲ့သည်။
အင်ပါယာ၏ စစ်သည် တစ်သိန်း ပါဝင်သော တပ်မတော်ကြီးသည် ကြမ်းကြုတ် အရှိန်အဟုန်ဖြင့် ဖိအားပေး ချဉ်းကပ်လာနေခဲ့၏။
ယွင်ယွဲ့ တောင်တန်း တစ်ခုလုံးကို ပိတ်ဆို့ထားခဲ့ပြီး ဖြစ်သည်။ အင်ပါယာ စစ်သည်တော်များဖြင့် ထူထပ်စွာ ပြည့်နှက်နေခဲ့ပြီး တောင်တန်းများ အတွင်းမှ ငှက်များနှင့် သားရဲများကို ကြောက်လန့်တကြား ထွက်ပြေးသွားစေခဲ့သည်။
စစ်သည် တစ်သိန်း ပါဝင်သော တပ်မတော်ကြီးသည် ထျန်းယွင်ဂိုဏ်း တည်ရှိရာ တောင်ထိပ်များဆီသို့ စတင် စုရုံး ချဉ်းကပ်လာခဲ့ကြသည်။ ၎င်းသည် တောင်တန်းများကို တုန်လှုပ်သွားစေမည့် ငလျင်ကြမ်း တစ်ခုနှင့် တူလှ၏။
သွမ့်ဝူချင်းသည် ထျန်းယွင်ဂိုဏ်း၏ တောင်ခြေများဆီသို့ ရောက်ရှိလာခဲ့ပြီး စစ်သူကြီး ဒါဇင်ပေါင်းများစွာကို ဂိုဏ်းအတွင်းသို့ ဦးဆောင် ခေါ်ဆောင်လာခဲ့သည်။
သူတို့၏ ပတ်ပတ်လည်မှ သတ်ဖြတ်လိုသည့် အရှိန်အဝါသည် ထိပ်သီး စစ်သည်တော်များထက် မနိမ့်ကျခဲ့ပါချေ။
"အိမ်ရှေ့စံမင်းသားကို ဂါရဝ ပြုပါတယ်..."
ဟွမ်ယန်နှင့် လွမ်ရှန်းတို့ အော်ဟစ်လိုက်ကြရာ စစ်သည်တော်များကလည်း အလားတူ တုံ့ပြန်လိုက်ကြသည်။
"အိမ်ရှေ့စံမင်းသားကို ဂါရဝ ပြုပါတယ်..."
သွမ့်ဝူချင်းသည်လည်း စစ်ဘက် နောက်ခံမှ လာသူ ဖြစ်ပြီး ယဲ့ချန်းချုံး၏ ပြုစုပျိုးထောင်မှုအောက်တွင် ကြီးပြင်းလာခဲ့သူ ဖြစ်လေသည်။
သွမ့်ဝူချင်းသည် သံသယ ကင်းမဲ့စွာ အင်ပါယာ၏ အနာဂတ် ပြိုင်ဘက်ကင်း ရွေးချယ်မှုပင်။
အင်ပါယာ၏ လူငယ် မျိုးဆက်မှ အကြီးကျယ်ဆုံးသော ပါရမီရှင် တစ်ဦး ဖြစ်ခဲ့ဖူးသည်။
စစ်သူကြီး ဒါဇင်ပေါင်းများစွာကို ဦးဆောင်လျက် သွမ့်ဝူချင်းသည် ထျန်းယွင်ဂိုဏ်း အတွင်းသို့ ခြေချလာခဲ့သည်။ တစ်ဦးချင်းစီတွင် စစ်သည်တော် ချပ်ဝတ်များ ဝတ်ဆင်ထားကြပြီး အလွန်ပင် ခန့်ညားလှပေ၏။
သွမ့်ဝူချင်း ပေါ်ထွက်လာသည်ကို မြင်တွေ့ရသောအခါ ထျန်းယွင်ဂိုဏ်း၏ အထက်ပိုင်း လူကြီးများနှင့် တပည့် အများအပြား အလွန် အံ့အားသင့်သွားခဲ့ကြသည်။ အင်ပါယာမှ ဤ ပါရမီရှင် ပုဂ္ဂိုလ် ကိုယ်တိုင် ချီတက် ဦးဆောင်လာလိမ့်မည်ဟု သူတို့ ဘယ်သောအခါကမျှ မျှော်လင့်မထားခဲ့ကြပါချေ။
"...အိမ်ရှေ့စံမင်းသားပါလား..."
သွမ့်ဝူချင်းက ပေါ့ပေါ့ပါးပါး ဆိုလိုက်လေသည်။
"ဒီနှစ်တွေ အားလုံးမှာ... အင်ပါယာက ထျန်းယွင်ဂိုဏ်းနဲ့ စစ်ခင်းလိမ့်မယ်လို့ ဒီမင်းသား တကယ်ပဲ မျှော်လင့်မထားခဲ့မိဘူး...။ ဒါ တကယ်ပဲ မမျှော်လင့်ထားတဲ့ အရာပါ..."
ထိုအခါ ကူချင်းရှန်းက အေးစက်စွာ ရန်တွေ့လိုက်သည်။
"အင်ပါယာက သိပ် လွန်လွန်းသွားပြီ...။ ထျန်းယွင်ဂိုဏ်းက ဒါကို ဆက်ပြီး သည်းခံနေလိမ့်မယ်လို့ မင်း တကယ် ထင်နေတာလား. မင်းသား.."
ယဲ့ချန်းချုံးက အေးစက်စွာ ပြန်လည် ချေပလိုက်၏။
"လွန်လွန်းသွားတယ်...။ ဟွမ်ဖူမိသားစုက မော့မိသားစုကို ဖုန်းမိသားစုကို ဆန့်ကျင်ဖို့... စစ်သူကြီးချုပ်ကို ဆန့်ကျင်ဖို့ ကူညီခဲ့တယ်...။ သစ္စာဖောက်မှု ကျူးလွန်ခဲ့တာ...။ သူတို့ သေထိုက်တယ်...။ ပြီးတော့ ဟွမ်ဖူမိသားစုက နောက်တစ်ကြိမ် ထပ် လုပ်ခဲ့ပြန်တယ်...။ နန်းတွင်း အကြံပေးရဲ့ အမိန့်တွေကို လျစ်လျူရှုပြီး... အင်ပါယာရဲ့ ဂုဏ်သိက္ခာကို စိန်ခေါ်ခဲ့တယ်...။ သူတို့ သေတာထက် ဘာမှ မထိုက်တန်ဘူး..."
အကြီးအကဲ ယိယွင်က သူ့အား ဒေါသတကြီး ပြန်လည် အော်ဟစ်လိုက်သည်။
"ဟွမ်ဖူကျန့်ထျန်းနဲ့ ဟွမ်ဖူချင်းက ငါတို့ ထျန်းယွင်ဂိုဏ်းရဲ့ ပါရမီရှင် တပည့်တွေ...။ သူတို့ သစ္စာဖောက်မှု ကျူးလွန်ခဲ့ရင်တောင်... ဖုန်းဝူချန်က သူတို့ကို သတ်လို့ မရဘူး...။ ဒါပေမယ့် ဖုန်းဝူချန်က ငါတို့ ထျန်းယွင်ဂိုဏ်းကို လျစ်လျူရှုခဲ့တာကွ..."
ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော အေးစက်သည့် အသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
"ကျုပ်သာ သူတို့ကို မသတ်ခဲ့ရင်... သူတို့က ကျုပ်ကို သတ်မှာပဲ...။ ခင်ဗျားတို့ ထျန်းယွင်ဂိုဏ်းထဲက ဘယ်သူက တခြား တစ်ယောက်ယောက် သတ်ဖို့ ငြိမ်ငြိမ်လေး ရပ်နေမှာလဲ...။ ဂိုဏ်းချုပ် ကူချင်းရွှမ်း... ခင်ဗျား ဆိုရင်ရော ရပ်နေမှာလား...။ ခင်ဗျားတို့က ဖြောင့်မှန်တယ်လို့ ဟန်ဆောင်နေတဲ့ အရေခြုံ တစ်စုသက်သက်ပဲ..."
"ရွှီ..."
ထိုအသံနှင့်အတူ ရုတ်တရက် ဆိုသလို လေထု ပေါက်ကွဲသံ တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာခဲ့၏။
မြင့်မားသော ကောင်းကင်ယံတွင် ရွှေရောင် အလင်းတန်း တစ်ခု ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် လင်းလက် ဖြတ်သန်းသွားခဲ့ပြီး အရှိန်အဟုန်ဖြင့် တိုးဝင်လာခဲ့သည်။
ထျန်းယွင်ဂိုဏ်းမှ တပည့်များ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
"...ဓားပျံသိုင်း..."
ကူချင်းရွှမ်းနှင့် အခြား အကြီးတန်း အဖွဲ့ဝင်များ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိကြသည်။
"...ဖုန်းဝူချန်..."
မဟာ အကြီးအကဲ လူရှင်းချန် အလွန် ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး ဖုန်းဝူချန်ကို အံ့ဩတကြီး စိုက်ကြည့်နေမိတော့သည်။
"...စတုတ္ထအဆင့် ဆေးပညာရှင်..."
ပဉ္စမအဆင့် ဆေးပညာရှင် တစ်ဦး ဖြစ်သော လူရှင်းချန်သည် ဖုန်းဝူချန်၏ ဆေးပညာ ဘုံအဆင့်ကို တစ်ချက် ကြည့်လိုက်ရုံဖြင့် အသိအမှတ် ပြုလိုက်နိုင်ခဲ့သည်။ သူပင်လျှင် ထို အားကောင်းပြီး လွှမ်းမိုးနိုင်သော ဝိညာဉ် စွမ်းအားအပေါ် အနည်းငယ် စိုးရိမ်ပူပန်သွားရသည်။
စစ်သည်တော်များ၊ အရာရှိများ၊ စစ်သူကြီးများနှင့် ယွင်ကျိုးနယ်မှ အင်အားစု အသီးသီးမှ အစွမ်းထက် ပုဂ္ဂိုလ်များ အားလုံး လေးစားစွာ နှုတ်ဆက်လိုက်ကြသည်။
"စစ်သူကြီးချုပ်ကို ဂါရဝ ပြုပါတယ်…”
"စစ်သူကြီးချုပ်ကို ဂါရဝ ပြုပါတယ်…”
"စစ်သူကြီးချုပ်ကို ဂါရဝ ပြုပါတယ်…”
နှုတ်ခွန်းဆက်သံများ ကောင်းကင်ထက်သို့ တက်သွားခဲ့ပြီး ထျန်းယွင်ဂိုဏ်း တစ်ခွင်လုံး နောက်တစ်ကြိမ် ပဲ့တင်ထပ်သွားခဲ့၏။
ဤ စစ်သည်တော်များ၊ အရာရှိများနှင့် စစ်သူကြီးများ၏ မျက်နှာများထက်တွင် ပြသနေသော လေးစားမှုသည် ဖုန်းဝူချန် သူတို့၏ နှလုံးသားများထဲတွင် ပိုင်ဆိုင်ထားသော မြင့်မြတ်လှသည့် ရာထူးကို ရှင်းလင်းစွာ ထင်ဟပ်နေခဲ့သည်။
ဤအခိုက်အတန့်တွင် မျက်လုံး အားလုံး သူ့ထံတွင် ကျရောက်နေခဲ့သည်။
လူတိုင်း၏ အကြည့်များသည် ကောင်းကင်ဘက်သို့ လှည့်သွားခဲ့ကြသည်။
အင်ပါယာမှ ထို ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ထံသို့ပင်။
ထို ပုဂ္ဂိုလ်မှာ အခြားသူမဟုတ်... အင်ပါယာ၏ စစ်သူကြီးချုပ်... ဖုန်းဝူချန်ပင်တည်း။
သူ၏ အေးစက်သော မျက်ဝန်းများတွင် သေစေနိုင်သော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့ပြီး ထျန်းယွင်ဂိုဏ်းမှ လူတိုင်းအပေါ် တိုက်ခတ်သွားကာ ဖုန်းဝူချန်က ခက်ထန်စွာ စကားဆိုလိုက်၏။
"အင်ပါယာရဲ့ ထိပ်တန်း ဂိုဏ်း တစ်ခုအနေနဲ့... ကျုပ်က ထျန်းယွင်ဂိုဏ်းက ကိစ္စကို တရားမျှတစွာ ကိုင်တွယ်လိမ့်မယ်လို့ ထင်ခဲ့တာ...။ ဒါပေမဲ့ မမျှော်လင့်ဘဲ... ခင်ဗျားတို့ ကြွက်တစ်စုက ကျုပ်ရဲ့ ဖုန်းမိသားစုဝင်တွေကို သတ်ဖြတ်ရဲခဲ့တယ်...။ ကျုပ်ရဲ့ ဖုန်းမိသားစု မိတ်ဆွေတွေကို သတ်ဖြတ်တယ်...။ ကောင်းကင်ဗိမာန်ကို ဖျက်ဆီးတယ်...။ ကောင်းကင်ဗိမာန်က အကျဉ်းသား ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်တယ်..."
ဖုန်းဝူချန်က မီးလျှံဓားကို ထုတ်ယူလိုက်ပြီး အေးစက်စွာ မေးလိုက်သည်။
"ဘယ်သူက ဖုယွင်လဲ...။ ငါ့အတွက် ထွက်လာခဲ့စမ်း..."
"ငါပဲ…”
ဖုယွင်က မာနကြီးစွာ ပြန်ဖြေလိုက်သည်။ ကြောက်ရွံ့ခြင်း ကင်းမဲ့စွာ သူက လှောင်ပြောင်လိုက်၏။
"ဝှစ်..."
"ဇွပ်..."
ဖုယွင် စကားဆုံးသည်နှင့် နောက်တစ်စက္ကန့်တွင် သူ၏ မျက်နှာပေါ်မှ မာနကြီးသော လှောင်ပြုံးသည် ချက်ချင်း တောင့်ခဲသွားခဲ့၏။ သူ မသိလိုက်ခင်မှာပင် ဖုန်းဝူချန်၏ မီးလျှံဓားသည် သူ၏ ညာဘက် ရင်ဘတ်ကို ထိုးဖောက် ဝင်ရောက်သွားခဲ့ပြီး ဖြစ်လေသည်။
နီရဲသော သွေးများ ရေတံခွန်လို ပန်းထွက်လာခဲ့၏။
မည်သည့် သတိပေးချက်မျှ မရှိ...။ အသံ တစ်စုံတစ်ရာ မရှိ...။
ဖြစ်သွား
ရုတ်ချည်း ဖြစ်လောက်အောင် မြန်ဆန်လှသည်။
"အား..."
သူ ထိုးစိုက်ခံလိုက်ရသည့် အခိုက်တွင် ဖုယွင် ဘာဖြစ်သွားသည်ကို မသိခဲ့ပါချေ။ ခဏအကြာမှသာ သူ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး ပြင်းထန်စွာ အော်ဟစ်လိုက်မိတော့သည်။
ကူချင်းရွှမ်း အကြီးအကျယ် မျက်မှောင်ကြုတ်လိုက်မိသည်။
"...မြန်လိုက်တာ..."
ကူချင်းရှန်း အလွန် တုန်လှုပ်သွားခဲ့ပြီး သူ၏ မျက်နှာအမူအရာ အနည်းငယ် မှင်တက်သွားခဲ့သည်။
"...ဒါက ဘယ်လို ကြောက်စရာကောင်းတဲ့ လှုပ်ရှားမှု သိုင်းကွက်မျိုးလဲ...။ ငါ... ကာကွယ် စောင့်ရှောက်သူတောင်မှ ဒါကို မသိလိုက်ဘူး..."
ကူအောက်ထျန်း အကြီးအကျယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ ဖုန်းဝူချန်ကို နောက်ထပ် အထင်မသေးဝံ့တော့ပါချေ။
"...ဖုန်းဝူချန်က တကယ်ပဲ ထူးခြားတာ တစ်ခုခု ရှိနေတာပဲ...။ သူ့ရဲ့ သိုင်းကွက်က တကယ် ကြောက်ဖို့ကောင်းတယ်..."
ထျန်းယွင်ဂိုဏ်းမှ တပည့် အားလုံး ကြောက်လန့်တကြား ဖြစ်နေခဲ့ကြပြီး ဖြစ်သည်။ သူတို့၏ မျက်နှာများ ဖြူဖျော့သွားခဲ့ပြီး အများအပြား ကြောက်ရွံ့မှုဖြင့် တဆတ်ဆတ် တုန်ယင်နေခဲ့ကြ၏။
ဖုယွင်သည် ထျန်းယွင်ဂိုဏ်း၏ ထိပ်တန်း တပည့် ဖြစ်သည်။ သူ၏ ကျင့်ကြံမှု အဆင့်သည် ယွမ်တန်ဘုံ သတ္တမအလွှာသို့ ရောက်ရှိနေခဲ့ကာ သူ၏ စွမ်းအားမှာ မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်လေ။
သို့တိုင်... ဤမျှ အစွမ်းထက်သော ဖုယွင်ပင်လျှင် ဖုန်းဝူချန်၏ ဓားချက်ဖြင့် တစ်ခဏအတွင်း ညာဘက် ရင်ဘတ်သို့ ထိုးဖောက်ခံလိုက်ရသည်။
သွမ့်ဝူချင်းသည်လည်း သူ၏ စိတ်ထဲတွင် အလွန် ထိတ်လန့်တုန်လှုပ်နေခဲ့သည်။
‘..စစ်သူကြီးချုပ် ဖြစ်ဖို့ ထိုက်တန်ပါပေတယ်...။ ပါရမီရှင် တိုက်ခိုက်ရေး အဆင့် သတ်မှတ်ပွဲကို ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့တာ... သူ့ရဲ့ စွမ်းအားက တကယ်ပဲ ကြောက်ဖို့ကောင်းတာပဲ..’
ဖုန်းဝူချန်၏ ဓားချက်သည် အမှန်တကယ်ပင် အစွမ်းထက် ပုဂ္ဂိုလ်များကို ဟန့်တားနိုင်ခဲ့သည်။
ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။ သေဆုံးသွားသော လူတစ်ယောက်ကို ကြည့်နေသည့် မျက်လုံးများဖြင့် ဖုယွင်အပေါ် စူးစိုက်ထားခဲ့၏။
"ဘယ်သူက မင်းကို ကောင်းကင်ဗိမာန်ကို အမြစ်ပြတ် သုတ်သင်ဖို့၊ ငါ့ရဲ့ ဖုန်းမိသားစုဝင်တွေကို သတ်ဖို့ လူတွေကို ဦးဆောင်သွားရဲတဲ့ သတ္တိကို ပေးခဲ့တာလဲ...။ ပြောစမ်း..."
ကူချင်းရှန်းက ဖုန်းဝူချန်ကို လက်ညှိုးထိုးလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဖုန်းဝူချန်...။ မင်း ထျန်းယွင်ဂိုဏ်းရဲ့ ထိပ်တန်း တပည့်ကို သတ်ရဲတာ...။ ငါ မင်းကို အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ဆုတ်ဖြဲပစ်မယ်လို့ ကျိန်ဆိုတယ်..."
ထိုစဉ် သွမ့်ဝူချင်းက အေးစက်စွာ ဝင်ရောက် ပြောဆိုလာခဲ့သည်။
"ဘယ်လို သတ္တိလဲ...။ စစ်သူကြီးချုပ်အပေါ် ဒီလောက် ရိုသေမှု ကင်းမဲ့ရဲတာက ..."
ကူချင်းရှန်းက သွမ့်ဝူချင်း၏ တည်ရှိမှုကို လျစ်လျူရှုလျက် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဖုန်းဝူချန်...။ မင်း မမေ့လိုက်နဲ့ဦး...။ မင်းရဲ့ အဖေနဲ့ တခြားသူတွေက အခုထိ ထျန်းယွင်ဂိုဏ်းရဲ့ လက်ထဲမှာ ရှိနေသေးတယ်..."
"ဒုတ်.. ဒုတ်..."
"အား..."
ဖုန်းဝူချန်က မီးလျှံဓားကို ဆွဲထုတ်လိုက်ပြီးနောက် ဖုယွင်၏ လက်များနှင့် ခြေထောက်များကို ဖြတ်တောက်ပစ်လိုက်ရာ သူ၏ ခန္ဓာကိုယ်၏ ကျန်ရှိသော အပိုင်းသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ဖုန်းဝူချန်သည် ရက်စက် ကြမ်းကြုတ်ပြီး အေးစက်စွာ ပြုမူခဲ့၏။
“အူး”
လေထုထဲ၌ သွေးများ နီစွေးစွာ ပန်းထွက်လာသည်နှင့်အမျှ ဖုယွင် ကြောက်လန့်တကြား အော်ဟစ်လိုက်မိတော့သည်။
"ဂလု..."
ဤမျှ ရက်စက်လှသော ဖုန်းဝူချန်ကို မြင်တွေ့လိုက်ရသောအခါ ထျန်းယွင်ဂိုဏ်းမှ တပည့်များသည် ကြောက်လန့်တကြား သူတို့၏ တံတွေးများကို မျိုချလိုက်မိကြသည်။
ဖုန်းဝူချန်သည် ထျန်းယွင်ဂိုဏ်း၏ ထိပ်တန်း အထက်ပိုင်း လူကြီးများ၏ ရှေ့မှောက်တွင်ပင် ဖုယွင်ကို ဒုက္ခိတ ဖြစ်သွားအောင် လုပ်ပစ်လိုက်လေသည်။
မယုံနိုင်လောက်သော ရဲတင်းမှုကို ပြသလိုက်ခြင်းပင်။
ဖုန်းဝူချန်က ဖုယွင်၏ ရင်ဘတ်ပေါ် ခြေတစ်ဖက်ဖြင့် ဖိကာ ရပ်လိုက်သည်။ သူ၏ ကြီးမားလှသော စွမ်းအားသည် ဖုယွင်ကို သွေးများ ချောင်းဆိုး ထွက်လာစေခဲ့၏။
ဖုယွင်ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် ဖုန်းဝူချန် ဆက်ပြောလိုက်လေသည်။
"ငါ့ရဲ့ ဖုန်းမိသားစုဝင်တွေကို သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့ လူတွေ အားလုံး...။ ထွက် လာ ခဲ့ ကြ စမ်း…”