ရူးသွပ်သော သတ်ဖြတ်ပွဲ
Vol. 10 Ch. 145
~ကူချင်းရွှမ်း၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက်...
"ဘုန်း... ဘုန်း။"
ထျန်းယွင်ဂိုဏ်း တစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါလာပြီး တဝီဝီ မြည်သံများနှင့်အတူ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု အတွင်းမှ ပျံ့နှံ့ထွက်ပေါ်လာ၏။
ထျန်းယွင်ဂိုဏ်းမှ တောက်ပသော အပြာရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ဂိုဏ်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ မျက်စိကျိန်းမတတ် စူးရှလှသဖြင့် လူတိုင်း အလိုလို မျက်လုံးများကို လက်ဖြင့် ကာထားလိုက်ကြရ၏။ ကြောက်မက်ဖွယ် စွမ်းအားက လူအုပ်ကို ထိတ်လန့်တကြား နောက်ဆုတ်သွားစေသည်။
ဧရာမ အပြာရောင် စွမ်းအင်ကြီးတစ်ခုက ထျန်းယွင်ဂိုဏ်းတစ်ခုလုံးကို ချက်ချင်း ဖုံးအုပ်လိုက်ပြီး... ကြီးမားသော လခြမ်းပုံသဏ္ဌာန် ဖောက်ထွင်းမြင်နိုင်သည့် အကာအကွယ်ကြီးတစ်ခု ဖြစ်ပေါ်လာလေ၏။
"ချင်းယွင် ကွပ်မျက်ခြင်း အခင်းအကျင်း...။ ဒီအခင်းအကျင်းရဲ့ သတ်ဖြတ်လိုစိတ်က သိပ်ပြင်းတာပဲ။" မူထျန်းယွင်က မျက်မှောင်အနည်းငယ် ကြုတ်ရင်း ဆိုလိုက်သည်။
ယဲ့ချန်းချုံး၏ မျက်လုံးများထဲတွင် အံ့အားသင့်ရိပ်တစ်ခု ဖြတ်ပြေးသွား၏။ "ဒီအခင်းအကျင်းရဲ့ စွမ်းအားက ကြောက်စရာကောင်းလိုက်တာ... ထျန်းယွမ်ဘုံ အစွမ်းနဲ့တောင် ညီမျှနေပါလား။"
ကူချင်းရှန်းက ခနဲ့တဲ့တဲ့ ရယ်မောလိုက်သည်။ "အရှင်ထွက်သွားဖို့တော့ စိတ်ကူးထဲတောင် မထည့်နဲ့တော့။ မင်းတို့ရဲ့ စစ်သည် တစ်သိန်း မပြောနဲ့... သူတို့ ဒီထဲ ဝင်လာလို့တောင် ရမှာ မဟုတ်ဘူး။ မင်းတို့မှာ ထွက်ပေါက်မရှိတော့ဘူးဟေ့။ မင်းတို့ရဲ့ လူတစ်ထောင်မပြည့်တဲ့ အင်အားနဲ့... အားလုံး ဒီ ထျန်းယွင်ဂိုဏ်းမှာပဲ သေဆုံးသွားရလိမ့်မယ်။"
"အားလုံး သတိထားကြပါ... အခင်းအကျင်းကို သွားမထိနဲ့... ဒါက သတ်ဖြတ်ခြင်း အခင်းအကျင်းပဲ။" ဖုန်းဝူချန်က ကပျာကယာ သတိပေးလိုက်သည်။
"ဒါက သတ်ဖြတ်ခြင်း အခင်းအကျင်းကြီး။" ကောင်းကင်အထက်မှ သွမ့်ဝူချင်း၏ မျက်နှာ ချက်ချင်း ပျက်သွားသည်။
အလျင်အမြန် ချီတက်လာသော အင်ပါယာ စစ်သည် တစ်သိန်း...။
ထိုအခိုက်တွင် စစ်သည်အများအပြားသည် အခင်းအကျင်းဆီသို့ ပြေးဝင်သွားကြပြီး ဖြစ်၏။ ကြောက်မက်ဖွယ် စွမ်းအားကို အာရုံခံမိသည့်တိုင် နောက်ကျသွားခဲ့ ချေပြီ။
သူတို့... စွမ်းအင်အလွှာကို ဝင်တိုက်မိသွားသည်။
တစ်ယောက်ပြီးတစ်ယောက်... သွေးအမှုန်အမွှားများအဖြစ် လွင့်စင်သွားကြတော့သည်။
"မတိုးနဲ့။ မတိုးနဲ့တော့။"
စစ်သားများကို ဦးဆောင်လာသော ဗိုလ်ချုပ်များ ထိတ်လန့်တကြား အော်ဟစ်ကြ၏။
ကောင်းကင်အထက်မှ သာ့ထျန်းဟွမ်ကလည်း အစွမ်းကုန် အော်ဟစ်လိုက်သည်။
"စစ်သည်အားလုံး... နောက်ဆုတ်။ အခင်းအကျင်းနား မကပ်နဲ့။"
'...'သေ... သေကုန်ပြီ...။'
ရှေ့မှ စစ်သည်များ သွေးမှုန်ဖြစ်သွားသည်ကို မြင်လိုက်ရသောအခါ... ကျန်စစ်သည်များ သွေးပျက်မတတ် ကြောက်လန့်သွားကြပြီး အလုအယက် နောက်သို့ ပြန်ဆုတ်ကြတော့သည်။
"သာ့ထျန်းဟွမ်... မင်းရဲ့ စစ်သည် တစ်သိန်းက အခုတော့ လုံးဝ အသုံးမဝင်တော့ဘူး ကြည့်စမ်း။ ဒီ လူရာဂဏန်းလောက်လေးနဲ့... မင်းက ထျန်းယွင်ဂိုဏ်းရဲ့ တပည့် သောင်းချီကို ယှဉ်နိုင်မယ် ထင်နေတုန်းလား။"
ကူချင်းရွှမ်းက ခပ်မဲ့မဲ့ ရှုတ်ချလိုက်သည်။
ထိုစကားကို ကြားသော် သာ့ထျန်းဟွမ်၏ မျက်နှာသည် ချက်ချင်း ညိုမှိုင်းသွား၏။
'...'ဒုက္ခတော့ရောက်ပြီ...။'
ထျန်းယွင်ဂိုဏ်းက ဤမျှ ကြောက်စရာကောင်းလှသည့် သတ်ဖြတ်ခြင်း အခင်းအကျင်းကြီး တစ်ခုကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မည်သူက ထင်ထားမိမည်နည်း။
ယခုတော့ သူ အလုံးစုံ သဘောပေါက် နားလည်သွားခဲ့လေပြီ။
ဒါက အဖြေဖြစ်ရမည်။
ဤအရာအား ပိုင်ဆိုင်ထားသောကြောင့်သာ ထျန်းယွင်ဂိုဏ်းသည် ဩဇာအာဏာ ကြီးမားလှသော အင်ပါယာကိုပင် ဂရုစိုက်စရာမလိုဘဲ မျက်လုံးထဲ ထည့်မထားခဲ့ခြင်း ဖြစ်သည်။
အင်ပါယာတွင် စစ်သည် တစ်သိန်း ရှိသည်ကား မှန်၏။ သို့သော် သူတို့အားလုံးမှာ ချီသန့်စင်ခြင်းဘုံနှင့် ယွမ်တန်ဘုံ အဆင့်များသာ ဖြစ်ကြသည်။ အရေအတွက် ဘယ်လောက်များများ... ထျန်းယွမ်ဘုံ ပညာရှင်တစ်ဦးက ထိန်းချုပ်ထားသော ဤကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း အခင်းအကျင်းကိုတော့ ဘယ်လိုမှ ခံနိုင်ရည်ရှိမည် မဟုတ်။
"ဟမ့်။ ဒီသတ်ဖြတ်ခြင်း အခင်းအကျင်းက ဘယ်လောက်တောင် သန်မာလဲ ကြည့်ချင်သေးတာပေါ့။" သွမ့်ဝူချင်းက အေးစက်စွာ ကြိမ်းဝါးလိုက်သည်။
"ကြိုးစားကြည့်လေ..." ကူချင်းရွှမ်းက လက်ဟန်ပြရင်း ယုံကြည်မှုအပြည့်ဖြင့် ခနဲ့လိုက်သည်။
"ဘုန်း။"
"ဘုန်း... ဘုန်း။"
သာ့ထျန်းဟွမ်သည် အရှိန်ပြင်းစွာဖြင့် အောက်သို့ ဝဲထိုး ဆင်းသက်လာပြီးနောက်၊ သူ၏ လက်ဝါးကို ဝင့်ကာ ထိုအပြာရောင် စွမ်းအင်အလွှာကြီးအား အားကုန်ရိုက်ချလိုက်လေသည်။
ထိုလက်ဝါးချက်ထဲ၌ မယုံကြည်နိုင်လောက်အောင်ပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပြည့်သိပ်နေခဲ့၏။
ထိုရိုက်ချက်နှင့်အတူ တောက်ပစူးရှလှသော အစိမ်းရောင်အလင်းတန်းများပါ ရှုပ်ယှက်ခတ်ကာ ထွက်ပေါ်လာခဲ့သည်။
သူ၏ လက်ဝါးချက် ကျရောက်သွားသည်နှင့် နားကွဲမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ လေဟာနယ်ရော အခင်းအကျင်းပါ တုန်ခါသွား၏။ သို့သော် သာ့ထျန်းဟွမ်၏ မျက်နှာ ချက်ချင်း ပျက်ယွင်းသွားရသည်။ ပြင်းထန်သော ပြန်ကန်စွမ်းအားတစ်ခုက သူ့ကို နောက်သို့ လွင့်ထွက်သွားစေ၏။
"...ဘယ်လို... ဘယ်လိုဖြစ်နိုင်မှာလဲ။"
သာ့ထျန်းဟွမ်၏ မျက်နှာတွင် အံ့အားသင့်မှုတို့ ပြည့်နှက်နေ၏။
'...ငါ့ရဲ့ အစွမ်းအကုန် ထုတ်သုံးလိုက်တဲ့ တိုက်ခိုက်မှုက... ဒီအခင်းအကျင်းကို နည်းနည်းလေး တုန်ခါသွားတာကလွဲလို့ ဘာမှမဖြစ်ဘူး ဟုတ်လား...'
"ဒါ... ဒါ ဘယ်လို အခင်းအကျင်းမျိုးလဲ။ သူ့ရဲ့ ခုခံစွမ်းအားက ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ။"
သာ့ထျန်းဟွမ် တစ်ယောက် အတွင်းစိတ်ထဲ၌ အကြီးအကျယ် တုန်လှုပ်သွားသည်။
သူတောင်မှ ဒါကို မဖောက်နိုင်လျှင်... အင်ပါယာမှာ ဘယ်သူက ဒါကို ဖောက်နိုင်ဦးမည်နည်း။
သွမ့်ဝူချင်း၏ တုန်လှုပ်နေသော မျက်နှာကို မြင်သော်... ကူချင်းရွှမ်းက လှောင်ရယ်လိုက်သည်။
"သာ့ထျန်းဟွမ်... မင်း နောက်ထပ် အကြိမ်တစ်ရာလောက် ထပ်ကြိုးစားကြည့်ဦး...။ ရလဒ်က အတူတူပဲ ဖြစ်နေမှာပဲ။"
သာ့ထျန်းဟွမ်၏ အစွမ်းကုန် လက်ဝါးချက်ကပင် အခင်းအကျင်းကို မတုန်ခါစေနိုင်ပေ။ ၎င်းအချက်ကပင် အခင်းအကျင်း၏ သန်မာမှုနှင့် လွှမ်းမိုးနိုင်စွမ်းကို ပြသနေလေသည်။
"ဒီတစ်ခါတော့ ဒုက္ခအကြီးအကျယ် ရောက်ပြီ။ ဧကရာဇ်ရဲ့ စွမ်းအားတောင်မှ အခင်းအကျင်းကို မဖျက်နိုင်ဘူး။" ယဲ့ချန်းချုံး၏ မျက်နှာ မဲ့သွားသည်။
"ထျန်းယွင်ဂိုဏ်းမှာ တပည့် သောင်းချီရှိနေတာ... ငါတို့ ဘယ်လိုလုပ် အကုန်သတ်နိုင်မှာလဲ။"
"ဒါ ဘယ်လို အခင်းအကျင်းကြီးလဲကွာ... ကြောက်စရာကောင်းလိုက်တာ။"
"စစ်တပ်ကြီးကလည်း ဝင်လာလို့မရဘူး... ငါတို့တော့ သေရချည်သေးရဲ့။"
လူအများအပြား စတင် ထိတ်လန့်လာကြသည်။ ဤကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း အခင်းအကျင်းကြီးထဲတွင် ပိတ်မိနေပြီ မဟုတ်လား။
အကယ်၍ အခင်းအကျင်းကို မဖျက်နိုင်လျှင်... အပြင်မှ စစ်သည် တစ်သိန်းကလည်း အကူအညီ မပေးနိုင်လျှင်... သူတို့၏ အင်အားက ထျန်းယွင်ဂိုဏ်းမှ တပည့် သောင်းချီကို ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်းမရှိ။
"အစ်ကိုဖုန်း... ဘယ်လိုလုပ်ကြမလဲ။" လျိုချင်းယန်က ထိတ်လန့်တကြားဖြင့် စိုးရိမ်တကြီး မေးလိုက်သည်။
သူတို့... ဒီမှာ ပိတ်မိနေချေပြီ...။
ဖုန်းဝူချန်၏ မျက်နှာထားလည်း အလွန် ဆိုးရွားနေ၏။ '...လူတစ်ထောင်မပြည့်တဲ့အင်အားနဲ့... လူသောင်းချီကို ဘယ်လိုမှ သွားမတိုက်နိုင်ဘူး...'
"ဟားဟား... အခုမှ ကြောက်သွားကြပြီလား။ မျှော်လင့်ချက် မရှိတော့ဘူးလို့ ခံစားနေရပြီမလား။" အကြီးအကဲ ယိယွင်က ကျေနပ်စွာဖြင့် အေးစက်စက် ရယ်မောလိုက်သည်။ "ထျန်းယွင်ဂိုဏ်းရဲ့ အစွမ်းက မင်းတို့လို နို့နံ့မစင်သေးတဲ့ ကောင်တွေ နားလည်နိုင်တာထက် အများကြီး ပိုနက်နဲတယ်။"
"ကာကွယ် စောင့်ရှောက်သူ... အကြီးအကဲ... သူတို့နဲ့ စကားပြောဖြုန်းနေစရာ မလိုပါဘူး။ လာမှတော့ တစ်ယောက်မှ အရှင်ပြန်မလွှတ်လိုက်ပါနဲ့။ အစ်ကိုကြီးဖုယွင်အတွက် လက်စားချေပါရမယ်" တပည့် တစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဟုတ်တယ်။ အစ်ကိုကြီးအတွက် လက်စားချေရမယ်။"
"သတ်... သူတို့ကို သတ်ကြစို့"
လူသောင်းချီ၏ အော်ဟစ်သံက တညီတည်း ထွက်ပေါ်လာသည်။
သူတို့၏ စိတ်ဓာတ်များ အမြင့်ဆုံးသို့ တက်လာပြီး သွေးဆာရက်စက်သော အသွင်သို့ ပြောင်းသွားကြသည်။
"သတ်ရမယ်... သူတို့အားလုံးကို သတ်ပစ်။ တစ်ယောက်မှ အရှင်မထားနဲ့။ဟားဟားဟားဟား"
ကူချင်းရှန်းက ကြောက်မက်ဖွယ် ရယ်သံကြီးဖြင့် အော်ဟစ်လိုက်သည်။
"သတ်။ သတ်။ သတ်။"
ထျန်းယွင်ဂိုဏ်း တပည့်များက ဒေါသတကြီး ကြွေးကြော်ရင်း... သူတို့၏ အစွမ်းထက်သော အစစ်အမှန်ယွမ်များကို ထုတ်လွှတ်ကာ ရူးသွပ်စွာ ပြေးဝင်လာကြသည်။
တိုက်ပွဲက နောက်တစ်ကြိမ် ပြန်လည် ပေါက်ကွဲလာတော့သည်။
"ကောင်းကင် အရိပ်တပ်ဖွဲ့နဲ့ အလံနက် တပ်မတော်... ငါ့အမိန့်ကို နာခံ။ ဒီအမှိုက်တွေကို ရှင်းပစ်လိုက်။ သတ်ကြ။"
ဖုန်းဝူချန်က ညာသံပေးကာ လက်စွဲတော် မီးလျှံဓားကို ကိုင်စွဲလျက် ရှေ့ဆုံးမှ ပြေးထွက်သွား၏။
"ဟုတ်ကဲ့ပါ... စစ်သူကြီးချုပ်။"
ဟွမ်ယန်နှင့် အင်ပါယာ၏ ထိပ်သီးစစ်သည် ရာပေါင်းများစွာ...။ အရိပ်များသဖွယ်...။ လေပြင်းများသဖွယ်...။ ကြောက်ရွံ့ခြင်း အလျဉ်းမရှိ။ အစွမ်းထက် သိုင်းကွက်များကို ထုတ်သုံးကာ ပြေးထွက်သွားကြသည်။
"ဖုန်းဝူချန်။ မင်းရဲ့ ပြိုင်ဘက်က ငါပဲ။"
ကူအောက်ထျန်းက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ မျက်လုံးများက ဖုန်းဝူချန်ကိုသာ စူးစူးဝါးဝါး ကြည့်နေ၏။ ဖုန်းဝူချန် လှုပ်ရှားလိုက်သည်နှင့် သူလည်း လိုက်ပါ ပြေးထွက်သွားသည်။
"သတ်။"
မူယွင်ရှန်းက လက်ဟန်ပြလိုက်သည်နှင့် ယွင်ကျိုးနယ်မှ ပညာရှင်များ ဝင် ရောက်တိုက်ခိုက်ကြ၏။
"ထျန်းယွင်ဂိုဏ်းကို ငါတို့ အင်ပါယာရဲ့ အစွမ်းကို ပြလိုက်စမ်း။ ညှာမနေနဲ့။" ဟု သွမ့်ဝူချင်းက အေးစက်စွာ အားပေးလိုက်၏။
သူက လှံတံကို ဝှေ့ယမ်းလိုက်သည်နှင့် အင်ပါယာမှ ဗိုလ်ချုပ်များပါ ဝင်ရောက် တိုက်ခိုက်ကြသည်။
"ကူချင်းရှန်း။ လာစမ်း။"
မူထျန်းယွင် အော်ဟစ်လိုက်ကာ သူ၏ အစစ်အမှန်ယွမ်များ စီးဆင်းစေရင်း လှုပ်ရှားမှု သိုင်းကွက်ကို သုံးကာ... ခမ်းနားသော နန်းတော် တစ်ခု၏ အမိုးပေါ်သို့ လျှပ်တပြက် ရောက်ရှိသွား၏။
"ဟမ့်။"
ကူချင်းရှန်းက ပြင်းထန်စွာ အေးစက်စက် နှာမှုတ်ရင်း လိုက်တက်သွားသည်။
တိုက်ပွဲ စတင်လိုက်သည်နှင့်... ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခု ပေါ်ထွက်လာလေသည်။
"ဝှစ်... ဝှစ်... ဝှစ်။"
"ဖျစ်... ဖျစ်... ဖျစ်။"
ဖုန်းဝူချန်နှင့် အင်ပါယာ၏ ထိပ်သီးစစ်သည်များသည်... တစ်ဖက်သတ် လူသတ်ပွဲကြီးကို စတင်လိုက်ကြသည်။ သူတို့၏ လှုပ်ရှားမှုများက အလွန် လျင်မြန်၏။
ခုခံကာကွယ်ရန် လုံးဝ မဖြစ်နိုင်သလောက်ပင်။ သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်း၌... ထျန်းယွင်ဂိုဏ်း တပည့်များ လဲကျသွားကြသည်။
'...ငါ... ငါ ဘယ်လို သေသွားတာလဲ...' ဆိုတာကိုတောင် သူတို့ ကိုယ်တိုင် သိလိုက်ကြပုံ မပေါ်။
'...ဘာ... ဘာသိုင်းကွက်ကြီးလဲ...'
'...သူတို့ကို မမြင်ရဘူး။ မြန်လွန်းနေတယ်...'
'...ဒါ... ဒါက အစောက ဖုန်းဝူချန် သုံးသွားတဲ့ လှုပ်ရှားမှု ပုံစံပဲ။ ကြောက်စရာ ကောင်းလိုက်တာ...'
ထျန်းယွင်ဂိုဏ်း တပည့်များ ကြောက်ရွံ့တုန်လှုပ်မှုများဖြင့် လွှမ်းခြုံသွားသည်။
ကောင်းကင် အရိပ်တပ်ဖွဲ့နှင့် အလံနက် တပ်မတော်တို့ လှုပ်ရှားလိုက်သည်နှင့်... သူတို့၏ တက်ကြွနေသော စိတ်ဓာတ်များ လုံးဝ ပျောက်ကွယ်သွားလေ၏။
ထိပ်သီးစစ်သည် ရာပေါင်းများစွာ...။ အေးစက်စွာ...။ ရက်စက်စွာ… တိုက်ပွဲဝင်နေကြ၏။
စက္ကန့်အနည်းငယ်အတွင်း... ထျန်းယွင်ဂိုဏ်း တပည့် တစ်ထောင်ကျော် သေဆုံးသွားသည်။ သေဆုံးသူ အရေအတွက်က ဆက်လက် တိုးပွားနေဆဲပင်။
ကြောက်မက်ဖွယ် သေဆုံးနှုန်းတည်း။
'...'ဒါ... ဒါ ဘယ်လိုဖြစ်ရတာလဲ...'
ဤမြင်ကွင်းကို ကြည့်ရင်း... ကူချင်းရှန်းနှင့် ထျန်းယွင်ဂိုဏ်း၏ ထိပ်ပိုင်းခေါင်းဆောင်များ အကြီးအကျယ် တုန်လှုပ်သွားကြ၏။
'...အင်ပါယာရဲ့ ထိပ်သီးတပ်ဖွဲ့က ဒီလောက်တောင် ကြောက်ဖို့ ကောင်းတဲ့ အခင်းအကျင်းမျိုး ပိုင်ဆိုင်ထားတယ်လို့ ငါတို့ တစ်ခါမှ မကြားဖူးပါဘူး...'
'...ကောင်းကင် အရိပ်တပ်ဖွဲ့နဲ့ အလံနက် တပ်မတော်က ဘယ်တုန်းက ဒီလောက် သန်မာသွားတာလဲ...။ သူတို့က ဒီလို ကြောက်စရာကောင်းတဲ့ လှုပ်ရှားမှု သိုင်းကွက်မျိုးကိုတောင် လေ့ကျင့်ထားကြပါလား...။ ဒါ... ဖုန်းဝူချန် သင်ပေးလိုက်တာများလား...'
ကောင်းကင်အထက်မှ ကြည့်နေသော ကူချင်းရွှမ်းပင် အနည်းငယ် တုန်လှုပ်သွားမိသည်။
"တပည့်တွေအားလုံး... လူခွဲလိုက်။ လူခွဲလိုက်ကြစမ်း။"
အကြီးအကဲ ယိယွင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ဖုန်းဝူချန်။"
ကူအောက်ထျန်းက ဒေါသတကြီးဖြင့် ဖုန်းဝူချန်နောက်သို့ ရူးသွပ်စွာ လိုက်လံ ဖမ်းဆီးနေ၏။
"ထျန်းယွင်ဂိုဏ်းမှာ အကာအကွယ်ပေးတဲ့ အခင်းအကျင်းကြီး ရှိတာကတော့ ဟုတ်ပါတယ်။ တကယ်လည်း သန်မာပါတယ်။ ဒါပေမဲ့... မင်းတို့ရဲ့ တပည့် သောင်းချီထဲက... ဘယ်နှစ်ယောက်လောက် ငါ့လူတွေ သတ်ပြီးသွားပြီလဲ။"
ဖုန်းဝူချန်က အေးစက်စက် ရယ်မောရင်း ကောင်းကင် အထက်မှ ကူချင်းရွှမ်းကို မော့ကြည့်ကာ မေးလိုက်သည်။
'...'ဒီလူ...'
ဖုန်းဝူချန်၏ အကြည့်ကို ခံစားမိသဖြင့် ကူချင်းရွှမ်း၏ မျက်နှာသည် ပို၍ပင် မည်းပုပ်သွား၏။
'...မှန်တယ်။ ငါ့တပည့် သောင်းချီရှိတာတော့ ဟုတ်တယ်။ ဒါပေမဲ့ အကုန်လုံးက ယွမ်တန်ဘုံမှ မဟုတ်တာ...။ အများစုက ချီသန့်စင်ခြင်းဘုံ... ဒါမှမဟုတ် အဲ့ဒီထက်တောင် နိမ့်သေးတယ်...'
ကောင်းကင် အရိပ်တပ်ဖွဲ့နှင့် အလံနက် တပ်မတော်တို့ သုံးနေသော လှုပ်ရှားမှု သိုင်းကွက်က "လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း" ဖြစ်သည်။
သူတို့၏ စွမ်းအားကလည်း အလွန်မြင့်မား၏။ အများစုမှာ ယွမ်တန်ဘုံ အဆင့်များ ဖြစ်ကြသည်။ ချောင်းရှန်နှင့် ဟွမ်ယန်တို့ဆိုလျှင် အသန်မာဆုံးဖြစ်ပြီး... ယွမ်တန်ဘုံ တတိယအလွှာသို့ပင် ရောက်နေကြပြီ။
'...ဒီလို လူတွေက သာမန်တပည့်တွေကို သတ်တာ... ကြက်ကလေး ငှက်ကလေး သတ်တာနဲ့ ဘာထူးမှာလဲ...'
ယဲ့ချန်းချုံးနှင့် အင်ပါယာမှ ဗိုလ်ချုပ်များပင် ကြက်သေသေ သွားကြသည်။
'...ဖုန်းဝူချန်က... ကောင်းကင် အရိပ်တပ်ဖွဲ့နဲ့ အလံနက် တပ်မတော်ကို... ဒီအဆင့်အထိ သန်မာလာအောင် လေ့ကျင့်ပေးထားတာပါလား...'
သာ့ထျန်းဟွမ် တစ်ယောက် ကြောက်လန့်တကြား တုန်ရင်သွားမိ၏။
'...တကယ် ကြောက်စရာကောင်းတဲ့ လူပဲ...'
'...'ဒီလိုသာဆို... နောက်ထပ် နှစ်အနည်းငယ်အတွင်း... ဒီတပ်ဖွဲ့တွေက တခြားနိုင်ငံတွေ နာမည်ကြားတာနဲ့ တုန်လှုပ်သွားရမယ့် အင်အားစုကြီး ဖြစ်လာမှာ သေချာတယ်...'
သာ့ထျန်းဟွမ် တစ်ယောက် ကောင်းကင် အရိပ်တပ်ဖွဲ့နှင့် အလံနက် တပ်မတော်တို့၏ စွမ်းအားကို တွေ့မြင်လေလေ... အင်ပါယာ၏ အနာဂတ် အစွမ်းအင်ကို မြင်ယောင်လာလေလေ ဖြစ်သည်။
ထျန်းယွင်ဂိုဏ်း၏ ယွမ်တန်ဘုံ တပည့်များကိုလည်း ယဲ့မိသားစု၊ နီမိသားစုတို့ကဲ့သို့ ယွင်ကျိုးနယ်မှ အင်အားစုများက ဝင်ရောက် ရင်ဆိုင်နေကြသည်။ ကျန်တပည့်များမှာကား... လုံးဝ ခြိမ်းခြောက်မှု မဖြစ်တော့။
ထျန်းယွင်ဂိုဏ်း တပည့်များ... ရက်စက်စွာ အသတ်ခံနေရသည်။ အလောင်းများက ကျယ်ပြန့်သော ရင်ပြင်ကြီးထက်တွင် တောင်လိုပုံနေ၏။ အားလုံး... ထျန်းယွင်ဂိုဏ်းမှ တပည့်များချည်းသာ။
ဖုန်းဝူချန်က "လျှပ်တပြက် နေရာရွှေ့ပြောင်းသိုင်းကွက်" အား အသက်သွင်းနေသည်။ သူ၏ အရှိန်က ပို၍ ကြောက်မက်ဖွယ်ကောင်း၏။
အနက်ရောင် မျဉ်းတန်းများသာ လျှပ်တပြက် ဖြတ်ပြေးသွားသည်ကို မြင်ရသည်။ သွေးများ တဖျန်းဖျန်း ပန်းထွက်နေသည်။
ထျန်းယွင်ဂိုဏ်း တပည့်များ အစုလိုက် အပြုံလိုက် လဲကျသွားကြ၏။
အားလုံးမှာ... လည်ပင်းကို ဓားတစ်ချက်တည်းဖြင့် ထိုးခွဲခံလိုက်ရခြင်း ဖြစ်သည်။
'...မဖြစ်တော့ဘူး...။ ဒီအတိုင်း ဆက်သတ်နေရင်... ငါ့တပည့်တွေ ဘယ်လောက်မှ ကျန်မှာ မဟုတ်တော့ဘူး...'
ကူချင်းရွှမ်း စတင် စိုးရိမ်လာသည်။
"ဘယ့်နှယ့်လဲ။ စိုးရိမ်လာပြီလား။"
သာ့ထျန်းဟွမ်က အေးစက်စက် ပြုံးရင်း မေးလိုက်သည်။
ထို့နောက် ပြင်းထန်သော တိုက်ခိုက်မှု တစ်ခုကို စတင်လိုက်၏။
"ဟမ့်။"
ကူချင်းရွှမ်းက စွမ်းအား အကုန် ထုတ်သုံးလိုက်သည်။ လေဟာနယ်ကြီး တုန်ခါသွား၏။ ပို၍ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာသည်။
ထိုတုန်ခါမှုက ကမ္ဘာပျက်မည့် ဆိုင်ကလုန်း မုန်တိုင်းကြီး တစ်ခုအလားပင်။
ဤကြောက်မက်ဖွယ် ဖိအားနှင့် စွမ်းအားက လူတိုင်းကို မယုံကြည်နိုင်လောက်အောင် နောက်တစ်ကြိမ် ထိတ်လန့်သွားစေသည်။
'...ကူချင်းရွှမ်းက တကယ်ကို နက်နဲလွန်းတာပဲ...'
သာ့ထျန်းဟွမ် မျက်မှောင်ကို တင်းတင်းကြုတ်လိုက်မိသည်။
"ငါ မင်းကို အရင်သတ်မယ်။ မင်းသေရင် ဒီအမှိုက်တွေက ဘာမှ ခြိမ်းခြောက်စရာ မရှိတော့ဘူး။"
ကူချင်းရွှမ်းက အေးစက်စွာ ဆိုလိုက်သည်။
'...တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ရမယ်... မဟုတ်ရင် ငါ့တပည့်တွေ...'
သာ့ထျန်းဟွမ်က အော်ဟစ် စိန်ခေါ်လိုက်သည်။
"ဒါဆိုလည်း... လာစမ်း။"
ထျန်းယွမ်ဘုံ ပညာရှင်ကြီး နှစ်ဦး... ပြင်းထန်သော တိုက်ပွဲကြီးကို နောက်တစ်ကြိမ် စတင်လိုက် ကြပြန်သည်။
အခြားတစ်ဖက်တွင်... ကူအောက်ထျန်း တစ်ယောက်... ဖုန်းဝူချန်နောက်သို့ ရူးသွပ်မတတ် လိုက်နေသော်လည်း... သတ်ဖြတ်နေမှုကို လုံးဝ မတားဆီးနိုင်ခဲ့ချေ။
ကူအောက်ထျန်း၏ မျက်နှာသည် ဒေါသကြောင့် ရှုံ့မဲ့နေ၏။ သူက အံကြိတ်ကာ ကြိမ်းဝါးလိုက်သည်။
"ဖုန်းဝူချန်... မင်း သတ္တိရှိရင်... ငါနဲ့ တစ်ယောက်ချင်း ချစမ်း။"
"မင်းက ဘာမို့လို့လဲ။ မင်းရဲ့စွမ်းအားက ဖုယွင်နဲ့ အတူတူလောက်ပဲ ရှိတာပါ၊ ဟားဟား။"
ဖုန်းဝူချန်က အေးစက်စက် ရယ်မောလိုက်သည်။
သူ၏ အေးစက်သော အကြည့်က ကူအောက်ထျန်းထံသို့ လျှပ်တပြက် ကျရောက်သွား၏။
"မင်း... မင်း... ငါ့ကို အထင်သေးရဲတယ် ဟုတ်လား။"
ကူအောက်ထျန်း ဒေါသတကြီး အံကြိတ်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် သွေးကြောစိမ်းများ ထောင်ထလာ၏။
ယွမ်တန်ဘုံ သတ္တမအလွှာ၏ စွမ်းအားအားလုံးကို ထုတ်လွှတ်လိုက်သည်။
'...ဒီကောင်... ငါ့ကို ဖုယွင်လို သတ္တဝါမျိုးနဲ့ လာနှိုင်းတယ်လား...'
"အထင်သေးတော့ ဘာဖြစ်လဲ။" ဟု ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်ကာ
သူ၏ သွေးမျိုးဆက် စွမ်းအားကို ထုတ်လွှတ်လိုက်၏။ သူ၏ အရှိန်အဝါက ချက်ချင်း ထိုးတက်သွားသည်။ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး... ပို၍ ကြီးကျယ်ခမ်းနားသော စွမ်းအားတစ်ခု အတွင်းမှ ဖြစ်တည်လာသည်။
'ဟမ်...ဒါ... ဒါ ဘာစွမ်းအားကြီးလဲ...'
ဒဏ်ရာပြင်းထန်စွာ ရရှိထားသော လူရှင်းချန်... တိုက်ပွဲဝင်နေသော ထျန်းယွင်ဂိုဏ်း ထိပ်သီးများ... ကူချင်းရှန်း အပါအဝင် အားလုံး... ဖုန်းဝူချန်၏ လွှမ်းမိုးနိုင်သော စွမ်းအားကြောင့် တုန်လှုပ်သွားကြသည်။
'...စစ်သူကြီးချုပ်က... ဒီလို ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုးကိုတောင် ဖုံးကွယ်ထားသေးတာလား...'
မူထျန်းယွင်နှင့် အခြားသူများပင် မယုံကြည်နိုင်စွာ ရင်တွင်း တုန်လှုပ်နေမိကြ၏။
"မင်း... သေရမယ်။"
ကူအောက်ထျန်း၏ မျက်လုံးများ မှေးစင်းသွားပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် အော်ဟစ်ကာ ပြေးဝင်လာသည်။
"နတ်ဘုရား အရိပ်။"
ဖုန်းဝူချန်က အေးစက်စွာ ကြွေးကြော်လိုက်သည်။
ထိုအခါ ရုတ်ချည်းပင်... သူ၏ ပုံရိပ်မှာ ပျောက်ကွယ်သွား၏။
မူလက သူ ရပ်နေခဲ့သော နေရာတွင် လေပွေ တစ်ခုသာ ကျန်ရစ်ခဲ့သည်။ သူ၏ ကိုယ်သည်ကား... လျှပ်စီးတန်း တစ်ခုအလား... ပစ်ထွက်သွားခဲ့လေပြီ။