ကူအောက်ထျန်းအား လွှမ်းမိုးအနိုင်ယူခြင်း
Vol. 10 Ch. 146
~ဖုန်းဝူချန်၏ အရှိန်သည် အသံ၏ အလျင်ကဲ့သို့ပင် မြန်ဆန်လှ၏။ သူ ချက်ချင်းဆိုသလို ရောက်ရှိလာသည်။
"ဘုန်း"
"ဝုန်း"
နောက်ဆုံးတွင်... ရင်ပြင်ကျယ်ကြီးပေါ်၌ ဖုန်းဝူချန်နှင့် ကူအောက်ထျန်းတို့ လက်သီးချင်း ပြင်းထန်စွာ တိုက်မိသွားကြပြီး ပေါက်ကွဲသံကြီး မြည်ဟိန်လာလေသည်။
ကြီးမားလှသော စွမ်းအားများ ပျံ့လွင့်ကာ မြေပြင်ကြီး တုန်ခါသွားပြီး ကွဲအက်သွားသည်။
ကျောက်တုံးကျောက်စများ လွင့်စဉ်ထွက်ကုန်ပြီး သူတို့ ခြေဖဝါးအောက်မှ အက်ကြောင်းများ ပျံ့နှံ့သွားလေ၏။
"ဟီးဟီး..ထျန်းယွင်ဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင်ဆိုတာ ဒီလောက်ပဲလား..."
ဖုန်းဝူချန်က အေးစက်စွာ ရယ်မောလိုက်သည်။
တဆက်တည်း၌ သူ၏ သွေးမျိုးဆက် စွမ်းအားကို လှုံ့ဆော်လိုက်ရာ... ယွမ်တန်ဘုံ သတ္တမအလွှာနှင့် ရင်ဆိုင် ယှဉ်ပြိုင်နိုင်သော အစွမ်းကို အပြည့်အဝ ပိုင်ဆိုင်သွားတော့သည်။
ထိုသို့ မျက်နှာချင်းဆိုင် လက်သီးတစ်ချက် တိုက်လိုက်သည်နှင့်... ကူအောက်ထျန်း၏ မျက်ခုံးတန်းများ အသားကုန် တွန့်ချိုးသွား၏။ သူ၏ လက်မောင်း တစ်လျှောက်လုံး စူးရှသော နာကျင်မှုကြီး ပျံ့နှံ့တက်လာသည်။ သူ၏ နှလုံးသားထဲတွင် တုန်လှုပ်မှုများ ပြည့်နှက်သွားလေပြီ။
'...ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ...။ ယွမ်တန်ဘုံ စတုတ္ထအလွှာ ကောင်စုတ်လေးတစ်ယောက်က... ဒီလောက်တောင် လွှမ်းမိုးနိုင်တဲ့ စွမ်းအားမျိုး ပိုင်ဆိုင်ထားတယ် ဟုတ်လား...'
"သွားစမ်း။"
ဖုန်းဝူချန်က ကြောက်မက်ဖွယ် အေးစက်သော အော်သံတစ်ချက် ပြုလိုက်သည်။ သူ၏ ကြမ်းတမ်းသော စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ကူအောက်ထျန်းကို မီတာများစွာ နောက်သို့ အဟုန်ပြင်းပြင်း လွင့်ပျံသွားစေသည်။
ကူအောက်ထျန်းသည် ဖုန်းဝူချန်ကို တုန်လှုပ်စွာ စိုက်ကြည့်နေမိ၏။
ဤသို့ လွှမ်းမိုးနိုင်သော စွမ်းအားမျိုးကို သူ ဘယ်လိုမှ မယုံကြည်နိုင်ခဲ့ပေ။
"ဂိုဏ်း... ဂိုဏ်းချုပ်ငယ်က ဖုန်းဝူချန်ကို မယှဉ်နိုင်ဘူး..."
"ဖုန်းဝူချန်က ယွမ်တန်ဘုံ စတုတ္ထအလွှာပဲ ရှိတာလေ... သူ ဘယ်လောက် သန်မာနေပါစေ... ယွမ်တန်ဘုံ သတ္တမ အလွှာကို ယှဉ်တိုက်နိုင်တာတော့... လုံးဝ မဖြစ်နိုင်ဘူး မဟုတ်လား..."
ကူအောက်ထျန်း တစ်ယောက် ဖုန်းဝူချန်၏ တွန်းထုတ်ခြင်းကို ခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ... ထျန်းယွင်ဂိုဏ်း တပည့်များ လုံးဝ တုန်လှုပ်သွားကြသည်။
ဖုန်းဝူချန်၏ အစွမ်းသတ္တိက သူတို့၏ စိတ်ကူးထဲတွင် ရှိသည်ထက် များစွာ ကျော်လွန်နေသည်ကို သူတို့ မယုံကြည်နိုင် ဖြစ်နေကြ၏။
‘အောက်ထျန်းရဲ့ အစွမ်းက သေချာပေါက် မနိမ့်ပါဘူး...။ သာမန် ယွမ်တန်ဘုံ သတ္တမ အလွှာသမားတွေတောင် အောက်ထျန်းကို ယှဉ်နိုင်တာ မဟုတ်ဘူး...။ ဒါပေမဲ့... ဖုန်းဝူချန်က သူ့ကို ယှဉ်တိုက်နိုင်တယ်တဲ့လား…’
ကူချင်းရှန်းသည်လည်း တုန်လှုပ်နေသော မျက်နှာထားဖြင့် ကြည့်နေမိသည်။
လူရှင်းချန်နှင့် အကြီးအကဲ ယိယွင်တို့မှာမူ... ကြက်သေသေလျက် ရှိနေကြသည်။
ဖုန်းဝူချန်က ဤမျှ ကြောက်မက်ဖွယ် စွမ်းအားမျိုး ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့ လက်ရှိ မြင်နေရသော မြင်ကွင်းကို မည်သို့မျှ မယုံကြည်နိုင်ကြပေ။
"ဒီကောင်လေး ဖုန်းဝူချန်က တဖြည်းဖြည်းနဲ့ ပိုပိုပြီး သန်မာလာပါလား...။ သူ အခု ယွမ်တန်ဘုံ သတ္တမ အလွှာကိုတောင် ယှဉ်တိုက်နိုင်နေပြီ...။ နောက်ထပ် တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက်ဆိုရင်... သူ သေချာပေါက် ထျန်းယွမ်ဘုံကို ခြေချနိုင်တော့မှာပဲ...။ ဒါ... ဒါ ငါတို့ အင်ပါယာအတွက် တကယ့်ကို ကံကောင်းခြင်းကြီးပဲ..."
သာ့ထျန်းဟွမ်က စိတ်လှုပ်ရှားစွာ ရယ်မောရင်း ကြွေးကြော်လိုက်သည်။
သာ့ထျန်းဟွမ် စိတ်လှုပ်ရှားနေသလောက်... ကူချင်းရွှမ်း၏ မျက်နှာမှာမူ... အလွန်အမင်း ညိုမှိုင်းနေလေပြီ။
ကူအောက်ထျန်းတစ်ယောက် အသာစီး မရသည့်အပြင်... ဖုန်းဝူချန်၏ တိုက်ကွက်များက အေးစက်ပြီး ရက်စက်လွန်းလှသည်။
...'ငါ့သား... ငါ့သားတော့ ဒုက္ခရောက်တော့မှာပဲ...'
ကူချင်းရွှမ်း တစ်ယောက် သူ၏ သားအတွက် စိုးရိမ်လာရသည်မှာ မလွဲဧကန်ပင်။
"ဘာဖြစ်သွားတာလဲ...။ မင်းရဲ့ သားအပေါ်မှာ ယုံကြည်မှု ပျောက်သွားပြီလား..."
သာ့ထျန်းဟွမ်က ကူချင်းရွှမ်းကို တစ်ချက် လှမ်းကြည့်ရင်း မဲ့ပြုံးဖြင့် မေးလိုက်သည်။
ခဏရပ်ပြီးနောက်... သာ့ထျန်းဟွမ်က ထပ်ဖြည့်လိုက်သေး၏။
"ဒါပေမဲ့... ဒီလို ဖြစ်သင့်ပါတယ်လေ...။ ဖုန်းဝူချန်က သိပ်ကို သန်မာတာ...။ ပြီးတော့ သူ့မှာ မြေကမ္ဘာအဆင့် သိုင်းပညာလည်း ရှိတယ်လို့ ကြားတယ်...။ မင်းရဲ့ သားကို သတ်ဖို့ဆိုတာကတော့... ပြဿနာ ရှိမှာ မဟုတ်ပါဘူး..."
သာ့ထျန်းဟွမ်၏ စကားကို ကြားလိုက်ရသောအခါ... ကူချင်းရွှမ်း၏ မျက်နှာထားက ပို၍ပင် မည်းမှောင်သွားသည်။
သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါများက ပိုမို လေးလံလာပြီး ကြောက်မက်ဖွယ် ကောင်းလာ၏။
"မင်း မမေ့လိုက်နဲ့... မင်းရဲ့ သားကလည်း ဒီအခင်းအကျင်းထဲမှာ ရှိနေတယ်...။ ပြီးတော့ ဖုန်းဝူချန်ရဲ့ မိဘတွေကလည်း ထျန်းယွင်ဂိုဏ်းထဲမှာ...။ မင်းတို့မှာ အနိုင်ရဖို့ အခွင့်အရေး တစ်စက်မှ မရှိဘူး..."
ကူချင်းရွှမ်းက တင်းမာစွာ အံကြိတ်ရင်း ကြိမ်းမောင်းလိုက်သည်။
"အဲ့ဒါကတော့... သိပ်မသေချာဘူး...။ ဖုန်းဝူချန်က ငါတို့ကို အမြဲတမ်း အံ့အားသင့်စေတုန်းပဲ...။ ထျန်းယွင်ဂိုဏ်း တပည့်တွေလည်း... ထောင်နဲ့ချီပြီး သေလောက်ရောပေါ့...။ သူတို့ ဘယ်လောက်ကြာကြာ ခံနိုင်ဦးမလဲတော့ မသိဘူးလေ..."
သာ့ထျန်းဟွမ်က သိပ်ပြီး စိုးရိမ်ပုံမပြဘဲ မဲ့ပြုံးဖြင့်သာ တုံ့ပြန်လိုက်သည်။
သာ့ထျန်းဟွမ် စိုးရိမ်နေသည်က... ထျန်းယွင်ဂိုဏ်း၏ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း အခင်းအကျင်းကြီးသာ ဖြစ်သည်။
အင်ပါယာတွင် အခင်းအကျင်း ပညာရှင်ကြီးများ မရှိပေ။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း အခင်းအကျင်းကြီးကို... ဘယ်သူကမှ ဖျက်ဆီးနိုင်မည် မဟုတ်ချေ။
ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက် တပ်မတော်သားများကမူ... ပြင်းထန်စွာ သတ်ဖြတ်နေကြဆဲ။
စစ်သည် တစ်ဦးစီတိုင်း၏ ကိုယ်ပေါ်တွင် ရန်သူ၏ သွေးများ စွန်းပေလျက်ရှိသည်။
ထျန်းယွင်ဂိုဏ်း တပည့်များ ထောင်နှင့်ချီ၍ သေဆုံးခဲ့ပြီး ဖြစ်၏။ ကြီးမားသော ရင်ပြင်နှင့် ပတ်ဝန်းကျင်ရှိ နန်းတော်များပေါ်တွင် အလောင်းများ ထပ်စီနေသည်။
လူသေ အလောင်းပင်လယ်ကြီး သွေးချောင်း စီးလျက် ရှိပြီး... စူးရှသော အပုပ်နံ့က လူကို ပျို့အန်ချင်စေသည်။
ထိုကြောက်မက်ဖွယ် မြင်ကွင်းက တုန်လှုပ်စရာ ကောင်းလှ၏။ တပည့်အများအပြား ထိတ်လန့် မျှော်လင့်ချက်မဲ့သွားကြပြီး... အတော်များများမှာ တိုက်ခိုက်လိုစိတ်ပင် ပျောက်ဆုံးသွားကြသည်။
သို့သော်... ဤသို့သော လှုပ်ရှားမှုများက ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့နှင့် အလံနက် တပ်မတော်သားများ၏ အစစ်အမှန်ယွမ်များကို အလွန်အမင်း ကုန်ဆုံးစေလေသည်။
ရန်သူကို သတ်ဖြတ်ရန် လျှပ်တပြက် နေရာရွှေ့ပြောင်းသိုင်းကွက်ကို ရူးသွပ်မတတ် အသုံးပြုနေရခြင်းက... အင်အားနည်းသော စစ်သည်များအပေါ် ဝန်ပိစေခဲ့သည်။
လျှပ်တပြက် နေရာရွှေ့ပြောင်းသိုင်းကွက်က အစွမ်းထက်သော်လည်း... အစစ်အမှန်ယွမ် အများအပြားကို ဖြုန်းတီးရ၏။
သို့သော်... ထျန်းယွင်ဂိုဏ်း တပည့် ထောင်ပေါင်းများစွာကို သတ်ဖြတ်နိုင်ခဲ့ခြင်းက... ကျန်ရှိနေသော တပည့်များကို သွေးပျက်မတတ် ကြောက်လန့်သွားစေခဲ့ပြီး ဖြစ်သည်။
’
‘သူတို့မှာ သန်မာတဲ့ လှုပ်ရှားမှု သိုင်းကွက်တွေ ရှိကောင်း ရှိမယ်...။ ဒါပေမဲ့ အစစ်အမှန်ယွမ် ကုန်ဆုံးမှုကလည်း မနည်းလှဘူး...။ သူတို့ ဘယ်လောက် ကြာကြာ ခံနိုင်ဦးမလဲ စောင့်ကြည့်ကြတာပေါ့...။ ငါ မင်းကို အရင်သတ်မယ်... ပြီးမှ ဖုန်းဝူချန်ကို သတ်မယ်…’
ကူချင်းရွှမ်းက အေးစက်စွာ ကြေညာလိုက်ပြီး... ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို တစ်ဖန် ပြန်လည် စတင်လိုက်သည်။
"ဒါဆိုလည်း... မင်းရဲ့ အစွမ်းအစ အမှန်ကို ထုတ်ပြလိုက်လေ...။ ငါက မင်း ထင်သလောက် မညံ့ဘူး..."
ဧကရာဇ် သာ့ထျန်းဟွမ်ကလည်း အားနည်းသည့် အရိပ်အယောင် မပြဘဲ ရှေ့သို့ တိုးဝင်သွားသည်။
"ဘုန်း ဘုန်း ဘုန်း။"
"ဘုန်းဇ်။"
သူတို့နှစ်ဦးကြားမှ ပြင်းထန်သော တိုက်ပွဲကြီး တစ်ဖန် ပြန်လည် စတင်လေပြီ။ ကြောက်မက်ဖွယ် စွမ်းအားလှိုင်းများက လေထုအား ပုံပျက်စေပြီး လေဟာနယ်ကို တုန်ခါစေသည်။
အင်ပါယာ၏ စစ်သည် တစ်သိန်းကျော်မှာလည်း... အအားထိုင်နေကြသည် မဟုတ်။
လောက်လွှဲများ၊ ဧရာမ မြားပစ်စက်ကြီးများ အားလုံး အသင့် အနေအထား ဖြစ်နေကြလေပြီ။
"ပစ်။"
"ဝှီး... ဝှီး။"
ဗိုလ်ချုပ်ကြီးလေးဦး၏ အမိန့်ပေးသံနှင့်အတူ... ထျန်းယွင်ဂိုဏ်းကို ဝန်းရံထားသော အင်ပါယာ တပ်ဖွဲ့များ စတင် တိုက်ခိုက်လိုက်ကြသည်။
လောက်လွှဲများက ကြီးမားသော မီးကျောက်တုံးကြီးများကို ကောင်းကင်ယံသို့ ပစ်လွှတ်လိုက်ကြ၏။
များပြားလှသော ဧရာမ မြားတံကြီးများလည်း လေထဲတွင် တဝီဝီ မြည်ဟည်းလျက် ပျံသန်းသွားကြသည်။
အားလုံးက ထျန်းယွင်ဂိုဏ်း၏ အခင်းအကျင်းကို ဦးတည် ချိန်ရွယ်တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
ထိုမြင်ကွင်းက အလွန် ရွံ့ကြောက်ဖွယ် ကောင်းလှပြီး... ကြည့်ရှုသူတိုင်းကို အံ့အားသင့် တုန်လှုပ်စေသည်။
"ဘုန်း ဘုန်း ဘုန်း။"
ကြီးမားသော အခင်းအကျင်းကြီးပေါ်၌ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာ၏။ မရေမတွက်နိုင်သော ဧရာမ မီးကျောက်တုံးကြီးများနှင့် ဧရာမ မြားတံကြီးများက အဆက်မပြတ် ဝင်ရောက် ထိခတ်နေကြသည်။
တိုက်ခိုက်မှုက အလွန် ပြင်းထန်လှသော်လည်း... ကံဆိုးစွာပင်... ၎င်းက ချင်းယွင် ကွပ်မျက်ခြင်း အခင်းအကျင်းကို တုန်ခါသွားစေရုံမျှပင် မစွမ်းဆောင်နိုင်ခဲ့ပေ။
"ဟမ့်... ရယ်စရာကောင်းလိုက်တာ...။ ထျန်းယွမ်ဘုံ အဆင့်တောင်မှ ချင်းယွင် ကွပ်မျက်ခြင်း အခင်းအကျင်းကို ဘာမှ လုပ်လို့မရတာ...။ မင်းတို့ရဲ့ ဒီလို သနားစရာ ကြိုးစားမှုလောက်နဲ့တော့..."
ထိုသို့ ကူချင်းရှန်းက မထီမဲ့မြင် နှာမှုတ်လိုက်သည်။
ထျန်းယွင်ဂိုဏ်း အတွင်းဘက်သို့ ပြန်ကြည့်မည်ဆိုလျှင်... ဖုန်းဝူချန်က နောက်ထပ် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်လေပြီ။ သူ၏ ကိုယ်က ဖျတ်ခနဲ ပျောက်ကွယ်သွား၏။ သူ ရပ်နေခဲ့သော နေရာတွင် လေပွေနှင့် ဖုန်မှုန့်များသာ ကျန်ရစ်ခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း... သူသည် ကူအောက်ထျန်း၏ ရှေ့မှောက်သို့ ရောက်ရှိသွားသည်။ သူ၏ အရှိန်က မြန်လွန်းသဖြင့် ကူအောက်ထျန်း တစ်ယောက် ဒိန်းခနဲ ရင်ထိတ်သွားရသည်။
"ဘုန်း ဘုန်း ဘုန်း။"
"အုန်း။"
ဖုန်းဝူချန်က ချက်ချင်း ပေါ်လာသည်နှင့်... ရက်စက်သော တိုက်ခိုက်မှုများ အဆက်မပြတ် စတင်လိုက်သည်။ ပြင်းထန်သော တစ်ယောက်ချင်း အနီးကပ် တိုက်ပွဲကြီး ဖြစ်ပွားလေ၏။
ကြောက်မက်ဖွယ် စွမ်းအားများ ဆက်လက် ဖောက်ခွဲနေပြီး... မြေပြင်ကြီးမှာလည်း အဆက်မပြတ် တုန်ခါနေသည်။
ဖုန်းဝူချန်က တရကြမ်း တိုက်ခိုက်နေသည်။ သူ၏ ကြမ်းတမ်းသော တိုက်ခိုက်မှုများကြောင့် ကူအောက်ထျန်း တစ်ယောက် ခုခံကာကွယ်ရန်ပင် ရုန်းကန်နေရသည်။
'...ဒါ... ဒါ တကယ် ရိုင်းစိုင်းလွန်းတယ်...'
ကူအောက်ထျန်း တစ်ယောက် တိုက်ခိုက်လေလေ... သူ၏ မျက်နှာထားက ပိုမို ဆိုးရွားလာလေလေ ဖြစ်သည်။ သူ၏ တိုက်ခိုက်မှုအားလုံး အသုံးမဝင် ဖြစ်နေ၏။ ထိုအစား... သူ၏ ကိုယ်ပိုင် လက်သီးချက် ခြေကန်ချက်များကသာ ပို၍ ပို၍ နာကျင်လာသည်။
ဖုန်းဝူချန်က သူ၏ သွေးမျိုးဆက် စွမ်းအားကို ထုတ်ဖော်ထားသည်။ သူ၏ မူလကတည်းက အလွန် သန်မာလှသော ရုပ်ခန္ဓာသည် ပို၍ပင် အစွမ်းထက်လာ၏။
ကြွက်သား တစ်မျှင်စီတိုင်းက ပေါက်ကွဲထွက်မတတ် စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
လက်ချင်းယှဉ် တိုက်ခိုက်ရာတွင်... သူက အကြွင်းမဲ့ ဖြုံစရာ ကောင်းလှသည်။
ကူအောက်ထျန်းက မြင့်မားသော ကျင့်ကြံမှုအဆင့်ကို ပိုင်ဆိုင်ထားသော်လည်း... အဆုံးတွင်တော့ သူသည် တကယ့် တိုက်ပွဲအတွေ့အကြုံ မရှိသူ (ဒဏ်မခံနိုင်သူ) သာ ဖြစ်သည်။
"ဘုန်း... ဘုန်း... ဘုန်း။"
"ဂိုဏ်းချုပ်ငယ်..."
ထျန်းယွင်ဂိုဏ်း တပည့်များ ထိတ်လန့်တကြား ဖြစ်သွားကြသည်။
ကူအောက်ထျန်း၏ ပုံရိပ်သည်... ခန်းမဆောင်ကြီးဆီသို့ တက်သည့် လှေကားထစ်များပေါ်သို့ ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားသည်။ ထိုရိုက်ခတ်မှုကြောင့် လှေကားထစ်များပင် ချိုင့်ဝင်သွား၏။
သူ အားကုန်သုံး၍ တိုက်ခိုက်ခဲ့သော်လည်း... ဤသို့ အဆုံးသတ်သွားရသည်မှာ... ကူအောက်ထျန်းက အားနည်းလွန်း၍ မဟုတ်ဘဲ... ဖုန်းဝူချန်က အားကြီးလွန်းနေသောကြောင့် ဖြစ်သည်။
'...ဒီကောင်စုတ်လေးက... ရယ်စရာကောင်းလောက်အောင် သန်မာလွန်းတယ်...။ သူ့ရဲ့ ရုပ်ခန္ဓာက ကြောက်စရာကောင်းလိုက်တာ...'
ဒဏ်ရာရနေသော ကူအောက်ထျန်းက ဒေါသတကြီး အံကြိတ်ရင်း... တဖြည်းဖြည်း မတ်တပ်
ထရပ်လိုက်သည်။
၎င်းက သာမန် ဒဏ်ရာလေးသာ ဖြစ်သော်လည်း... ထျန်းယွင်ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင်... ဂိုဏ်းချုပ်ငယ် တစ်ယောက်အနေဖြင့်... ဤသို့ စော်ကားခံရခြင်းကို သူ ဘယ်လို သည်းခံနိုင်မည်နည်း။
ကူအောက်ထျန်းကို ပြင်းထန်စွာ စိုက်ကြည့်ရင်း... ဖုန်းဝူချန်က မဲ့ပြုံးဖြင့် ရှုတ်ချလိုက်သည်။
"မင်းက... သိပ်ကို အားနည်းလွန်းတယ်..."
"မဆန်းပါဘူး... ညီလေး ဟွမ်ဖူတောင် မင်းလက်ချက်နဲ့ သေခဲ့ရတာ...။ မင်းမှာ တကယ် အရည်အချင်း နည်းနည်းတော့ ရှိသားပဲ..."
ကူအောက်ထျန်းက ညိုမှိုင်းသော မျက်နှာထားဖြင့် ချီးကျူးလိုက်သည်။
သူ့စကား အဆုံးမသတ်မီပင် ကူအောက်ထျန်း၏ အရှိန်အဝါများ တဟုန်ထိုး ထွက်ပေါ်လာ၏။ သူက လေထုထဲသို့ လက်ဆန့်တန်းလိုက်ပြီး သာလွန်အဆင့် ရတနာဓား တစ်လက်ကို ဆွဲထုတ်လိုက်သည်။
"ထျန်းယွင်ဂိုဏ်းရဲ့ ဓားသိုင်းက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ... ငါ ကြည့်ရသေးတာပေါ့..."
ဖုန်းဝူချန်က မီးလျှံဓားကို ဝှေ့ယမ်းလိုက်ပြီး... မြေပြင်ပေါ်မှ နေ၍ ရှေ့သို့ ပြင်းထန်စွာ တိုးဝင်သွားသည်။
"ဘုန်း... ဘုန်း။"
အလွန် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားတစ်ခု ကူအောက်ထျန်း၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာ၏။
ဓားအရှိန်အဝါများ ကောင်းကင်သို့ ထိုးတက်သွား၏။ စိမ်းပြာရောင် အလင်းတန်းများက သူ၏ ကိုယ်ပတ်လည်တွင် ရစ်သိုင်းလာပြီး... ကြောက်မက်ဖွယ် ဓားချီများက လေထုကို တုန်ခါသွားစေသည်။
"နက်နဲခြင်းအဆင့် အဆင့်မြင့် သိုင်းပညာလား...။ ကြည့်ရတာ... ထျန်းယွင်ဂိုဏ်းရဲ့ ဓားသိုင်းကလည်း... သိပ်ပြီး ထူးထူးခြားခြား မရှိပါဘူး..."
ဖုန်းဝူချန်က မဲ့ပြုံးဖြင့် ကဲ့ရဲ့လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း... သူသည် ကူအောက်ထျန်းထံသို့ ဖျတ်ခနဲ ရောက်ရှိသွား၏။
မီးလျှံဓားက... ကူအောက်ထျန်း ဖွဲ့စည်းထားသော စိမ်းပြာရောင် စွမ်းအင်လွှာဆီသို့ ထိုးစိုက်ဝင်သွားသည်။
"ဒုတ်။"
မီးလျှံဓားသည် စွမ်းအင်လွှာနှင့် မထိတွေ့မီမှာပင်... ပြင်းထန်သော ဓားချီ ပေါက်ကွဲမှုတစ်ခုက ၎င်းကို တားဆီးလိုက်သည်။
"ဖုန်းဝူချန်...။ မင်း ငါ့ကို လာပြီး အထင်မသေးနဲ့..."
ကူအောက်ထျန်းက ဒေါသတကြီး ကြွေးကြော်လိုက်သည်။
"ဟား။"
သူ၏ စကားဆုံးသည်နှင့်... ကူအောက်ထျန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ ကိုယ်ပတ်လည်တွင် စုစည်းထားသော ကြောက်မက်ဖွယ် ဓားချီများက ရုတ်တရက် ပျံ့နှံ့ထွက်သွားပြီး... ဖုန်းဝူချန်ကို နောက်သို့ လွင့်စဉ်သွားစေသည်။
'...သန်မာလိုက်တဲ့ ဓားချီပဲ...။ ကူအောက်ထျန်းရဲ့ ဓားတာအိုက... ပိုင်ခုံးထက်တောင် မနိမ့်ဘူးပဲ...'
ဖုန်းဝူချန်က မျက်မှောင်ကြုတ်ရင်း သူ့ဘာသာသူ ရေရွတ်လိုက်မိသည်။
အနီးကပ် တိုက်ခိုက်ရာတွင် ဖုန်းဝူချန် အသာစီး ရခဲ့သော်လည်း... ၎င်းမှာ သူ၏ ရုပ်ခန္ဓာ သန်မာမှုကြောင့်သာ အဓိက ဖြစ်သည်။ သို့သော်... အစစ်အမှန်ယွမ် စွမ်းအားကို ယှဉ်တိုင်းမည်ဆိုလျှင်... သူတို့၏ ကျင့်ကြံမှုအဆင့် ကြီးမားစွာ ကွာဟနေမှုကြောင့်... ဖုန်းဝူချန်၏ အစစ်အမှန်ယွမ်က ကူအောက်ထျန်းလောက် မသန်မာပေ။
ဟုတ်ပါသည်။ ဤသည်မှာ ပြဿနာ မဟုတ်ပါ။ မလုံလောက်သော အစစ်အမှန်ယွမ် စွမ်းအားကို... သိုင်းပညာများဖြင့် အစားထိုး နိုင်သည် မဟုတ်လား။
"ဝှစ်... ဝှစ်... ဝှစ်။"
ကူအောက်ထျန်းက သူ၏ ဓားကို ဝှေ့ယမ်းလိုက်ရာ... စွမ်းအင် ဓားချီ ဒါဇင်ပေါင်းများစွာ ထွက်ပေါ်လာသည်။
တစ်ခုစီတိုင်းက နားစည်ကို ထိုးခွင်းမတတ် အသံများ မြည်ဟည်းလျက် တိုးထွက်လာပြီး... တစ်ခုစီတိုင်းတွင် ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်နေသည်။ ကူအောက်ထျန်းက ထိုဓားချီများ၏ နောက်မှ ချက်ချင်း လိုက်ပါလာပြီး... သူ၏ အရှိန်အဝါက လွှမ်းမိုးနိုင်လွန်းလှသည်။
"ဝှစ်။"
"ဘုန်း... ဘုန်း။"
ဖုန်းဝူချန်က ချိန်ဆမနေတော့...။ သူ၏ ဓားကို အားကုန် ခုတ်ချလိုက်သည်။ ပေပေါင်း ဒါဇင်များစွာရှည်သော ရွှေရောင် ဓားချီကြီးက ကောင်းကင်ကို ခွင်းလျက် ထွက်ပေါ်လာ၏။
ဓားချီ၏ စွမ်းအားက ကြမ်းတမ်းလွန်းလှပြီး... ရင်ပြင်ကျယ်ကြီး၏ မြေပြင်ပေါ်တွင် လက် တစ်လုံးစာ အကျယ်ရှိသော အက်ကွဲကြောင်းကြီးများ ဟလာသည်။
"ဘုန်း... ဘုန်း... ဘုန်း။"
"ဘုန်း... ဘုန်း။"
လွှမ်းမိုးနိုင်သော ဓားချီကြီး ဖြတ်သန်းသွားရာ နေရာတိုင်းတွင်... ကူအောက်ထျန်း၏ စွမ်းအင်ဓားများ ပျက်စီးသွားကြသည်။
ဆက်တိုက် ပေါက်ကွဲသံများနှင့်အတူ... ကြမ်းတမ်းသော စွမ်းအင် လှိုင်းများ တုန်ခါလာ၏။
"အုန်း..အုန်း"
"ဘုန်း... ဘုန်း။"
လွှမ်းမိုးနိုင်သော ဓားချီကြီးကြောင့် ထျန်းယွင်ဂိုဏ်း တပည့်များ ထိတ်လန့်တကြား လူစုခွဲလိုက်ကြရသည်။
နောက်ဆုံးတွင်... ၎င်းသည် ခန်းမဆောင်ကြီးဆီသို့ တက်သည့် လှေကားထစ်များပေါ်သို့ ပေါက်ကွဲ ကျရောက်သွား၏။ ကျယ်လောင်သော အသံကြီးနှင့်အတူ... ဧရာမ ချိုင့်ခွက်ကြီး တစ်ခု ဖြစ်ပေါ်သွားသည်။ ၎င်း၏ ဖျက်ဆီးစွမ်းအားက အလွန် ကြောက်မက်ဖွယ် ကောင်းလှချေသည်။
"မင်းရဲ့ အစစ်အမှန်ယွမ်ကို... အဲ့ဒီလို သနားစရာ ကစားကွက်လေးတွေနဲ့ လာမဖြုန်းတီးပြနေနဲ့..."
ဖုန်းဝူချန်က ခပ်မာမာ ဆိုလိုက်သည်။ ကူအောက်ထျန်းတစ်ယောက် ယခုလေးတင်မှ ရှောင်တိမ်းလိုက်စဉ်မှာပင်... ဖုန်းဝူချန်က သူ့ထံသို့ အလျင်အမြန် ချဉ်းကပ်လာခဲ့ပြီး ဖြစ်သည်။
"ဟင်...။"
ကူအောက်ထျန်း၏ မျက်နှာထား သိသိသာသာ ပျက်ယွင်းသွားသည်။
"တတိယအလွှာ ကောင်းကင် အမျက်ဒေါသ လက်ဝါး။"
ကူအောက်ထျန်း တစ်ယောက် တုံ့ပြန်ချိန် မရလိုက်မီမှာပင်... ဖုန်းဝူချန်က လက်ဝါး တစ်ချက်ဖြင့် ရိုက်ချလိုက်ပြီး ဖြစ်သည်။ ဟိန်းညံနေသော လက်ဝါး လေပွေနှင့် ကြမ်းတမ်းသော စွမ်းအားက အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။
"အွတ်"
လက်ဝါးက ကူအောက်ထျန်း၏ ကျောကုန်းပေါ်သို့ တည့်တည့် ကျရောက်သွားပြီး... ထိမှန်သည့် နေရာ၌ ပေါက်ကွဲသွားသည်။
"ဖွီး”
ကူအောက်ထျန်း တစ်ယောက် သွေးတစ်ပွက် အန်ထုတ်လိုက်ရ၏။ သူ၏ ခန္ဓာကိုယ်က အမြောက်ဆန်ကြီး တစ်ခုပမာ လွင့်ထွက်သွားပြီး... ပျက်စီးနေသော လှေကားထစ်များကို ဝင်တိုက်ကာ... နောက်ဆုံးတွင် ကြီးမားသော ချိုင့်ခွက်ကြီးထဲသို့ ထိုးကျသွားလေတော့သည်။
"ဂိုဏ်းချုပ်ငယ်..."
ကူချင်းရှန်းနှင့် အခြား အကြီးတန်း ပုဂ္ဂိုလ်များ စိုးရိမ်တကြီး ဖြစ်သွားကြသော်လည်း... သူတို့ကိုယ်တိုင် တိုက်ပွဲမှ ခွာ၍ ဝင်ကူနိုင်ခြင်း မရှိပေ။
"ထျန်းအာ..."
ကောင်းကင်ယံမှ ကူချင်းရွှမ်း တစ်ယောက် တုန်လှုပ်တကြား အော်ဟစ်လိုက်သည်။
"ထျန်းယွင်ဂိုဏ်းချုပ်... ကြည့်ရတာ ခင်ဗျားရဲ့ သားက... ဖုန်းဝူချန်ကို ယှဉ်နိုင်ပုံ မရဘူးပဲ..."
သာ့ထျန်းဟွမ်က မဲ့ပြုံးဖြင့် ဆိုလိုက်သည်။
ကူချင်းရွှမ်းတစ်ယောက် တိုက်ပွဲကို အာရုံမစိုက်နိုင်တော့သည့် ထိုအခိုက်အတန့်ကို အမိအရ ဆုပ်ကိုင်ရင်း... သာ့ထျန်းဟွမ်က အငိုက်ဖမ်းကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်လေသည်။
ဖုန်းဝူချန်နှင့် ရင်ဆိုင်တွေ့ရာတွင်... ကူအောက်ထျန်း တစ်ယောက် အလွန် အခက်တွေ့နေရပုံ ပေါက်နေသည်။
အရှိန်ဖြစ်စေ... ခွန်အား ဖြစ်စေ... သူသည် ဖုန်းဝူချန်၏ အလုံးစုံ လွှမ်းမိုးဖိနှိပ်ခြင်းကို ခံနေရ၏။
"မင်းရဲ့ အစွမ်းက ဒီလောက်ပဲ ဆိုရင်တော့... မင်းက ငါ့ကို တကယ် စိတ်ပျက်စေတာပဲ..."
ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်သည်။ မီးလျှံဓားကို ကိုင်ဆောင်ရင်း... ခြေတစ်လှမ်းချင်း ရှေ့သို့ တိုးသွား၏။
ထျန်းယွင်ဂိုဏ်း တပည့်များထဲမှ... ဖုန်းဝူချန်ကို တားဆီးရဲသူ တစ်ယောက်မျှ မရှိချေ။
"ဘုန်း... ဘုန်း။"
"ဒီစွမ်းအားကတော့... မင်းကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး... ဟုတ်တယ် မဟုတ်လား..."
ချိုင့်ခွက်ကြီးထဲမှ... ခပ်တိုးတိုး အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုအသံပိုင်ရှင်မှာ... ကူအောက်ထျန်းပင် ဖြစ်တော့သည်။