ကောင်းကင်ဝံပုလွေ သားရဲ၏ စွမ်းအား
Vol. 10 Ch. 147
~ထို ချိုင့်ခွက်ကြီးအတွင်းမှ ထွက်ပေါ်လာသော စွမ်းအားသည် ကူအောက်ထျန်း၏ ယခင် အစစ်အမှန်ယွမ် စွမ်းအားများနှင့် လုံးဝ မတူကွဲပြားနေတော့ပေ။ ၎င်းသည် အလွန်အမင်း ရိုင်းစိုင်းကြမ်းတမ်းပြီး သားရဲ တစ်ကောင်၏ ကြောက်မက်ဖွယ် ခြိမ်းခြောက်မှုမျိုးကို အပြည့်အဝ သယ်ဆောင်ထားလေသည်။
ကူအောက်ထျန်း၏ အရှိန်အဝါသည် တဖြည်းဖြည်း ပို၍ မြင့်မားလာခဲ့ပြီး ထိုတုန်လှုပ်ဖွယ် စွမ်းအားအတွင်း၌ မိုးထိလောက်အောင် မြင့်မားသော ဒေါသများလည်း ပေါက်ကွဲထွက်နေခဲ့၏။
ကူအောက်ထျန်းသည် ခြေတစ်လှမ်းချင်းစီ လှမ်းရင်း ချိုင့်ဝှမ်းကြီးထဲမှ တက်လာခဲ့သည်။
ခြေတစ်လှမ်း လှမ်းလိုက်တိုင်း မြေပြင်ပေါ်တွင် ခြေရာနက်ကြီး တစ်ခု ထင်ကျန်ရစ်၏။ သူ၏မျက်နှာသည် လုံးဝ အေးခဲ တောင့်တင်းနေပြီး မည်သည့် စိတ်ခံစားချက်မျိုးမှ မတွေ့ရတော့ချေ...။ မျက်လုံးများမှာမူ သွေးများဖြင့် နီရဲလျက်ရှိရာ ကြည့်ရှုရသူတိုင်းအတွက် ထိတ်လန့်ဖွယ်ရာ ကောင်းလှသည်။
‘..ကူအောက်ထျန်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဒီလို ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုး ပုန်းကွယ်နေခဲ့တာလား... ဒီစွမ်းအားက သိပ်မရိုးရှင်းဘူး... ဒါ... ဒါ တောရိုင်းတိရစ္ဆာန် တစ်ကောင်ရဲ့ အငွေ့အသက်တွေပါလား..’
ဖုန်းဝူချန်၏ မျက်မှောင်များ ကြုံ့သွားသည်။ သူ၏ မျက်နှာအမူအရာမှာ အလွန်အမင်း လေးနက်သွား၏။
"ဂိုဏ်းချုပ်လေး... ဂိုဏ်းချုပ်လေးက ကောင်းကင်ဝံပုလွေ သားရဲရဲ့ စွမ်းအားကို ထိန်းချုပ်နိုင်သွားပြီ.."
ကူချင်းရှန်းက ကူအောက်ထျန်းကို လှမ်းကြည့်ရင်း အကြီးအကျယ် တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။
“ကောင်းကင်ဝံပုလွေ သားရဲ…”
ဖုန်းဝူချန်၏ မျက်မှောင်များ ပိုမိုနက်ရှိုင်းစွာ ကြုံ့သွားပြန်သည်။
*...ဒါ တောရိုင်းတိရစ္ဆာန်တစ်ကောင်ရဲ့ စွမ်းအားဆိုတာတော့ သေချာတယ်... ဒါပေမဲ့... လူတစ်ယောက်က တောရိုင်းတိရစ္ဆာန်ရဲ့ စွမ်းအားကို ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲ...*
*...ပုံမှန်ဆိုရင်... လူသားတစ်ယောက်က တောရိုင်းတိရစ္ဆာန်ရဲ့ စွမ်းအားကို ပိုင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး...။ ကူအောက်ထျန်းက အဲ့ဒီ ကြမ်းတမ်းပြီး ကြောက်စရာကောင်းတဲ့ စွမ်းအားတွေရဲ့ ပြန်ပြီး မျိုချတာကို မခံရဘူးပဲ...။*
ကောင်းကင်ဝံပုလွေ သားရဲသည် ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်စဉ်းလဲကာ အလွန်အမင်း အစွမ်းထက်လှသည်။ အရွယ်ရောက်ပြီးသော ကောင်းကင်ဝံပုလွေ သားရဲအများစုမှာ ပဉ္စမအဆင့် မှော်သားရဲများ ဖြစ်ကြပြီး လူသားတို့၏ ထျန်းယွမ်ဘုံ အဆင့် ကျင့်ကြံသူများနှင့် ညီမျှသော စွမ်းအားရှိကြ၏။
သို့ရာတွင်... ကူအောက်ထျန်း ထုတ်လွှတ်လိုက်သော ကောင်းကင်ဝံပုလွေ သားရဲ၏ စွမ်းအားသည် ထျန်းယွမ်ဘုံ အဆင့်သို့ ရောက်ရှိနေခြင်း မရှိသေးသည်မှာကား ထင်ရှားလေသည်။
ကူအောက်ထျန်း၏ မျက်နှာအမူအရာကို ကြည့်ရသည်မှာ သူသည် ဤစွမ်းအားကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်နေပြီ ဖြစ်ပြီး လူသား တစ်ယောက်၏ ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းကိုမူ မဆုံးရှုံးသေးသည့် ပုံပေါ်လေသည်။
ကူအောက်ထျန်း၏ ကြောက်မက်ဖွယ်ပုံစံကို မြင်တွေ့လိုက်ရသောအခါ မူထျန်းယွင်တို့ အပါအဝင် လူတိုင်းသည် သတိကြီးစွာ ထားလိုက်ကြ၏။
သူတို့၏ မျက်ဝန်းများထဲတွင် တုန်လှုပ်မှု၊ နားမလည်နိုင်မှုတို့ဖြင့် ပြည့်နှက်သွားသည်။
ထိုကြီးမားသော တိုက်ပွဲကြီးသည်လည်း ကူအောက်ထျန်း၏ ရိုင်းစိုင်းကြမ်းတမ်းသော စွမ်းအားကြောင့် ခေတ္တမျှ ရပ်တန့်သွားခဲ့ပြီး ကြောက်ရွံ့မှုအပြည့်နှင့် မျက်ဝန်းအားလုံးသည် ကူအောက်ထျန်းထံသို့သာ စုပြုံရောက်ရှိလာကြတော့သည်။
"ကောင်းကင်ဝံပုလွေ သားရဲရဲ့ စွမ်းအား... ဒါ... ဒါ ဘယ်လိုဖြစ်တာလဲ..."
မူယွင်ရှန်းက ကူအောက်ထျန်းကို ကြည့်ရင်း နားမလည်နိုင်စွာဖြင့် ရေရွတ်လိုက်မိသည်။
သူတို့ကဲ့သို့သော ကျင့်ကြံမှုအဆင့်တွင် ရှိနေသူများပင်လျှင် ဤရိုင်းစိုင်းသော သားရဲစွမ်းအားကို အတိုင်းသား ခံစားနေရ၏။
"ဒါ ဘာစွမ်းအားကြီးလဲ..."
ကောင်းကင်ယံအထက်မှ သွမ့်ထျန်းဟွမ်၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ကူအောက်ထျန်း၏ ရိုင်းစိုင်းသော စွမ်းအားကို သူ ခံစားမိလိုက်သည်နှင့် သူ၏ အကြည့်သည် ချက်ချင်းပင် ကူအောက်ထျန်းထံသို့ ပြောင်းလွဲသွားတော့သည်။
"ကောင်းကင်ဝံပုလွေ သားရဲရဲ့ စွမ်းအားပဲ..."
ကူချင်းရွှမ်းက ဖြည်းညင်းစွာ ပြောလာသည်။
"မထင်မှတ်စရာပဲ... ဖုန်းဝူချန်ရဲ့ တမင် ရန်စ လှုံ့ဆော်လိုက်တာက... ထျန်းအာကို ကောင်းကင်ဝံပုလွေ သားရဲရဲ့ စွမ်းအားကို မမျှော်လင့်ဘဲ ထိန်းချုပ်နိုင်သွားစေခဲ့တာပဲ..."
"ကောင်းကင်ဝံပုလွေ သားရဲရဲ့ စွမ်းအား..."
သွမ့်ထျန်းဟွမ် အကြီးအကျယ် တုန်လှုပ်သွားပြီး မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
"ကောင်းကင်ဝံပုလွေ သားရဲရဲ့ စွမ်းအားက မင်း သားရဲ့ ခန္ဓာကိုယ်ထဲကို ဘယ်လိုလုပ် ရောက်နေနိုင်တာလဲ..."
ကူချင်းရွှမ်းက ထိုမေးခွန်းကို ပြန်လည်ဖြေကြားခြင်း မရှိသလို၊ ဖြေကြားရန်လည်း အကြောင်းမရှိပေ။
ထျန်းယွင်ဂိုဏ်း၏ ကွင်းပြင်ကျယ်ဘက်သို့ ပြန်ကြည့်လိုက်သောအခါ... သွေးရောင်လွှမ်းပြီး ဒေါသတကြီး ဖြစ်နေသော မျက်လုံးများဖြင့် ကူအောက်ထျန်းက ဖုန်းဝူချန်ကို အေးစက်စွာ စိန်ခေါ်လေ၏။
"ဖုန်းဝူချန်... မင်းရဲ့ ရန်စလှုံ့ဆော်မှုကြောင့် ငါ ကောင်းကင်ဝံပုလွေ သားရဲရဲ့ စွမ်းအားကို မမျှော်လင့်ဘဲ ထိန်းချုပ်နိုင်သွားတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ရမယ်...။ ကောင်းကင်ဘုံက ငါ့ကို တကယ် ကူညီနေတာပဲ..."
ထိုသို့ပြောရင်း ကူအောက်ထျန်းသည် သူ၏ဘယ်ဘက်လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး လက်ဖဝါးကို ဖုန်းဝူချန် ရှိရာသို့ ချိန်ရွယ်လိုက်သည်။
"ဝုန်း.."
သူ၏ စကားသံ ဆုံးသည်နှင့် တပြိုင်နက်... လွှမ်းမိုးဖိနှိပ်နိုင်စွမ်းရှိသော ချီစွမ်းအင် အရှိန်အဝါ တစ်ခု ပေါက်ကွဲထွက်ပေါ်လာ၏။ ပေါက်ကွဲသံကြီးနှင့်အတူ ဖုန်းဝူချန်သည် ရုတ်တရက် နောက်သို့ မီတာများစွာ လွင့်စဉ်သွားတော့သည်။
ချီစွမ်းအင် အရှိန်အဝါသက်သက်ဖြင့်ပင် ဖုန်းဝူချန်ကို နောက်သို့ လွင့်စဉ်သွားစေနိုင်သည်ကို ကြည့်ခြင်းအားဖြင့် ကူအောက်ထျန်း၏ ခန္ဓာကိုယ်အတွင်းမှ ကောင်းကင်ဝံပုလွေ သားရဲ၏ စွမ်းအားသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သိရှိနိုင်လေသည်။
"...အား... ပြင်းလွန်းတဲ့ ချီအရှိန်အဝါပဲ..."
ဖုန်းဝူချန်၏ မျက်ခုံးများ တင်းကြပ်စွာ တွန့်ချိုးသွားပြီး သူ၏ မျက်နှာအမူအရာသည် ယခင်ကထက်ပင် ပို၍ လေးနက်သွားတော့သည်။
"ချီအရှိန်အဝါသက်သက်နဲ့တောင် စစ်သူကြီးချုပ်ကို တွန်းထုတ်နိုင်တယ်... ကူအောက်ထျန်းရဲ့ သားရဲစွမ်းအားက တကယ်ပဲ ကြောက်စရာ
ကောင်းလွန်းတယ်..."
မူထျန်းယွင်က မျက်မှောင်ကြုတ်ရင်း ခပတိုးတိုး မှတ်ချက်ချလိုက်၏။
ယဲ့ချန်းချုံးကလည်း မျက်မှောင်ကြုတ်လျက် ဆိုသည်။
"လူတစ်ယောက်က တောရိုင်းတိရစ္ဆာန်ရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတာမျိုး... ဒါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ..."
"အောက်ထျန်း... ဖုန်းဝူချန်ကို သတ်လိုက်.."
ကူချင်းရှန်းက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ကူအောက်ထျန်း၏ ကောင်းကင်ဝံပုလွေ သားရဲ စွမ်းအား ပေါက်ကွဲထွက်ပေါ်လာခြင်းသည် ဖုန်းဝူချန်ကို သတ်ရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်၏။
"မြန်မြန်... ဖုန်းဝူချန်ကို အမြန် သတ်စမ်း.."
ပြင်းထန်စွာ ဒဏ်ရာရထားသော လူရှင်းချန်ကလည်း ဒေါသတကြီး အော်ဟစ်လိုက်လေ၏။
ကူအောက်ထျန်းက ဖုန်းဝူချန်ကို အေးစက်စွာ စိုက်ကြည့်ရင်း ခြေတစ်လှမ်းချင်းစီ လျှောက်လှမ်းလာကာ ခပ်ပေါ့ပေါ့ ဆိုသည်။
"မင်းရဲ့... ခုနက အရှိန်အဝါတွေနဲ့ ထည်ဝါမှုတွေ ဘယ်ရောက်သွားပြီလဲ...။ မင်းဆီမှာ မြေကမ္ဘာအဆင့် သိုင်းပညာတစ်ခု ရှိတယ်လို့ ငါကြားတယ်...။ အဲ့ဒါကို ထုတ်မပြချင်ဘူးလား... ဘယ်လောက် အစွမ်းထက်လဲဆိုတာ ငါ့ကို ပြစမ်း.."
ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က လေသံခပ်မာမာဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။
"ဘယ်လောက် အစွမ်းထက်လဲဆိုတာ... မင်း မကြာခင် သိရမယ်..."
"ဒါလား..."
ကူအောက်ထျန်းက နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်၏။ သူ၏ မျက်လုံးများ အနည်းငယ် မှေးကျဉ်းသွားပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ထူးဆန်းစွာ တုန်ခါသွားကာ နေရာမှ ပျောက်ကွယ်သွားတော့သည်။
"ဝှစ်.."
ကူအောက်ထျန်း၏ အမြန်နှုန်းသည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှပြီး ယခင်ကထက် အဆပေါင်းများစွာ ပို၍ မြန်ဆန်နေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ဖုန်းဝူချန်၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့၏။
သူ၏ ဓားရှည်သည် အထက်မှ အောက်သို့ ပြင်းထန်ပြီး ကြမ်းတမ်းသော တိုက်ခိုက်မှုဖြင့် ဆင်းသက်လာတော့သည်။
"ထန်.."
ဖုန်းဝူချန်က ချက်ချင်း အာရုံခံမိလိုက်၏။ သူ၏ မီးလျှံဓားသည် မတုန်မလှုပ် တိကျစွာ ခုခံလိုက်ရာ စူးရှသော သတ္တုချင်း ရိုက်ခတ်သံနှင့်အတူ မီးပွားများ လွင့်စဉ်သွားသည်။
ဓားသွားအလင်းတန်းများမှ ရိုင်းစိုင်းသော စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ဖုန်းဝူချန်၏ ခြေထောက်အောက်မှ မြေပြင်လွှာသည် ချက်ချင်းပင် ဝုန်းခနဲ ပြိုကျသွား၏။
ကျယ်လောင်သော ဆူညံသံကြီးနှင့်အတူ သူ၏ ခြေဖဝါးအောက်မှ အက်ကွဲကြောင်းများ ပင့်ကူအိမ်သဖွယ် ဖြာထွက်သွားတော့သည်။
"မင်းရဲ့ အစွမ်းက သိပ်ထူးခြားတာ မဟုတ်ဘူးပဲ..."
ကူအောက်ထျန်းက အေးစက်စွာ ဆိုသည်။ သွေးကြောများဖြင့် ပြည့်နှက်နေသော သူ၏ အေးစက်သည့် မျက်ဝန်းများထဲတွင် မထီမဲ့မြင်ပြုသော အရိပ်အယောင်အချို့ ပါဝင်နေ၏။
ကောင်းကင်ဝံပုလွေ သားရဲ၏ စွမ်းအားကို ထုတ်လွှတ်လိုက်သည်နှင့် ကူအောက်ထျန်းသည် အခြေအနေကို လုံးဝ ပြောင်းပြန်လှန်ပစ်လိုက်နိုင်ပြီး ဖုန်းဝူချန်အပေါ် အပြည့်အဝ ဖိအားပေးနိုင်ခဲ့သည်။
*...ဒါတောင် သူ့အစွမ်းအကုန် မဟုတ်သေးဘူး... သူ့ရဲ့ အစွမ်းအကုန်သာဆို... ယွမ်တန်ဘုံ အဌမ အလွှာနဲ့တောင် ယှဉ်နိုင်လောက်တယ်...*
ဖုန်းဝူချန်က မျက်မှောင်ကြုတ်ရင်း သုံးသပ်လိုက်မိသည်။ သူက အသာစီး မရသော်လည်း ကူအောက်ထျန်း၏ စွမ်းအားသည် သူ့ကို ဒဏ်ရာရစေရန်တော့ မလုံလောက်သေးပေ။
ဖုန်းဝူချန်၏ စွမ်းအားအကုန်သည် ယွမ်တန်ဘုံ သတ္တမ အလွှာနှင့်သာ နှိုင်းယှဉ်နိုင်လေသည်။ အကယ်၍ ကူအောက်ထျန်းက သူ၏ စွမ်းအား အကုန်ကို ထုတ်သုံးလိုက်မည်ဆိုပါက သူသည် ဖုန်းဝူချန်ကို မုချ ကျော်လွန်သွားပေလိမ့်မည်။
ထို့ကြောင့်... ဖုန်းဝူချန်တွင် အနိုင်ရရန် အခွင့်အရေး လုံးဝ မရှိတော့ပေ။
မည်သို့ပင်ဖြစ်စေ... ကျင့်ကြံ ဘုံအဆင့်များကြားက ကွာဟချက်က ကြီးမားလွန်းနေဆဲ ဖြစ်သည်။
ကူအောက်ထျန်း၏ မျက်နှာပေါ်တွင် မထီမဲ့မြင် ပြုံးရယ်နေသော အပြုံးတစ်ခု ပေါ်ပေါက်လာသည်။ သူ၏ ဓားရှည်ပေါ်မှ စွမ်းအားသည် တဖြည်းဖြည်း တိုးမြင့်လာပြီး မြေပြင်သည် ပို၍ ပြင်းထန်စွာ တုန်ခါလာ၏။
“ဝုန်း..”
ရုတ်တရက်... ဖုန်းဝူချန်၏ ခြေအောက်မှ မြေပြင်သည် နောက်တစ်ကြိမ် ကွဲအက်သွားပြီး သူ၏ ခန္ဓာကိုယ်တစ်ပိုင်းသည် မြေကြီးထဲသို့ နစ်မြုပ်သွားတော့သည်။
"အစ်ကိုဖုန်း.."
လျိုချင်းယန်က ရူးသွပ်မတတ် အော်ဟစ်လိုက်သည်။
"စစ်သူကြီးချုပ်.."
ယဲ့ချန်းချုံးနှင့် စစ်သည်တော်များအားလုံးလည်း အလွန်အမင်း စိုးရိမ်ပူပန်သွားကြသည်။
ကူအောက်ထျန်း၏ ကောင်းကင်ဝံပုလွေ သားရဲ စွမ်းအား ပေါက်ကွဲထွက်ပေါ်လာမှုသည် လူတိုင်းကို အံ့အားသင့်မှင်တက်သွားစေခဲ့၏။
"ဖွီး.."
ကူအောက်ထျန်း၏ စွမ်းအားက ပိုမို ကြောက်မက်ဖွယ်ကောင်းလာသည်နှင့်အမျှ ဖုန်းဝူချန်သည် နောက်ဆုံးတွင် မခံနိုင်တော့ဘဲ လည်ချောင်းထဲမှ အသံတစ်သံ ထွက်ပေါ်လာကာ သွေးတစ်လုတ်ကို အန်ထုတ်လိုက်မိတော့သည်။ သူ၏ မျက်နှာသည်လည်း ချက်ချင်းပင် ဖြူဖျော့သွားလေ၏။
"ဒါလေးနဲ့ လက်လျှော့တော့မလို့လား..."
ကူအောက်ထျန်းက ယခင်ကထက်ပင် ပို၍ မထီမဲ့မြင် ဖြစ်လာသည်။
ဒဏ်ရာရသွားသော ဖုန်းဝူချန်၏ ရင်ထဲတွင် ဒေါသမီးများ ကောင်းကင်သို့ တဟုန်ထိုး တက်သွားပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာသည်။
"ထင်ယောင်ထင်မှား ဖျက်ဆီးခြင်း ဓားသိုင်းပညာ.. ကောင်းကင်နှင့် မြေကြီး ထင်ယောင်ထင်မှား ဖျက်ဆီးခြင်း.."
သူ၏ စွမ်းအားအားလုံးကို ဆင့်ခေါ်ကာ သွေးမျိုးဆက် စွမ်းအားကို နှိုးလိုက်ပြီး နောက်ဆုံးအကြိမ်အဖြစ် ကျယ်လောင်စွာ မာန်သွင်းလိုက်တော့သည်။
"အုန်း.."
မြေပြင်ကြီး ပြင်းထန်စွာ တုန်ခါသွားပြီး ကျောက်တုံးကျောက်စများ အထက်သို့ လွင့်စဉ်တက်သွား၏။
ဖုန်းဝူချန်၏ ခန္ဓာကိုယ်မှ တောက်ပလှသော ရွှေရောင်အလင်းတန်းများ လွှမ်းခြုံလာသည်။ သွေးကြောစွမ်းအားများက မီးလျှံဓားထဲသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားသည်နှင့် ဓားသွားသည်လည်း တောက်ပသော ရွှေရောင်အလင်းများဖြင့် ဝေဝါးလာပြီး အလွန်အမင်း လွှမ်းမိုးနိုင်စွမ်းရှိသော ဓားစိတ်ဆန္ဒများ ထုတ်လွှတ်လိုက်လေသည်။
ဤ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိသော ဓားစိတ်ဆန္ဒကို ခံစားမိလိုက်ရသောအခါ ကူအောက်ထျန်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး အံ့အားတသင့် ရေရွတ်လိုက်သည်။
"ဒါ... ဒါ မြေကမ္ဘာအဆင့် သိုင်းပညာလား...။ တကယ်ပဲ... သူ့ရဲ့ စွမ်းအားက ကြောက်စရာ ကောင်းလိုက်တာ..."
"ထွက်သွားစမ်း.."
ဖုန်းဝူချန်က ဟိန်းဟောက်လိုက်ပြီး မီးလျှံဓားကို အားကုန် လွှဲယမ်းလိုက်ရာ လွှမ်းမိုးနိုင်စွမ်းရှိသော ဓားသိုင်းအရှိန်အဝါသည် ကောင်းကင်သို့ တဟုန်ထိုး ထိုးတက်သွားပြီး ကူအောက်ထျန်းကို အမြင့်သို့ လွင့်ပျံသွားစေကာ လေဟာနယ်ကြီး တစ်ခုလုံးကိုပင် သိမ့်ခါသွားစေတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုလွှမ်းမိုးနိုင်စွမ်း ရှိသော ဓားစိတ်ဆန္ဒက ကူအောက်ထျန်းကို မီတာ ဆယ်ပေါင်းများစွာ အမြင့်သို့ တွန်းပို့လိုက်လေ၏။
"မြေကမ္ဘာအဆင့် သိုင်းပညာရဲ့ စွမ်းအားက တကယ်ပဲ ကြောက်စရာ ကောင်းသား... ဒါပေမဲ့ မင်းရဲ့ စွမ်းအားနဲ့တော့ မရသေးဘူး... မင်း ငါ့ကို ယှဉ်နိုင်ဦးမှာ မဟုတ်ဘူး.."
ကူအောက်ထျန်းက အေးစက်စွာ ပြန်လည် အော်ဟစ်လိုက်သည်။ သူသည် သူ၏ ကြောက်မက်ဖွယ် သားရဲစွမ်းအင်များကို နှိုးလိုက်ရာ သူ၏ ဓားစိတ်ဆန္ဒ စွမ်းအားသည်လည်း ရုတ်တရက် တိုးမြင့်လာခဲ့သည်။
"ငါ့အတွက် ကျိုးပဲ့သွားစမ်း.."
ကူအောက်ထျန်းက ဟိန်းဟောက်လိုက်သည်နှင့် တပြိုင်နက် သူ၏ ဓားရှည်မှ မျက်စိကျိန်းမတတ် အဖြူရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာသည်။
ရိုင်းစိုင်းကြမ်းတမ်းသော ဓားစိတ်ဆန္ဒ လှိုင်းလုံးကြီးတစ်ခု ပေါက်ကွဲထွက်လာကာ ဖုန်းဝူချန်၏ ဓားစိတ်ဆန္ဒကို တဖြည်းဖြည်းချင်း ပိတ်ဆို့းယလိုက်တော့သည်။
"အစ်ကိုဖုန်းရဲ့ ဓားစိတ်ဆန္ဒ... သူ့... သူ့ကို တားဆီးခံလိုက်ရပြီ..."
လျိုချင်းယန် တစ်ယောက် မှင်တက်သွားလေသည်။
"မြေကမ္ဘာအဆင့် သိုင်းပညာနဲ့တောင် ကူအောက်ထျန်းကို အနိုင်
မယူနိုင်ဘူးလား..."
"ကောင်းကင် ဝံပုလွေ သားရဲရဲ့ စွမ်းအားက အဲ့ဒီလောက်တောင် ကြောက်စရာကောင်းတာလား..."
လူတိုင်း၏ မျက်နှာများတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။
သူတို့အားလုံး ကောင်းကင်ဝံပုလွေ သားရဲ၏ ကြောက်မက်ဖွယ် စွမ်းအားကို လျှော့တွက်ခဲ့ကြသည်မှာ ထင်ရှားလှ၏။
မြေကမ္ဘာအဆင့် သိုင်းပညာ၏ ကြောက်မက်ဖွယ် အစွမ်းသည်ပင်လျှင် ကူအောက်ထျန်းကို ယှဉ်နိုင်စွမ်း မရှိခဲ့ပေ။
*...တိုက်ရိုက် ထိပ်တိုက်တွေ့ရင် အနိုင်ရဖို့ အခွင့်အရေး မရှိတော့ဘူးပဲ...*
ဖုန်းဝူချန်က အတွင်းစိတ်ထဲမှ မျက်မှောင်ကြုတ်လိုက်မိသည်။
သူသည် ယခုကဲ့သို့ ကြောက်မက်ဖွယ် ပြိုင်ဘက်မျိုးကို တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။
ပါရမီရှင်များစာရင်း သိုင်းပြိုင်ပွဲတွင် ပိုင်ခုံနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့စဉ်က... ပိုင်ခုံသည် ကြောက်မက်ဖွယ် ပြိုင်ဘက်တစ်ဦး ဖြစ်ခဲ့သော်လည်း ဖုန်းဝူချန်ကို ယခုကဲ့သို့ ယှဉ်ပြိုင်နိုင်စွမ်းမရှိဟု ခံစားရစေသည်အထိတော့ မစွမ်းဆောင်နိုင်ခဲ့ပေ။
"ဟွန့်.."
ကူအောက်ထျန်းက မာနကြီးစွာဖြင့် နှာမှုတ်လိုက်သည်။
"ဝှစ်.."
သူ၏ ဓားရှည်ကို လွှဲယမ်းလိုက်သည်နှင့် အဖြူရောင် ဓားအလင်းတန်းတစ်ခုသည် ရွှေရောင် ဓားစိတ်ဆန္ဒအား ဖြတ်သန်းသွားပြီး ဝှစ်ခနဲ ပျောက်ကွယ်သွား၏။
မျက်စိတစ်မှိတ်အတွင်း... ကြည့်ရှုနေသူအားလုံး၏ ထိတ်လန့်တကြား မျက်ဝန်းများအောက်တွင်... ဖုန်းဝူချန်၏ ဓားသိုင်းအရှိန်အဝါသည် နှစ်ပိုင်း ကွဲထွက်သွားတော့သည်။
"ဟား..."
ဤမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသောအခါ ထျန်းယွင်ဂိုဏ်းမှ တပည့်များနှင့် ဟွမ်ယန်တို့လို လူများအားလုံး အလန့်တကြား အသက်ရှူမှားသွားကြတော့သည်။
ကူအောက်ထျန်းက မြေပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လာပြီး သူ၏ ဓားရှည်ကို မြေပြင်ထက်သို့ စောင်းငဲ့ကာ ထောက်ထားလိုက်သည်။ ထို့နောက် မထီမဲ့မြင်လေသံဖြင့် ဆိုသည်။
"မြေကမ္ဘာအဆင့် သိုင်းပညာဆိုတာ ဒါလား...။ ဖုန်းဝူချန်... မင်းဆီမှာ ဒီထက် ပိုအစွမ်းထက်တဲ့ သိုင်းပညာတွေ ရှိသေးရင် ကြိုက်သလောက် ထုတ်သုံးလိုက်...။ ဘာလို့လဲ ဆိုတော့ မင်းမှာ အချိန်မရှိတော့ဘူးလေ...။ ငါက မင်းကို သတ်ဖို့ မစောင့်နိုင်တော့ဘူး..."
ဖုန်းဝူချန်က ဘာစကားမှ ပြန်မပြောချေ..။ သူ၏ မျက်နှာတွင်လည်း နောက်ထပ် မည်သည့် အမူအရာ ပြောင်းလဲမှုမှ မရှိတော့ပေ။
သူ့စိတ်မှ တွက်ချက်လိုက်၏။
’ကူအောက်ထျန်းရဲ့ အစွမ်းက သိပ်... သိပ်ကို အားကြီးလွန်းတယ်... ဒါ ယွမ်တန်ဘုံ အဌမ အလွှာနဲ့တောင် ယှဉ်နိုင်လောက်တယ်…’
ချူဝူဟန်က တုန်လှုပ်စွာ အော်ဟစ်လိုက်ပြီး သူ၏ မျက်နှာမှာ ဖြူဖျော့သွား၏။
"ငါတို့... စစ်သူကြီးချုပ်ကို အားဖြည့်ပေးဖို့ အဆင်သင့်ပြင်ထားရမယ်…”
ဟု ထျန်းတု လေလံပွဲရုံ ဥက္ကဋ္ဌ ရှန်းယန်က လေးနက်သော လေသံဖြင့် အော်ဟစ်လိုက်သည်။
ဟွမ်ယန်ကလည်း "စစ်သူကြီးချုပ်... ကျွန်တော်တို့ လာကူညီပြီ…”
ဟု ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ရှေ့သို့ တိုးထွက်လာရန် ပြင်ဆင်လိုက်သည်။
"ခင်ဗျားတို့ရဲ့တာဝန်က ထျန်းယွင်ဂိုဏ်းက တပည့်တွေကို သုတ်သင်ဖို့ပဲ .. တစ်ယောက်မှ အလွတ်မပေးရဘူး.. အချိန်မဖြုန်းရဘူး.. ဒါ အမိန့်ပဲ.."
ဖုန်းဝူချန်က လေသံခပ်မာမာဖြင့် အမိန့်ပေးလိုက်သည်။
"စစ်သူကြီးချုပ်... သတိထားပါ..."
ယဲ့ချန်းချုံးက စိုးရိမ်တကြီးဖြင့် သတိပေးလိုက်သည်။
"ယဲ့ချန်းချုံး... မင်းက မင်းကိုယ်မင်း အရင်ဆုံး စိတ်ပူသင့်တယ်..."
အကြီးအကဲ ယိယွင်က လှောင်ပြောင်သရော်သော လေသံဖြင့် ဆိုလိုက်ပြီး သူ၏ ပြင်းထန်သော တိုက်ခိုက်မှုများကို ဆက်တိုက် ပေါက်ကွဲထွက်စေလိုက်သည်။
"မင်းတို့ ချင်းယွင် သတ်ဖြတ်ခြင်း အခင်းအကျင်းကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး...။ အားလုံး မကြာခင် ထျန်းယွင်ဂိုဏ်းရဲ့ လက်ထဲမှာ သေရမှာပဲ..."
ကူအောက်ထျန်းက အေးစက်စွာ ဆိုသည်။ သူက အလျင်မလိုနေချေ..။ သူသည် ထျန်းယွင်ဂိုဏ်းမှ တပည့်များအတွက် သိပ်ပြီး စိုးရိမ်ခြင်း မရှိပေ။
ကူအောက်ထျန်း၏ အဓိက စိုးရိမ်ပူပန်မှုမှာ ဖုန်းဝူချန် တစ်ယောက်သာ ဖြစ်သည်။
"သူတို့နဲ့ အသေအကြေ တိုက်ကြ.."
ထျန်းယွင်ဂိုဏ်းမှ တပည့်များက တစ်ခဲနက် ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ တိုက်ခိုက်လိုစိတ်များ တဟုန်ထိုး တက်လာခဲ့သည်။
မိနစ်အနည်းငယ်မျှ ရပ်တန့်သွားခဲ့သော ရက်စက်ကြမ်းတမ်းသည့် တိုက်ပွဲကြီးသည် တစ်ဖန် ပြန်လည် စတင်ခဲ့လေပြီ။
"ဝူး.."
ကူအောက်ထျန်းက သူ၏ အစစ်အမှန်ယွမ်ကို နှိုးလိုက်ရာ အဖြူရောင်အလင်းတန်းများ တောက်ပစွာ လက်သွားပြီး လွှမ်းမိုးနိုင်စွမ်းရှိသော ရိုင်းစိုင်းသည့် စွမ်းအားများ တိုးထွက်လာသည်။ သူက အေးစက်စွာ လှောင်လေ၏။
"ဖုန်းဝူချန်... ဒီထက် ပိုကြီးမားတဲ့ စွမ်းအားကို မင်းကို မြည်းစမ်းခွင့် ပေးလိုက်ဦးမယ်..."
ကူအောက်ထျန်းက သူ၏ စွမ်းအားကို ပို၍ နှိုးဆွလိုက်လေ... ထိုစွမ်းအားက ပို၍ ကြောက်မက်ဖွယ်ကောင်းလာလေ... စစ်သည် အားလုံးကို တုန်လှုပ်ခြောက်ခြားသွားစေလေပင်။
"ဖုန်းဝူချန်... မင်းရဲ့ အသက်ကို လာယူပြီ.."
ကူအောက်ထျန်းက အေးစက်စွာ အော်ဟစ်လိုက်ပြီး ဓားရှည်ကို ကိုင်ဆောင်ကာ လျှပ်စီးကဲ့သို့သော အမြန်နှုန်းဖြင့် ပစ်ခတ်ထွက်လာခဲ့သည်။
"..... မြန်လွန်းတယ်.."
ဖုန်းဝူချန်၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည်။
ကူအောက်ထျန်း၏ အမြန်နှုန်းသည် အနည်းဆုံး နှစ်ဆခန့် ပိုမြန်လာခဲ့သည်တကား..။
"ဝှစ်.."
ကူအောက်ထျန်းက အလွန်မြန်ဆန်လွန်းသဖြင့် ဖုန်းဝူချန်မှာ တုံ့ပြန်ရန် အချိန်ပင် မရလိုက်ပေ။ မျက်စိတစ်မှိတ်အတွင်း... လတ်ဆတ်သော သွေးများ ပန်းထွက်လာပြီး... ဖုန်းဝူချန်၏ ပခုံးပေါ်တွင် နက်ရှိုင်းသော ဓားဒဏ်ရာတစ်ခု ထင်ကျန်သွားခဲ့သည်။
"ဝှစ်.."
တုန်လှုပ်သွားသော ဖုန်းဝူချန်က သူ၏ ပခုံးပေါ်မှ ဓားဒဏ်ရာကို လှမ်းကြည့်လိုက်မိစဉ်မှာပင်... ရုတ်တရက်... စူးရှသော လေညင်းသံတစ်ခု ထပ်မံထွက်ပေါ်လာပြီး... သူ၏ အခြားတစ်ဖက် ပခုံးပေါ်တွင် နောက်ထပ် ဓားဒဏ်ရာတစ်ခု ပေါ်ပေါက်လာပြန်သည်။
ဖုန်းဝူချန်၏ အာရုံခံနိုင်စွမ်းနှင့်ပင် သူ၏ လက်ရှိအမြန်နှုန်းသည် ကူအောက်ထျန်း၏ တိုက်ခိုက်မှုများကို လိုက်မီနိုင်စွမ်း မရှိတော့ပေ။
ကူအောက်ထျန်း၏ အမြန်နှုန်းသည် ဖုန်းဝူချန်ကို လုံးဝ လွှမ်းမိုးသွားခဲ့ပြီး ဖုန်းဝူချန်မှာ ခုခံရန် လုံးဝ စွမ်းနိုင်ဟန် မတူတော့...။
ယဲ့ချန်းချုံးနှင့် ထိပ်တန်းစစ်သည်တော်များစွာတို့သည် စိုးရိမ်ပူပန်စွာဖြင့် ကြည့်ရှုနေကြပြီး ဖုန်းဝူချန်၏ လုံခြုံရေးအတွက် အလွန်အမင်း စိတ်ပူနေကြသည်။
ကောင်းကင်ယံ အထက်မှ တိုက်ပွဲအား အကဲခတ်နေသော သွမ့်ထျန်းဟွမ်ပင်လျှင် စတင် ပူပန်လာခဲ့လေပြီ။