ကြိုးတစ်မျှင်ပေါ်တွင် အမှန်တကယ် မှီတည်နေခြင်း
Vol. 10 Ch. 148
~"အစ်ကိုဖုန်း.."
"စစ်သူကြီးချုပ်.."
လျိုချင်းယန်၊ မြောင်ချင်းချင်းနှင့် စစ်သည်တော်များအားလုံးသည် အလွန်အမင်း စိုးရိမ်ပူပန်နေကြ၏။ သူတို့သည် ထျန်းယွင်ဂိုဏ်းမှ တပည့်များကို အသည်းအသန် ခုခံတိုက်ခိုက်နေရင်း၊ တစ်ဖက်မှလည်း ဖုန်းဝူချန်ရှိရာသို့ ထိတ်လန့်တကြား လှမ်းကြည့်နေကြရသည်။
"ငါ့အတွက် စိတ်ပူမနေကြနဲ့.."
ဖုန်းဝူချန်က အားယူ ကြိုးစား၍ အော်ဟစ်လိုက်သည်။
"ဒီနေ့က မင်းသေမဲ့နေ့ပဲ.."
ကူအောက်ထျန်းက ရက်စက်ကြမ်းကြုတ်စွာဖြင့် လှောင်ရယ်လိုက်၏။
ကူအောက်ထျန်း၏ တိုက်ခိုက်မှုများမှာ လုံးဝ အနားမပေး၊ သက်ညှာခြင်း ကင်းမဲ့လှသည်။ ခဏလေးအတွင်းမှာပင် ဖုန်းဝူချန်၏ ခန္ဓာကိုယ်ပေါ်တွင် ဓားဒဏ်ရာပေါင်း တစ်ဒါဇင်ကျော် ရရှိသွားခဲ့ပြီး သွေးများက မရပ်မနား စီးကျနေကာ သူ၏ မျက်နှာမှာလည်း ပို၍ ဖြူဖျော့လာခဲ့လေပြီ။
"ငါ... ကိုယ်တိုင် ဝင်ပါစရာတောင် မလိုတော့ဘူးထင်တယ်...။ ဖုန်းဝူချန်... နောက်ထပ် ဘယ်လောက်မှ တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး..."
ကောင်းကင်ယံအထက်မှ ကူချင်းရွှမ်းက ခုခံနိုင်စွမ်းမရှိတော့သော ဖုန်းဝူချန်ကို ကြည့်ရင်း အေးစက်စက် ပြုံးကာ ဆိုလိုက်သည်။
သွမ့်ထျန်းဟွမ်၏ မျက်နှာအမူအရာမှာ အလွန်အမင်း လေးနက်နေပြီး စိတ်ထဲတွင်လည်း အကြီးအကျယ် ပူပန်နေမိ၏။ သို့သော်... သူ ဘာမှမတတ်နိုင်ခဲ့...။ သူသည် ဤအခင်းအကျင်းကိုလည်း မဖျက်ဆီးနိုင်သလို၊ ကူချင်းရွှမ်းကိုလည်း အနိုင်မတိုက်နိုင်ခဲ့ပေ။
ဖုန်းဝူချန်...။
ဒီလို ပါရမီရှင်... ဒီလို ထူးချွန်သော ကောင်လေးက... အင်ပါယာအတွက် အလွန် အရေးပါလှသည်။
သူက ယန်ဟော် အင်ပါယာ၏ အနာဂတ်... ထို့အပြင်... အင်ပါယာ၏ စစ်သူကြီးချုပ်ပင်...။
"ဗြောင်း.."
သွမ့်ထျန်းဟွမ်၏ စိုးရိမ်ပူပန်မှုများ အရှိန်မြင့်တက်နေချိန်မှာပင် ကူချင်းရွှမ်းက ရုတ်တရက် တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်လိုက်သည်။
သူသည် မျက်စိတစ်မှိတ်အတွင်း ပေါ်လာပြီး သွမ့်ထျန်းဟွမ်၏ ရင်ဘတ်ကို လက်ဝါးရိုက်ချက် တစ်ခု ပစ်သွင်းလိုက်ရာ ကြောက်မက်ဖွယ် စွမ်းအားလှိုင်းလုံးကြီးက သွမ့်ထျန်းဟွမ်ကို အဟုန်ပြင်းစွာ ပစ်လွင့်သွားစေတော့သည်။
"အဓိပ္ပာယ် မရှိတာ.. မင်း... မင်း ခိုးတိုက်ရဲတယ်.."
သွမ့်ထျန်းဟွမ်က ဒေါသတကြီး အံကို ကြိတ်ကာ ကူချင်းရွှမ်းကို စူးစူးဝါးဝါး ကြည့်လိုက်သည်။
ကူချင်းရွှမ်းက မထီမဲ့မြင် ပြုံးလိုက်၏။
"ဒီဂိုဏ်းချုပ်နဲ့ တိုက်ခိုက်နေရင်းတောင်... မင်းက သတိလက်လွတ် ဖြစ်ရဲသေးတယ်...။ ဟမ့်၊ အခုလို ခိုးတိုက်ခံရတာကို ဒီဂိုဏ်းချုပ်ကို အပြစ်လာတင်လို့ ဘယ်ရမလဲ..."
သွမ့်ထျန်းဟွမ်၏ မျက်နှာသည် တိမ်မည်းများ ဖုံးလွှမ်းသွားသကဲ့သို့ မှုန်မှိုင်းသွား၏။ သူ၏ အကြည့်များက ထျန်းယွင်ဂိုဏ်းအတွင်းမှ ကူအောက်ထျန်းထံသို့ ဝေ့ဝဲသွားသည်။
*...ငါက ဒီသတ်ဖြတ်ခြင်း အခင်းအကျင်းကိုလည်း မဖျက်နိုင်ဘူး...။ ဖုန်းဝူချန်ကလည်း တောင့်ခံနိုင်တော့မဲ့ပုံ မပေါ်ဘူး...။ ငါ့အစွမ်းနဲ့ ကူချင်းရွှမ်းကို သတ်ဖို့က မဖြစ်နိုင်ဘူး...။ ကိုယ့်အသက်ကို ကယ်နိုင်ရင်ပဲ တော်လှပြီ...။ ဘယ်လိုလုပ်ရမလဲ...*
သွမ့်ထျန်းဟွမ်ကဲ့သို့သော ထျန်းယွမ်ဘုံ အဆင့် ကျွမ်းကျင်သူ တစ်ယောက်အနေဖြင့် သူ၏ ခွန်အားသည် ကူချင်းရွှမ်းလောက် မကြီးမားသော်ငြား၊ ကူချင်းရွှမ်းအနေဖြင့် သူ့ကို သတ်နိုင်ရန်မှာလည်း မဖြစ်နိုင်သည့် ကိစ္စပင် ဖြစ်လေသည်။
သွမ့်ထျန်းဟွမ်သည် အင်ပါယာ၏ ဧကရာဇ် တစ်ပါး ဖြစ်သည့်အလျောက် သူ့တွင် အကြွင်းမဲ့ တန်ခိုးစွမ်းအားများ ပိုင်ဆိုင်ထားပြီး ဖြစ်သည်။
ကူအောက်ထျန်းသည် ထျန်းယွင်ဂိုဏ်း၏ ထိပ်တန်းပါရမီရှင်အဖြစ် အသိအမှတ်ပြုခံထားရသူ ဖြစ်ရာ သူ၌ ကြောက်မက်ဖွယ် ကောင်းသော အရည်အချင်းများ ရှိနေသည်မှာ သဘာဝကျပါသည်။
ယခု... သူက ကောင်းကင်ဝံပုလွေ သားရဲ၏ စွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်သွားသောအခါ ကူအောက်ထျန်းသည် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းသော ပြိုင်ဘက် ဖြစ်လာခဲ့တော့သည်။
"ဒုတ်.."
ဆက်တိုက်ဆိုသလို ဓားချက်ပေါင်း တစ်ဒါဇင်ကျော် တိုက်ခိုက်ပြီးနောက်... ကူအောက်ထျန်း၏ နောက်ဆုံး ထိုးနှက်ချက်သည် ဖုန်းဝူချန်ကို လွင့်စဉ်သွားစေခဲ့သည်။ ဖုန်းဝူချန်သည် သွေးများ အန်ထုတ်လိုက်ရပြီး သူ၏ ဒဏ်ရာများမှာ ပို၍ ဆိုးရွားလာခဲ့၏။
ဖုန်းဝူချန်၏ မျက်နှာသည် အလွန်အမင်း ဖြူဖျော့နေ
လေပြီ။ သူ၌ မည်မျှပင် သန်မာသော ခန္ဓာကိုယ် ရှိနေပါစေ... ဓားဒဏ်ရာ တစ်ဒါဇင်ကျော်ကြောင့် ဖြစ်ပေါ်လာသော နာကျင်မှုသည် သူ မခံမရပ်နိုင်လောက်အောင်ပင် ပြင်းထန်လှသည်။
*...ရှောင်ရှောင် ထွက်သွားတာ ကြာလှပြီ...။ သူ... အဖေ့တို့နဲ့ တခြားသူတွေကို ကယ်ထုတ်ပြီးလောက်ရောပေါ့...။ ဒါပေမဲ့... အခုထိ လင်ရှောင်ရှောင်ရဲ့ အရိပ်အယောင်တောင် မတွေ့ရသေးဘူး...*
ဖုန်းဝူချန်က အတွင်းစိတ်ထဲမှ တွေးလိုက်မိသည်။
သို့သော်... ဤ ချင်းယွင် သတ်ဖြတ်ခြင်း အခင်းအကျင်းသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှရာ သူတို့ကို ကယ်ထုတ်နိုင်ခဲ့လျှင်ပင် ဤနေရာမှ လွတ်မြောက်နိုင်ဦးမည် မဟုတ်ပေ။
ဖုန်းဝူချန်က သူ၏ ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ လှိုင်းထနေသော ချီနှင့် သွေးများကို ဖိနှိပ်ထိန်းချုပ်ရန် အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထို့နောက် အေးစက်စွာ ဆိုလေ၏။
"ကောင်းကင်ဝံပုလွေ သားရဲရဲ့ စွမ်းအားက တကယ်ပဲ ထူးခြားတယ်... ဒါပေမဲ့..."
"ဒါပေမဲ့ ဘာဖြစ်လဲ..."
ကူအောက်ထျန်းက စိတ်ဝင်တစား မေးလိုက်သည်။
ဖုန်းဝူချန်က အေးစက်စွာ တုံ့ပြန်လိုက်၏။
"မင်း... ကောင်းကင်ဝံပုလွေ သားရဲရဲ့ စွမ်းအားကို ဘယ်လိုရခဲ့လဲ ငါမသိဘူး...။ ဒါပေမဲ့ ငါသိတာတစ်ခုက... မင်း ဒီစွမ်းအားကို အခု ထိန်းချုပ်နိုင်နေရင်တောင်... မင်း ဒီအခြေအနေကို အကြာကြီး ဆက်ထိန်းထားနိုင်မှာ မဟုတ်ဘူး..."
"အကြာကြီး ဆက်ထိန်းထားနိုင်မှာ မဟုတ်ဘူး..."
ကူအောက်ထျန်း၏ မျက်နှာသည် မထီမဲ့မြင် အမူအရာများဖြင့် ပြည့်နှက်သွားပြီး အေးစက်စွာ ကြေညာလိုက်သည်။
"ငါ့ရဲ့ ကိုယ်ပိုင်အစ မ်းအားကို ငါ့ထက် ပိုသိတဲ့သူ ဘယ်သူမှမရှိဘူး...။ ငါ ဒီစွမ်းအားကို အခု ထိန်းချုပ်နိုင်ပြီ ဆိုကတည်းက... ငါ ဒီအခြေအနေကို ထာဝရ ထိန်းသိမ်းထားနိုင်တယ်ကွ.."
စကားကို ခဏရပ်လိုက်ပြီးနောက် ကူအောက်ထျန်းက ဆက်ပြောသည်။
"တစ်ကယ်လို့... ငါက အကြာကြီး မထိန်းထားနိုင်ဘူး ဆိုရင်တောင်... မင်းကို သတ်ဖို့အတွက်တော့ လုံလောက်တာထက်တောင် ပိုသေးတယ်…ဒါပေမယ့်. အဲ့လို ဖြစ်လာမှာ မဟုတ်ဘူး..."
"ဒါဆို... စမ်းကြည့်လိုက်လေ..."
ဖုန်းဝူချန်က သံမဏိကဲ့သို့ မာကျောသော လေသံဖြင့် တုံ့ပြန်လိုက်၏။
"မင်းကို သတ်ရတာ... ငါ့လက်ဖဝါးကို လှန်လိုက်တာလောက်တောင် လွယ်သေးတယ်..."
ကူအောက်ထျန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ဓားရှည်ကို ဝှေ့ရမ်းကာ ရှေ့သို့ တစ်ဖန် ပြေးထွက်လာပြန်သည်။ သူ၏ အမြန်နှုန်းမှာ ကြောက်မက်ဖွယ် ကောင်း နေဆဲပင်...။
ကူအောက်ထျန်းသည် မျက်စိတစ်မှိတ်အတွင်း ပေါ်လာပြီး ဖုန်းဝူချန်အား သူ၏ ဓားရှည်ဖြင့် ထိုးစိုက်ရန် ပြင်လိုက်သည်။
သို့သော်... ရုတ်တရက်... သူ၏ မျက်နှာ အမူအရာ အကြီးအကျယ် ပြောင်းလဲသွား၏။ အကြောင်းမူကား... သူ၏ ရင်ဘတ်ဆီသို့ ထိုးစိုက်လာသော ပို၍ မြန်ဆန်သည့် ဓားတစ်ချောင်းကို သူ အာရုံခံလိုက်မိသောကြောင့် ဖြစ်သည်။
"...ဒါ... ဒါ တပည့် 'ဖုယွင်' ကို သတ်တုန်းက သုံးသွားတဲ့ ကိုယ်ဖော့သိုင်းပဲ.."
ကူအောက်ထျန်း တုန်လှုပ်သွားပြီး သူ၏ ခန္ဓာကိုယ်ကို အမြန်ဆုံး ယိမ်းနွဲ့လိုက်ကာ ဘေးသို့ ရှောင်တိမ်းလိုက်ရသည်။
ကူအောက်ထျန်း မြေပြင်ပေါ်သို့ ပြန်ကျသည်နှင့် တစ်ပြိုင်နက်... သူ၏ ခြေဖျားဖြင့် မြေပြင်ကို ထောက်ကန်၍ နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်သည်။
ထိုလျှပ်တပြက် ကိုယ်ဖော့သိုင်းကို သူ အလွန် သတိထားနေရ၏။
သို့သော်... ကူအောက်ထျန်း နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်နှင့် သူ၏ မျက်နှာသည် နောက်တစ်ကြိမ် အကြီးအကျယ် ပြောင်းလဲ
သွားရပြန်သည်။ သူ၏ နောက်ကျောဘက်မှ အန္တရာယ်ရှိသော အရှိန်အဝါ တစ်ခု ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသောကြောင့်တည်း။
ခေါင်းကို လှည့်ကြည့်လိုက်သောအခါ... ကူအောက်ထျန်း မြင်လိုက်ရသည်မှာ... သူ့ထံသို့ တစ္ဆ တစ်ကောင်ကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ဓားတစ်ချောင်း လွှဲခုတ်လာသော ဖုန်းဝူချန်ကို ဖြစ်လေသည်။
"ဝူး.."
ဖုန်းဝူချန်၏ ဓားချက် မရောက်လာမီမှာပင် ကူအောက်ထျန်းသည် မျက်မြင်မှ အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။
သို့သော်ငြား... ကူအောက်ထျန်းကို ပို၍ ထိတ်လန့်သွားစေသည့် အဖြစ်မှာ... သူ ပြန်လည်ပေါ်လာသည်နှင့် တစ်ပြိုင်နက်... သူ၏ လည်ပင်းပေါ်တွင် ဓားတစ်ချောင်းက အသင့်အနေအထားဖြင့် ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ ထိုဓားသည် လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်ပေါက်လာသကဲ့သို့ ထင်ရ၏။
ထိုဓားမှာ... ဖုန်းဝူချန်၏ 'မီးလျှံဓား' မှလွဲ၍ အခြား မဟုတ်တော့ပေ။
ဖုန်းဝူချန်က ကူအောက်ထျန်းကို အေးစက်စွာ စိုက်ကြည့်ရင်း လေးနက်တည်ငြိမ်စွာ ဆိုလိုက်သည်။
"မင်းက... မင်းရဲ့ အမြန်နှုန်းကို သာလွန်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်နေတာ...။ မင်း မသိတာက... မင်း ဘယ်လောက်ပဲ မြန်မြန်... မင်းရဲ့ တိုက်ခိုက်မှုတွေမှာ ပုံစံတစ်ခု အမြဲတမ်း ရှိနေတယ်...။ ပြီးတော့... အမြန်နှုန်းနဲ့ ပတ်သက်လာရင်... ငါ့မှာ အကြွင်းမဲ့ ယုံကြည်မှု ရှိတယ်..."
"ဒါ... ဒါ ရယ်စရာကောင်းလိုက်တာကွာ.. ငါ... ငါ့ရဲ့ အမြန်နှုန်းကို ဘယ်သူမှ မယှဉ်နိုင်ဘူးလို့ ငါမယုံကြည်နိုင်ဘူး.."
ကူအောက်ထျန်းက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"မိုင်ထောင်ချီ လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်း.."
ကောင်းကင်ဝံပုလွေ သားရဲ၏ စွမ်းအားကို အသုံးပြု၍ ကူအောက်ထျန်းက ကျယ်လောင်စွာ ကြွေးကြော်ကာ သူ၏ ကိုယ်ဖော့သိုင်းကို ထုတ်သုံးလိုက်တော့သည်။
"ဝှစ်.. ဝှစ်.. ဝှစ်.."
"ရှီး... ရှီး... ရှီး..."
ကွင်းပြင်ကျယ်ကြီးထဲတွင်... သူတို့နှစ်ဦးသည် မျက်စိဖြင့် လိုက်ကြည့်၍ မရနိုင်အောင် လျင်မြန်သော အရှိန်များဖြင့် ပြေးလွှားနေကြ၏။
သူတို့၏ ခန္ဓာကိုယ်များကို သဲသဲကွဲကွဲ မမြင်ရတော့ဘဲ... ဝေဝါးသော အရိပ်များအဖြစ်သာ လှုပ်ရှားနေသည်ကို တွေ့ရသည်။
ကူအောက်ထျန်း မည်သည့်နေရာသို့ ပြေးလွှားပါစေ... သူ၏ အမြန်နှုန်းက မည်မျှပင် ကြောက်မက်ဖွယ် ကောင်းနေပါစေ... ဖုန်းဝူချန်သည် မျက်စိတစ်မှိတ်အတွင်း သူ၏ ဘေးနားသို့ အမြဲတမ်း ပေါ်လာနိုင်ခဲ့သည်။
ကူအောက်ထျန်း မသိလိုက်ခင်မှာပင်... ဖုန်းဝူချန်သည် ထိတွေ့မှုတိုင်း၌ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဓားဒဏ်ရာ တစ်ခုပြီးတစ်ခု ချန်ထားခဲ့လေသည်။
မီးလျှံဓားကို ကူအောက်ထျန်း၏ နှလုံးသားတည့်တည့်သို့ ချိန်ရွယ်ထားရင်း ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်သည်။
"ထျန်းယွင်ဂိုဏ်းရဲ့ ကိုယ်ဖော့သိုင်းဆိုတာ... ဒီလောက်ပါပဲ..."
"ဒါ... ဒါ ဘယ်လို ကိုယ်ဖော့သိုင်း အမျိုးအစားလဲ..."
ကူအောက်ထျန်းက ဖုန်းဝူချန်ကို မျက်လုံးထဲမှ မီးများ ထွက်မတတ် စိုက်ကြည့်ရင်း ဒေါသတကြီးဖြင့် အဖြေကို တောင်းဆိုလိုက်သည်။ သူ၏ ဒေါသများကြောင့် ရင်ဘတ်ကြီးပင် ပေါက်ကွဲထွက်မတတ် ဖြစ်နေလေပြီ။
သူ့ခန္ဓာကိုယ်ပေါ်မှ ဓားဒဏ်ရာများသည် ဖုန်းဝူချန်ထက် မနည်းတော့ပေ။ ပူလောင်လှသော နာကျင်မှုသည် သူ၏ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး ဒဏ်ရာများကို ပို၍ ဆိုးရွားလာစေသည်။
ဖုန်းဝူချန်က ထိုမေးခွန်းကို ပြန်မဖြေ...။ ထိုအစား ကူအောက်ထျန်းကိုသာ အေးခဲမတတ် စိုက်ကြည့်နေခဲ့သည်။
'လျှပ်တပြက် နေရာ ရွှေ့ပြောင်းသိုင်းကွက်' သည် ထိုမျှလောက် ကြောက်မက်ဖွယ် ကောင်းလှသည်တကား..။
တစ်စုံတစ်ယောက်၏ ကျင့်ကြံမှုအဆင့် ပို၍ မြင့်မားလာလေ... ထိုသိုင်းကွက်၏ အကွာအဝေးမှာ ပို၍ ကွာဟလာလေ ဖြစ်သည်။
နတ်ဆိုး နဂါး၏ ကြွယ်ဝလှသော တိုက်ပွဲအတွေ့အကြုံများနှင့် 'လျှပ်တပြက် နေရာ ရွှေ့ပြောင်းသိုင်းကွက်' ကို ပေါင်းစပ်လိုက်သောအခါ... ဖုန်းဝူချန်သည် ကူအောက်ထျန်း၏ အမြန်နှုန်းကို အပြည့်အဝ ဖိနှိပ်ထားနိုင်ခဲ့လေသည်။
ထို့ထက်ပိုသည်မှာ... ဖုန်းဝူချန်သည် ကူအောက်ထျန်း၏ တိုက်ခိုက်မှု အလေ့အထများကို အစောကြီးကတည်းက ကြည့်ရှု သုံးသပ်ပြီး ဖြစ်သည်။
ရှိနေသူအားလုံးသည် ဤကြောက်မက်ဖွယ် လျှပ်တပြက် ကိုယ်ဖော့သိုင်းကြောင့် အကြီးအကျယ် တုန်လှုပ်သွားကြ၏။ ကူအောက်ထျန်း၏ အစွမ်းသည် ယွမ်တန်ဘုံ အဌမ အလွှာနီးပါးအထိ ရှိနေသော်လည်း... သူသည် အမြန်နှုန်းနှင့် ပတ်သက်လျှင် ဖုန်းဝူချန်ကို လုံးဝ မယှဉ်နိုင်ခဲ့ပေ။
*...ကြောက်စရာကောင်းလိုက်တဲ့ ကိုယ်ဖော့သိုင်း...။ ဖုန်းဝူချန်က ဒီသိုင်းကွက်ကို ကောင်းကင်အရိပ် မြင်းသည်တော် တပ်ဖွဲ့နဲ့ အလံနက်တပ်မတော်ကို သင်ပေးခဲ့တာ... တကယ့်ကို မယုံနိုင်စရာပဲ...*
သွမ့်ထျန်းဟွမ်က တုန်လှုပ်စွာ တွေးလိုက်မိသည်။
ဖုန်းဝူချန် အသုံးပြုလိုက်သော လျှပ်တပြက် ကိုယ်ဖော့သိုင်းနှင့် နှိုင်းယှဉ်လိုက်ပါက စစ်သည်တော်များ၏ ကြိုးစား အသုံးပြုမှုများသည် ကလေးကစားစရာအလားပင်...။
ထိုသို့ တွေးမိရင်း သွမ့်ထျန်းဟွမ်က ကူချင်းရွှမ်းကို ကြည့်ကာ လှောင်ရယ်လိုက်၏။
"ဟင်းဟင်း…မင်းရဲ့သား... ဖုန်းဝူချန်ကို သတ်နိုင်မှာ မဟုတ်တော့ဘူး ထင်တယ်..."
စောနက မာနထောင်လွှားနေခဲ့သော ကူချင်းရွှမ်း၏ မျက်နှာသည် ယခုအခါ လေးနက်သော အမူအရာသို့ တစ်ဖန် ပြန်လည် ပြောင်းလဲသွားခဲ့သည်။
"မြန်ရုံသက်သက်နဲ့ နိုင်နိုင်မယ်လို့ ဆိုလိုတာ မဟုတ်ဘူး..."
ကူချင်းရွှမ်းက အသံနက်ကြီးဖြင့် ဆို လေသည်။
ဖုန်းဝူချန်သည် ဒဏ်ရာ အပြင်းအထန် ရထားသည်မှာ အမှန်ပင်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဓားဒဏ်ရာ တစ်ဒါဇင်ကျော် ခုတ်ထစ်ထား၏။
ထို့အပြင် သူသည် အစစ်အမှန်ယွမ် အမြောက်အမြားကိုလည်း သုံးစွဲထားခဲ့ပြီး ဖြစ်သည်။ သူ၌ ကြောက်မက်ဖွယ် ကိုယ်ဖော့သိုင်း ရှိနေလျှင်ပင်... ဖုန်းဝူချန်က ကူအောက်ထျန်းကို အနိုင်ယူနိုင်မည် မဟုတ်သေးပေ။
သူတို့နှစ်ဦး၏ ပြင်းထန်သော တိုက်ပွဲသည် ဤစစ်ပွဲကြီးတစ်ခုလုံး၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်လာလေသည်။
ထျန်းယွမ်ဘုံ အဆင့် ကျွမ်းကျင်သူများ၏ ထိပ်တိုက် တွေ့ဆုံမှုများပင်လျှင် ဖုန်းဝူချန်နှင့် ကူအောက်ထျန်းတို့၏ တိုက်ပွဲလောက် ဆွဲဆောင်မှု မရှိတော့ပေ။
ဤသို့ သေခြင်းရှင်ခြင်း တိုက်ပွဲကြီး ဖြစ်ပွားနေစဉ်အတွင်းမှာပင်... လူများသည် ကွင်းပြင်ကျယ်ကြီးဆီသို့ အခါအားလျော်စွာ လှမ်းကြည့်မိကြသည်။
"ယွမ်တန်ဘုံ အဌမ အလွှာနီးပါးလောက် ရှိတဲ့လူတစ်ယောက်အတွက်တော့... မင်းက ဒီလောက်ပဲ မြန်နိုင်တာကိုး..."
ဖုန်းဝူချန်က ကူအောက်ထျန်းကို လုံးဝ အလေးမထားဟန်ဖြင့် အေးစက်စွာ ဆိုလိုက်သည်။
"မင်း ဘယ်လောက်ပဲ မြန်မြန်.. မင်း သေရမှာပဲ.. ငါ့အတွက် ထွက်သွားစမ်း.."
ဒေါသမီးများ တောက်လောင်နေသော ကူအောက်ထျန်းသည် ရုတ်တရက် ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်ပြီး သူ၏ ကြောက်မက်ဖွယ် ချီစွမ်းအင် အရှိန်အဝါများ သိပ်သည်းလာရာ ဖုန်းဝူချန်ကို ချက်ချင်း နောက်သို့ ဆုတ်သွားစေခဲ့သည်။
"ထျန်းယွင် ဓားသိုင်းပညာ.. ထောင်သောင်းချီ ဓားချက်.."
ဟိန်းဟောက်သံနှင့်အတူ ကူအောက်ထျန်းက သူ၏ ဓားရှည်ကို လွှဲယမ်းလိုက်ရာ မီတာနှစ်ဆယ်ကျော် ရှည်လျားသော ဓားအလင်းတန်းကြီးသည် လေထုကို ဆွဲဖြဲကာ တန်ခိုးအရှိန်အဝါ ကြီးမားစွာဖြင့် ထွက်ပေါ်လာ၏။ ၎င်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်မှ ကွင်းပြင်ကျယ်ကြီး၏ မြေပြင်သည် ကွဲအက်ကာ ပေါက်ကွဲ
ထွက်သွားတော့သည်။
ဒေါသတကြီးဖြင့် ထိုးနှက်လိုက်သောကြောင့် ကူအောက်ထျန်း၏ စွမ်းအားသည် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေပြီး သူ၏ ဓားအလင်းတန်းမှာလည်း ရက်စက် ကြမ်းတမ်းလှသည်။
"ချွင်.."
မီးလျှံဓားကို မြေပြင်ထဲသို့ ထိုးစိုက်ချလိုက်သည်။ ဖုန်းဝူချန်က သူ၏ စွမ်းအားအကုန်ကို ထုတ်သုံးကာ သွေးမျိုးဆက် စွမ်းအားကို နှိုးဆွလိုက်၏။ ရွှေရောင်အလင်းတန်းများ ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး လွှမ်းမိုးနိုင်စွမ်းရှိသော အင်အားများ ရုန်းကြွလာသည်။
သူ၏ ခြေဖဝါးအောက်တွင်... လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးများဖြင့် ပြည့်နှက်နေသည့် ရွှေရောင် အခင်းအကျင်းတစ်ခု ပေါ်ပေါက်လာ၏။ တောက်ပသော ရွှေရောင်အလင်းတန်းများသည် ကောင်းကင်သို့ ထိုးတက်သွားပြီး... လွှမ်းမိုးချုပ်ကိုင်နိုင်သော ဓားစိတ်ဆန္ဒတစ်ခုသည် ခြိမ်းခြောက်နိုင်စွမ်း အပြည့်ဖြင့် တိုးထွက်လာတော့သည်။
"ထင်ယောင်ထင်မှား ဖျက်ဆီးခြင်း ဓားသိုင်းပညာ.. ထင်ယောင်ထင်မှား နဝမကောင်းကင် ဖျက်ဆီးခြင်း.."
တစ်စက္ကန့်မျှပင် ချီတုံချတုံ မဖြစ်ဘဲ... ဖုန်းဝူချန်က ကျယ်လောင်စွာ ကြွေးကြော်လိုက်ပြီး သူ၏ ဓားရှည်ကို ကောင်းကင်သို့ ညွှန်ပြလိုက်သည်။
တောက်ပသော ရွှေရောင်အလင်းတန်းများသည် စွမ်းအင်ဓား တစ်လက်အဖြစ် စုစည်းသွားပြီး ဖျက်ဆီးလိုစိတ် အရှိန်အဝါများဖြင့် ပစ်လွှတ်လိုက်ရာ... အသံထက် မြန်သော ပေါက်ကွဲသံကြီးက နားစည်များကိုပင် ကျိန်းစပ်သွားစေတော့၏။
ဤအခိုက်အတန့်တွင်... လူအားလုံးသည် မိမိတို့ တိုက်ခိုက်နေသည်ကို ရပ်တန့်လိုက်ကြပြီး သူတို့၏ ကြောက်ရွံ့နေသော အကြည့်များသည် ကြောက်မက်ဖွယ် ဓားအလင်းတန်း စွမ်းအားနှစ်ခုဆီသို့သာ စုပြုံ ရောက်ရှိသွားကြသည်။
"ထန်.."
း
မျက်စိတစ်မှိတ်အတွင်းမှာပင်... ကြီးမားလှသော ဓားအလင်းတန်းကြီးနှစ်ခု ထိပ်တိုက်တွေ့ဆုံကာ ပေါက်ကွဲသွားတော့သည်။
နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး ပဲ့တင်လာပြီး... အဖျက်စွမ်းအင် လှိုင်းလုံးများက ပတ်ဝန်းကျင်သို့ တိုးထွက်သွားသည်။
ဖုန်းဝူချန်သည် ချက်ချင်းပင် သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး အဝေးသို့ အရှိန် ပြင်းစွာ လွင့်ထွက်သွားတော့၏။
"အစ်ကိုဖုန်း.."
"စစ်သူကြီးချုပ်.."
လျိုချင်းယန်နှင့် အခြားသူများအားလုံး ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်... ဖုန်းဝူချန်သည် ထိုကြောက်မက်ဖွယ် စွမ်းအင်လှိုင်းလုံးများထဲသို့ နစ်မြုပ် ပျောက်ကွယ်သွားခဲ့သည်။
"ဝူး.."
အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအင်လှိုင်းလုံးများသည် စက်ဝိုင်းခြမ်းပုံစံ ကြီးမားစွာ ပျံ့နှံ့ထွက်လာပြီး ထျန်းယွင်ဂိုဏ်း၏ နန်းတော်တစ်ခုလုံး သိမ့်သိမ့်ခါသွားသည့်အလား ထင်မှတ်ရသည်။
ကွင်းပြင်ကျယ်ပေါ်မှ ထျန်းယွင်ဂိုဏ်း တပည့်များနှင့် စစ်သည်တော်များသည် ထိတ်လန့်တကြားဖြင့် နောက်သို့ ဆုတ်ခွာသွားကြရ၏။
ဤပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုတွင်... ဖုန်းဝူချန်သည် အလွန် ပြင်းထန်သော ဒဏ်ရာများကို ရရှိသွားခဲ့သည်ပင်။
ယွမ်တန်ဘုံ အဌမ အလွှာနီးပါး ရှိသော ကူအောက်ထျန်းသည်လည်း မီတာ ဆယ်ပေါင်းများစွာ နောက်သို့ လွင့်စဉ်သွားခဲ့၏။ သို့သော်လည်း... သူ၏ မျက်နှာ အနည်းငယ် ဖြူဖျော့သွားသည်မှ လွဲ၍ ဒဏ်ရာရရှိသွားပုံ မပေါ်ပေ။
စွမ်းအင်လှိုင်းလုံးများ၏ ဖျက်ဆီးနိုင်စွမ်းသည် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။
ကွင်းပြင်ကျယ်ကြီး၏ အလယ်ဗဟိုတွင် မီတာ တစ်ဆယ်ကျော် ကျယ်ဝန်းသော ချိုင့်ဝှမ်းကြီး တစ်ခု ထွင်းထုလာခဲ့သည်။
ထိုချိုင့်ဝှမ်းကြီးသည် ကြည့်ရှုရသူတိုင်း၏ မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလှသည်။
နေရာတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး... အကြည့်တိုင်းသည် ကွင်းပြင်ကျယ်ကြီးပေါ်တွင်သာ စူးစိုက်နေကြ၏။
ခဏအကြာတွင်... စွမ်းအင်လှိုင်းလုံးများနှင့် ဖုန်မှုန့်များ တဖြည်းဖြည်း လွင့်ပြယ်သွားသောအခါ... ဖုန်းဝူချန်နှင့် ကူအောက်ထျန်းတို့၏ ပုံရိပ်များသည် လူတိုင်း၏ အမြင်အာရုံထဲတွင် တဖြည်းဖြည်း ပြန်လည် ပေါ်ပေါက်လာခဲ့သည်။
ကူအောက်ထျန်းသည် ထိုနေရာတွင် မတ်တပ်ရပ်နေ၏။ သူ၏ မျက်နှာမှာ ဖြူဖျော့နေသော်လည်း ဒဏ်ရာ မရရှိခဲ့ပေ။
ဖုန်းဝူချန်မှာမူ... အပြင်းအထန် ဒဏ်ရာရရှိသွားခဲ့သည်။ သူ၏ တစ်ကိုယ်လုံး သွေးများဖြင့် လွှမ်းခြုံနေပြီး မိမိခြေထောက်ပေါ်တွင် ရပ်တည်နိုင်ရန် ကြိုးစားနေရသည်။
သူ၏ လက်များက ဘေးသို့ တွဲလောင်းကျနေပြီး ခေါင်းကိုလည်း ငိုက်စိုက်ထားကာ... အသက်ကို ပြင်းထန်စွာ အမောတကော ရှူရှိုက်နေရသည်။
သူ အလွန်တရာ အားနည်းနေပြီ ဖြစ်သည်မှာ ထင်ရှားလှ၏။
"ဂိုဏ်းချုပ်လေး.. သူ့ကို သတ်လိုက်.."
"ဖုန်းဝူချန်ကို သတ်လိုက်ပါ၊ ဂိုဏ်းချုပ်လေး .."
တခဏတာ တိတ်ဆိတ်သွားပြီးနောက်... ထျန်းယွင်ဂိုဏ်းမှ တပည့်များသည် ချက်ချင်းပင် ဆူပွက်လာကြပြီး မရပ်မနား အော်ဟစ် တောင်းဆိုကြတော့သည်။
တစ်ဖက်တွင်မူ... ယဲ့ချန်းချုံးနှင့် အခြားသူများအားလုံး ရူးသွပ်မတတ် ဖြစ်နေကြပြီး... သူတို့၏ မျက်နှာများတွင် စိုးရိမ်ပူပန်မှု၊ တင်းမာမှုတို့ဖြင့် ပြည့်နှက်နေ၏။
အနိုင်အရှုံးက... အလွန် ရှင်းလင်းနေပါပြီ။
ဖုန်းဝူချန်သည် ကူအောက်ထျန်းထက် ပို၍ မြန်ဆန်သော်လည်း... သူသည် ကူအောက်ထျန်း၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားခဲ့လေပြီ။
ဖုန်းဝူချန်သည် အလွန်တရာ အားနည်းနေပြီး တိုက်ပွဲကို ဆက်လက် တိုက်ခိုက်ရန် အစစ်အမှန်ယွမ်များလည်း မကျန်ရှိတော့ပေ။
"ဟွန့်.. မင်း ဘယ်လောက်ပဲ မြန်မြန်... မင်း ငါ့ကို အနိုင်မတိုက်နိုင်ဘူး.. ဖုန်းဝူချန်... မင်းရဲ့ သေခြင်းတရားက သေချာသွားပြီ.."
အားနည်းနေသော ဖုန်းဝူချန်ကို မြင်သောအခါ... ကူအောက်ထျန်းက ရက်စက်စွာ ဆိုလိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ကွေးတက်လာသည်။
"ဖုန်းဝူချန်.. သေဖို့ အချိန်တန်ပြီ.."
ကူအောက်ထျန်းက သူ၏ စွမ်းအားများကို စုစည်းလိုက်ပြီး ဟိန်းဟောက်လိုက်သည်။
"ထျန်းယွင် ဓားသိုင်းပညာ.. ထျန်းယွင် နတ်ဘုရား ဓားချက်.."
"ဝှစ်.."
ကူအောက်ထျန်းက သူ၏ ဓားရှည်ကို လွှဲယမ်းလိုက်ရာ... ယခင်ကထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းသော ဓားအလင်းတန်း ပစ်ခွင်းလာသည်။
၎င်းသည် သေမင်း၏ တံစဉ်းတစ်ခုအလား... ဖုန်းဝူချန်၏ အသက်ကို ရိတ်သိမ်းရန် အသင့်ပြင်နေလေပြီ။
"အစ်ကိုဖုန်း.. မြန်မြန် ရှောင်လိုက်.."
"စစ်သူကြီးချုပ်.. သတိထား.."
လျိုချင်းယန်နှင့် အခြားသူများအားလုံး အလွန်အမင်း ထိတ်လန့်သွားကြသည်။ သူတို့၏ ဝိညာဉ်များပင် ခန္ဓာကိုယ်မှ လွတ်ထွက်သွားမတတ် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြ၏။
သို့သော်... ထိုကြောက်မက်ဖွယ် ဓားအလင်းတန်းကြီးက သူ့ကို ထိမှန်တော့မည့် အခိုက်အတန့်တွင်... ဖုန်းဝူချန်သည် မလှုပ်မယှက် ရပ်နေဆဲ...။ သူ မလှုပ်ရှားနိုင်တော့သည့် အလား... သို့တည်းမဟုတ်... သူ လက်လျှော့လိုက်သည့် အလား...။
သူ၏ အသက်သည်... ကြိုးတစ်မျှင်ပေါ်တွင် အမှန်တကယ်ပင် မှီတည်နေခဲ့လေပြီ..
သို့ရာတွင်... အနီးကပ် သေချာစွာ ကြည့်ရှုလိုက်မည် ဆိုပါက...
ဖုန်းဝူချန်၏ ခန္ဓာကိုယ်အနှံ့တွင်... မှိန်ပျပျ ရွှေရောင်အလင်းတန်းတစ်ခု ပေါ်ထွက်စ ပြုလာသည်ကို တွေ့ရပေမည်။ ထို့နောက်... အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါတစ်ခုသည်... ချက်ချင်း ဆိုသလိုပင် ပေါက်ကွဲထွက်ပေါ်လာခဲ့၏။
ဖုန်းဝူချန်... သူ၏ ဦးခေါင်းကို ပြန်လည် မော့ကြည့်လိုက်သည့် အခိုက်အတန့်တွင်...
သူ၏ နဖူး... မျက်ခုံး နှစ်ခုကြား၌... ရွှေရောင် နဂါး တစ်ကောင်၏ အမှတ်အသားတစ်ခု ထင်ရှားစွာ ပေါ်ပေါက်လာခဲ့လေတော့သည်။