တန်ပြန်တိုက်စစ်
Vol. 10 Ch. 149
~ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်…
ဖုန်းဝူချန်၏ မျက်ခုံးနှစ်ခုကြားတွင် ပေါ်ပေါက်လာသော အမှတ်အသားသည်ကား... ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်ပင် ဖြစ်လေသည်။
ရှေးဟောင်း ရွှေနဂါး တံဆိပ်တော် ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက်... မူလက အားနည်းနေခဲ့သော ဖုန်းဝူချန်၏ အရှိန်အဝါသည် ရူးသွပ်မတတ် ဟုန်းခနဲ ထိုးတက်သွားတော့၏။ ရှေးဟောင်း နဂါးတစ်ကောင် နိုးထလာသကဲ့သို့ လွှမ်းမိုးနိုင်စွမ်းရှိသော စွမ်းအားများသည် အပြင်းအထန် ပေါက်ကွဲထွက်လာခဲ့သည်။
"ဝူး.. ဝူး.."
ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်၏ စွမ်းအားများ ပျံ့နှံ့ထွက်လာပြီး ကူအောက်ထျန်း၏ ဓားအလင်းတန်းကို ပြင်းထန်စွာ တိုးဝှေ့ တိုက်ခတ်လိုက်သည်။
ကျယ်ပြောလှသော ကွင်းပြင်ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး ကြောက်မက်ဖွယ် စွမ်းအားလှိုင်းလုံးများ အရပ်လေးမျက်နှာသို့ လွင့်စဉ်သွားတော့၏။
"...သိုင်းဝိညာဉ်လား..."
ကူအောက်ထျန်း၏ မျက်မှောင်များ အနည်းငယ် ကြုံ့သွားသည်။ ဖုန်းဝူချန် ပိုင်ဆိုင်သော သိုင်းဝိညာဉ်သည် မည်သို့သော အမျိုးအစားဖြစ်သည်ကို သူ မခွဲခြားနိုင်ပေ...။ သို့သော်... နှိုင်းယှဉ်စရာမရှိအောင် မြင့်မြတ်လှသော အရှိန်အဝါတစ်မျိုးကိုမူ သူ အတိုင်းသား ခံစားနေရသည်။
"တစ်ခါမှ မမြင်ဖူးတဲ့ သိုင်းဝိညာဉ်ပဲ... ဒါ ဘယ်လို သားရဲ အမျိုးအစားမှန်းတောင် မသိဘူး..."
ယဲ့ချန်းချုံးသည် တုန်လှုပ်သွားသလို... နားလည်းမလည်နိုင် ဖြစ်သွားခဲ့သည်။
"ငါတို့ ဆရာဖုန်းရဲ့ သိုင်းဝိညာဉ် အရှိန်အဝါက အလွန်အမင်း ပြင်းထန်တာပဲ... သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေ အများကြီး တိုးတက်လာပြီ..."
စစ်ထူကျန့်ထျန်းက ဖုန်းဝူချန်ကို အံ့အားတသင့် ကြည့်ရင်း ဆိုလိုက်သည်။
ယန်ထျန်းရှန်သည်လည်း ထိုနည်းတူပင်... မှင်သက်နေသော မျက်နှာထားဖြင့် ကြောင်ငေ ကြည့်နေမိ၏။
ကောင်းကင်ယံအထက်၌... ကူချင်းရွှမ်းနှင့် သွမ့်ထျန်းဟွမ်တို့နှစ်ဦးသည် တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ကြပြီး... သူတို့၏ တုန်လှုပ်နေသော အကြည့်များဖြင့် ဖုန်းဝူချန်ထံသို့ လှည့်ကြည့်လိုက်ကြသည်။ သူတို့သည်လည်း ဤသိုင်းဝိညာဉ်၏ စွမ်းအားကြောင့် အကြီးအကျယ် ထိတ်လန့်သွားကြရသည်။
"ဖုန်းဝူချန်... မင်းက မင်းရဲ့ သိုင်းဝိညာဉ်ကို နှိုးလိုက်ရုံနဲ့... ငါ့ကို ယှဉ်နိုင်မယ်လို့ ထင်နေတာလား..ဟားဟား..."
ကူအောက်ထျန်းက မထီမဲ့မြင် လှောင်ရယ်လိုက်သည်။ သူ၏ အစစ်အမှန်ယွမ်များကို တစ်ဖန်ပြန်လည် စုစည်းလိုက်ရာ... သူပစ်လွှတ်လိုက်သော ဓားစွမ်းအင် ချီများသည် အရှိန်ရော၊ စွမ်းအားပါ ပို၍ မြင့်တက်လာခဲ့သည်။
"ချီလင် ချပ်ဝတ်.."
ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်ကို နှိုးပြီးနောက်... ဖုန်းဝူချန်က နောက်တစ်ကြိမ် ထပ်မံ ဟိန်းဟောက်လိုက်ပြီး ချီလင် ချပ်ဝတ်ကို ဆင့်ခေါ်လိုက်သည်။ ကြောက်မက်ဖွယ် ကြမ်းတမ်းမှု၊ သွေးဆာမှုတို့နှင့် ပြည့်နှက်နေသော အရှိန်အဝါတစ်ခုသည် လေထုထဲသို့ ရူးသွပ်မတတ် ပျံ့နှံ့သွားတော့သည်။
ဖုန်းဝူချန်၏ နောက်ကျောတွင်... အနက်ရောင် တောင်ပံတစ်စုံသည် ဘာမှမရှိသည့် လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။
ချီလင် ချပ်ဝတ်ကို ဆင့်ခေါ်လိုက်သည်နှင့်... ဖုန်းဝူချန်၏ တိုက်ခိုက်ရေး စွမ်းရည်သည် နောက်တစ်ကြိမ် ထပ်မံ မြင့်တက်သွားပြီး... သူ၏ အရှိန်အဝါနှင့် လွှမ်းမိုးမှုမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာခဲ့တော့သည်။
ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်၏ စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းလှသည်မှာ သံသယရှိစရာ မလိုသော်လည်း... ၎င်းသည် ကူအောက်ထျန်း၏ ကောင်းကင်ဝံပုလွေ သားရဲ စွမ်းအားကို ခုခံနိုင်စွမ်း မရှိသေးပေ။ ထို့ကြောင့် ဖုန်းဝူချန်သည် ချီလင် ချပ်ဝတ်ကိုပါ ထုတ်သုံးရန် ဖိအားပေးခံလိုက်ရခြင်း ဖြစ်သည်။
ဖုန်းဝူချန်၏ နောက်ကျောတွင် အနက်ရောင် တောင်ပံတစ်စုံ ရုတ်တရက် ပေါ်ပေါက်လာသည်ကို မြင်လိုက်ရပြီး... ခြိမ်းခြောက်နိုင်စွမ်း အပြည့်ရှိသော အရှိန်အဝါကို ခံစားလိုက်ရသောအခါ... ကူအောက်ထျန်း တစ်ယောက် အကြီးအကျယ် တုန်လှုပ်သွားတော့သည်။
"...ဒါ... ဒါ ဘာကြီးလဲ..."
"အား... အားကောင်းလိုက်တဲ့ ခုခံစွမ်းအား... ဖုန်းဝူချန်ရဲ့ တိုက်ခိုက်ရေးအစွမ်းတွေ ထပ်တက်လာပြန်ပြီ...။ အဲ့ဒါ... အဲ့ဒါ ဘယ်လို လက်နက် အမျိုးအစားကြီးလဲ..."
ကူချင်းရှန်းက အံ့အားတသင့် အော်ဟစ်လိုက်မိသည်။
"သွေးဆာမှုတွေ... မကောင်းဆိုးဝါး အငွေ့အသက်တွေနဲ့ ပြည့်နေတဲ့ အရှိန်အဝါပဲ... ဒါ ဝိညာဉ်လက်နက်လား...။ မဟုတ်ဘူး... ဝိညာဉ်လက်နက်တစ်ခုရဲ့ အရှိန်အဝါက ဒီလောက် ကြောက်စရာကောင်းတာမျိုး မဖြစ်နိုင်ဘူး...။ ဒီအရှိန်အဝါက... အဆင့်မြင့် ဝိညာဉ်လက်နက်ထက်တောင် ပိုပြီး ကြောက်စရာကောင်းနေပါလား..."
သွမ့်ထျန်းဟွမ်က ဖုန်းဝူချန်ထံသို့ လှည့်ကြည့်လိုက်ရင်း အကြီးအကျယ် မှင်တက်သွားကာ သူ၏ နှလုံးခုန်သံများပင် မြန်ဆန်လာခဲ့သည်။
"ဖုန်းဝူချန်က... ဒီလို ကြောက်စရာကောင်းတဲ့ လက်နက်မျိုး ပိုင်ဆိုင်ထားတယ်...။ ဒီ... ဒီ မကောင်းဆိုးဝါး အငွေ့အသက်တွေက... ငါ့ကိုတောင် စိတ်ထဲက လှိုက်ပြီး ကြောက်လာစေပါလား..."
ကူချင်းရွှမ်း၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
ချီလင် ချပ်ဝတ်မှ ထုတ်လွှတ်နေသော မကောင်းဆိုးဝါး အငွေ့အသက်နှင့် သွေးဆာမှု အရှိန်အဝါသည် ခြိမ်းခြောက်နိုင်စွမ်းနှင့် ပြည့်နှက်နေပြီး... ထိုနေရာတွင် ရှိနေသူတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားစေခဲ့၏။
ချီလင် ချပ်ဝတ်ကို ဆင့်ခေါ်လိုက်သည်နှင့်... ကြီးမားသော အနက်ရောင် တောင်ပံကြီးများသည် ဖုန်းဝူချန်၏ တစ်ကိုယ်လုံးကို ချက်ချင်းပင် ဖုံးလွှမ်းသွားတော့သည်။
"ဗြောင်း.. ဗြောင်း.. ဗြောင်း.."
ကြောက်မက်ဖွယ် ဓားစွမ်းအင် ချီများသည် ဖုန်းဝူချန်၏ တောင်ပံများပေါ်သို့ ရက်စက်ခြင်းကင်းမဲ့စွာ အဆက်မပြတ် ကျရောက် ထိုးနှက်နေတော့သည်။ နားကွဲမတတ် ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာပြီး... ဖျက်ဆီးခြင်း စွမ်းအင်လှိုင်းလုံးများသည် ဖုန်းဝူချန်ကို ချက်ချင်း ဝါးမြိုသွား၏။
ကွင်းပြင်ကြီး၏ မြေပြင်သည် ပြင်းထန်စွာ တုန်ခါသွားပြီး... မရေမတွက်နိုင်သော အက်ကွဲကြောင်းများ ပေါက်ကွဲထွက်ကာ အရပ်မျက်နှာအနှံ့ ရူးသွပ်မတတ် ပြေးလွှားသွားကြသည်။
ကြီးမားလှသော မီးခိုးနက်လုံးကြီးတစ်ခုသည် မှိုပွင့်ကြီးတစ်ခုအလား... ကွင်းပြင်ကျယ်ကြီးမှတစ်ဆင့် ကောင်းကင်သို့ ထိုးတက်သွားတော့သည်။
ထိုကြောက်မက်ဖွယ် ဖျက်ဆီးအားသည် လူတိုင်း၏ မျက်နှာများကို သွေးဆုတ်ဖြူဖျော့သွားစေခဲ့သည်။
ကြောက်ရွံ့တုန်လှုပ်နေသော မျက်ဝန်းတစ်စုံစီတိုင်းသည် ထို ဧရာမ မှိုပွင့်ကြီးကိုသာ စိုက်ကြည့်နေမိကြသည်။
"ဟွန့်.. မင်းက ခုခံရေး လက်နက်တစ်ခုနဲ့ ငါ့ရဲ့ ဓားသိုင်းပညာကို တားဆီးနိုင်မယ်လို့ တကယ်ထင်နေတာလား...။ မင်း... ငါ့ကို အထင်သေးလွန်းသွားပြီ..."
ကူအောက်ထျန်းက မာနကြီးစွာဖြင့် အေးစက်စက် ရယ်မောလိုက်သည်။
"ဖုန်းဝူချန် သေရင်သေ... မသေရင်တောင် အပြင်းအထန် ဒဏ်ရာရသွားမှာပဲ...။ ကိုယ့်သေတွင်း ကိုယ်တူးပြီး... ဂိုဏ်းချုပ်လေးရဲ့ ဓားစွမ်းအင် ချီကို မသိနားမလည်ဘဲ သွားခံရဲသေးတယ်..."
"ဖုန်းဝူချန်က သေချင်နေတာလေ... သူ့ကို သေခွင့်ပေးလိုက်ပေါ့၊ ဟီးဟီးဟီး..."
ထျန်းယွင်ဂိုဏ်းမှ တပည့်များသည် သူတစ်ပါး၏ ကပ်ဆိုးကို ဝမ်းမြောက်ဝမ်းသာ ကြည့်ရှုနေကြသည်။
"ငါတို့ ဆရာဖုန်း ဆင့်ခေါ်လိုက်တာ ဘယ်လို လက်နက်မျိုးကြီးလဲ...။ ဒီလောက် ကြောက်စရာကောင်းတဲ့ သွေးဆာမှုနဲ့ မကောင်းဆိုးဝါး အငွေ့အသက်မျိုး တစ်ခါမှ မမြင်ဖူးဘူး...။ ဒါ... ဒါ ဝိညာဉ်လက်နက် သက်သက်တော့ မဖြစ်နိုင်ဘူး..."
စစ်ထူကျန့်ထျန်းက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်ဝန်းများတွင် ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေသည်။
"ဒဏ္ဍာရီထဲမှာ ပြောကြတဲ့... နတ်ဘုရား လက်နက်များ ဖြစ်နေမလား..."
ယန်ထျန်းရှန်းက ကြောက်လန့်တကြားဖြင့် ခန့်မှန်းလိုက်မိပြီး အလွန်အမင်းလည်း စိုးရိမ်နေမိသည်။
"အစ်ကိုဖုန်း..."
လျိုချင်းယန်တစ်ယောက် ရူးသွပ်မတတ် စိတ်ပူနေပြီး သူ၏ လက်ဖဝါးများတွင် ချွေးများ စေးကပ်နေခဲ့ချေပြီ။
ဟွမ်ယန်နှင့် အခြားသူများ အားလုံးလည်း အလွန်အမင်း ထိတ်လန့်နေကြသည်။
ကူအောက်ထျန်း၏ ဓားစွမ်းအင် ချီသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှ၏။ ဖုန်းဝူချန်သည် မူလကတည်းက အပြင်းအထန် ဒဏ်ရာရထားပြီး ဖြစ်ရာ... ယခု လက်နက်ကို ဆင့်ခေါ်ပြီး သိုင်းဝိညာဉ်ကို နှိုးလိုက်လျှင်ပင်... ဖုန်းဝူချန်သည် ဤကြောက်မက်ဖွယ် စွမ်းအားကို တောင့်မခံနိုင်မည်ကို သူတို့ စိုးရိမ်နေကြသည်။
ကောင်းကင် ဝံပုလွေ သားရဲ၏ စွမ်းအားသည် အကြွင်းမဲ့ ကြောက်မက်ဖွယ် ကောင်းလှသည်တကား..။
ဖုန်းဝူချန်၏ နဂါးနတ်ဘုရား အငွေ့အသက်နှင့် နဂါးမျိုးနွယ်၏ သွေးမျိုးဆက်စွမ်းအားသည် တောရိုင်းတိရစ္ဆာန်များကိုသာ ဖိနှိပ်နိုင်စွမ်း ရှိပြီး... သူတို့၏ "စွမ်းအား" ကိုမူ ဖိနှိပ်နိုင်ခြင်း မရှိပေ။
သားရဲသည် သားရဲသာဖြစ်ပြီး... စွမ်းအားသည် စွမ်းအားသာ ဖြစ်သည်။ အကယ်၍ စွမ်းအားကိုပါ ဖိနှိပ်နိုင်ခဲ့မည်ဆိုပါက... ကူအောက်ထျန်းသည် သေဆုံးသွားမှာ အချိန်ကြာလှပြီ ဖြစ်သည်။
ဖုန်းဝူချန်တွင် နဂါးဆိုးနတ်ဘုရား၏ မှတ်ဉာဏ်များ၊ ကြွယ်ဝလှသော အတွေ့အကြုံများနှင့် သွေးကြောစွမ်းအားများ ရှိနေသည့်တိုင်... ယွမ်တန်ဘုံ သတ္တမ အလွှာကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိနေခြင်းသည်... အလွန်အမင်း ထူးခြားဆန်းကြယ်နေပြီ ဖြစ်သည်။
သို့သော်... ကူအောက်ထျန်း၏ တိုက်ခိုက်ရေးအစွမ်းသည် ယွမ်တန်ဘုံ အဌမ အလွှာနှင့် နှိုင်းယှဉ်နိုင်လေသည်။ ကွာဟချက်က ကြီးမားလွန်းလှသည်။ နဂါးမျိုးနွယ်၏ သွေးကြောစွမ်းအား ရှိနေလျှင်ပင်... ဖုန်းဝူချန်အတွက် တန်ပြန်တိုက်ခိုက်ရန် ခက်ခဲလှပေသည်။
အကယ်၍သာ... ဖုန်းဝူချန်သည် ယွမ်တန်ဘုံ ပဉ္စမ အလွှာသို့သာ ရောက်ရှိနေခဲ့မည်ဆိုပါလျှင်... ကူအောက်ထျန်းသည်လည်း သေဆုံးသွားမှာ အချိန်ကြာလှပြီ ဖြစ်သည်။
ကွင်းပြင်ကျယ်ကြီးပေါ်တွင် ဖုန်မှုန့်များ လေထဲ လွင့်ပျံနေပြီး ကွင်းပြင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။ နေရာတစ်ဝိုက် တိတ်ဆိတ်
ငြိမ်သက်သွား၏။
တိုက်ပွဲသည် နောက်တစ်ကြိမ် ရပ်တန့်သွားခဲ့ပြီး... မျက်လုံး အားလုံးသည် ကွင်းပြင်ကျယ်ကြီးပေါ်သို့သာ စုပြုံ ရောက်ရှိနေကြသည်။
ဖုန်းဝူချန် သေသည်ဖြစ်စေ... ရှင်သည်ဖြစ်စေ... မည်သူမျှ မသိနိုင်ကြပေ။
အချိန်များ တဖြည်းဖြည်း ကုန်လွန်လာသည်နှင့်အမျှ... ဖုန်မှုန့်များနှင့် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းလုံးများ တဖြည်းဖြည်း လွင့်ပြယ်သွားပြီး... ကူအောက်ထျန်းနှင့် ဖုန်းဝူချန်တို့၏ ပုံရိပ်များ တဖြည်းဖြည်း ပြန်လည် ပေါ်ပေါက်လာခဲ့သည်။
ထို ဝေဝါးသော ပုံရိပ်များကို မြင်တွေ့ရလေလေ... ယန်ထျန်းရှန်းနှင့် အခြားသူများ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ပိုမို ကြီးထွားလာလေလေ ဖြစ်သည်။
"အိုး... မင်း... မင်း... မတ်တပ်ရပ်နေနိုင်တုန်းပဲလား..."
ကူအောက်ထျန်းက ဖုန်းဝူချန်၏ ဝေဝါးသော ပုံရိပ်ကို မြင်တွေ့လိုက်ရသောအခါ အံ့အားသင့်မှုနှင့်အတူ လှောင်ရယ်သံဖြင့် ဆိုလိုက်သည်။ သို့သော်... သူ၏ စကားသံ မဆုံးသေးခင်မှာပင်... သူ၏ မျက်နှာပေါ်မှ အောင်နိုင်သူ၏ အပြုံးသည် ချက်ချင်းပင် ခဲကျောက်တစ်ခုအလား တောင့်တင်းသွားတော့သည်။
ကူအောက်ထျန်း... ဖုန်းဝူချန်ထံမှ ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားလိုက်မိလေပြီ။
ကူချင်းရှန်းက မျက်မှောင်ကြုတ်လိုက်သည်။
"...ဖုန်းဝူချန်ရဲ့ အရှိန်အဝါက နည်းနည်းလေးတောင် အားနည်းမသွားဘူး...။ သူ့ရဲ့ မကောင်းဆိုးဝါး အငွေ့အသက်နဲ့ သွေးဆာမှုတွေက... အရင်အတိုင်း ကြောက်စရာကောင်းတုန်းပဲ..."
"မဖြစ်နိုင်ဘူး... ဖုန်းဝူချန်က... ဒီလောက် ကြောက်စရာကောင်းတဲ့ အရှိန်အဝါမျိုး ရှိနေသေးတာ မဖြစ်နိုင်ဘူး..." ဟု လူရှင်းချန်လည်း တုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။
"...ဒဏ်ရာ... ဒဏ်ရာ တစ်ချက်တောင် မရဘူး.."
ကူချင်းရွှမ်း၏ မျက်နှာပေါ်တွင် တုန်လှုပ်မှုများ ထင်ဟပ်လာပြီး သူ၏ အမူအရာသည် အနည်းငယ်
တွေဝေသွားသည့်အလား...။
ဟုတ်ပေသည်။ ဖုန်းဝူချန်သည် ဒဏ်ရာ တစ်ချက်မျှပင် မရရှိခဲ့ပေ။
မီးခိုးများနှင့် ဖုန်မှုန့်များအားလုံး လွင့်ပြယ်သွားသောအခါ... အနက်ရောင် တောင်ပံကြီးများ ဖြည်းညင်းစွာ ပြန်လည် ရုပ်သိမ်းသွားပြီး... ဒဏ်ရာ တစ်စိုးတစ်စိမျှ မရှိသော ဖုန်းဝူချန်၏ ပုံရိပ်သည် ထင်ရှားစွာ ပေါ်ပေါက်လာခဲ့သည်။
"ဘု..ဘုရားရေ..."
လူအုပ်ကြီးသည် တုန်လှုပ်စွာဖြင့် အသက်ရှူမှားသွားကြပြီး... မယုံကြည်နိုင်သော မျက်လုံးများဖြင့် မှင်တက်စွာ စိုက်ကြည့်နေမိကြသည်။
ထိုမျှ ကြောက်မက်ဖွယ် ကောင်းသော ဓားစွမ်းအင် အရှိန်အဝါနှင့် ရင်ဆိုင်ပြီးသည့်တိုင်... ဖုန်းဝူချန်က... ဘယ်လိုလုပ်... လုံးဝ ထိခိုက်မှု မရှိဘဲ ရှိနေနိုင်ရသနည်း။
သူ၏ ခုခံစွမ်းအားသည်... မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းနေပါသနည်း။
"ဖုန်းဝူချန်က... ယွမ်တန်ဘုံ အဌမ အလွှာရဲ့ စွမ်းအားကို... တကယ်ကြီး... တောင့်ခံနိုင်ခဲ့တယ်..."
သွမ့်ထျန်းဟွမ်သည် အကြီးအကျယ် တုန်လှုပ်သွားခဲ့သည်။ သူသည် ဖုန်းဝူချန်ကို သစ်သားရုပ် တစ်ရုပ်ကဲ့သို့ စိုက်ကြည့်နေမိပြီး... အသံများပင် တုန်ယင်နေခဲ့သည်။
ဖုန်းဝူချန် ကိုယ်တိုင်ပင်လျှင် အလွန်အမင်း အံ့အားသင့်နေမိသည်။ ချီလင် ချပ်ဝတ်၏ ခုခံစွမ်းအားသည် သူ၏ မျှော်လင့်ထားမှုထက် အဆပေါင်းများစွာ ကျော်လွန်နေခဲ့ သည်လေ။
ဤအခိုက်အတန့်တွင်... ဖုန်းဝူချန်သည် သူ၏ အားအကောင်းဆုံး၊ အစွမ်းအထက်ဆုံး အခြေအနေတွင် လုံးဝ ရောက်ရှိနေခဲ့လေပြီ။
ရှေးဟောင်း ရွှေနဂါး တံဆိပ်တော်..
နဂါးမျိုးနွယ် သွေးမျိုးဆက် စွမ်းအား..
ချီလင် ချပ်ဝတ်..
မီးလျှံဓား...
ထို့ပြင် သူ၏ မယုံနိုင်လောက်အောင် သန်မာသော ရုပ်ခန္ဓာ...။
ဖုန်းဝူချန်၏ တိုက်ခိုက်ရေးအစွမ်းသည်... အကြွင်းမဲ့ ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီ ဖြစ်သည်။
ဖုန်းဝူချန်က သူ၏ ဦးခေါင်းကို ဖြည်းညင်းစွာ မော့လိုက်သည်။
သူ၏ မျက်ခုံးနှစ်ခုကြားမှ ရွှေနဂါး တံဆိပ်တော်သည် ရှိနေဆဲ...။
သူ၏ အလွန်အမင်း အေးစက်သော အကြည့်များက ကူအောက်ထျန်းထံသို့ စူးစိုက် ကြည့်လိုက်ရာ... ကူအောက်ထျန်း တစ်ယောက် မသိစိတ်ထဲမှ တုန်လှုပ်သွားမိသည်။
အနက်ရောင် တောင်ပံများ အနည်းငယ် တုန်ခါသွားပြီး... ဖုန်းဝူချန်၏ ခန္ဓာကိုယ်သည် မြေပြင်မှ တစ်ပေခန့်အကွာသို့ ဖြည်းညင်းစွာ ပျံဝဲတက်လာသည်။ ဖုန်းဝူချန် သူ၏ လက်ကို အသာ ဆန့်လိုက်သည်နှင့် မီးလျှံဓားသည် သူ့ထံသို့ အလိုအလျောက် ပျံသန်းလာခဲ့၏။
“ချွင်”
မီးလျှံဓားကို ကိုင်ဆွဲလိုက်ပြီးနောက်... ဖုန်းဝူချန်က အောက်ဘက်သို့ ပေါ့ပေါ့ပါးပါးပင် လွှဲယမ်း ချလိုက်ရာ... ရိုင်းစိုင်းကြမ်းတမ်းသော ဓားစွမ်းအင် ချီတစ်ခုသည် ၎င်းနှင့်အတူ ကျဆင်းသွားပြီး... ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
ကွင်းပြင်ကြီးသည် ချက်ချင်းပင် ပြိုကျသွားပြီး... ရေပုံးတစ်လုံးစာမျှ တုတ်သော... ပေပေါင်းများစွာ ရှည်လျားသည့် ဓားဒဏ်ရာကြီးတစ်ခု ထင်ကျန်ရစ်ခဲ့သည်။
ဤသည်မှာ... သူ၏ ဓားစွမ်းအင် ချီ သက်သက်၏ စွမ်းအားမျှသာ ဖြစ်သည်။
တန်ခိုးအရှိန်အဝါ ကြီးမားထည်ဝါလှပြီး... လွှမ်းမိုးနိုင်စွမ်းရှိသော သူ၏ အရှိန်အဝါသည် ကောင်းကင်သို့ ထိုးတက်သွားကာ... ရှုံးနိမ့်ခြင်းမရှိသော စစ်နတ်ဘုရားတစ်ပါးနှယ်...။
ပေါ့ပေါ့ပါးပါး လွှဲယမ်းလိုက်သော ဓားတစ်ချက်မျှသာ ဖြစ်သော်လည်း... ထိုကြောက်မက်ဖွယ် ဓားစွမ်းအင် ချီသည်... မိုးကြိုးထစ်ချုန်းသံကဲ့သို့သော အရှိန်အဝါဖြင့် လူတိုင်းကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။
"ဖုန်းဝူချန်ရဲ့ သိုင်းဝိညာဉ်က တကယ် ထူးခြားတယ်... ငါ... ငါ... တစ်ခါမှ မမြင်ဖူးတဲ့ အမျိုးအစားပဲ..."
"ဒီလောက် ကြောက်စရာကောင်းတဲ့ သိုင်းဝိညာဉ်... ဒါ... ရှေးဟောင်း သားရဲတစ်ကောင်ရဲ့ သိုင်းဝိညာဉ်များ ဖြစ်နေမလား..."
"ဆရာဖုန်းရဲ့ နောက်ကျောက အဖိုးတန်ပစ္စည်းက ဘာကြီးလဲ... သူ့ရဲ့ တိုက်ခိုက်ရေးအစွမ်းကို တိုးမြှင့်ပေးရုံတင် မကဘူး... ကူအောက်ထျန်းရဲ့ ဓားစွမ်းအင် အရှိန်အဝါကိုပါ လုံးဝ တားဆီးနိုင်ခဲ့တယ်..."
ဖုန်းဝူချန်၏ လက်ရှိအခြေအနေကို ကြည့်ရင်း... လူတိုင်းသည် ပို၍ ကြောက်ရွံ့လာကြသော်လည်း... အလွန်အမင်းလည်း သိချင်စိတ် ပြင်းပြနေကြသည်။
ယန်ထျန်းရှန်းနှင့် ထိပ်တန်းစစ်သည်တော်များသည် ဖုန်းဝူချန်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးသူများကဲ့သို့ ခံစားနေရသည်။ သူ၏ ဖုံးကွယ်ထားသော အရည်အချင်းများသည် အဆုံးအစ မရှိသည့်အလား... တစ်ခုထက်တစ်ခု ပို၍ ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။
"မင်းရဲ့ အရှိန်အဝါက... အများကြီး အားနည်းသွားပြီပဲ...။ ကောင်းကင်ဝံပုလွေ သားရဲရဲ့ စွမ်းအားက... အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး..."
ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်သည်။
ကူအောက်ထျန်း၏ မျက်နှာသည် မည်းမှောင်သွားပြီး ဒေါသတကြီးဖြင့် ဆိုသည်။
"မင်းရဲ့ တိုက်ခိုက်ရေးအစွမ်းတွေ တိုးတက်လာရင်တောင်... မင်း... ငါ့ကို ယှဉ်နိုင်မှာ မဟုတ်သေးဘူး...။ မင်းရဲ့ သေခြင်းတရား ကံကြမ္မာကို ဘယ်သူမှ ပြောင်းလဲနိုင်မှာ မဟုတ်ဘူး..."
"ငါ့ကံကြမ္မာကို ငါကိုယ်တိုင် ထိန်းချုပ်တယ်...။ ဒါ့အပြင်... မင်းတို့အားလုံးရဲ့ အသက်က... ငါ့လက်ထဲမှာပဲ ရှိတယ်..."
ဖုန်းဝူချန်က အေးစက်စွာ တုံ့ပြန်လိုက်သည်။ သူ၏ စကားသံ ဆုံးသည်နှင့် တစ်ပြိုင်နက်... သူ၏ နောက်ကျောမှ တောင်ပံများသည် ပြင်းထန်စွာ ခတ်လိုက်တော့သည်။
"ဝှစ်.."
မျက်စိတစ်မှိတ်အတွင်း... သူ မူလ ရှိခဲ့သော နေရာတွင် ကြောက်မက်ဖွယ် လေပွေကြီးတစ်ခု ကျန်ရစ်ခဲ့ပြီး... ဖုန်မှုန့်များနှင့် မီးခိုးများ ထလောင်သွားသည်။ ဖုန်းဝူချန်၏ ခန္ဓာကိုယ်သည်... လုံးဝ ကြောက်မက်ဖွယ် ကောင်းလောက်အောင်... ပျောက်ကွယ်သွားခဲ့လေပြီ။
“ရွှတ်”
ဖုန်းဝူချန် လျှပ်တပြက် ဖြတ်သန်းသွားသည်နှင့်... ကူအောက်ထျန်း၏ မျက်နှာအမူအရာ အကြီးအကျယ် ပြောင်းလဲသွားသည်။ သူ... ဘာမှ သတိမထား
လိုက်မိခင်မှာပင်... သူ၏ ပခုံးမှ သွေးများ ရွှီခနဲ ပန်းထွက်လာခဲ့လေပြီ။
"ဒါ... ဒါ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ကူအောက်ထျန်း တစ်ယောက် သွေးပျက်သွားခဲ့သည်။ ဖုန်းဝူချန်က ဤမျှ ကြောက်မက်ဖွယ် ကောင်းသော အမြန်နှုန်းကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ လုံးဝ မယုံကြည်နိုင်ခဲ့ပေ။
ချီလင် ချပ်ဝတ်နှင့် နဂါးနတ်ဘုရား အရိပ်သိုင်းတို့ ပေါင်းစပ်လိုက်
သောအခါ... ဖုန်းဝူချန်၏ အမြန်နှုန်းသည်... 'လျှပ်တပြက် နေရာ ရွှေ့ပြောင်းသိုင်းကွက်' နှင့် အကြွင်းမဲ့ နှိုင်းယှဉ်နိုင်စွမ်း ရှိနေခဲ့ပြီတကား..။
လူတိုင်းသည် ပါးစပ်အဟောင်းသားဖြင့် မှင်သက်စွာ စိုက်ကြည့်နေမိကြသည်။ ထိုကြောက်မက်ဖွယ် အမြန်နှုန်း... ထျန်းယွမ်ဘုံ အဆင့် ကျွမ်းကျင်သူ နှစ်ယောက်မှ လွဲ၍... မည်သူမျှ ဖုန်းဝူချန်၏ ခန္ဓာကိုယ်ကို မမြင်နိုင်ကြပေ။ သူတို့ မြင်တွေ့လိုက်ရသည်မှာ... ကူအောက်ထျန်း၏ ပခုံးမှ... အကြောင်းရင်း မရှိဘဲ... သွေးများ ပန်းထွက်လာခြင်းကိုသာ ဖြစ်သည်။
"ဒါ... လက်ခံနိုင်စရာ မရှိဘူး..."
ကူအောက်ထျန်းက ဒေါသမီးများ တောက်လောင်ကာ ဟိန်းဟောက်လိုက်ပြီး သူ၏ မျက်နှာသည် နောက်တစ်ကြိမ် ထပ်မံ ရှုံ့မဲ့သွားတော့သည်။
ကောင်းကင်ဝံပုလွေ သားရဲ၏ စွမ်းအားအကုန်ကို ဆင့်ခေါ်လိုက်ပြီး... သူ၏ ကိုယ်ဖော့သိုင်းကို အသုံးပြုကာ နေရာမှ ပျောက်ကွယ်သွားခဲ့သည်။
သူ ပြန်လည် ပေါ်လာသောအခါ... သူသည် ဖုန်းဝူချန်၏ အပေါ်တည့်တည့်သို့ ရောက်ရှိနေခဲ့ပြီး... ဖုန်းဝူချန်၏ ဦးခေါင်းထိပ်ကို ရက်စက်စွာ ထိုးစိုက်ချလိုက်သည်။
"ထန်.."
တူညီသော အခိုက်အတန့်မှာပင် အနက်ရောင် တောင်ပံများသည် ဖုန်းဝူချန်၏ ဦးခေါင်းထိပ်တွင် ကာရံလိုက်ပြီး... စူးရှသည့် အသံနှင့်အတူ... ထိုတိုက်ခိုက်မှုကို အလွယ်တကူပင် တားဆီးလိုက်လေသည်။
ဖုန်းဝူချန်ကို အနည်းငယ်မျှပင် တုန်ခါသွားစေခြင်း မရှိခဲ့ချေ..။
"မင်းက... ကောင်းကင်ဝံပုလွေ သား ရဲတစ်ကောင်ရဲ့ စွမ်းအားလောက်နဲ့ ငါ့ကို သတ်နိုင်မယ်လို့ ထင်နေတာလား...။ ငါသာ... ယွမ်တန်ဘုံ ပဉ္စမ အလွှာကိုသာ ဝင်ရောက်နိုင်ခဲ့မယ်ဆိုရင်... မင်းကို သတ်ရတာ... ပုရွက်ဆိတ်ကလေး နင်းခြေလိုက်သလောက်တောင် လွယ်သေးတယ်..."
ဖုန်းဝူချန်က အေးစက်စွာ ကြေညာလိုက်သည်။ သူ၏ စကားလုံးတိုင်းသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။
"သေစမ်း.."
ကူအောက်ထျန်းက ဟိန်းဟောက်လိုက်ပြီး သူ၏ ဓားရှည်မှ ကြောက်မက်ဖွယ် ဓားအလင်းတန်းများ ပေါက်ကွဲထွက်စေလိုက်သည်။
"ဝှစ်.."
ဓားအလင်းတန်း၏ စွမ်းအားသည် ဓားထိပ်မှ ပေါက်ကွဲထွက်လာပြီး ထျန်းယွင်ဂိုဏ်းကို ဖြတ်သန်း တိုက်ခတ်သွားရာ... မြေပြင်ကြီး ပြင်းထန်စွာ တုန်ခါသွားတော့သည်။
စွမ်းအင်လှိုင်းလုံးများနှင့် ဖုန်မှုန့်များသည် ဖုန်းဝူချန်ကို နောက်တစ်ကြိမ် ဝါးမြိုသွားပြန်သည်။
"မင်းရဲ့ အစွမ်းတွေက... တဖြည်းဖြည်း... အားနည်း... အားနည်း... လာနေပြီ...။ မင်း... ကိုယ့်ကိုယ်ကိုယ်... သတိမထားမိဘူးလား..."
စွမ်းအင်လှိုင်းလုံးများနှင့် ဖုန်မှုန့်များကြားမှ... ဖုန်းဝူချန်၏ အေးစက်လှသော အသံသည် ထွက်ပေါ်လာခဲ့သည်။
ကူအောက်ထျန်း၏ မျက်နှာအမူအရာ နောက်တစ်ကြိမ် ပြောင်းလဲသွား၏။
သူ၏ ဓားအား ကိုင်စွဲလိုက်ပြီးနောက်... ချက်ချင်းပင် ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် နောက်သို့ ဆုတ်ခွာလိုက်သည်။ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် အမြန်နှုန်းသည် သူ့ကို အလွန်အမင်း သတိထားနေစေခဲ့သည်။
"ငါ... မင်းရဲ့ ခုခံစွမ်းအားကို မချိုးဖျက်နိုင်ဘူးလို့... မယုံဘူး..."
ကူအောက်ထျန်းက ဒေါသတကြီးဖြင့် ကြိမ်းဝါးလိုက်သည်။
ကူအောက်ထျန်းက သိုင်းပညာ တစ်ခုကို ထုတ်ဖော်ရန် ပြင်ဆင်လိုက်စဉ်မှာပင်... သူ၏ အမူအရာသည် ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားတော့သည်။
ဖုန်းဝူချန်သည်... သူ၏ ရှေ့မှောက်သို့... တိတ်ဆိတ်စွာ ပေါ်ပေါက်လာခဲ့လေပြီ။ သူသည်... ဒဏ်ရာတစ်စက်မျှပင် မရရှိသေးချေ...။
ဤမြင်ကွင်းသည် ကူအောက်ထျန်းကို အကြီးအကျယ် ထိတ်လန့်သွားစေခဲ့ပြီး... သူ၏ ပင်ကိုယ်အသိစိတ်အရ... ကြောက်လန့်တကြား နောက်သို့ ဆုတ်ခွာမိလိုက်သည်။
"မင်းအဖေတောင်... ငါ့ရဲ့ ခုခံစွမ်းအားကို မချိုးဖျက်နိုင်ခဲ့ဘူး...။ မင်း... မင်းလောက်နဲ့တော့... ပိုတောင် မဖြစ်နိုင်သေးတယ်..."
ဖုန်းဝူချန်က မထီမဲ့မြင် ဆိုလိုက်သည်။ သူ၏ အေးစက်သော အသံသည်... 'ကျိုယို' ဟုခေါ်သော အမှောင်ငရဲ၏ နက်ရှိုင်းသော ချောက်ကမ်းပါးထဲမှ ထွက်ပေါ်လာသကဲ့သို့ ထင်မှတ်ရ၏။
"နက်နဲခြင်းအဆင့် အမြင့်တန်း သိုင်းပညာ.. ထျန်းယွင် မီးလျှံ လက်ဝါး.."
ဒေါသမီးများ အလွန်အမင်း တောက်လောင်နေသော ကူအောက်ထျန်းက နောက်တစ်ကြိမ် ဟိန်းဟောက်လိုက်ပြီး... သူ၏ ရှေ့တည့်တည့်မှ ဖုန်းဝူချန်ထံသို့... ရက်စက်သော လက်ဝါးတစ်ချက်ဖြင့် ရိုက်ချလိုက်တော့သည်။
"စုပ်ယူခြင်း.."
ဖုန်းဝူချန်၏ မျက်လုံးများ ကျယ်ပြန့်သွားပြီး... သူက ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်။
ထိုအခိုက်အတန့်မှာ သူ၏ မျက်ခုံးတန်း နှစ်ခုကြားမှ ရွှေနဂါး တံဆိပ်တော်သည် မျက်စိကျိန်းမတတ် ရွှေရောင်အလင်းများဖြင့် လင်းလက်သွားပြီး... ကြောက်မက်ဖွယ် ကောင်းသော စုပ်ယူခြင်း စွမ်းအား တစ်ခုသည်... မည်သည့် သတိပေးချက်မှ မရှိဘဲ... ပေါက်ကွဲထွက်ပေါ်လာ
ခဲ့လေတော့သည်။