ချီလင် သားရဲ
Vol. 10 Ch. 138
~နတ်ဘုရား တောင်ကြားကြီးထဲ ပေါ်ထွက်လာခဲ့သော ကြောက်မက်ဖွယ် စွမ်းအားကြီးသည် ဆန်းကြယ်လှပြီး မည်သည့်နေရာမှ မြစ်ဖျားခံလာသည်ကို မသိရှိရပါချေ။ ၎င်းသည် အင်ပါယာကြီး လေးခုအပေါ်တွင် မမြင်နိုင်သော ကြီးမားသည့် ခြိမ်းခြောက်မှု တစ်ခုအဖြစ် တည်ရှိနေခဲ့လေပြီ။
ဤစွမ်းအား၏ ရင်းမြစ်ကို သေချာစွာ သိရှိနိုင်ရန်အတွက် ယဲ့ချန်းချုံးနှင့် အခြားသူများသည် နတ်ဘုရား တောင်ကြား ပတ်ပတ်လည်တွင် စုံစမ်း စစ်ဆေးနေခဲ့ကြပြီး ဖြစ်၏။
သို့သော်... သူတို့ကို စိတ်ပျက်သွားစေသည်မှာ... မတ်စောက်လှသော ချောက်ကမ်းပါးကြီး၏ ဝင်္ကပါ ပျောက်ကွယ်သွားသည်နှင့် ဆန်းကြယ်ပြီး ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားသည် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး စွမ်းအင် လှုပ်ရှားမှု၏ အရိပ်အယောင် အနည်းငယ်မျှပင် ကျန်ရစ်ခြင်း မရှိတော့ခြင်း ဖြစ်ပေသည်။
'...တောက်... ဘယ်ရောက်သွားတာလဲ...။ ဒီလောက် အားပြင်းတဲ့ စွမ်းအားကြီးက ဒီအတိုင်း ပျောက်သွားစရာလား...'
အကယ်၍ ထို ကြောက်မက်ဖွယ် ဆန်းကြယ်သော စွမ်းအားသည် နတ်ဘုရား တောင်ကြားထဲတွင် ရှိနေခဲ့ပါလျှင် ၎င်း မည်သည့်နေရာတွင် ပုန်းကွယ်နေနိုင်ပါမည်နည်း။
နောက်ဆုံးတွင်တော့ ယဲ့ချန်းချုံးနှင့် သူ၏ အဖွဲ့သည် ကျန်ရစ်ခဲ့သော အမျိုးမျိုးသော ခြေရာများဘက်သို့ သူတို့၏ အာရုံကို လှည့်လိုက်ကြသည်။ သားရဲများ ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ရခြင်းသည်လည်း ဤ ကြောက်စရာ ရင်ထိတ်ဖွယ် စွမ်းအားကြောင့်ပင် ဖြစ်ရမည်ဟု သူတို့ ထင်ကြေးပေးလိုက်ကြ၏။
သားရဲများ ထွက်ပြေးသွားခဲ့သော လားရာသည် ရင်ထိတ်ဖွယ် စွမ်းအား တည်ရှိရာ နေရာ မဟုတ်သည်မှာ သေချာပါ၏။
ထို့ကြောင့်... ယဲ့ချန်းချုံးနှင့် သူ၏ အဖွဲ့သည် ဆန်းကြယ်ပြီး ရင်ထိတ်ဖွယ် ကောင်းသော စွမ်းအား တည်ရှိရာ နေရာသည် သားရဲများ၏ ထွက်ပြေး လမ်းကြောင်းနှင့် ဆန့်ကျင်ဘက် လားရာတွင် ရှိရမည်ဟု ကောက်ချက်ချလိုက်ကြသည်။
သို့သော်... သူတို့ကို စိတ်ပျက်သွားစေသည်မှာ... များပြားလှသော သဘာဝ ရတနာများမှလွဲ၍ မည်သည့် ကြောက်မက်ဖွယ် စွမ်းအား၏ အရိပ်အယောင်ကိုမျှ သူတို့ ရှာဖွေ မတွေ့ရှိခဲ့ကြခြင်း ဖြစ်ပေသည်။
နာရီပေါင်းများစွာ အချည်းနှီး ကုန်ဆုံးသွားခဲ့ရလေသည်။
သို့သော် သူတို့ ရှာမတွေ့နိုင်ခဲ့ကြပါ။
"ဒီ ဆန်းကြယ်တဲ့ စွမ်းအားက ဝင်္ကပါ တစ်ခု မဟုတ်တာတော့ သေချာတယ်...။ မဟုတ်ရင် ဗိုလ်ချုပ်ကြီးယဲ့တို့ ဒါကို ခံစားမိမှာ မဟုတ်ဘူး..."
ဟု ရှင်းထျန်းဖုန်းက မျက်မှောင်ကြုတ်လျက် ဆိုလိုက်၏။
ထိုအခါ ကျောင်းအုပ်ကြီး ကျန်းက ခေါင်းခါလိုက်သည်။
"တကယ်လို့ ဒါက ဆန်းကြယ်တဲ့ အစွမ်းထက် တည်ရှိမှု တစ်ခုခုသာ ဆိုရင်တော့... ကျွန်တော်တို့တွေ သူ့ကို လွယ်လွယ် ရှာတွေ့နိုင်မှာ မဟုတ်ဘူး..."
ယဲ့ချန်းချုံးက မျက်မှောင်ကြုတ်လိုက်ပြီး
"ကျုပ် မျှော်လင့်တာကတော့... ဒီစွမ်းအားက အင်ပါယာကို ခြိမ်းခြောက်မှု မဖြစ်စေဖို့ပဲ...။ နတ်ဘုရား တောင်ကြားရဲ့ တည်ရှိမှုက သိပ် ဆန်းကြယ်လွန်းတယ်...။ ကျုပ်တို့တွေ ဒါနဲ့ ပတ်သက်ပြီး လုံးဝ ဘာမှ မသိဘူးလို့တောင် ပြောလို့ရတယ်..."
အခြား ရွေးချယ်စရာ မရှိသည်နှင့် သူတို့ လက်လျှော့လိုက်ကြရတော့သည်။
ဝိညာဉ်ရေကန်ဘက်သို့ ပြန်လှည့်ကြည့်လိုက်သောအခါ အရာအားလုံး ငြိမ်းချမ်းနေပုံ ပေါ်ပြီး ဖုန်းဝူချန်နှင့် အခြားသူများသည် ကျင့်ကြံနေခဲ့ကြသည်။
ဝိညာဉ်ရေကန်သည် ငြိမ်သက်နေခဲ့သော်လည်း ဖုန်းဝူချန်၏ နှလုံးသားထဲမှ ခေါ်သံသည် ဘယ်သောအခါမှ မရပ်တန့်ခဲ့ဘဲ ဆန့်ကျင်ဘက် အနေနှင့် ပို၍ပင် ပြင်းထန်လာခဲ့၏။
ရုတ်တရက်... ငြိမ်သက်နေသော ဝိညာဉ်ရေကန်၏ အလယ်ဗဟိုမှ မသိမသာ လှုပ်ရှားမှု တစ်ခု ဖြစ်ပေါ်လာခဲ့၏။
ကျန်းယွင်ထျန်း၏ အကြည့်များသည် ဝိညာဉ်ရေကန် အလယ်ဗဟိုမှ ဆူညံသံကို ခံစားမိလိုက်သည်နှင့် လျင်မြန်စွာ လှည့်ကြည့်လိုက်သည်။
"...ဘာသံလဲဟ..."
အကြီးအကဲ တစ်ဦးက မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။ ကျန်ရှိသော အကြီးအကဲများ မတ်တပ်ရပ်လိုက်ကြပြီး ဝိညာဉ်ရေကန်၏ အလယ်ဗဟိုကို သတိကြီးစွာ စောင့်ကြည့်နေခဲ့ကြ၏။
"...တစ်ခုခုတော့ မှားနေပြီ..."
ကျယ်ပြန့်လှသော ဝိညာဉ်ရေကန်ကြီးသည် ထူထပ်သော အဖြူရောင် မြူခိုးများဖြင့် ဖုံးလွှမ်းနေခဲ့ပြီး အရာအားလုံးကို မြင်ကွင်းမှ ကွယ်ပျောက်စေခဲ့သည်။
သွမ့်ဟုန်ရှီးက သူ၏ မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး မေးလိုက်သည်။
"မင်းတို့ ခံစားမိလိုက်ကြလား...။ ရေကန်ထဲမှာ တစ်ခုခု လှုပ်ရှားနေသလိုပဲ..."
သူ အနည်းငယ် ကြောက်လန့်လာစ ပြုနေခဲ့၏။
ထိုအခါ ပိုင်ခုံက မျက်မှောင်ကြုတ်လျက် ပြန်မေးလိုက်သည်။
"...မင်း ပြောချင်တာက... ရေကန်ထဲမှာ ကြမ်းကြုတ်သားရဲ တစ်ကောင် ရှိနေနိုင်တယ်လို့လား..."
"...ဟို... ဟိုမှာ ကြည့်ကြစမ်း...။ မြန်မြန်...။ အဲ့ဒါ... အဲ့ဒါ ဘာကြီးလဲ..."
သွမ့်ဟုန်ရှီးက ရေကန်၏ အလယ်ဗဟိုသို့ ရုတ်တရက် လက်ညှိုးထိုးလိုက်ပြီး လုံးဝ တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။ သူ ဘာမြင်လိုက်ရသည်ကို မသေချာခဲ့ပေ။
ကျန်းယွင်ထျန်းက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး အလျင်အမြန် ကြွေးကြော်လိုက်လေသည်။
"ကြမ်းကြုတ်သားရဲပဲ...။ မြန်မြန်... ဒီကို တက်လာခဲ့ကြ..."
လူတိုင်း ရေကန်၏ အလယ်ဗဟိုတွင် ရုတ်တရက် ပေါ်ထွက်လာသော အဖြူရောင် သားရဲ တစ်ကောင်ကို မြင်တွေ့လိုက်ကြရသည်။ ၎င်းသည် အဖြူရောင် မြူခိုးများထဲမှ ထွက်ပေါ်လာခဲ့ပြီးနောက် တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားခဲ့၏။
'...ဟင်... ခုနက ဘာကြီးလဲ...'
ထိုသားရဲ၏ ပုံပန်းသဏ္ဌာန်သည် အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှ၏။ ခြင်္သေ့ အထီး တစ်ကောင်နှင့် ဆင်တူသော်လည်း လုံးဝ တူညီခြင်း မရှိဘဲ ခြင်္သေ့၏ ခန္ဓာကိုယ် ရှိနေသော်လည်း နဂါး တစ်ကောင်နှင့် တူသယောင် ရှိပြန်သည်။
သို့သော် နဂါး၏ ခန္ဓာကိုယ်လည်း မဟုတ်ပေ။ ၎င်းသည် ကြောက်မက်ဖွယ် ကောင်းလှပြီး မည်သူမျှ ယခင်က ဤသို့သော အရာမျိုးကို မြင်ဖူးခဲ့ခြင်း မရှိကြပါ။
ထိုအခိုက်အတန့်၌ ဖုန်းဝူချန်၏ မျက်ဝန်းထဲတွင် အံ့ဩမှုများ လင်းလက်သွားခဲ့သည်။ သူ မျက်မှောင်ကြုတ်လိုက်ပြီး တကိုယ်တည်း တွေးလိုက်မိ၏။
"...ချီလင်...။ ချီလင် တစ်ကောင်က နတ်ဘုရား တောင်ကြားထဲမှာ ဘာလို့ ရှိနေရတာလဲ..."
["ချီလင်" (Qi Lin - 麒麟) အကြောင်းကို ရှင်းပြပေးပါမယ်။
လူတော်တော်များများက "ချီလင်" ကို "တရုတ် ယူနီကွန်း (Chinese Unicorn)" လို့ လွယ်လွယ်ကူကူ ဘာသာပြန်တတ်ကြပေမဲ့၊ အနောက်တိုင်း ယူနီကွန်း (ချိုတစ်ချောင်းနဲ့ မြင်း) နဲ့ လုံးဝမတူပါဘူး။ ချီလင်က ပိုပြီး ရှုပ်ထွေးသလို၊ ပိုပြီးလည်း မြင့်မြတ်ပါတယ်။
တရုတ်ဒဏ္ဍာရီမှာ သတ္တဝါတွေကို အုပ်စု (၄) ခု ခွဲထားပါတယ်။ အဲဒီထဲမှာ "ချီလင်" ဟာ "အမွှေးပါသော သတ္တဝါများ" (သားရဲများ) အားလုံးရဲ့ အရှင်သခင် ဖြစ်ပါတယ်။
သူ့ရဲ့ အဆင့်အတန်းက နဂါး၊ ဖုန့်ဟွမ် (ဖီးနစ်)၊ လိပ်နက်တို့နဲ့ တန်းတူပါပဲ။ သူတို့အားလုံးကို "မြင့်မြတ်သော သားရဲကြီး လေးပါး" (Four Divine Beasts) လို့ သတ်မှတ်ထားလေ့ ရှိပါတယ်။
စိတ်ဝင်စားစရာကောင်းတာက "ချီ" (Qi - 麒) ဆိုတာ အထီး (Male) ကို ရည်ညွှန်းပြီး၊ "လင်" (Lin - 麟) ဆိုတာ အမ (Female) ကို ရည်ညွှန်းတာပါ။ ပေါင်းလိုက်တော့ "ချီလင်" (Qilin) လို့ ဖြစ်လာတာပါ။ ချီလင်ရဲ့ ပုံပန်းသဏ္ဌာန်က သတ္တဝါတစ်မျိုးတည်း မဟုတ်ပါဘူး။ အကောင်းဆုံး သတ္တဝါတွေရဲ့ အစွမ်းအစတွေကို ပေါင်းစပ်ထားတဲ့ ပုံစံမျိုး ရှိပါတယ်-
သမင်ကိုယ်မျိုး (ဒါပေမဲ့ ပိုသန်မာတယ်)။ နဂါးခေါင်းနဲ့ ဆင်တူတယ်။ သမင်ချိုနဲ့ တူသလို၊ တချို့ ပုံဖော်မှုတွေမှာတော့ ချိုတစ်ချောင်းတည်း (ဒါကြောင့် ယူနီကွန်းလို့ အထင်မှားတာပါ)။
ကိုယ်ပေါ်မှာ ငါးကြင်းလို အကြေးခွံတွေ ရှိတတ်ပါတယ်။ ခြင်္သေ့အမြီး (သို့) နွားအမြီးလို ဖြစ်နေတတ်တယ်။ မြင်းခွာ (သို့) နွားခွာ ပုံစံရှိပါတယ်။
တချို့ ဒဏ္ဍာရီတွေမှာ ချီလင်ရဲ့ ကိုယ်ကနေ မင်္ဂလာရှိတဲ့ မီးတောက်တွေ ဒါမှမဟုတ် အလင်းတန်းတွေ ဖြာထွက်နေတယ်လို့လည်း ဖော်ပြကြပါတယ်။
ချီလင်က ကြုံသလို ပေါ်လာတဲ့ သတ္တဝါ မဟုတ်ပါဘူး။ သူ ပေါ်လာပြီဆိုရင် ဒါဟာ အလွန်တရာ ကြီးကျယ်တဲ့ မင်္ဂလာနိမိတ် ဖြစ်ပါတယ်။
ချီလင်ကို...ရှန်းရှဝတ္ထုတွေထဲမှာ
အစွမ်းထက် မြင့်မြတ်သော သားရဲ: မယုံနိုင်စရာ စွမ်းအားတွေ ပိုင်ဆိုင်ထားသူ။
ဒြပ်စင် သခင်: ဥပမာ - "မီးချီလင်"ဆိုရင် မီးတောက်တွေကို ထိန်းချုပ်နိုင်ပြီး အလွန် ကြောက်စရာကောင်းတဲ့ တိုက်ခိုက်ရေးစွမ်းရည် ရှိတတ်ပါတယ်။
အစောင့်အရှောက်: ရှားပါးတဲ့ နတ်ဆေးပင်တွေ၊ ဒါမှမဟုတ် ဂူအောင်း ပညာရှိကြီးတွေရဲ့ နေရာကို အစောင့်အရှောက်ပေးတဲ့ သားရဲအဖြစ် တွေ့ရတတ်ပါတယ်။
ဒါပေမဲ့၊ ရှန်းရှဝတ္ထုတွေထဲမှာတောင် ချီလင်ရဲ့ မူလဂုဏ်ပုဒ်ဖြစ်တဲ့ "မြင့်မြတ်ခြင်း" နဲ့ "ကံကောင်းခြင်း" ဆိုတဲ့ အဓိပ္ပာယ်ကတော့ ပျောက်မသွားပါဘူး။ ဇာတ်လိုက်က ချီလင်ရဲ့ အသိအမှတ်ပြုမှု (သို့) သစ္စာခံမှုကို ရပြီဆိုရင် ဒါဟာ အကြီးမားဆုံး ကံကောင်းခြင်းကြီး ဖြစ်သွားတာပါပဲ။ ]
မိစ္ဆာ နဂါးနတ်ဘုရား၏ မှတ်ဉာဏ်များ ရှိနေသဖြင့် ဖုန်းဝူချန်သည် ထိုသားရဲကို ချီလင် တစ်ကောင်အဖြစ် ခွဲခြား သိရှိလိုက်လေသည်။ ၎င်းသည် ပြိုင်ဘက်ကင်း ကြမ်းကြုတ် စွမ်းအားများ ပိုင်ဆိုင်သည့် ရှေးဦး ဝိညာဉ် သားရဲများထဲမှ တစ်ကောင် ဖြစ်၏။
ခဏအကြာတွင် ရေကန် အလယ်ဗဟိုမှ လှုပ်ရှားမှုသည် ပိုမို ပြင်းထန်လာခဲ့ပြီး မျက်နှာပြင်ကို ဖုံးလွှမ်းထားသော ထူထပ်သည့် မြူခိုးများသည် တိုက်ခတ် ပျောက်ကွယ်သွားခဲ့သည်။ အလယ်ဗဟိုတွင် ဧရာမ ရေဝဲကြီး တစ်ခု ထွက်ပေါ်လာခဲ့ပြီး လှိုင်းလုံးများသည် ကမ်းစပ်ဆီသို့ လှိမ့်ဝင်လာခဲ့ကြ၏။
ကျန်းယွင်ထျန်းက သတိပေးလိုက်သည်။ အကြီးအကဲများသည် သူတို့၏ အစစ်အမှန်ယွမ်များကို စုစည်းထားခဲ့ကြပြီး တိုက်ပွဲအတွက် ပြင်ဆင်နေခဲ့ကြလေပြီ။
"အားလုံး... သတိထားကြပါ..."
ရေကန်၏ အလယ်ဗဟိုတွင် ရေဝဲကြီးသည် ပိုမို ကြီးမားလာခဲ့ပြီးနောက် အားကောင်းသော စွမ်းအား တစ်ခု ရေကန် အတွင်းမှ ပျံ့နှံ့လာခဲ့သည်။ ယခင် တစ်ကြိမ်ကလောက် ကြောက်မက်ဖွယ် မကောင်းသော်လည်း ၎င်းသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ဤ ကြောက်ခမန်းလိလိ စွမ်းအားကို ခံစားမိသောအခါ ကျန်းယွင်ထျန်းနှင့် အခြားသူများ၏ မျက်နှာများ ဖြူဖျော့သွားခဲ့ကြသည်။
'...သေပြီ... ဒီကောင်က တကယ် အားပြင်းတာပဲ...'
"တို့တွေ အရင်က ဒီလောက် ကြောက်စရာကောင်းတဲ့ သားရဲမျိုးနဲ့ တစ်ခါမှ မကြုံဖူးဘူး...။ မင်းတို့အားလုံး ပြေးကြတာ ပိုကောင်းလိမ့်မယ်…”
အကြီးအကဲ တစ်ဦးက အော်ဟစ်လိုက်သည်။ သူ၏ အစစ်အမှန်ယွမ်များကို ထုတ်ဖော်လိုက်စဉ် သူ၏ မျက်နှာအမူအရာမှာ ထိတ်လန့်တကြားရော လေးနက်မှုပါ ရှိနေခဲ့၏။
"ဝှစ် ဝှစ် ဝှစ်။"
ရေမြွေကြီးများသည် ဝဲဂယက်ထဲမှ ပစ်ထွက်လာခဲ့ကြသည်။ တစ်ခုချင်းစီတွင် ကျယ်လောင်သော လေထု ပေါက်ကွဲသံများနှင့်အတူ ဖုန်းဝူချန်နှင့် အခြားသူများထံသို့ တိုးဝင်လာခဲ့ကြ၏။ တစ်ခုချင်းစီတွင် ကြောက်မက်ဖွယ် စွမ်းအားများ ပြည့်နှက်နေခဲ့ပြီး သူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ တောင့်ခံနိုင်စွမ်း ရှိမည် မဟုတ်ပါချေ။
" ကျောင်းသားတွေ ရှောင်ကြ…”
ကျန်းယွင်ထျန်းက အော်ဟစ်လိုက်သည်။ ယွမ်တန်ဘုံ သတ္တမအလွှာ ပညာရှင် တစ်ဦး ဖြစ်သည့်တိုင် သူသည်လည်း ဤ အားကောင်းသော စွမ်းအားကို ရင်မဆိုင်ရဲခဲ့ပါ။
"ဘုန်း ဘုန်း ဘုန်း။"
"ဝှစ် ဝှစ်...ဝှစ်။"
ကြောက်မက်ဖွယ် ရေမြွေကြီးများ၏ အစုလိုက်အပြုံလိုက် တိုက်ခိုက်မှုသည် နားကွဲမတတ် ကျယ်လောင်လှ၏။ ပြင်းထန်သော စွမ်းအင် အားလှိုင်း အကြွင်းအကျန်များသည် အဆင့် တစ်ဆယ့်နှစ် ဟာရီကိန်း မုန်တိုင်း တစ်ခုကဲ့သို့ ပတ်ပတ်လည်တွင် အရူးအမူး တိုက်ခတ်သွားခဲ့သည်။ လူတိုင်း ကြိုတင် ရှောင်ရှားသွားခဲ့ကြသော်ငြားလည်း သူတို့သည် တုန်ခါမှု လှိုင်းများကြောင့် လွင့်စင်သွားခဲ့ကြရဆဲ ဖြစ်သည်။
အကြီးအကဲ တစ်ဦးက ထိတ်လန့်တကြား ဆိုလိုက်သည်။ သူ၏ မျက်နှာမှာ ပြာနှမ်းနေခဲ့၏။
"...ဒီစွမ်းအားက... အနည်းဆုံး ထျန်းယွမ်ဘုံ အဆင့်ပဲ..."
ဖုန်းဝူချန် မျက်မှောင်ကြုတ်လိုက်ပြီး ရင်တွင်း တွေးလိုက်မိသည်။ အစောပိုင်းက ချီလင် ပေါ်ထွက်လာခြင်းသည် ဘာကို ဆိုလိုမှန်း သူ နားမလည်နိုင် ဖြစ်နေခဲ့၏။
‘...ဒါက ချီလင် မျိုးနွယ်ရဲ့ စွမ်းအား မဟုတ်ဘူး...။ ဘယ်လို ကြမ်းကြုတ်သားရဲမျိုး ဖြစ်နိုင်လို့ နဂါးမျိုးနွယ်ကို မကြောက်ရတာလဲ…’
နဂါးမျိုးနွယ်သည် အလွန် မြင့်မြတ်သော တည်ရှိမှု တစ်ခု ဖြစ်ပြီး မရေမတွက်နိုင်သော ကြမ်းကြုတ်သည့် သားရဲများက ကြောက်ရွံ့ကြသည်။ နဂါးများကို ကြောက်ရွံ့မှုသည် သူတို့၏ အသားနှင့် သွေးများထဲတွင်ပင် စွဲမြဲနေခဲ့ပြီး သူတို့၏ ရှေ့မှောက်တွင် မဆင်မခြင် ပြုမူဝံ့ကြမည် မဟုတ်ပေ။
သို့သော်... ဝိညာဉ်ရေကန်ထဲမှ သားရဲသည် တိုက်ခိုက်ဝံ့ခဲ့သည်။
ထိုအခိုက်အတန့်တွင် ဝိညာဉ်ရေကန်၏ ဧရာမ ရေဝဲကြီး အတွင်းမှ အတောင်ပံပါသော မြွေနဂါးကြီး တစ်ကောင် ကောင်းကင်ထက်သို့ တက်လာခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်သည် ရေစည်ပိုင်း တစ်ခုစာခန့် တုတ်ခိုင်ပြီး အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။
ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိသောအခါ အကြီးအကဲများသည် လွှမ်းမိုးနိုင်သော ကြောက်ရွံ့မှုဖြင့် ထိုးနှက်ခြင်း ခံလိုက်ရသည်။
"ထျန်းယွမ်ဘုံ...ဒါက တကယ်ပဲ ထျန်းယွမ်ဘုံ အဆင့် ကြမ်းကြုတ်သားရဲပဲ..."
ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်လိုက်ပြီး ရေရွတ်လိုက်၏။
"ကောင်းကင်ပြာ မြွေနဂါးပျံ..."
ပိုင်ခုံ၊ သွမ့်ဟုန်ရှီးနှင့် အခြားသူများမှာ ကြောက်လန့်လွန်း၍ သူတို့၏ မျက်နှာရောင်များ ဖြူဖျော့သွားခဲ့ကြပြီး ကြောက်မက်ဖွယ် ဧရာမ မြွေနဂါးကြီးကို ကြောက်ရွံ့တကြီး စိုက်ကြည့်နေမိကြသည်။
"...ဒါဆို ဒါက ကောင်းကင်ပြာ မြွေနဂါးပျံ ဆိုတာကြီးလား...။ ဒါက တကယ်ပဲ ဝိညာဉ်ရေကန်ထဲမှာ ပုန်းကွယ်နေခဲ့တာပဲ..." ဟု စူးလဲ့ယန် ထိတ်လန့်တကြား ရေရွတ်လိုက်မိသည်။
"ကြည့်ရတာ ငါတို့ရဲ့ ကျင့်ကြံမှုက သူ့ကို အနှောင့်အယှက် ဖြစ်သွားစေခဲ့ပြီး... ဒါကြောင့် သူ ထွက်ပေါ်လာခဲ့တာ ထင်တယ်..."
ဝိညာဉ်ရေကန်မှ ထွက်ပေါ်လာခဲ့သော ကောင်းကင်ပြာ မြွေနဂါးပျံသည် နောက်ထပ် တိုက်ခိုက်ခြင်း မပြုဘဲ ရေကန် မျက်နှာပြင် အထက်တွင် ပျံဝဲနေခဲ့ရုံသာ ဖြစ်သည်။
၎င်း၏ အေးစက်သော မြွေမျက်လုံးများသည် လူအုပ်ကို စူးစိုက် ကြည့်နေခဲ့၏။
"ရွှတ် ရွှတ် ရွှတ်။"
ဤအချိန်တွင် ရှင်းထျန်းဖုန်းနှင့် ယဲ့ချန်းချုံး အပါအဝင် အခြားသူများသည် အမြင့်ဆုံး အမြန်နှုန်းဖြင့် ပြေးဝင် ရောက်ရှိလာခဲ့ကြပြီး ဖြစ်သည်။ ထျန်းယွမ်ဘုံ၏ ကြောက်မက်ဖွယ် စွမ်းအားကို ခံစားမိလိုက်ကြစဉ် တစ်စုံတစ်ခု မှားယွင်းသွားပြီဟု သူတို့ ခန့်မှန်းမိလိုက်ကြသည်။
"ထျန်းယွမ်ဘုံ ဒုတိယအလွှာ... ကောင်းကင်ပြာ မြွေနဂါးပျံ…”
ယဲ့ချန်းချုံးက အလွန် လေးနက်သော မျက်နှာအမူအရာဖြင့် ရေရွတ်လိုက်သည်။
ကျောင်းအုပ်ကြီး ကျန်းက လေးနက်စွာ တိုက်တွန်းလိုက်၏။
"ကောင်းကင်ပြာ မြွေနဂါးပျံရဲ့ စွမ်းအားက သိပ်ကို ကြောက်ဖို့ ကောင်းလွန်းတယ်...။ ကျွန်တော်တို့တွေ သူ့ကို ထိပ်တိုက် မတိုက်ခိုက်သင့်ဘူး...။ အခွင့်အရေးသာ ရှိရင်... ကျွန်တော်တို့တွေ ထွက်ပြေးရမယ်..."
ယွမ်တန်ဘုံ နဝမအလွှာ ပညာရှင် တစ်ဦး ဖြစ်သော ကျောင်းအုပ်ကြီး ကျန်းပင်လျှင် ဤမျှ စိုးရိမ်ပူပန်မှု ရှိနေခြင်းသည် ကောင်းကင်ပြာ မြွေနဂါးပျံ၏ ကြောက်မက်ဖွယ် ကောင်းမှု... အထူးသဖြင့် ထျန်းယွမ်ဘုံ ဒုတိယ အလွှာ တစ်ကောင်၏ ကြောက်မက်ဖွယ် ကောင်းမှုကို ပြသနေခဲ့သည်။
သူတို့ အားလုံး... သူတို့၏ ပေါင်းစပ် စွမ်းအားနှင့်ပင်လျှင် ထျန်းယွမ်ဘုံ ဒုတိယအလွှာ ပြိုင်ဘက် တစ်ဦးကို မယှဉ်နိုင်ခဲ့ကြပါချေ။
ဒါက ထျန်းယွမ်ဘုံ၏ ကြောက်မက်ဖွယ် ကောင်းမှုပင်တည်း။
ဖုန်းဝူချန်နှင့် အခြားသူများကို နားမလည်နိုင် ဖြစ်သွားစေသည်မှာ... အဘယ့်ကြောင့် နတ်ဘုရား တောင်ကြားမှ ကြမ်းကြုတ် သားရဲများ အားလုံး ထွက်ပြေးသွားခဲ့ကြပြီး ဖြစ်သော်လည်း ကောင်းကင်ပြာ မြွေနဂါးပျံမှာမူ ကျန်ရှိနေခဲ့သနည်း။
ထိုသတ္တဝါသည် ယခုလေးတင်မှ အလွန် လွှမ်းမိုးနိုင်သော စွမ်းအားကို မကြောက်ရွံ့ခဲ့လေသလော။
ထို့အပြင်... ကောင်းကင်ပြာ မြွေနဂါးပျံ၏တိုက်ခိုက်ရန် ဆန္ဒရှိပုံ မပေါ်ခဲ့သည်က သူတို့ကို ပို၍ပင် သိချင်စိတ် ပြင်းပြသွားစေခဲ့သည်။
ရှင်းထျန်းဖုန်းက "မင်းတို့အားလုံး အရင် သွားကြ...။ မြန်မြန်..."
ဟု လေးနက်စွာ အမိန့်ပေးလိုက်ပြီး ကျောင်းသားများကို ဦးစွာ ထွက်ခွာရန် အလျင်အမြန် အချက်ပြလိုက်၏။
"ခဏလေး စောင့်ပါဦး..."
ထိုစဉ်... ကြံ့ခိုင်သော အသံ တစ်သံ ဝိညာဉ် ရေကန် တစ်ခွင်လုံး ပဲ့တင်ထပ်သွားခဲ့သည်။
ရုတ်တရက် ထွက်ပေါ်လာသော အသံသည် ဖုန်းဝူချန်နှင့် သူ၏ အဖော်များကို အကြီးအကျယ် ထိတ်လန့်သွားစေခဲ့သည်။
သွမ့်ဟုန်ရှီးက ထိတ်လန့်တကြား ရေရွတ်လိုက်မိ၏။
"ဒါ... ဒါက ကြမ်းကြုတ် သားရဲ တစ်ကောင်ရဲ့ အသံပဲ...။ ကြမ်းကြုတ် သားရဲက စကားပြောနေတယ်..."
စူးလဲ့ယန်သည် ကောင်းကင်ပြာ မြွေနဂါးပျံကို ကြောင်ငေးစွာ စိုက်ကြည့်နေရင်း တုန်ယင်နေသော အသံဖြင့် ဆိုလိုက်သည်။
"ကောင်း....ကောင်းကင်ပြာ မြွေနဂါးပျံက... စကားပြောနေတာလား..."
ထိုစဉ် ရှင်းထျန်းဖုန်းက လေးနက်စွာ ရှင်းပြလိုက်လေသည်။
"စကားပြောနေတာ ကောင်းကင်ပြာ မြွေနဂါးပျံ မဟုတ်ဘူး...။ ကြမ်းကြုတ်သားရဲတွေက လူသား ဘာသာစကားကို မပြောနိုင်ဘူး..."
ဝဲဂယက်ထဲမှ အလွန် စွမ်းအားကြီးသော ကောင်းသော အရှိန်အဝါ ပိုင်ဆိုင်ထားသည့် သားရဲ တစ်ကောင် ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် အရွယ်အစား ကြီးမားပြီး အသွင်အပြင်မှာ လန့်စရာ ကောင်းလှ၏။
ဖုန်းဝူချန်နှင့် အခြားသူများကို လန့်ဖျတ်သွားစေသည်မှာ ဤ ကြမ်းကြုတ် သားရဲသည် အစောပိုင်းက အဖြူရောင် မြူခိုးများမှ ဖြစ်ပေါ်လာခဲ့သော သားရဲနှင့် တစ်ထပ်တည်း တူညီနေခြင်းပင်။
ဖုန်းဝူချန်က ထွက်ပေါ်လာခဲ့သော သားရဲကို ကြည့်လိုက်ပြီး အံ့အားသင့်ကာ အနည်းငယ် မယုံကြည်နိုင် ဖြစ်သွားခဲ့သည်။
"...ချီလင်..."
ချီလင် သားရဲ တစ်ကောင် အမှန်တကယ်ပင် နတ်ဘုရား တောင်ကြားထဲတွင် တည်ရှိနေခဲ့သည်။ ၎င်း၏ ခန္ဓာကိုယ်သည် မီးလျှံကဲ့သို့ နီရဲနေပြီး မီးတောက် အလွှာ တစ်ခု ၎င်း၏ မျက်နှာပြင်ကို ဖုံးလွှမ်းထားကာ အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။
လူတိုင်း လန့်သွားကြသည်။
ချီလင် သားရဲ၏ ဖိနှိပ်နိုင်သော အစွမ်းထက်မှုသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှသဖြင့် သူတို့ မတ်တပ်ပင် ကောင်းစွာ မရပ်နိုင်ကြတော့ပါချေ။
ထိုစဥ်မှာ ချီလင် သားရဲက သူ၏ ဖိနှိပ်နိုင်သော အရှိန်အဝါကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ထပ်မံ စကားဆိုလာခဲ့သည်။
"မကြောက်ကြပါနဲ့...။ ငါတို့မှာ အန္တရာယ် ပြုလိုစိတ် မရှိပါဘူး...။ နှစ်ပေါင်းများစွာ... မင်းတို့ လူသားတွေ နတ်ဘုရား တောင်ကြားထဲကို ကျင့်ကြံဖို့ ဝင်ရောက်လာခဲ့ကြတယ်...။ ငါတို့ မင်းတို့ကို မတားဆီးခဲ့ပါဘူး...။ ဝိညာဉ်ရေကန်ရဲ့ ထူထပ်တဲ့ ဝိညာဉ်စွမ်းအင်က ငါ့ရဲ့ ခန္ဓာကိုယ်ကနေ ထုတ်လွှတ်နေတာပဲ..."
ထိုစကားကို ကြားသောအခါ ကျန်းယွင်ထျန်းနှင့် အခြားသူများ စိတ်သက်သာရာရသော သက်ပြင်းတစ်ချက် က်ြိတ်၍ ချမိခဲ့ကြသော်လည်း သတိရှိနေဆဲ ဖြစ်ကြ၏။
ချီလင် သားရဲ၏ စကားများ မှန်ကန်ခြင်း ရှိ၊ မရှိကို မည်သူက အာမခံနိုင်မည်နည်း။
ချီလင် သားရဲ၏ အကြည့်များသည် နောက်ဆုံးတွင် ဖုန်းဝူချန်အပေါ် ကျရောက်လာခဲ့ပြီး ဆိုလိုက်သည်။
"ငါတို့ မင်းတို့ကို ဒီမှာ ထိန်းသိမ်းထားရတဲ့ အကြောင်းရင်းကတော့ ညီလေး ဖုန်းဝူချန် ဆီက အကူအညီ တောင်းချင်လို့ပဲ..."
"...ခင်ဗျားက... ကျွန်တော့်ရဲ့ အကူအညီကို လိုချင်တယ်..."
ဖုန်းဝူချန် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ ထိုစဉ် ကျန်းယွင်ထျန်းနှင့် အခြားသူများ အားလုံး သူတို့၏ အာရုံကို ဖုန်းဝူချန်ထံသို့ လှည့်လိုက်ကြသည်။
'...အကူအညီ...။ ငါက ဘာများ ကူညီနိုင်မှာလဲ...။ ဒီလောက် အစွမ်းထက်တဲ့ ချီလင် သားရဲ တစ်ကောင်က... ငါ့ဆီက အကူအညီ လိုအပ်တယ် ဟုတ်လား...'
ထိုစဉ် သူ့စကားအား ချီလင် သားရဲက ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်..."
ပိုင်ခုံက မျက်မှောင်ကြုတ်လိုက်ပြီး ဆိုလိုက်၏။
"ဖုန်းဝူချန်... လှည့်စား မခံလိုက်နဲ့...။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ ဘယ်သူ သိနိုင်မှာလဲ...။ သူတို့က မင်းရဲ့ အကူအညီကို တောင်းနေတယ်...။ အနည်းဆုံးတော့ တို့တွေ ဘေးကင်းနေသေးတယ်...။ ဒါပေမဲ့ မင်းသာ သူတို့ကို ကူညီလိုက်ရင်... သူတို့ ပြန်ရန်မပြုဘူးလို့ ဘယ်သူ ကတိပေးနိုင်မှာလဲ..."
သွမ့်ဟုန်ရှီးကလည်း သဘောတူညီလိုက်သည်။
"ပိုင်ခုံ ပြောတာ မှန်တယ်...။ ငါတို့တွေ သူတို့ရဲ့ မူလ ရင်းမြစ်ကို မသိဘူး...။ သူတို့ကို လုံးဝ မယုံကြည်သင့်ဘူး..."
ထိုစဉ် ကျန်းယွင်ထျန်းက တိတ်တဆိတ် မေးခွန်းထုတ်လိုက်မိသည်။
'...ဘာလို့ ဖုန်းဝူချန်ဆီက အကူအညီ တောင်းရတာလဲ...။ ဖုန်းဝူချန်မှာ ဘာ ထူးခြားချက် ရှိနေလို့လဲ...'
ဖုန်းဝူချန်က ချီလင် သားရဲကို ကြည့်လိုက်ပြီး မေးမြန်းလိုက်လေသည်။
"ခင်ဗျား ဘာ အကူအညီ လိုအပ်လဲ ဆိုတာတော့ ကျွန်တော် မသိသေးဘူးနော်..."
ချီလင် သားရဲ တစ်ကောင် ယခု ပေါ်ထွက်လာခဲ့ပြီး သူ၏ အကူအညီကို တောင်းခံနေသောကြောင့် ဒါက နတ်ဘုရား တောင်ကြား အတွင်းမှ ခေါ်သံနှင့် တစ်စုံတစ်ခု သက်ဆိုင်ရမည်ဟု ဖုန်းဝူချန် ခန့်မှန်းလိုက်မိသည်။
ထိုအခါ ချီလင် သားရဲက ဆိုလိုက်၏။
"ကျေးဇူးပြုပြီး... ငါ့နောက် လိုက်ခဲ့ပါ...။ ကျန်တဲ့ မင်းတို့အားလုံး ဒီမှာ ဆက်လက် ကျင့်ကြံနိုင်ကြပါတယ်...။ ကောင်းကင်ပြာ မြွေနဂါးပျံက မင်းတို့ကို အန္တရာယ် မပြုပါဘူး..."
ရှင်းထျန်းဖုန်းက စိုးရိမ်တကြီး မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
"ဖုန်းဝူချန်... မင်း သူ့ကို ယုံကြည်လို့လား..."
ဖုန်းဝူချန်က ခပ်ဖွဖွ ပြုံးလိုက်သည်။
ချီလင် သားရဲ သူ့အား မည်သည့် အန္တရာယ်မျှ ပြုလုပ်လိမ့်မည် မဟုတ်။
သူ လုံးဝ စိုးရိမ်ခြင်း မရှိခဲ့ပါချေ။
"ကျောင်းအုပ်ကြီး... စိတ်ချပါ...။ ဘာ ပြဿနာမှ ရှိမှာ မဟုတ်ပါဘူဗျာ..."
ချီလင် သားရဲသည် ၎င်း၏ ကြီးမားလှသော လက်သည်းကို ဝှေ့ယမ်းလိုက်ရာ ဖုန်းဝူချန်ကို အားကောင်းသော စွမ်းအား တစ်ခုဖြင့် ဖုံးလွှမ်းစေလိုက်ပြီးနောက် နတ်ဘုရား တောင်ကြား၏ အခြား တစ်ဖက်ခြမ်းရှိ နက်ရှိုင်းသော အပိုင်းသို့ သူနှင့်အတူ ပျံသန်းသွားခဲ့တော့သည်။
သူတို့ သွားနေသော လားရာကို မြင်တွေ့လိုက်ရသောအခါ ၎င်းသည် ပြင်းထန်သော ခေါ်သံများနှင့် ဆက်စပ်မှု ရှိနေသည်ဟု ဖုန်းဝူချန် ပို၍ပင် သေချာသွားခဲ့သည်။
ဤ ခေါ်သံ၏ သဘာဝနှင့် ချီလင် သားရဲ အဘယ့်ကြောင့် နတ်ဘုရား တောင်ကြားတွင် ပေါ်ထွက်လာရသည်ကို ဖုန်းဝူချန် အလွန် သိချင်နေခဲ့သည်။
ရှင်းထျန်းဖုန်းက ယဲ့ချန်းချုံးထံသို့ လျင်မြန်စွာ လှည့်၍ မေးလိုက်သည်။
သွားရန် ဆုံးဖြတ်ထားသော ဖုန်းဝူချန်ကို သူ တားဆီးနိုင်ခြင်း မရှိခဲ့ပါချေ။
"ဗိုလ်ချုပ်ကြီး... ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ..."
ယဲ့ချန်းချုံးက လေးနက်စွာ ခေါင်းခါလိုက်ပြီး စကား တစ်ခွန်းမျှ မဆိုခဲ့ပါ။
သူ့ရင်တွင်းမှာတော့….
'...ကံကောင်းခြင်း ဖြစ်ခဲ့လျှင် ကပ်ဘေး မဟုတ်...။ ကပ်ဘေး ဖြစ်ခဲ့လျှင် ရှောင်လွှဲ၍ မရနိုင်...။ ဖုန်းဝူချန် ဆုံးဖြတ်ပြီးမှတော့... တို့တွေ ဘာမှ မပြောဝံ့တော့ဘူးလေ...'
ကောင်းကင်ပြာ မြွေနဂါးပျံသည် ရေကန်ထဲသို့ ငုပ်လျှိုးသွားခဲ့ပြီး ဧရာမ ရေဝဲကြီးသည်လည်း ၎င်းနှင့်အတူ ပျောက်ကွယ်သွားခဲ့လေသည်။
“ဖုန်းဝူချန် ဘေးကင်းမှာပါ...။ မင်းတို့ ကျင့်ကြံမှုကို ဆက်လုပ်ကြ…”
ကျောင်းအုပ်ကြီး ကျန်းက လေးနက်စွာ ကျောင်းသားများအား ညွှန်ကြားလိုက်သည်။
သူ၏ မျက်လုံးများသည် ဖုန်းဝူချန်နှင့် ချီလင် သားရဲ ထွက်ခွာသွားခဲ့သော လားရာဘက်တွင် ရှိနေခဲ့၏။
—------
'...အဲ့ဒီနေရာက... နတ်ဘုရား တောင်ကြားက ကြမ်းကြုတ်သားရဲတွေ ထွက်ပြေးသွားခဲ့တဲ့ နေရာပဲ...'
'...ကြမ်းကြုတ်သားရဲတွေရဲ့ ထွက်ပြေးမှုက... ဒီ ခေါ်သံနဲ့ ဘယ်လို ဆက်စပ်နေတာလဲ...'
ဖုန်းဝူချန် တွေးလေလေ ပို၍ သိချင်စိတ် ပြင်းပြလာလေလေ ဖြစ်ပြီး သူ့အား မည်သည့်အရာက ခေါ်ဆောင်နေသည်ကို သိရှိရန် ပို၍ စိတ်အားထက်သန်
လာလေလေ ဖြစ်တော့သည်။