ကောင်းကင်ရောင်ဝါ သင်္ကေတလေးခု အစီအရင်
Vol. 15 Ch. 218
"မင်းစိတ်မဝင်စားဘူးလား?"
လျိုဝူရွှမ်း မယုံကြည်နိုင်စွာ အံ့အားသင့်သွားသည်။ ဒီအဖြေကို ကြားတော့ သူတကယ်ကို စိတ်ပျက်လက်ပျက် ဖြစ်သွားလေသည်။ ဒီကျန်းဟိုင် မြှားနတ်ဘုရားက တကယ် မပါဝင်ချင်ဘူးလား။
ဒါက အဓိပတိမဟာမိတ်ရဲ့ ဖိတ်ကြားချက် ဖြစ်သည်။ သမိုင်းတစ်လျှောက်တွင် မရေမတွက်နိုင်သော အဓိပတိ နယ်ပယ်များသည် ဝင်ရောက်ခွင့်ရရန်ပင် ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့ကြရသည်။ ချင်းယန် သူတို့ကို သိပ်ဂရုမစိုက်သလို ဆက်ဆံတာသာ သိသွားရင် ဒေါသထွက်ကုန်မှာ မဟုတ်ဘူးလား။
'သူ့မှာ ဘာအကြံအစည်မှ မရှိဘူးဆိုတာ မဖြစ်နိုင်ဘူး... သူ ငါ့ကို စမ်းသပ်နေသေးတာ ဖြစ်မယ်....'
ဒါကိုတွေးတောရင်း လျိုဝူရွှမ်း ဆက်ပြီး ပြောလိုက်သည်။
"မြှားနတ်ဘုရား ငါအခုနက ရှင်းရှင်းလင်းလင်း မရှင်းပြခဲ့ပါဘူး ကျေးဇူးပြုပြီး ပြန်စဉ်းစားပါဦး.."
"တခြားရှိသေးလား? ငါ့နားက အကုန်ကြားနေရတာပဲလေ..."
"ကောင်းပြီ... မင်း ငါတို့ရဲ့ အဓိပတိမဟာမိတ်ထဲ ပူးပေါင်းရင် ဆုကြေးအနေနဲ့ အဂ္ဂိရတ်ဆေးတွေ ရရုံတင်မကဘူး ပိုအရေးကြီးတာက အဓိပတိမဟာမိတ်ရဲ့ အကာအကွယ်ကိုလည်း ရရှိမှာပါ"
ထို့နောက် သူသည် တိုးတိုးလေး သတိထပ်ပေးသည် -
"မင်း ငြင်းရင်.... အဲဒါက မင်းကို သေခြင်းတောင် သက်ရောက်စေလိမ့်မယ်... ကျေးဇူးပြုပြီး မလုပ်ခင် ပြန်စဉ်းစားပါ"
သူ့စကားနောက်ကွယ်မှာ တစ်ခုခုရှိနေကြောင်း သိမ်မွေ့နက်နဲသော အဓိပ္ပာယ်ဖြင့် ပြောပြနေသည်။
ရေကန်သည် အေးမြသော လရောင်အောက်တွင် တောက်ပနေပြီး ကန်ပေါင်တစ်လျှောက်ရှိ မိုးမခသစ်ရွက်များသည် ဝေ့ဝဲကာ ရေထဲသို့ ကြွေကျလာ၏။
"..."
ဒါကိုကြားတော့ ချင်းယန် လျိုဝူရွှမ်းကို စိုက်ကြည့်ရင်း မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ ပြီးနောက် သူက စိတ်မရှည်စွာဖြင့်။
"ဆိုးဆိုးရွားရွား ဘေးဆိုးကြီးလား... မင်း ငါ့ကို ခြိမ်းခြောက်နေတယ်ပေါ့"
"မဟုတ်ဘူး! မင်းနားလည်မှုလွဲနေတာ"
လျိုဝူရွှမ်း ခေါင်းယမ်းလိုက်ပြီး လက်များကို ဝှေ့ယမ်းကာ ကောင်းကင်တွင် လခြမ်းကို ငေးကြည့်လိုက်သည်။
"ငါ မင်းကို ကာကွယ်နေတာ"
"ငါ့ကို ကာကွယ်ပေးနေတာလား?"
"အမှန်ပဲ မင်းရဲ့အကျိုးအတွက် ငါက မင်းကို ဆွဲဆောင်နေတာ...လွန်ခဲ့တဲ့ရက် အနည်းငယ်က မင်းပစ်သတ်ခဲ့တဲ့ သားရဲနတ်အရှင်က နတ်ဆိုးက သာမန်လူတစ်ယောက် မဟုတ်ဘူး... သားရဲနတ်အရှင်ရဲ့အဆင့်မြင့် အဖွဲ့ဝင်တစ်ယောက်ပါ... အဲဒီလူတွေက သည်းမခံနိုင်ဘူး ဖြစ်နေကြပြီ...."
"မင်းဆိုလိုတာက ငါ့ကို ပစ်မှတ်ထားနေကြပြီပေါ့?"
ချင်းယန် မျက်မှောင်ကြုတ်လိုက်သည်။ ဒါက သူ့အတွက် အံ့သြစရာတော့ မဟုတ်ချေ။ သူ လူအိုလီတို့ကို ကယ်တင်ပြီးကတည်းက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးသား ဖြစ်သည်။
ဒီလိုမှမဟုတ်ဘဲ သူ မပစ်ခဲ့ရင် လူအိုလီသာမက ကျန်းဟိုင်မှာ သူတို့ကိုယ်သူတို့ အပ်နှံထားတဲ့ တခြားစစ်သားတွေဟာ ထိုနတ်ဆိုးရဲ့လက်မှာ ဆုံးပါးသွားနိုင်သည်။ သူ့မှာ ရွေးချယ်ခွင့် ရှိခဲ့ရင်တောင် ပစ်သတ်မှာဘဲ။
"ကျန်းဟိုင်မြှားနတ်ဘုရား မင်းက ကောင်းမွန်တဲ့ စရိုက်လက္ခဏာ ရှိတယ် လေးနက်တဲ့ လေ့ကျင့်မှုနဲ့ မြှားပစ်တဲ့ စွမ်းရည်အပေါ်လည်း နားလည်မှုတွေ ရှိတယ်... ငါတို့ရဲ့ အဓိပတိမဟာမိတ်က လူသားတွေကို ကာကွယ်ဖို့ အမြဲသန္နိဋ္ဌာန်ချထားပါတယ် မင်းက ငါတို့ရဲ့ အဓိပတိမဟာမိတ်မှာ လိုအပ်နေတဲ့ အရည်အချင်းတွေ အတိအကျ ပိုင်ဆိုင်ထားတယ်! ငါတို့နဲ့အတူပါဝင်ပါ!"
လျိုဝူရွှမ်း သူ့မျက်လုံးများကို မော့ကြည့်ကာ ချင်းယန်၏ တုံ့ပြန်မှုကို ဆက်လက် စောင့်ကြည့်နေခဲ့သည်။
တကယ်တော့ ဒီခရီးစဉ်အတွက် သူ့မှာ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက် ရှိပါသည်။ မစ်ရှင်ပြီးမြောက်ခြင်း အပြင် အပိုငွေအနည်းငယ် ရရှိလိုစိတ်ကြောင့်လည်း တစ်စိတ်တစ်ပိုင်း လှုံ့ဆော်ခံခဲ့ရသည်။
နောက်ဆုံးတွင် ယခင်ယှဉ်ပြိုင်မှုဖြင့် အကဲဖြတ်ရာတွင် ကျန်းဟိုင် မြားနတ်ဘုရား၏ ခွန်အားသည် သံသယဖြစ်ဖွယ်မရှိပါ။ သူ့ရဲ့ လေးပစ်စွမ်းရည်နဲ့ နိယာမတွေရဲ့ အစွမ်းကလည်း ထိပ်တန်းပါပဲ။ အကယ်၍ သူတို့သာ သူ့ကို အဓိပတိမဟာမိတ်အဖြစ် ခေါ်ယူနိုင်ခဲ့ပါက ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်လိမ့်မည်။
ပံ့ပိုးကူညီမှု အမှတ်များက သူ့အိတ်ကပ်ထဲသို့ ချက်ချင်း စီးဝင်လာလိမ့်မည်။
"ကောင်းပြီ... မင်းဘယ်လိုထင်လဲ"
လျိုဝူရွှမ်း သူ့မေးစေ့ကို ပွတ်သပ်ပြီး ပြုံးတစ်ဝက်နဲ့ :"မင်း ငါတို့ရဲ့ အမြင့်မြတ်ဆုံး မဟာမိတ်အဖွဲ့ထဲ ဝင်ပြီးတာနဲ့ သားရဲနတ်အရှင်ဂိုဏ်းက မင်းနဲ့ဘာမှမဆိုင်တော့ဘူး... နောင်မှာ မင်းကိုလိုက်ဖမ်းရင် ငါတို့ရဲ့ရန်သူတွေ ဖြစ်လာလိမ့်မယ်!"
"ဟမ်... အဲဒါ အကြံကောင်းပါပဲ"
ချင်းယန် ဤအရာအတွက်တော့ အနည်းငယ် သွေးဆောင်ခံခဲ့သည်။
အချိန်အတော်ကြာ လှည့်လည်သွားလာပြီးနောက် ထိုနတ်ဆိုးများသည် အမှန်တကယ် ရပ်တည်ချက်မရှိခဲ့ဘဲ သူ့ကို လိုက်ဖမ်းနေမယ် ဆိုပါက စိတ်အနှောင့်အယှက် ဖြစ်စရာပင်။ လွတ်မြောက်ဖို့ ဒီအခွင့်အရေးကို အသုံးချနိုင်ရင် ဒါဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါပဲ။
ချင်းယန်: “မင်းတို့ငါ့ကို ကာကွယ်နိုင်တယ် ဆိုတော့ ဘယ်ဟာက ပိုအားကောင်းလဲ မင်းတို့ရဲ့ အဓိပတိမဟာမိတ်ခါး ဒါမှမဟုတ် သားရဲနတ်ဘုရားကိုးကွယ်တဲ့ အယူဝါဒဂိုဏ်းလား”
"ဒါ..."
ဒါကိုကြားတော့ လျိုဝူရွှမ်း တခဏတာ တုံ့ဆိုင်းသွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"အညီအမျှပါပဲ"
ရေကန်ဘေးမှာတော့ လူအုပ်ကြီးက ဆူညံဆဲ။ ချင်းယန်နဲ့ လျိုဝူရွှမ်းတို့ ထိုနေရာတွင် အချိန်အတော်ကြာ မျက်နှာချင်းဆိုင်နေခဲ့ကြပြီး ၎င်းတို့ စကားများကို မကြားရပေ။ လရောင်အောက်မှာ မျက်နှာချင်းဆိုင် တွေ့နေတဲ့ လူနှစ်ယောက်ရဲ့ အမူအရာတွေက ရံဖန်ရံခါ တိတ်တိတ်ဆိတ်ဆိတ်နဲ့ အပြန်အလှန် အကြည့်ချင်း စစ်ထိုးနေသလိုမျိုးပင်။
ဒါကိုမြင်တော့ ပြည်သူတွေကလည်း ပြန်ပြီး ဆွေးနွေးကြတော့သည်။
"ဘာလို့မတိုက်တော့တာလဲ"
"အကြီးအကဲ လျိုဝူရွှမ်းက တတိယအချီကို လိုချင်နေတာ ဖြစ်နိုင်လား?"
"မဖြစ်နိုင်ဘူး အကြီးတန်း အဓိပတိက ရှုံးတာကို လက်ခံသွားပြီလေ... သူက ဘယ်လိုမှ ဆင်ခြင်တုံတရားမဲ့တာမျိုး မလုပ်လောက်ဘူး"
"…"
တဖြည်းဖြည်းနဲ့ လေထုက ငြိမ်သက်စပြုလာကာ အားပေးသူများ ငြိမ်သက်သွားသည်။ အားလုံးက ကောင်းကင်တွင် မလှုပ်မယှက် ဖြစ်နေသော ရုပ်ပုံနှစ်ခုအား သိချင်စိတ်များဖြင့် ကြည့်နေသည်။
"ဘာလို့ ဆရာဘိုးဘိုးကပါ ရပ်သွားတာလဲ"
လီချင်းဟဲ မျက်မှောင်ကြုတ်ကာ ကောင်းကင်ကို မျှော်ကြည့်ရင်း ဖြည်းညှင်းစွာ ငုံ့ချလိုက်ကာ မကြာသေးမီက ပြင်းထန်သော တိုက်ပွဲတွင် သူတို့နှစ်ဦး ဘာကြောင့် ပါဝင်ခဲ့ကြသည်ကို အံ့သြသွားသည်။
သူဘာလို့ ရုတ်တရက် တိတ်ဆိတ်သွားတာလဲ။
လူအိုလီ: "သူတို့က သူတို့ရဲ့ ဝိညာဉ်အာရုံနဲ့ အသံပို့နေကြတာ ဖြစ်မယ်..."
လူအိုလီက လီချင်းဟဲ စိတ်ရှုပ်ထွေးနေတာကို သတိပြုမိသဖြင့် သူမထံသို့ ချဉ်းကပ်လာရင်း ရှင်းပြလေသည်။
"ဒါကိုကြည့်ရင် အကြီးအကဲ လျိုဝူရွှမ်းက ကျန်းဟိုင် မြှားနတ်ဘုရားနဲ့ လျှို့ဝှက်ဆွေးနွေးဖို့ အရေးကြီးတဲ့ အရာတစ်ခု ရှိနေတာဖြစ်မယ်"
"အရေးကြီးတာ ဆွေးနွေးနေတာလား...မြှားနတ်ဘုရားက ထွက်သွားမလို့ လုပ်နေတာကို သူဘာလို့ တားတာလဲ... အရှုံးကို မခံမရပ်နိုင်ဖြစ်ပြီး နောက်ထပ် ရန်ပွဲ လိုချင်လို့များလား"
"အကြီးအကဲ လျိုဝူရွှမ်းမှာ အဲ့လိုရည်ရွယ်ချက်မှ မရှိလောက်ဘူး"
လူအိုကြီးလီက ခေါင်းခါလိုက်သည်။
"သူ့အပြုအမူကို အခုလေးတင်ပဲ အဆုံးအဖြတ်ပေးပြီးပြီ.... သူ ရှုံးနိမ့်တာကို လက်ခံဖို့ ဆန္ဒရှိတယ် သူက လူတိုင်းရှေ့မှာ လူသိရှင်ကြား ဝန်ခံခဲ့တာဆိုတော့ ထပ်ပြီး အရှက်ရအောင် မလုပ်တော့ဘူး"
"အဲဒါ အကောင်းဆုံးပဲ"
လီချင်းဟဲ ဟစ်အော်ကာ လက်ပိုက်လျက်။
"သူ မြှားနတ်ဘုရားကို အန္တရာယ်ပပေးဖို့ တစ်ခုခုလုပ်ရင် ငါ သူ့ကို နှိမ့်ချပစ်မယ်!"
သူ့ဘေးမှာရပ်နေတဲ့ လင်မော့ဖုန်းကတော့ တိတ်ဆိတ်နေခဲ့သည်။ သူသည် ဆွေးနွေးမှုထဲတွင် မပါဝင်ဘဲ ကောင်းကင်ပေါ်ရှိ လူနှစ်ယောက်ကိုသာ ဗြောင်ကျကျ စိုက်ကြည့်နေသည်။ အတွေးထဲတွင် ပျောက်ဆုံးနေပြီး သူ့စိတ်ထဲတွင် မှန်းဆချက်တချို့ ပေါ်လာသည်။
"အကြီးအကဲ လျိုဝူရွှမ်းက အဓိပတိမဟာမိတ်မှာ ပါဝင်ဖို့ ဆွေးနွေးနေတာ ဖြစ်မယ်"
လင်မော့ဖုန်း ကောင်းကင်ကို စိုက်ကြည့်ရင်း သူ့နှလုံးသားထဲမှာ ငြူစူတဲ့လှိုင်းလုံးတွေနဲ့ ပြည့်နှက်လာလေသည်။
"ဒါက မြှားနတ်ဘုရားကို ဖိတ်ခေါ်လိုက်တာ ဖြစ်နိုင်လား"
ညပိုင်း လေညင်းက ညင်သာစွာ တိုက်ခတ်နေသည်။ လျိုဝူရွှမ်းက ဆက်ပြီး ချော့နေဆဲ။
"ဘာလို့ ပြန်မစဉ်းစားတာလဲ အဓိပတိမဟာမိတ်ထဲ ဝင်နိုင်မယ့် အခွင့်အရေးက ရှားတယ်... တချို့ အဓိပတိနယ်ပယ်တွေဆို ဝင်ခွင့်ရဖို့ ဒူးထောက်တာတောင် ပြင်းပြင်းထန်ထန် အငြင်းခံရတယ်...အခု တံခါးပွင့်လာပြီ! မင်းသဘောတူရင် ငါတို့ ဒီနေ့ပဲ အင်ပါယာမြို့တော်ကို ထွက်ခွာမယ်..."
"..."
စွဲမက်ဖွယ်ကောင်းသော စကားများ ပြုတ်ကျပြီးနောက် ချင်းယန် သူကြားလိုက်ရသည့် အချက်အလက်များကို နားထောင်ကာ ခွဲခြမ်းစိတ်ဖြာရင်း ဤအဖွဲ့အစည်းကို အပြည့်အဝ နားလည်လာခဲ့သည်။
လျိုဝူရွှမ်း၏ ပြန်လည် ပြောပြချက်အရ အကဲဖြတ်လျှင် အဓိပတိမဟာမိတ်ဟာ အမှန်တကယ်ပင် အင်ပါယာမြို့တော်တွင် အမြစ်တွယ်နေသော ဖြောင့်မတ်သော အဖွဲ့အစည်းဖြစ်ပြီး ၎င်း၏မဟာမိတ်များ အားလုံးက အဓိပတိနယ်ပယ် အထက်တွင် အဆင့်သတ်မှတ်ထားသည်။
ထို့အပြင် သူဖော်ပြသည့် အချက်အလက်များ၌ မဟာမိတ်အဖွဲ့ခေါင်းဆောင်က အလွန်အစွမ်းထက်သည်။ ဒါပေမယ့် မေးစရာရှိတာတော့ ရှိသေးသည်။
"မင်းတို့ အများအကျိုးအတွက် လုပ်ဆောင်နေပြီး ပြည်သူတွေရဲ့ လုံခြုံမှုနဲ့ ကောင်းကျိုးချမ်းသာကို အလေးထားတယ်လို့ ပြောပြီးတော့ အရင်က ဒီရေကန်မှာ နတ်ဆိုးသောင်းကျန်းတော့ မင်းတို့ဘာလို့ ဝင်မစွက်ဖက်ခဲ့တာလဲ"
ချင်းယန် လျိုဝူရွှမ်းကိုကြည့်ကာ စိတ်ရှုပ်ထွေးမှုကို ဖော်ပြနေသည်။
"အရင်က နိုင်ငံလုံးဆိုင်ရာ သားရဲဒီရေတက်လာတုန်းကလည်း မင်းတို့အကြောင်း အချက်အလက်တွေ ဘာကြောင့် ပေါက်ကြားခဲ့တာလဲ... မင်း တိတ်တဆိတ် ကူညီနေတာ ဖြစ်နိုင်ရဲ့လား"
“ဒါ…”
ဒီစကားကိုကြားတာနဲ့ လျိုဝူရွှမ်း တုန်လှုပ်သွားပြီး စကားမပြောနိုင် ဖြစ်သွားတော့သည်။ ဒီမေးခွန်းက သူ့ခေါင်းကို ထိသွား၏။ ယင်းက သွေးဝိညာဉ်စာချုပ် ပါ၀င်လာပြီး လျှို့ဝှက်ဝှက်များစွာ ပါရှိသည်။ မဟာမိတ်အဖွဲ့တွင် မပါဝင်ရသေးသော အပြင်လူ ချင်းယန်က သိရှိရန် အရည်အချင်း မပြည့်မီချေ။
ဒါကို တွေးတောနေသဖြင့် မပြောခင် ခဏလောက် တွန့်ဆုတ်နေခဲ့သည်။
"ကျန်းဟိုင်မြှားနတ်ဘုရား မင်း နားမလည်ပါဘူး.. ဒီကိစ္စက ကြီးကြီးမားမား သက်ရောက်မှုတွေ ရှိတယ် မင်း ငါတို့ရဲ့ အဓိပတိ မဟာမိတ်အဖွဲ့မှာ ပါဝင်ဖို့ ဆန္ဒရှိမှ မင်းမှာသိဖို့ အရည်အချင်းပြည့်မီမှာ"
"ဟားဟား..."
ဒါကိုကြားတော့ ချင်းယန် ရုတ်တရက် သက်သာရာရစွာ ပြုံးလိုက်သည်။
"အဓိကအချက်ကို ရှောင်ဖို့ ကြိုးစားနေတာလား မင်းတို့က လူ့လောကကို ကာကွယ်ဖို့ဆိုပြီး မရပ်မနား ပြောနေတာ တော်တော်မိုက်မဲတာပဲ... ဒါပေမယ့် မင်းတို့က ပြန်ထိုင်ပြီး သားရဲနတ်အရှင် အဓိပတိတွေက လူသားတွေကို တိုက်ခိုက်ဖို့ သားရဲဒီရေကို ဦးဆောင်နေတာကျ ကြည့်နေတယ်... မင်းတို့ရဲ့ အဓိပတိမဟာမိတ်က စကားပဲပြောတတ်တာ ဘာမှဟုတ်ပုံမရဘူး..."
"မင်း!!"
လျိုဝူရွှမ်း မျက်နှာက ရုတ်တရက် ပြောင်းလဲသွားသည်။ ဒါက မဟာမိတ်အဖွဲ့ကို စော်ကားလိုက်တာနဲ့ အတူတူပဲ မဟုတ်လား။ လျိုဝူရွှမ်း ဒေါသထွက်တော့မည်။
ဒါပေမယ့် သူစဉ်းစားကြည့်တဲ့အခါ မြှားနတ်ဘုရားရဲ့ ဆရာတူအစ်ကိုက သားရဲဒီရေတွင် သေဆုံးသွားခဲ့သည်။ သူ့အတွက် စိတ်မကောင်းကာ စိတ်ဆိုးတာက ပုံမှန်ပါပဲ။
"ဟမ့် ဒီနေ့ မင်းနဲ့ စကားမပြောချင်တော့ဘူး"
လျိုဝူရွှမ်း သူ့ဒေါသကို မျိုသိပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ငါအကုန်ပြောပြီးပြီ... ဒီကိစ္စက အရမ်းအရေးကြီးတယ် ငါတို့ရဲ့ ထိပ်တန်းမဟာမိတ်အဖွဲ့မှာလည်း အခက်အခဲတွေရှိတယ်။"
"အခက်အခဲတွေ?"
ဒါကိုကြားတော့ ချင်းယန် ဒေါသတကြီး ရယ်လိုက်သည်။
"မင်းတို့က ငါ့ကိုအခက်အခဲတွေ လာပြောနေတာလား ဒါဆို သားရဲဒီရေမှာ သေလုနီးပါးဖြစ်နေတဲ့ ဒီနိုင်ငံသားတွေနဲ့ ဘယ်သူက ဒီအခက်အခဲတွေကို ဆွေးနွေးမှာလဲ...ဒီရေကို ကြားဝင်ပြီး ဖြေရှင်းပေးတဲ့ ငါ့ရဲ့ဆရာတူအစ်ကိုကြောင့်သာ မဟုတ်ရင် ဒီရေက ကျန်းဟိုင်မြို့တစ်ခုလုံးကို မြေကြီးထိအောင် ဖျက်စီးသွားလိမ့်မယ်!"
"အဲဒီနေ့က သားရဲနတ်အရှင်ဂိုဏ်းက အဓိပတိ ရောက်လာတယ်။ မြင့်မြတ်တဲ့ မဟာမိတ်အဖွဲ့ဝင်တွေက ဘယ်မှာလဲ"
"ငါ..."
လျိုဝူရွှမ်း စကားတစ်ခွန်းမှ မပြောနိုင်ဘဲ အေးခဲနေကာ တစ်ချက်မျှ ငြင်းဆန်နိုင်ခြင်း မရှိပေ။ သူ၏လည်ပင်းသည် သိသိသာသာနီနေပြီး တစ်ချက်မျှပြန်မပြောနိုင်ပေ။ သူက ရိုးရိုးရှင်းရှင်း သူ့အင်္ကျီတွေကို ဝှေ့ယမ်းပြီး
"ဒီနေ့တော့ ထားလိုက်တော့ စိတ်အေးအေးထားပြီး စဥ်းစား.. မင်းကို ငါပြန်လာရှာမယ်..."
ထို့နောက် လျိုဝူရွှမ်း လှည့်ထွက်ကာ အလင်းရောင်တစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။ လူအုပ်ကြီးလည်း ချက်ချင်းဆိုသလိုပင် ထကြွလာကာ လီချင်းဟဲ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။
"မြှားနတ်ဘုရား နိုင်ပြီ!"
"ကမ္ဘာ့နံပါတ်တစ် မြှားနတ်ဘုရား!"
အော်သံများက လူအုပ်ကြားတွင် ပဲ့တင်ထပ်သွားသည်။ လူအိုလီနှင့် လင်မော့ဖုန်းပင် လူအုပ်ထဲတွင် ရပ်နေကာ အကြည့်ချင်းဖလှယ်ရင်း မထိန်းနိုင်ဘဲ ရယ်မောလိုက်လေ၏။ အကယ်၍ မြားနတ်ဘုရားကသာ အလွန်တန်ခိုးကြီးမှန်း သူတို့သိခဲ့လျှင် ၎င်းတို့၏ အစောပိုင်း ကြောက်ရွံ့မှုများက မလိုအပ်တော့ပေ။
ဤအောင်ပွဲက မျှော်လင့်ထားတာထက်ပင် ပိုမိုလွယ်ကူနေသည်။
"ထားပါတော့... ငါလည်း နောက်ဆုတ်ဖို့ အချိန်တန်ပြီ"
ချင်းယန်လည်း လျိုဝူရွှမ်း ဆုတ်ခွာသွားသည်ကိုကြည့်ကာ ပြန်ချင်လိုစိတ် ပြင်းပြလာသည်။ ဆုလာဘ်တွေ ရယူရတော့မည်။ ထိုအခိုက် သားရဲဟောက်သံလေးခု ကောင်းကင်ယံမှာ ရုတ်တရက် ထွက်ပေါ်လာသည်။
နဂါးဟောက်သံ၊ ကျားအူသံ၊ လေချွန်သံ၊ မြွေဟောက်သံများပင်။ ကြီးမားသော သားရဲအရိပ်များက လမ်းကြောင်းလေးရပ်မှ စုစည်းလာသည်။ တစ်ဆက်တည်း တိမ်များကြားမှ နဂါးတစ်ကောင် ခုန်ဆင်းလာပြီး မီးလျှံငှက်တစ်ကောင်လည်း ပျံဝဲလာသည်။
"ဒါကဘာလဲ!?"
ချင်းယန် တခဏတာ အံ့အားသင့်သွားပြီး သူ့အနီးနားရှိ နေရာလွတ်ကို ရုတ်တရက် သတိထားမိလိုက်တဲ့ အခါမှာတော့ အရမ်းနောက်ကျသွားပြီ။ သူ အပြင်တောင် မထွက်နိုင်တော့ချေ။
အကွာအဝေးတွင်မူ အရိပ်လေးခု သူ့ဆီသို့ အပြေးအလွှား ပြေးလာနေသည်။ သူတို့ရဲ့ ကြယ်စွမ်းအားများက ပတ်ဝန်းကျင်ကို လွှမ်းခြုံ ပျံ့နှံ့သွားသည်။
ခဏအတွင်းမှာပင် အဓိပတိကျားဖြူ ဦးဆောင်လာသည့် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု ဆင်းသက်လာသည်။ ၎င်းက အဖြူရောင်ဝတ်ရုံကို ၀တ်ဆင်ထားပြီး ကျောနောက်သို့ လက်နှစ်ဖက်ပစ်ကာ အစီအရင်အတွင်း ပိတ်မိနေသော ချင်းယန်ကို ငေးကြည့်နေသည်။
"နောက်ဆုံးတော့ အဆင်ပြေသွားပါပြီ.. ကျန်းဟိုင်မြှားနတ်ဘုရား ဒီတစ်ခါတော့ မင်း အဆုံးသတ်ပြီ"