တာအိုလက်တွဲဖော်တစ်ယောက်လိုချင်လား
Vol. 8 Ch. 88
ချင်းယွင်ကျိ ကျန်းယန်ကို ကျန်းယန်၏ဗီလာသို့ဦးဆောင်ခေါ်လာခဲ့သည်။
“စီနီယာအစ်ကိုကြီး” ပိုင်ယွင်ကျိအမြန်ထရပ်လိုက်ကာ
“စီနီယာကောင်းကင်ဒဏ္ဍာရီကစောင့်နေတာ အတော်ကြာသွားပြီ နောက်ဆုံးတော့ အစ်ကိုကြီးရောက်လာပြီ”
ကောင်းကင်ဒဏ္ဍာရီနှင့်ကျိပိုင်တို့လည်း အမြန်မတ်တပ်ရပ်လိုက်ကြသည်။ ကောင်းကင်ဒဏ္ဍာရီ ချင်းယွင်ကျိကို ဂျူနီယာတစ်ယောက်အနေနှင့် လေးလေးစားစား အရိုအသေပေးလိုက်ပြီး ခံစားချက်အပြည့်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်၏။
“ကျွန်တော် စီနီယာ့ကိုမတွေ့ရတာ နှစ်ပေါင်းများစွာကြာသွားပြီဆိုပေမယ့် စီနီယာက အဲ့ဒီအချိန်တုန်းကအတိုင်း တစ်ပုံစံတည်းပဲ ဒီဂျူနီယာကတော့ အိုသွားပါပြီ စီနီယာ့ရဲ့တာအိုအဆင့်က တကယ်ကို တိုင်းတာလို့မရနိုင်အောင်ပါပဲ ဒီဂျူနီယာက အားကျမှုနဲ့ မော့ကြည့်နေဖို့ပဲ တတ်နိုင်ပါတယ်”
သူတကယ်အံ့ဩတုန်လှုပ်သွားခဲ့ရခြင်းဖြစ်သည်။ နှစ်ရာချီကြာသွားသော်လည်း ချင်းယွင်ကျိက အရင်တုန်းကအတိုင်း တစ်ပုံစံတည်း ဖြစ်နေခဲ့၏။
သူဘယ်အဆင့်ကိုရောက်နေလောက်ပါသနည်း။
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်လား!
သို့သော် ခန့်မှန်းရေအာင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်နှင့်ပတ်သက်ပြီး သူဘာမှ မကြားဖူးခဲ့ပေ။
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်သို့ ရောက်ရှိသွားလျှင် ကမ္ဘာတုန်လောက်သောအဖြစ်အပျက်များ ဖြစ်သွားတတ်သောကြောင့် ဖုံးကွယ်ထားဖို့တော့ မဖြစ်နိုင်ပေ။
ချင်းယွင်ကျိ ကောင်းကင်ဒဏ္ဍာရီကိုတစ်ချက်ကြည့်လိုက်ကာ ပြောလိုက်သည်။
“မင်းလည်းနည်းနည်းတော့ ကြီးပြင်းလာပြီပဲ….ငါမင်းကိုစတွေ့တုန်းက ဝိညာဉ်အခြေတည်အဆင့်လေးပဲရှိခဲ့တာ အခုတော့ တာအိုပေါင်းစည်းခြင်းအလယ်အဆင့်ကိုတောင် ရောက်နေပြီ ရုပ်ရည်ကတော့ ရုပ်ဆိုးဆိုး ရုပ်ချောချော အားလုံးက အရေပြားအောက်ကအရိုးတွေပါပဲ ဘာလို့အပြင်ပိုင်းအသွင်အပြင်တွေကို ဂရုစိုက်နေမှာလဲ”
ကျန်းယန်သူ့ဆရာစကားကြောင့် ဆွံ့အသွားခဲ့၏။
ဆရာက ငယ်ရွယ်နုပျိုနေတာကိုး ပြောအားရှိတာပေါ့ဗျ!
ထိုအဖြစ်အပျက်က သူဌေးတစ်ယောက်ပြောသော ငွေကအရေးမကြီးပါဘူးကွာ ဟူသောစကားနှင့်ဘာမှမခြားပေ။
လူတိုင်းထိုင်လိုက်ကြပြီးနောက် ကောင်းကင်ဒဏ္ဍာရီစကားဦးသန်းမနေတော့ဘဲ ချက်ချင်းပြောလိုက်သည်။
“ဒီဂျူနီယာဒီနေ့လာခဲ့ရတဲ့ကိစ္စက ဂျူနီယာ့တပည့်တွေရဲ့ အရှက်ရစရာလုပ်ရပ်ကြောင့်ပါပဲ အဲ့ဒီအရူးတွေက လောဘကြောင့် အမြင်ကန်းပြီး စီနီယာ့ကိုအပြစ်ပြုမိခဲ့ပါတယ် ဒါပေမယ့် စီနီယာက သူတို့အသက်တွေကိုချမ်းသာပေးခဲ့တဲ့အတွက် ကျွန်တော် စီနီယာ့ကို ကျေးဇူးတင်ပါတယ်”
ချင်းယွင်ကျိ ပြန်ပြောလိုက်၏။
“သူတို့လက်ရှိငါနဲ့တွေ့သွားတာ ကံကောင်းတာပဲ
တကယ်လို့ လွန်ခဲ့တဲ့နှစ်၃၀၀တုန်းကငါနဲ့တွေ့သွားလို့ကတော့ မင်းနောက်ထပ်တပည့်အသစ်တစ်သုတ်ထပ်ရှာနေရလောက်ပြီ”
ကောင်းကင်ဒဏ္ဍာရီခါးသက်သက်ပြုံးလိုက်ရသည်။
“အဲ့ဒီအရူးတွေက စီနီယာ့ရဲ့တကယ့်စွမ်းအားအစစ်ကိုမသိဘဲ ရူးရူးမိုက်မိုက်အမှားလုပ်ခဲ့ကြတာပါ ကျွန်တော်သူတို့ကို အပြစ်လည်းပေးပြီးပါပြီ သူတို့နောက်ထပ် အဆင်အခြင်မဲ့ထပ်လုပ်ရဲမှာ မဟုတ်တော့ပါဘူး”
ချင်းယွင်ကျိစကားလုံးများက မယဉ်ကျေးဟန်ရသော်လည်း လွန်ခဲ့သောရာစုနှစ်များကချင်းယွင်ကျိနှင့်တွေ့ဖူးသောကြောင့် ကောင်းကင်ဒဏ္ဍာရီ ချင်းယွင်ကျိအကြောင်း ကောင်းကောင်းကြီးသိပေသည်။
ထို့အပြင် စုမင်ယန်နှင့်အခြားသူများဆီမှ ပြန်ကြားခဲ့ရသော စကားများအရ သူကျန်းယန်အကြောင်းလည်း အနည်းငယ်သိရှိထားပြီး ဖြစ်၏။
သို့သော် နှိုင်းယှဉ်ကြည့်ရလျှင် ကျန်းယန်ရက်စက်တယ်ဆိုတာ ချင်းယွင်ကျိနှင့်ယှဉ်လျှင် ဘာမှမဟုတ်သေးပေ။ အထူးသဖြင့် သူ့ကျင့်ကြံခြင်းနှင့် လွှမ်းမိုးနိုင်လွန်းသောခွန်အားကြောင့် ထိုစဉ်က ချင်းယွင်ကျိသည် အလွန်အမင်းရက်စက်လွန်းခဲ့သည်။
ချင်းယွင်ကျိ သက်ပြင်းချလိုက်၏။
“တာအိုကိုလက်ဆင့်ကမ်းရတာမလွယ်လှပါဘူး ဂိုဏ်းတစ်ခုထူထောင်ရတာပိုတောင်ခက်သေးတယ် မင်းအတွက် ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကိုထူထောင်ရတာ မလွယ်ဘူးဆိုတာ ငါသိတယ် အဲ့ဒီဂိုဏ်းကိုတည်မြဲအောင်လုပ်ဖို့ကလည်း ပိုခက်မှာပဲ ဒါတွေကို ငါသိပါတယ် ဒါပေမယ့် မင်းတပည့်တွေကိုတော့ ကောင်းကောင်းလေး သင်ပြပေးထားဖို့ လိုလိမ့်မယ်”
ကောင်းကင်ဒဏ္ဍာရီ စိတ်ထဲနက်နက်ရှိုင်းရှိုင်းခံစားသွားခဲ့ရသည်။ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကို ထူထောင်ဖို့ ဘယ်လောက်ခက်ခဲခဲ့သလဲ သူသာသိ၏။
“စီနီယာပြောတာ မှန်ပါတယ်” ကောင်းကင်ဒဏ္ဍာရီ ခေါင်းညိတ်ပြလိုက်သည်။
“အဲ့ဒီတိရစ္ဆာန်ကောင်တွေက ဒီကမ္ဘာကြီးကိုမမြင်ဖူးသေးဘူး ကောင်းကင်ဘယ်လောက်မြင့်လဲဆိုတာ သူတို့မသိကြဘူး ဒါပေမယ့် စီနီယာသူတို့ကိုခွင့်လွှတ်ပေးမယ်ဆိုရင် ကျွန်တော်သူတို့ကို ဖိဖိစီးစီးသင်ကြားပေးလိုက်ပါ့မယ် ဒီလက်ဆောင်သေးသေးလေးတွေက ဘာမှမဟုတ်ဘူးဆိုပေမယ့် ကျွန်ဝောာ့်ရင်ထဲကလာတဲ့စေတနာပါ ကျေးဇူးပြုပြီး စီနီယာမငြင်းလိုက်ပါနဲ့”
ပြောနေရင်း သူများစွာသောကျောက်စိမ်းသေတ္တာများကို စားပွဲပေါ် တင်လိုက်လေသည်။
ချင်းယွင်ကျိ ခေါင်းခါလိုက်၏။
“မလိုပါဘူး ဒီကိစ္စကို မင်းတပည့်တွေပဲစီစဉ်ခဲ့တယ်ဆိုတာ ငါသိပါတယ် အခုမင်းကိုယ်တိုင်လာနေပြီဆိုမှတော့ ဒီပြဿနာပြေလည်သွားပြီပဲ ထားလိုက်ကြတာတော့”
“စီနီယာ ဒီကိစ္စကိုပြေလည်လိုက်ပြီဆိုတာမှန်ပေမယ့် ကျွန်တော့်ဘက်က ဘာမှပြန်မဖော်ပြပေးနိုင်ရင် ကျွန်တော်စိတ်ဖိစီးနေရပါလိမ့်မယ်” ကောင်းကင်ဒဏ္ဍာရီ လက်ဆောင်များလက်ခံရန် ဆက်ပြောနေခဲ့သည်။
ထို့နောက် သူခဏရပ်လိုက်ကာ ကျိယန်ကို ညွှန်ပြလိုက်ပြီး
“ဒါကတော့ ကျွန်တော့်တပည့်ရဲ့ တပည့်မလေး ကျိယန်ပါ စီနီယာ သူ့ပါရမီကိုဘယ်လိုထင်ပါသလဲ”
ချင်းယွင်ကျိ ကျိယန်ကိုတစ်ချက်ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။
“ထိပ်တန်းအဆင့်ပဲ”
“ကျေးဇူးတင်ပါတယ် စီနီယာ” ကျိယန် ဦးညွတ်ကာ ပြောလိုက်သည်။
ကောင်းကင်ဒဏ္ဍာရီလည်း ပြုံးလိုက်၏။
“ကျိယန်က ကျင့်ကြံတာ ၇နှစ်၈နှစ်ပဲရှိသေးတယ်ဆိုပေမယ့် ဝိညာဉ်အခြေတည်အဆင့်ကို ရောက်နေပါပြီ ကျွန်တော်တို့ တစ်ဂိုဏ်းလုံးလည်း သူနဲ့ပတ်သက်ပြီး အရမ်းစိတ်ကျေနပ်ကြတယ် တကယ်တော့ အခုလိုကျွန်တော်တို့ ဂိုဏ်းနှစ်ခုကြား နားလည်မှုတွေလွဲတယ်ဆိုတာက ကျွန်တော်တို့ကြားမှာ ရင်းနှီးမှုမရှိခဲ့ကြလို့ပါ တကယ်လို့များ ကျွန်တော်တို့ပိုပြီးနီးကပ်လာကြမယ်ဆိုရင် ဒီလိုပြဿနာတွေ ထပ်ဖြစ်လာမှာမဟုတ်တော့ဘူး
ဒီနေ့ ကျွန်တော်သူ့ကိုခေါ်လာရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့နှစ်ဂိုဏ်းကြားက ဆက်ဆံရေးကို ပိုပြီးအားေကာင်းလာအောင် လုပ်ချင်လို့ပါပဲ”
“ဟမ်” ချင်းယွင်ကျိ သူ့ကိုကြည့်လိုက်လေသည်။
ကျန်းယန်လည်း ကောင်းကင်ဒဏ္ဍာရီကိုစိုက်ကြည့်နေရင်း သူ့စိတ်ထဲ မကောင်းသောခံစားချက်တစ်ခု မြင့်တက်လာခဲ့၏။
ဒီအဖိုးကြီးက တစ်ခုခုကြံစည်နေမဟုတ်လား သူကြံစည်နေတာက…
ကောင်းကင်ဒဏ္ဍာရီနွေးထွေးစွာ ပြုံးလိုက်ကာ ပြောလိုက်သည်။
“စီနီယာ့မှာ တပည့်တစ်ယောက်ရှ်ိတယ်လို့ ကျွန်တော်ကြားမိပါတယ် အဲ့ဒီတပည့်က ဒီလူငယ်လေးပဲ ဖြစ်ရမယ် ကျွန်တော်က သူ့ရဲ့ သာမန်မဟုတ်တဲ့ ပါရမီနဲ့ အခြေခံအုတ်မြစ်ကိုမြင်မိပါတယ် အဲ့တာကြောင့် ကျွန်တော်က သူနဲ့ကျိယန်ကိုလက်ဆက်ပေးပြီး ကျွန်တော်တို့ ဂိုဏ်းနှစ်ဂိုဏ်းကြား ရွှေလမ်းငွေလမ်းဖောက်ချင်ပါတယ် စီနီယာရော ဘယ်လိုထင်ပါသလဲ”
ကျန်းယန် ဆွံ့အသွားခဲ့၏။
ဟ သောက်ကျိုးနည်း နေရင်းထိုင်ရင်း မိန်းမက ရဦးမယ်ဟ။
ကောင်းကင်ဒဏ္ဍာရီ၏လေသံကိုကြားကတည်းက သူ့အစီအစဉ်ကို သူခန့်မှန်းခဲ့ပြီးသားဖြစ်သည်။
ချင်းယွင်ကျိအမူအရာလည်း ထူးဆန်းသွားခဲ့၏။ သူကျန်းယန်ဘက်လှည့်ကြည့်လိုက်ကာ
“မင်းဘယ်လိုထင်လဲ”
ပိုင်ယွင်ကျိကတော့ ကျန်းယန်ကိုပြုံး၍ကြည့်နေပြီး သူဘယ်လိုတုန့်ပြန်မလဲ သိချင်နေခဲ့သည်။
ကျန်းယန် ကျိယန်ကိုတစ်ချက်ကြည့်လိုက်ရာ ထိုမိန်းကလေးသည် မင်သက်စရာကောင်းလောက်အောင် လှပမှန်း တွေ့သွားခဲ့၏။
စီနီယာတစ်ယောက်နှင့်တွေ့ရအောင်ဟုဆိုကာ သူမကိုခေါ်သွားခဲ့ခြင်းက အခုလို ရောင်းစားဖို့ဖြစ်မှန်း ကျိယန်လည်း လုံး၀မျှော်လင့်မထားခဲ့မိပေ။
ကျန်းယန် သူမကိုအကဲခတ်နေသည်ကိုမြင်သောအခါ သူမမျက်နှာ လုံး၀နီရဲသွားခဲ့လေသည်။ သူဘာပြောရမလဲ မသိတော့ပေ။
ငြင်းဖို့လား!
အဲ့လိုကြီးငြင်းလိုက်ဖို့ကလည်း သင့်တော်ပုံတော့ မပေါ်ပေ။
သဘောတူဖို့လား!
သူမသည် ပါရမီရှင်တစ်ယောက်ဖြစ်ပြီး အထူးသဖြင့် ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်ဖြစ်နေသောကြောာင့် ရွှေအမြုတေအဆင့်တစ်ယောက်ကို လက်မထပ်ချင်ခဲ့ပေ။
ကျန်းယန်ပြုံးကာကောင်းကင်ဒဏ္ဍာရီကိုပြောလိုက်သည်။
“စီနီယာ ဂိုဏ်းနှစ်ဂိုဏ်းရဲ့ဆက်ဆံရေးပိုအားကောင်းဖို့အတွက် နိုင်ငံရေးအရလုပ်ရတဲ့ လက်ထပ်ပွဲမျိုးတကယ်မလိုအပ်ပါဘူး တကယ်လို့ ကျွန်တော်တို့ နှစ်ဖက်လုံးကသာ ရည်မှန်းချက်တွေတူနေပြီး အကျိုးအမြတ်တွေကို မျှဝေနိုင်ရင် ပူးပေါင်းဖို့အတွက် မင်္ဂလာပွဲမလိုအပ်ပါဘူး တကယ်လို့ အကျိုးအမြတ်တွေကိုလည်း မမျှဝေနိုင်ဘူး ရည်မှန်းချက်တွေလည်းတူမနေဘူးဆိုရင် မင်္ဂလာပွဲလုပ်လိုက်တော့ရော ဘာထူးလာတော့မှာလဲ”
“လူငယ်ေလးကဆန္ဒမရှိဘူးလား” ကောင်းကင်ဒဏ္ဍာရီမေးလိုက်၏။
ကျန်းယန် လေးလေးနက်နက်ပြောလိုက်သည်။
“ဒါက ဆန္ဒရှိတာ မရှိတာနဲ့မဆိုင်ပါဘူး တကယ်လို့ ဂိုဏ်းနှစ်ဂိုဏ်းကြားက ဆက်ဆံရေးက မင်္ဂလာပွဲတစ်ခုတည်းပေါ်မှာ မူတည်နေတယ်ဆိုရင် အဲ့ဒီဆက်ဆံရေးက ခိုင်မြဲမှာမဟုတ်ဘူး နောက်ပြီး အကြီးအကဲတွေဖြစ်ေနရင်တောင် လူငယ်မျိုးဆက်တွေရဲ့ ဆန္ဒအပေါ် လေးစားသင့်ပါတယ်
ဒီနေရာမှာ ကျွန်တော့်ဆရာက ဥပမာကောင်းတစ်ခုပါပဲ
ကျွန်တော်က ကျွန်တော့်ဆရာကိုလေးစားသလို ဆရာကလည်း ကျွန်တော့်အမြင်တွေအပေါ် လေးစားမှုပေးပါတယ် အဲ့ဒီလိုနည်းနဲ့ဆိုရင် အထက်အောက်ဆက်ဆံရေးက ချောမွေ့လာပြီး ဂိုဏ်းကလည်း ကျန်းကျန်းမာမာနဲ့ ဖွံ့ဖြိုးတိုးတက်လာနိုင်တာပေါ့
ဒါပေမယ့် စီနီယာကတော့ စီနီယာ့တပည့်ရဲ့ဆန္ဒကိုမမေးဘဲနဲ့ သူမအတွက် မင်္ဂလာပွဲကို စီစဉ်ခဲ့တယ် အဲ့ဒီအရာကြောင့် ဆက်ဆံရေးတွေမှာ ထစ်ငေါ့မှုတွေ ဖြစ်လာလိမ့်မယ်”
ကောင်းကင်ဒဏ္ဍာရီ ကျိယန်ဘက်လှည့်ကာ
“ကျိယန် သမီးရောဆန္ဒရှိလား”
ကျိယန်မျက်နှာပိုပြီးနီရဲလာပြီး စွမ်းအားကြီး ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်က မော့ပင်မကြည့်ရဲတော့ပေ။ သူမခေါင်းကိုငုံ့ထားပြီး နူးညံ့စွာ ပြောလိုက်၏။
“ဆရာဖိုးဖိုးရဲ့သဘောပါပဲ”
“မင်းမြင်လား သူကဆန္ဒရှိတယ်” သူကျန်းယန်ကိုကြည့်လိုက်ကာ
“လူငယ်လေး မင်းအခုဘာပြောမလဲ”
ကျန်းယန် ဆွံ့အသွားခဲ့ရသည်။ ထို့နောက်တွင်တော့ သူခေါင်းညိတ်ကာ
“ဒါဆိုရင်တော့ ကောင်းပါပြီ ကျွန်တော်ကတော့ ဆန္ဒမရှိပါဘူး” ဟုပြောရုံသာ တတ်နိုင်တော့၏။
သူသည် ဗလာရွှေအမြုတေပိုင်ရှင်ဖြစ်ပြီး အကယ်၍ ကျင့်ကြံခြင်းတွင်သာအာရုံမစိုက်ဘဲ အခြားအရာများအပေါ် အချိန်ပေးနေလျှင် သူ့ဘ၀အဆုံးသတ်သွားရပေလိမ့်မည်။
သူ့တွင် မိန်းကလေးများနှင့်အီစီကလီလုပ်ဖို့ ဘယ်မှာအချိန်ရှ်ိပါမည်နည်း။
(အဟွတ် အဟွတ် ဂေး အဟွတ်)
ထိုအဖြေကြောင့် လူတိုင်း ကြောင်သွားခဲ့ကြသည်။
ခေါင်းငုံ့နေသော ကျိယန်ပင် ခေါင်းမော့လာပြီး ကျန်းယန်ကို ဒေါသနှင့်စိတ်ရှုပ်ထွေးမှုရောပြွန်းနေသော အကြည့်ဖြင့် ကြည့်ရှုနေခဲ့သည်။
ငါ့လို ဂုဏ်သရေရှ်ိ ပါရမီရှင် ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်က လက်ထပ်ဖို့ဆန္ဒရှိနေတာတောင် နင်ကငြင်းတယ်တဲ့လား!
နင့်အတွက်ဘာကကောင်းသလဲ မသိဘူးပဲ!
“ဘာလို့လဲ” ကောင်းကင်ဒဏ္ဍာရီစိတ်၀င်တစားမေးလိုက်၏။
ချင်းယွင်ကျိနှင့်ပိုင်ယွင်ကျိပင် ကျန်းယန်ကိုစိတ်၀င်တစားကြည့်လိုက်ကြသည်။
ကျန်းယန် ထုံအအဟန်ဖြင့် ပြန်ပြောလိုက်၏။
“ကျွန်တော်က ဗလာရွှေအမြုတေပိုင်ရှင်တစ်ယောက်ပါ အဲ့တာကြောင့် ကျင့်ကြံခြင်းမှာ အာရုံစိုက်ထားဖို့ လိုပါတယ်”
ချင်းယွင်ကျိနှင့်ပိုင်ယွင်ကျိတို့ ဆွံ့အသွားခဲ့ကြသည်။ အထူးသဖြင့် ပိုင်ယွင်ကျိဖြစ်ပြီး သူမ ချင်းယွင်ကျိကိုတစ်ချက်ကြည့်လိုက်၏။ အကယ်၍ ချင်းယွင်ကျိသာ ကျန်းယန်ခေါင်းထဲ ဗလာရွှေအမြုတေဟူသောစကားကို ရိုက်သွင်းမပေးခဲ့လျှင် ကျန်းယန် ကျင့်ကြံခြင်းအပေါ် ဒီလောက်စွဲလန်းနေလောက်မည် မဟုတ်ပေ။
ထိုအဖြေက ကောင်းကင်ဒဏ္ဍာရီကိုလည်း အံ့အားသင့်သွားစေခဲ့သည်။
ချင်းယွင်ကျိက ဗလာရွှေအမြုတေရှိသောလူတစ်ယောက်ကို တပည့်အဖြစ်လက်ခံလိမ့်မည်ဟု သူလုံး၀မျှော်လင့်မထားခဲ့မိပေ။
သူခပ်ဖြည်းဖြည်းပြောလိုက်၏။
“မင်းက ဗလာရွှေအမြုတေပိုင်ရှင်ဆိုရင် ပိုတောင်သဘောတူသင့်သေးတယ် ငါမင်းတို့အဇူရာတိမ်ဂိုဏ်းရဲ့လက်ရှိအခြေအနေကို လေ့လာကြည့်ပြီးပါပြီ ပြီးတော့ ငါမင်းတို့အခြေအနေကိုသိတယ် အဲ့တာကြောင့် အချိန်ကျလာရင် ကောင်းကင်ဒဏ္ဍာရီဂိုဏ်းရဲ့ အရင်းအမြစ်တစ်စိတ်တစ်ပိုင်းကို မင်္ဂလာလက်ဖွဲ့အဖြစ် ကျိယန်နဲ့အတူထည့်ပေးလိုက်မယ် ဒါဆိုမင်းအတွက်လည်း ကျင့်ကြံရ ပိုလွယ်သွားတာပေါ့”
ဘာလို့ ဒီအဖိုးကြီးကအဲ့လောက်ခေါင်းမာပြီး သူ့တပည့်ကိုငါ့ဆီအတင်းထိုးပေးနေတာလဲဟ!
သူ့တွင် ယခုအခါစိတ်ဝိညာဉ်ကျောက်တုံးရှားမနေပေ။ ကောင်းကင်ရတနာများလည်း မရှားပေ။ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကသူတို့ပြောသလို လက်လွှဲပေးလိမ့်မည်လို့လည်း သူမထင်ပေ။
ထို့အပြင် သူ့တွင် မိစ္ဆာစွမ်းအင်များရှိနေလေပြီဖြစ်ရာ အဘယ်ကြောင့်အခြားအရာများအပေါ် မှီခိုနေရပါတော့မည်နည်း။
ကျန်းယန် ကောင်းကင်ဒဏ္ဍာရီတာအိုပညာရှင်ကို အကူအညီမဲ့စွာ ကြည့်လိုက်ကာ
“စီနီယာ ကျွန်တော်မပြောရသေးတာ တစ်ခုကျန်ပါသေးတယ် မကြာခင် ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းမှာ ထိပ်တန်းဂိုဏ်းကြီးတွေရဲ့ ဖိအားပေးခံရနုိင်တဲ့ အပြောင်းအလဲကြီးတစ်ခု ဖြစ်တော့မှာပါ ရိုးရိုးသားသားပြောရရင် ကျွန်တော်တို့အနေနဲ့ စီနီယာတို့နဲ့ အရမ်းနီးနီးကပ်ကပ်မနေချင်ပါဘူး အဲ့ဒီအချိန်ကျ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းအတွက် ကောင်းတဲ့အရာတွေဖြစ်လာမှာမဟုတ်ဘူး”
ကျန်းယန်ထိုကိစ္စကို ဒီတိုင်းကြီးထုတ်ပြောလိမ့်မည်ဟု မျှော်လင့်မထားသောကြောင့် ချင်းယွင်ကျိ ထူးဆန်းသွားခဲ့သည်။
ကောင်းကင်ဒဏ္ဍာရီ၏အမူအရာလည်း ပြောင်းလဲသွားခဲ့၏။