← Chapters

အကွက်ချခြင်း

Vol. 8 Ch. 90

အကွက်ချခြင်း

Vol. 8 Ch. 90

ချင်းယွင်ကျိနှင့်ပိုင်ယွင်ကျိတို့ ယုံကြည်မှုအပြည့်ဖြင့်ပြောနေသော ကျန်းယန်ကို ကြည့်လိုက်မိကြသည်။ ထို့နောက် တစ်ယောက်နှင့်တစ်ယောက် အကြည့်ခြင်းဖလှယ်လိုက်ကြ၏။

နှစ်ရာချီကြာ‌ေအာင်‌ေ‌နထုိင်လာကြသူများ ဖြစ်ကြသော်လည်း သူတို့ကျန်းယန်လိုလူမျိုးကိုတစ်ခါမှ မတွေ့ဖူးကြပေ။

အရှက်မဲ့သောအခါ ကျန်းယန်က သူတို့တွေ့ဖူးသမျှထဲက အရှက်အမဲ့ဆုံးလူထက်ပင်ပိုအရှက်မဲ့ပြီး ရက်စက်သည့်အခါတွင်လည်း သူရက်စက်သည့်နည်းလမ်းများက ကြမ်းကြုတ်လွန်းနေပြန်သည်။သို့သော် ပုံမှန်အားဖြင့်တော့သူကအေးဆေးနေတတ်သူဖြစ်နေပြန်သေး၏။

“မင်းအဆင်ပြေသလိုသာ ကြည့်စီစဉ်လိုက်တော့ကွာ” ချင်းယွင်ကျိ ကျန်းယန်ကိုပုခုံးပုတ်ကာ ပြောလိုက်သည်။

“အခြားဂိုဏ်းတွေရောက်လာရင် မင်းလိုချင်တာကိုရအောင်ညှိနှိုင်းခဲ့

မင်းကိုတစ်ခုတော့ပြောလိုက်မယ် အဇူရာတိမ်ဂိုဏ်းနယ်မြေထဲမှာ ဘယ်သူ့ကိုမှမကြောက်နဲ့

တစ်ခုခုဖြစ်လာရင် ငါ့တာ၀န်ထား

မင်းမရပ်မနားကျင့်ကြံနေတာလည်းကြာပြီဆိုတော့ အခုကနည်းနည်းအနားယူရမယ့်အချိန်ပဲ ကိစ္စတွေအကုန်ဖြေရှင်းပြီးမှမင်းကိုထပ်ကျင့်ကြံဖို့ခေါ်သွားပေးမယ်”

“ဟုတ်ကဲ့ပါဆရာ” ကျန်းယန် ပြန်ပြောလိုက်သည်။

ချင်းယွင်ကျိနှင့်ပိုင်ယွင်ကျိတို့ တောင်ပေါ်လမ်းအတိုင်းအတူတူလမ်းလျှောက်ပြန်သွားကြရင်း ပိုင်ယွင်ကျိ ချင်းယွင်ကျိကိုတစ်ချက်ကြည့်လိုက်ကာ ပြောလိုက်၏။

“စီနီယာအစ်ကိုကြီး ဒီနှစ်တွေမှာ စီနီယာအစ်ကိုကြီးတစ်ယောက်တည်း အရမ်းကြိုးစားခဲ့ရတာ ညီမလေးတို့ကတော့ အများကြီးမကူညီနိုင်ခဲ့ဘူး…တကယ်ရှက်စရာပဲ!”

“ဟဲ ဘာမှမဖြစ်ပါဘူး” ချင်းယွင်ကျိ အသာအယာပြုံးကာပြောလိုက်သည်။

“ဂျူနီယာညီလေးတွေနဲ့ညီမလေးတွေက အစ်ကိုကြီးကိုအများကြီးကူညီခဲ့ပါတယ် အခုဆို ကျန်းယန်လည်းရှိနေပြီဆိုတော့ အစ်ကို့အတွက်စိတ်ပူစရာလည်းလျော့သွားပြီ”

ပိုင်ယွင်ကျိခပ်ဟဟရယ်မောလိုက်ကာ

“ဒီကလေးကတော့ ကပ်ဘေးကြီးတစ်ခုကိုအနှေးနဲ့အမြန် လှုပ်နှိုးမိမှာသေချာတယ်”

ချင်းယွင်ကျိလည်းအသာအယာပြုံးလိုက်ကာ

“အဲ့ဒီမိစ္ဆာပညာရှင်တွေကို ဖိနှိပ်ရတဲ့တာ၀န်မရှိတော့တာနဲ့အစ်ကိုကြီးတိုက်ခိုက်တဲ့နေရာမှာ အာရုံစိုက်နိုင်ပြီ တိုက်ခိုက်ရမယ်ဆိုရင်တော့ အစ်ကိုကြီးဘယ်သူ့ကိုမှမကြောက်ဘူး”

“အမ်း!” ပိုင်ယွင်ကျိ ခေါင်းတဆတ်ဆတ်ညိတ်လိုက်၏။

“စီနီယာအစ်ကို ၂ လန်ကျားအထွတ်အမြတ်မြေကိုသွားတာ သူဒုက္ခတော့ရောက်မနေလောက်ဘူးမဟုတ်လား”

ချင်းယွင်ကျိ လန်ကျားအထွတ်အမြတ်မြေဘက်ကြည့်လိုက်ကာ အေးအေးဆေးဆေးပြောလိုက်သည်။

“ဂျူနီယာညီလေး ၂ ဒုက္ခရောက်လို့ကတော့ ငါကျန်းယန်ရဲ့အကြံပေးချက်ကို တကယ်ကြီးထည့်စဉ်းစားရတော့မယ် အဲ့ဒီခွေးကောင်တွေ အလုပ်လုပ်ရမယ့်အချိန်ကျ လက်တစ်ချောင်းတောင် မမြှောက်ချင်ဘူး အကျိုးအမြတ်ယူရမယ့်အချိန်ကျ အမြန်ဆုံးသိမ်းချင်ကြတယ်

ဂျူနီယာညီမလေး အမြန်တံခါးပိတ်ကျင့်ကြံခြင်း၀င်တော့

တာအိုပေါင်းစည်းခြင်းအဆင့်ကို တတ်နိုင်သမျှမြန်မြန်ချိုးဖြတ် လက်ရှ်ိ အဇူရာတိမ်ဂိုဏ်းက လူတိုင်းအစွမ်းကုန်တိုးတက်ဖို့လိုနေပြီ

စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့အရင်းအမြစ်တွေလည်း အသင့်ရှိတယ် အခုက နှစ်ပေါင်းများစွာကြာ နှောင့်နှေးခဲ့ရတဲ့ကျင့်ကြံခြင်းအဟုန်ကို ပြန်တင်ရမယ့်အချိန်ပဲ”

“ဟုတ်ကဲ့ပါ စီနီယာအစ်ကိုကြီး ညီမလေးအခုပဲတံခါးပိတ်ကျင့်ကြံခြင်း၀င်ပါတော့မယ်”

ပြောပြီးသည်နှင့်ပိုင်ယွင်ကျိ ပိုင်ယွင်တောင်ထွတ်သို့ ပျံသန်းသွားခဲ့လေသည်။

ထိုစဉ် လန်ကျားအထွတ်အမြတ်မြေ၌….

ကျန်းဟီကွေ့ ဒဏ်ရာများစွာဖြင့် သူ့တပည့်များကိုခေါ်ကာ လန်ကျားအထွတ်အမြတ်မြေဆီ သုတ်ခြေတင်ပြန်လာခဲ့၏။

ထို့နောက်တန်ယောင်ကွမ်းနှင့်အခြားသူများကို ဆေးကုသဖို့ ဂိုဏ်းသားများဆီအပ်ခဲ့ပြီး သူကိုယ်တိုင်ကတော့ ပင်မခန်းမဆီအပြေးနှင်လာခဲ့သည်။

သူပြန်ရောက်လာသည်ကိုအာရုံခံမိသည်နှင့် အခြားအကြီးအကဲများလည်း ပင်မခန်းမဆီစုဝေးလာခဲ့ကြ၏။

“ဘယ်လိုဖြစ်သွားတာလဲ” သူတော်စင်သခင် မေးလိုက်သည်။

ကျန်းဟီကွေ့ ကျောက်စိမ်းပြားတစ်ပြားထုတ်လိုက်ပြီး လူတိုင်းကိုပြလိုက်၏။

“မိစ္ဆာချီ!” တန်ချိုး‌ရွှေ အသက်ရှူသံမြန်သွားခဲ့သည်။

“ဒါကတကယ်ကြီး မိစ္ဆာချီပဲ!”

“ဒါက မိစ္ဆာချီတင်မဟုတ်ဘူး အထဲမှာ မိစ္ဆာနိယာမတွေပါ ပါနေတယ်” သူတော်စင်သခင် ဖြည်းညှင်းစွာ ပြောလိုက်၏။

“ဒါက အဇူရာတိမ်ဂိုဏ်းကဖိနှိပ်ထားတဲ့ မိစ္ဆာပညာရှင်တွေ တဖြည်းဖြည်းချိုးဖြတ်ထွက်လာပြီလို့ ဆိုလိုနေတယ်”

“အခြေအနေက အတော်ဆိုးနေပြီ” အကြီးအကဲတစ်ယောက် ကြောက်လန့်တကြားပြောလိုက်သည်။

“အရင်က မိစ္ဆာပညာရှင်တွေကိုဖိနှိပ်ဖို့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးကပညာရှင်တွေအကုန်ပူးပေါင်းပြီး ဖိနှိပ်ခဲ့ရတာ အခု မိစ္ဆာချီတွေ စိမ့်ထွက်နေပြီ သူတို့အနှေးနဲ့အမြန် နောက်ဆုံးမှာ ချိုးဖြတ်လာတော့မှာပဲ အဲ့ဒီလိုဖြစ်လာရင် ကမ္ဘာကြီးတစ်ခုလုံး ဖရိုဖရဲဖြစ်ကုန်လိမ့်မယ် ချင်းယွင်းကုန်းမြေတိုက်ကြီးနဲ့ အနီးဆုံးဖြစ်တဲ့ ငါတို့က အရင်ဆုံးထိခိုက်မယ့်သူတွေပဲ ငါတို့အခုချက်ချင်း ပြင်ဆင်ထားရမယ်”

အကြီးအကဲတစ်ယောက် ရုတ်တရက်ရယ်မောလိုက်၏။

“တကယ်တော့ ကြောက်လန့်နေဖို့မလိုပါဘူး”

“အို့” လူတိုင်းသူ့ကိုလှည့်ကြည့်လိုက်ကြသည်။

“အဇူရာတိမ်ဂိုဏ်းက မထိန်းနိုင်တော့ဘူးဆိုမှတော့ ငါတို့သူတို့ကိုကူညီပေးလိုက်လို့ရတယ်လေ လွန်ခဲ့တဲ့ နှစ်ရာဂဏန်းအနည်းငယ်တုန်းက ငါတို့ကူညီဖို့ပြောခဲ့ပေမယ့် သူတို့က ငြင်းခဲ့တယ် အခုတော့ မိစ္ဆာတွေက ထွက်လာတော့မှာ အဇူရာတိမ်ဂိုဏ်းမှာလည်း ငြင်းစရာအကြောင်းပြချက်မရှိတော့ဘူးမဟုတ်လား”

ဘယ်သူမှ စကား‌မပြောကြတော့ပေ။

တကယ်တော့ ကူညီမည်သူသောစကားနောက်ကွယ်က အကြောင်းပြချက်ကို နားမလည်သည့်သူ မည်သူရှိပါမည်နည်း။

အဇူရာတိမ်ဂိုဏ်းတွင် စိတ်ဝိညာဉ်ရတနာများစွာရှိပြီး အထူးသဖြင့် အမတရတနာများလည်းရှိနေသေးသည်။ ထိုအရာများကို မလိုချင်သည့်သူ မရှိပေ။

“ပြီးတော့ အဇူရာတိမ်ဂိုဏ်းမှာသက်ရှိတွေအများကြီးလည်းရှိနေသေးတယ် အဇူရာတိမ်ဂိုဏ်းကသူတို့ကို လျစ်လျူရှုထားရဲမှာမဟုတ်ဘူး ငါတို့သူတို့ကိုကူညီရင် သူတို့ကငါတို့ကိုတောင် ကျေးဇူးတင်သင့်သေးတယ် ငါတို့လုပ်ဖို့လိုတာကလည်း တာအိုပေါင်းစည်းခြင်းအဆင့် နည်းနည်းလောက်ပို့ပေးလိုက်ရုံပဲ အဲ့တာလောက်နဲ့ငါတို့အပေါ်သက်ရောက်မှုလည်း အများကြီးရှိမှာမဟုတ်ဘူး”

တန်ချိုးရွှေ ခေါင်းယမ်းလိုက်ကာ

“ချင်းယွင်ကျိက ဘယ်တော့မှသဘောတူမှာမဟုတ်ဘူး”

“ကမ္ဘာကြီးရဲ့သက်ရှိတွေအားလုံးနဲ့ဆိုင်နေတဲ့ကိစ္စမှာ သူ‌သဘောတူတူမတူတူကိစ္စရှိမှာမဟုတ်ဘူး တကယ်လို့ ငါတို့လန်ကျားအထွတ်အမြတ်မြေတစ်ခုတည်းကတောင်းဆိုတာဆိုရင်တော့ သူတို့ငြင်းကောင်းငြင်းနိုင်တယ် ဒါပေမယ့် ငါတို့က ၀မ်လင်းဂိုဏ်း ကွေ့ချွမ်ဘုန်းကြီးကျောင်း ရှို့ယိဘုရားကျောင်းတွေနဲ့ပေါင်းပြီး ပြောရင်ရော … အင်အားစုကြီးတွေအားလုံးသာပေါင်းပြီးပြောမယ်ဆိုရင် ချင်းယွင်ကျိငြင်းချင်ရင်တောင် ငါတို့ဘက်က အားသုံးပြီး လုယူလိုက်လို့ရတယ်

အဇူရာတိမ်ဂိုဏ်းတစ်ဂိုဏ်းထဲကတောင် မိစ္ဆာတွေကို ဖိနှိပ်ထားနိုင်ရင် ငါတို့တပ်ပေါင်းစုကြီးကဘာလို့ဖိနှိပ်မထားနိုင်ရမှာလဲ

အမှန်တော့ အဇူရာတိမ်ဂိုဏ်းမှာ ငါတို့နဲ့တစ်တန်းတည်း‌ရပ်နေဖို့ ခွန်အားမရှိတော့ဘူး သူတို့က ငါတို့နဲ့တန်းတူပြောနိုင်ဖို့လည်း အရည်အချင်းမမီဘူး”

အကြီးအကဲ ကျားရှန့်ပြောလိုက်သည်။

“အခုက ကမ္ဘာကြီးရဲ့လက်ရှိအခြေအနေကိုပြောင်းလဲပစ်ဖို့အချိန်ရောက်ပြီလို့ ငါယုံကြည်တယ်”

လူတိုင်းတိတ်ဆိတ်သွားခဲ့ကြ၏။

အတန်ကြာတိတ်ဆိတ်ပြီးသောအခါမှ လန်ကျားအထွတ်အမြတ်မြေသခင် ဖြည်းဖြည်းချင်းပြောလိုက်သည်။

“အကြီးအကဲကျားရှန့်ရဲ့သဘောထားကို လူတိုင်းပဲဘယ်လိုထင်ကြလဲ”

“ကျုပ်သဘောတူတယ်” တန်ချိုးရွှေပြောလိုက်၏။

“အဇူရာတိမ်ဂိုဏ်းက ဒီပြဿနာကိုမဖြေရှင်းနိုင်တော့မှတော့ ကျုပ်တို့လက်လွှဲယူဖို့ပဲ တတ်နိုင်တော့မယ်”

“ကျုပ်လည်းသဘောတူတယ်!”

“ကျုပ်ရောပဲ”

….

ထိုသဘောထားကိုထောက်ခံသောအသံများ ခန်းမထဲတွင် ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။

လူအနည်းငယ်ကတော့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး ဘာမှမပြောခဲ့ကြပေ။

အထွတ်အမြတ်မြေသခင်လည်း အသာအယာခေါင်းညိတ်လိုက်၏။ သူတစ်ခုခုပြောဖို့ပြင်လိုက်ချိန်တွင် အပြင်ဘက်မှအသံတစ်သံထွက်ပေါ်လာခဲ့သည်။

“အဇူရာတိမ်ဂိုဏ်းက လင်းယွင်ကျိက အရေးပေါ်ကိစ္စတစ်ခုရှိနေလို့ လန်ကျားအထွတ်အမြတ်မြေသခင်ကို တွေ့ခွင့်တောင်းနေပါတယ်”

ကျားရှန့်ပြုံးလိုက်၏။

“ကြည့်ရတာငါတို့အရင်လှုပ်ရှားစရာမလိုတော့ဘူးထင်တယ် သူတို့ကအကူအညီလာတောင်းနေပြီ!”

အကြီးအကဲများစွာလည်း ပြုံးကာ ခေါင်းညိတ်လိုက်ကြပြီး အဇူရာတိမ်ဂိုဏ်းက အကူအညီလာတောင်းတာဟု ယုံကြည်နေခဲ့ကြသည်။

“သူ့ကို၀င်ခွင့်ပြုလိုက်” အထွတ်အမြတ်မြေသခင် ခွင့်ပြုလိုက်၏။

တခဏအကြာတွင် လင်းယွင်ကျိကိုခန်းမထဲခေါ်လာခဲ့ကြသည်။

“နှုတ်ဆက်ပါတယ် အထွတ်အမြတ်မြေသခင်!” လင်းယွင်ကျိ ဦးညွတ်ကာ အရိုအသေပေးလိုက်၏။

“ထုံးစံတွေမလိုပါဘူး” အထွတ်အမြတ်မြေသခင် ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ဒီလောက်ဝေးတဲ့ လန်ကျားတောင်ထိရောက်လာခဲ့တာ ဘာများအရေးကြီးကိစ္စရှိလို့လဲ”

လင်းယွင်ကျိ လေးလေးနက်နက်ပြောလိုက်၏။

“ဒီတစ်ခေါက် ကျွန်တော့်စီနီယာအစ်ကိုကြီးရဲ့အမိန့်အရ အရေးကြီးကိစ္စတစ်ခုကြောင့် လန်ကျားအထွတ်အမြတ်မြေသခင်ကို လာတွေ့ရတာပါ

လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက ကျွန်တော်တို့အဇူရာတိမ်ဂိုဏ်းက မိစ္ဆာတွေကို ချိတ်ပိတ်ထားခဲ့ပါတယ် အခု အဲ့ဒီချိတ်ပိတ်စည်းက ကျိုးပျက်တော့မယ့် လက္ခဏာတွေ ပြလာပါတယ်”

အကြီးအကဲများ အကြည့်ချင်းဖလှယ်လိုက်ကြကာ ပြုံးလိုက်ကြ၏။

အရာရာက သူတို့မျှော်လင့်ထားသည့် အတိုင်းပင်။

အဇူရာတိမ်ဂိုဏ်းကိုယ်တိုင်ကအကူအညီလာတောင်းနေပြီဖြစ်လေရာ သူတို့အတွက် ၀င်ပါဖို့ တရား၀င်ခွင့်ပြုချက်ရသွားခဲ့ချေပြီ။

“အို” အထွတ်အမြတ်မြေသခင် လင်းယွင်ကျိကို ကြည့်လိုက်လေသည်။

လင်းယွင်ကျိ ဆက်ပြောလိုက်၏။

“လွန်ခဲ့တဲ့နှစ်တစ်ထောင်ကကပ်ဘေးက သဘာ၀ကပ်ဘေးတစ်ခုလို့ ကျွန်တော့်စီနီယာအစ်ကိုကြီးကပြောခဲ့ပါတယ် ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းကကံဆိုးစွာနဲ့ အဲ့ဒီပြဿနာကြီးကို ပုခုံးပေါ်ထမ်းတင်ထားခဲ့ရပေမယ့် အဲ့ဒီပြဿနာကဘယ်‌တုန်းကမှ ကျွန်တော်တို့တာ၀န်မဟုတ်ခဲ့ပါဘူး ဒါပေမယ့် တစ်ကမ္ဘာလုံးကဂိုဏ်းကြီးတွေက တစ်ချက်ကလေးတောင်မကူညီဘဲ စောင့်ပဲကြည့်နေခဲ့ကြတယ် အချို့အရှက်မဲ့တဲ့ဂိုဏ်းတွေဆို ကျွန်တော်တို့ နောက်ကွယ်ကတောင် အကောက်ကြံခဲ့ကြသေးတယ်”

အကြီးအကဲများမျက်နှာပေါ်ကအပြုံးရုတ်ချည်းအေးခဲသွားခဲ့ကြသည်။

လင်းယွင်ကျိ ထိုအရာကိုမမြင်ချင်ယောင်ဆောင်ပြီး ဆက်ပြောလိုက်၏။

“အဲ့ဒီပြဿနာကြီးကိုနှစ်တစ်ထောင်ကြာ တာ၀န်ယူခဲ့ရပြီးတဲ့နောက်မှာ ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းက ပင်ပန်းနွမ်းလျနေပြီလို့ စီနီယာအစ်ကိုကြီးက ပြောခဲ့ပါတယ် ဂိုဏ်းရဲ့စိတ်ဝိညာဉ်ကျောက်တုံးတွေတောင် အကုန်ကုန်ခဲ့ပြီး စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာပဲကျန်ခဲ့ပါတယ်

ကျွန်တော်တို့က ကျွန်တော်တို့တာ၀န်ကိုအတတ်နိုင်ဆုံးအကောင်းဆုံးကျေပွန်အောင်လုပ်ခဲ့ပြီးပါပြီ

အဲ့တာကြောင့် အခုကစပြီး သုံးလအကြာမှာ အဇူရာတိမ်ဂိုဏ်းက အဇူရာမဟာတိမ်၀င်္ကပါကို ရုတ်သိမ်းပြီး ဆုတ်ခွာပါတော့မယ် အဲ့ဒီအခါ မိစ္ဆာပညာရှင်တွေ လွတ်လာတော့မှာမလို့ ဂိုဏ်းတိုင်းကိုတတ်နိုင်သမျှမြန်မြန်ပြင်ဆင်ထားကြဖို့ ကျွန်တော့်အစ်ကိုကြီးက သတင်းပေးခိုင်းလိုက်ပါတယ်”

ခန်းမထဲကလူတိုင်း မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေသောမျက်လုံးများဖြင့် လင်းယွင်ကျိကို ကြည့်ရှုနေခဲ့ကြ၏။

သူဘာပြောလိုက်တာလဲ!

အဇူရာတိမ်ဂိုဏ်းကဆက်မစောင့်ကြပ်တော့ဘူး သူတို့က ထွက်သွားတော့မှာတဲ့လား!

သေစမ်း သူတို့စောင့်ကြပ်နေတာ အဆင်ပြေနေတာပဲမဟုတ်လား ဘာလို့ရုတ်တရက်ကြီး ထွက်သွားကြမှာလဲ!

အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်က အဆုံးမဲ့တဲ့သက်ရှိတွေကရော!

သူတို့ကို စွန့်ပစ်လိုက်ပြီလား!

မင်းတို့ရဲ့ တာ၀န်ယူနိုင်စွမ်းကရော!

မင်းတို့ မြင့်မြတ်တဲ့စရိုက်သဘာ၀ကရော!

မင်းတို့ရဲ့ ကိုယ်ကျင့်တရားကရော!

ထိုအခိုက်တွင် အဆင့်အတန်းမြင့်မားကာ မြင့်မြတ်လွန်းပြီး လုံး၀ထိလို့မရသော မိန်းမတစ်ယောက်က ရုတ်တရက် လမ်းဘေးတွင် ကိုယ်တုံးလုံးလှဲလျောင်းနေကာ တွေ့သမျှလူကိုသူ့ပေါ်တက်ခဲ့ဖို့ ဖိတ်ခေါ်နေတာကို မြင်လိုက်ရသလို ခံစားလိုက်ရလေသည်။

သူတို့လုံး၀ ကြက်သေသေကုန်ကြ၏။

All Chapters