← Chapters

ဂိုဏ်းများ၏လျှို့ဝှက်အကြံအစည်

Vol. 8 Ch. 92

ဂိုဏ်းများ၏လျှို့ဝှက်အကြံအစည်

Vol. 8 Ch. 92

လန်ကျားအထွတ်အမြတ်မြေခန်းမထဲတွင်

လင်းယွင်ကျိထွက်သွားပြီးနောက် ကျားရှန့်ချက်ချင်းသူတော်စင်သခင်ကိုပြောလိုက်သည်။

“ကျွန်တော်တို့ဒီအခြေအနေကိုအခွင့်ကောင်းယူပြီး အခြားဂိုဏ်းတွေနဲ့ဆက်သွယ်ဆွေးနွေးသင့်တယ် ဂိုဏ်းတစ်ဂိုဏ်းချင်းစီက ပညာရှင်နည်းနည်းစီသာပို့လိုက်ရင် ကျွန်တော်တို့ သူတို့ကို အလစ်အငိုက်ဖမ်းပြီး တစ်ချက်တည်းနဲ့ အပြတ်ရှင်းပစ်လိုက်လို့ရတယ် သူတို့အကုန်လုံးကိုရှင်းပြီးမှ အဇူရာမဟာတိမ်၀င်္ကပါကိုယူပြီး မိစ္ဆာတွေကိုဆက်ဖိနှိပ်ထားလို့ ရတာပဲ”

“အမှန်ပဲ ကျွန်တော်တို့အဲ့လိုပဲလုပ်သင့်တယ်”

“အဇူရာတိမ်ဂိုဏ်းလို ဂိုဏ်းငယ်လေးကများ ငါတို့ကိုခြိမ်းခြောက်ရဲတာလား ဒီကောင်တွေ ဘောင်ကျော်သွားပြီ”

“အချိန်ကျလာတဲ့အခါ အဇူရာတိမ်ဂိုဏ်းရဲ့အရင်းအမြစ်တွေကို ခွဲယူကြရင် ကျုပ်တို့ဂိုဏ်းရဲ့အုတ်မြစ်ကလည်း ပိုပြီးမြင့်တက်လာမှာပဲ”

အကြီးအကဲများတစ်ယောက်တစ်ပေါက်သူတို့အကြံဉာဏ်များကို ပြောပြနေခဲ့ကြသည်။

သူတော်စင်သခင်ကတော့ အမြင့်တွင်ထိုင်နေရင်း မျက်မှောင်အနည်းငယ်ကြုံ့နေကာ ဘာမှမပြောခဲ့ပေ။

တခဏကြာသောအခါ တစ်ခုခုမှားနေမှန်း လူအုပ်ကြီးသတိထားမိသွားခဲ့၏။ ထို့နောက်သူတို့အမြန်မေးလိုက်သည်။

“သူတော်စင်သခင်ရော ဘယ်လိုထင်လဲ”

သူတော်စင်သခင်ဖြည်းညှင်းစွာ ပြောလိုက်၏။

“အဇူရာတိမ်ဂိုဏ်းကိုရှင်းပစ်ဖို့ကလွယ်တယ် မလွယ်တာက မိစ္ဆာတွေ”

“ကျွန်ဝောာ်တို့က အဇူရာမဟာတိမ်၀င်္ကပါကိုသိမ်းမှာမဟုတ်လား အဲ့တာကိုသိမ်းပြီးတာနဲ့ ထိန်းချုပ်လိုက်မယ် အခြားဂိုဏ်းကပညာရှင်တွေရောဆိုရင် ၀င်္ကပါကိုထိန်းချုပ်ဖို့က ပြဿနာရှိမှာ မဟုတ်ပါဘူး”

သူတော်စင်သခင်သက်ပြင်းချလိုက်လေသည်။

“မိစ္ဆာတွေက ချိတ်ပိတ်စည်းကိုချိုးဖြတ်ပြီးသွားပြီ မိစ္ဆာသန္ဓေသားတွေတောင် ထွက်လာကြပြီ အဲ့တာက အဇူရာတိမ်ဂိုဏ်းရဲ့အခြေအနေက အတော်ဆိုးဝါးနေတယ်ဆိုတာ သက်သေပြနေတယ်

ငါတို့ခြေတစ်လှမ်းမှားသွားတာနဲ့ မိစ္ဆာတွေလွတ်မြောက်သွားမယ်လို့လည်း ဆိုလိုနေတယ်

ငါတို့ထိပ်တန်းဂိုဏ်းတွေအားလုံးပေါင်းပြီး မိစ္ဆာတွေကို ဝင်္ကပါထဲပြန်တွန်းထုတ်ပစ်မယ်ဆိုရင်တောင် အဲ့ဒီလိုလုပ်ဖို့ ဘယ်လောက်တောင်ပေးဆပ်ရမှာလဲ”

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။

ဤနေရာရှိလူအများစုက အသက်၁၀၀၀ကျော်နေထုိင်ပြီးကြသူများသာ ဖြစ်၏။

အဇူရာတိမ်ဂိုဏ်း ဘုန်းမီနေလတောက်ပချိန်ကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ဖူးသော သူများဖြစ်ကြသည်။

ထို့ကြောင့်လည်း အဇူရာတိမ်ဂိုဏ်း၏အုတ်မြစ်နှင့်အမွေအနှစ်များကို တပ်မက်နေခဲ့ကြခြင်း ဖြစ်၏။

သို့သော် ထိုမျှစွမ်းအားကြီးသော အဇူရာတိမ်ဂိုဏ်းပင်လျှင် မိစ္ဆာများကိုချိတ်ပိတ်ဖို့ကြိုးစားရင်း အခုအခြေအနေထိ ကျဆင်းသွားခဲ့ရသည်။

သူတို့နှလုံးသားများလေးလံသွားခဲ့၏။

အကယ်၍ ဒီတစ်ကြိမ်မိစ္ဆာများသာ ထပ်လွတ်လာလျှင် ထိုမိစ္ဆာများက အရင်ကလောက်စွမ်းအားမကြီးဘူးဆိုလျှင်တောင် ထိုကောင်များကိုပြန်မချိတ်ပိတ်နိုင်ခင် လူပေါင်းများစွာ သေကြေရပေဦးမည်။

ထိုသို့မဖြစ်အောင်လည်း အဇူရာမဟာတိမ်၀င်္ကပါကသာ တားဆီးပေးနိုင်ပေသည်။

အကယ်၍ ၀င်္ကပါမရှိတော့လျှင်တော့ ထိပ်တန်းဂိုဏ်းများအနေနှင့် အသက်စွန့်တိုက်ကြဖို့သာ ရွေးချယ်ကြရပေလိမ့်မည်။ ထိုသို့မတိုက်လျှင်လည်း သူတို့နယ်မြေများဆုံးရှုံးကာ ဂိုဏ်းတစ်ဂိုဏ်းလုံးပင် ပျက်သုဉ်းသွားနိုင်၏။

ဖြစ်လာမည့် အကျိုးဆက်များက စိတ်ကူး၍ပင်မရနိုင်ပေ။

“အဲ့တာကြောင့်” သူတော်စင်သခင် ဆက်ပြောလိုက်သည်။

“တကယ်လို့ ငါတို့အရင်းအမြစ်အချို့ကိုစတေးပြီး ၀င်္ကပါကိုဆက်ထိန်းသိမ်းထားနိုင်မယ်ဆိုရင် ငါတို့လုပ်သင့်တယ်”

ကျားရှန့်ပြုံးလိုက်၏။

“အဇူရာတိမ်ဂိုဏ်းကို ဒီနည်းလမ်းနဲ့ချွေးသိပ်ထားတဲ့အချိန် ကျွန်တော်တို့က အင်အားစုတွေကိုလျှို့ဝှက်ပြီး ပြင်ဆင်ထားရမယ် သူတို့သတိမထားမိတော့တဲ့အခါကျမှ ပြတ်ပြတ်သားသားနဲ့ တစ်ချက်တည်းတိုက်ခိုက်ပြီး အနိုင်ယူပစ်ရမယ်!”

“ကျွန်တော်တို့နည်းလမ်းဟောင်းကြီးကိုလည်း ပြန်သုံးသင့်သေးတယ် သူတို့တပည့်တွေနဲ့ဆက်သွယ်ဖို့ လူတွေလွှတ်ပြီး သူတို့ကိုထွက်သွားအောင်လုပ်ရမယ်” တန်ချိုးရွှေ စိတ်အားထက်သန်စွာ ပြောလိုက်သည်။

“အဇူရာတိမ်ဂိုဏ်းက အဲ့ဒီနည်းလမ်းနဲ့တစ်ကြိမ်ခံရပြီးပြီဆိုတော့ နောက်တစ်ကြိမ်တော့ ထပ်အလှည့်စားခံတော့မှာမဟုတ်ဘူး ဆိုတော့….ငါတို့လက်ထပ်ပွဲတွေစီစဉ်ရင်ရော မဟာမိတ်လက်ထပ်ပွဲတွေကနေတစ်ဆင့် သူတို့တပည့်တွေကိုအဝေးထွက်သွားအောင် ဖြားယောင်းလို့ရတယ်”

ရိုးရှင်းသော်လည်း လှပသောထောင်ချောက်တစ်ခုပင်။

“မှန်တယ် ပြီးတော့ ငါတို့ အဇူရာတိမ်ဂိုဏ်းရဲ့ဂုဏ်သတင်းကိုယာယီမြှင့်ပေးထားပြီး သူတို့ကို လျှို့ဝှက်နယ်မြေတွေမှာပါဖို့ ဖိတ်ခေါ်ရမယ် အဲ့ဒီနည်းနဲ့လည်း သူတို့အင်အားကိုလျှော့ပစ်နိုင်တယ်”

အကြီးအကဲများဆွေးနွေးရင်း အကြံအစည်များတစ်ခုပြီးတစ်ခု ချမှတ်နေခဲ့ကြ၏။

ထိုစဉ် သူတော်စင်သခင်လက်ကာပြလိုက်ကာ အမိန့်ပေးလိုက်သည်။

“ကျန်တာတွေကိုထားလိုက်ဦး အရင်ဆုံး အခြားထိပ်သီးဂိုဏ်းတွေဆီကို ကိုယ်စားလှယ်တွေလွှတ်ပြီး ဒီသတင်းကိုသွားပို့ အဇူရာတိမ်ဂိုဏ်း မိစ္ဆာတွေကိုဆက်စောင့်ကြပ်နေတာသေချာဖို့က အရေးကြီးတယ် ကျန်တာကိုပြီးမှဆွေးနွေးကြမယ်”

“ဟုတ်ကဲ့ နားလည်ပါပြီ”

အကြီးအကဲများ တစ်ယောက်ပြီးတစ်ယောက်ခန်းမထဲမှထွက်သွားကြပြီး အခြားဂိုဏ်းများကို သတင်းပို့ရန် ကိုယ်စားလှယ်များလွှတ်လိုက်ကြလေသည်။

ထိုစဉ် လင်းယွင်ကျိ ခရီးရှည်ကြီးတစ်ခုကိုဖြတ်သန်းခဲ့ပြီးနောက် အဇူရာတိမ်ဂိုဏ်းသို့ ပြန်လည်ရောက်ရှိလာခဲ့၏။

“သူတို့ဘယ်လိုတုန့်ပြန်ခဲ့လဲ” ချင်းယွင်ကျိ မေးလိုက်သည်။

လင်းယွင်ကျိ ဘေးကင်းကင်းပြန်လာတာကိုမြင်မှ သူစိတ်အေးသွားခဲ့ရ၏။

လင်းယွင်ကျိ ဒေါသတကြီးပြောလိုက်သည်။

“အဲ့ဒီအရှက်မဲ့တဲ့လူတွေက ကျွန်တော်တို့ကို အကောက်ကြံဖို့ ကြိုးစားနေတုန်းပဲလေ…ကျန်းယန်ပြောသလိုပဲ သူတို့က ကျွန်ဝောာ်တို့ကို ကိုယ်ကျင့်တရားနဲ့အကြပ်ကိုင်ပြီး မိစ္ဆာတွေကိုဆက်စောင့်ကြပ်စေချင်တာ ကျွန်တော်သူတို့ကို ကောင်းကောင်းကြီး ဆူခဲ့တယ် တကယ့် မိမစစ်ဖမစစ်ကောင်တွေ! ဒါပေမယ့် လန်ကျားအထွတ်အမြတ်မြေသခင်ကတော့ အရင်းအမြစ်တွေ ပေးလိုကြောင်းပြခဲ့ပါတယ် အဲ့တာကြောင့် ကျွန်တော်တို့နဲ့လာဆွေးနွေးဖို့ လူလွှတ်လိုက်ဖို့ ပြောခဲ့တယ်”

သူချင်းယွင်ကျိကိုကြည့်လိုက်ကာ စိတ်ပူဟန်ဖြင့် မေးလိုက်၏။

“စီနီယာအစ်ကိုကြီး တကယ်လို့ သူတို့ဒီကိုပြဿနာလာရှာကြရင်ရော”

“ပြဿနာရှာတဲ့ကောင်ကို ရိုက်မယ်” ချင်းယွင်ကျိ အေးအေးဆေးဆေးပြောလိုက်သည်။

“ဟမ်!” အခြားသူများလည်း ချင်းယွင်ကျိကို ကြည့်လိုက်မိကြ၏။

ချင်းယွင်ကျိပြုံးလိုက်ကာ

“ဂိုဏ်းတွေအကုန်လုံးက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်မွန်းစတားအိုကြီးတွေကိုတော့ မပို့လောက်ဘူး မဟုတ်လား အဲ့ဒီဂိုဏ်းတွေ အဲ့လောက်မစွန့်စားရဲပါဘူး သူတို့အများဆုံးပို့မှ တာအိုပေါင်းစည်းခြင်း အထွတ်အထိပ်အဆင့်လောက်ပေါ့ ဒီလိုဆိုမှတော့ ဘယ်သူမှင့ါပြိုင်ဘက်မဖြစ်နိုင်ဘူးလေ”

“တကယ်လို့ ကပ်ဘေး‌ဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ယောက်တကယ်ကြီးရောက်လာရင်ရော” ပိလင်းကျိ မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။

ချင်းယွင်ကျိ မောက်မာစွာ ပြန်ဖြေလိုက်၏။

“ဒီနေရာက အဇူရာတိမ်ဂိုဏ်းပါ ငါတို့က မိစ္ဆာတွေကိုတောင်ဖိနှိပ်လာတာ ကပဘေးဖြတ်ကျော်ခြင်းအဆင့် ၁ယောက် ၂ယောက်လောက်ကတော့ မိစ္ဆာတွေနဲ့ယှဉ်ရင် ပြဿနာလို့တောင်ခေါ်လို့မရသေးဘူး”

သူကယံုကြည်မှုအပြည့်ဖြင့် ပြောနေသော်လည်း အခြားသူများကတော့ စိတ်မအေးနိုင်ခဲ့ကြပေ။ သူတို့ အဇူရာမဟာတိမ်၀င်္ကပါကိုအသက်သွင်းမိပြီး မိစ္ဆာများကိုလွှတ်လိုက်မိကြမှာကို စိုးရိမ်နေခဲ့ကြသည်။

“တကယ်လို့ ညှိနှိုင်းမှုဖြစ်လာပြီး သူတို့က အရင်းအမြစ်တွေပေးမယ်ဆိုရင် ညီမလေးတို့ဘယ်လောက်တောင်းသင့်လဲ” ပိုင်ယွင်ကျိ စိတ်၀င်တစားမေးလိုက်၏။

ချင်းယွင်ကျိအသာအယာပြုံးလိုက်ကာ

“ဒီလိုကိစ္စမျိုးကိုတော့…ကျန်းယန်ပဲကိုင်တွယ်ပါစေ”

လူတိုင်းအပြုံးချင်းဖလှယ်လိုက်ကြလေသည်။ ကျန်းယန်က ထိုကိစ္စမျိုးတွင်အလွန်ကျွမ်းမှန်း သူတို့သိကြ၏။

သို့သော် ထိုအခိုက်တွင် သူတို့နတ်အာရုံများ အဇူရာတိမ်ခန်းမရှေ့က မြေကွက်လပ်ဆီရောက်ရှိသွားသောအခါ ဆွံ့အကာ စိတ်ရှုပ်ထွေးသွားခဲ့ကြသည်။

ဘာလို့ဒီဦးနှောက်ဆေးတဲ့သင်ခန်းစာကြီးက ရယ်စရာကြီးဖြစ်နေတာလဲ!

အဇူရာတိမ်ပင်မခန်းမရှေ့တွင် တပည့်များ တင်ပလ္လင်ခွေပုံစံဖြင့် စက်ဝိုင်းပုံဝိုင်းပတ်၍ ထိုင်နေခဲ့ကြ၏။

ထိုအထဲတွင် တပည့် ၉၀ ကျန်းယန် စစ်ထူမင်ယွဲ့ ကျန်းကျစ်ချိုးတို့ ရွှေအမြုတေအဆင့်သုံး‌ယောက်နှင့် ချွန်းရှောင်တို့ပါဝင်လေရာ အားလုံးပေါင်း ၉၄ ယောက်ဖြစ်သည်။

သူတို့မျက်လုံးများအားလုံးက ကျန်းယန်ဆီတွင်ရောက်နေပြီး သူ့ဆီက ညွှန်ကြားချက်ကို စောင့်ဆိုင်းနေခဲ့ကြ၏။

ယနေ့သည် အကျဉ်းချုပ်တင်ပြချက် ပေးရမည့်နေ့ဖြစ်ပေသည်။

ကျန်းယန် ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်၏။

“၇ရက်လုံးလုံး ပြန်သုံးသပ်ပြီးပြီဆိုတော့ မင်းတို့အားလုံးမှာ လျှို့ဝှက်နယ်မြေနဲ့ပတ်သက်ပြီးနက်ရှိုင်းတဲ့အမြင်တွေ ရှိနေသင့်ပြီ အခု အနက်ရှိုင်းဆုံး အတွေးအမြင်ရှိတဲ့သူက အရင်ဆုံး မတ်တပ်ရပ်ပြီး မင်းရဲ့အတွေးကို မျှဝေပါ လူတိုင်းတော့ အကျဉ်းချုပ်တင်ပြချက် တင်ပြရမှာပဲနော် ဘယ်သူစချင်လဲ”

လူပေါင်းများစွာ လက်မြှောက်လိုက်ကြလေသည်။

“ကောင်းပြီ ကျန်းချန်းရှန် မင်းအရင်ပြော” ကျန်းယန် တပည့်များထဲမှတစ်ယောက်ကိုကြည့်ကာ ပြောလိုက်၏။

ကျန်းချန်းရှန်သည် ဦးနှောက်ဆေးသင်ခန်းစာများပြီးသည့်နောက် အလွန်တက်ကြွလာသူဖြစ်ပြီး အလွန်စိတ်အားထက်သန်ကာ အလွန်လည်း ကြိုးစားပေသည်။

သူ့ပါရမီကလည်းအတော်လေးကောင်းပြီး တာအိုမျိုးစေ့ပင်ဖွဲ့တည်ပြီးသူ ဖြစ်၏။

သူ့တာအိုမျိုးစေ့ကိုပြီးပြည့်စုံအောင်ဖွဲ့တည်ပြီးသည်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့်ကလည်း ပြီးဆုံးသွားပေလိမ့်မည်။

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး” ကျန်းချန်းရှန် ကျေးဇူးတင်စကားပြောလိုက်ကာ စာရွက်တစ်ထပ်လိုက်ကြီးထုတ်ပြီး စတင်ပြောဆိုလေတော့သည်။

“ဒီကာလအတွင်းမှာ ကျွန်တော်လျှို့ဝှက်‌နယ်မြေထဲဝင်ရောက်ခဲ့ပြီး အခြားဂိုဏ်းတွေက အခြေခံတည်ဆောက်ခြင်းအဆင့်တပည့်တွေနဲ့ တွေ့ဆုံခဲ့ပါတယ် အဲ့ဒီတပည့်တွေက အဇူရာတိမ်ဂိုဏ်းတပည့်တွေအပေါ် လုံး၀ လေးစားမှုမပေးပါဘူး သူတို့စကားလုံးတွေက ကျွန်တော်တို့အပေါ် အထင်သေးခြင်းတွေနဲ့ပဲ ပြည့်နေပါတယ်

ကျွန်တော်တို့လို နှစ်ပေါင်း ၅၀၀၀သက်တမ်းရှိတဲ့ဂိုဏ်းကြီးတစ်ဂိုဏ်းကို အဲ့လို နှစ်၁၀၀လောက်ပဲသက်တမ်းရှိသေးတဲ့ ဂိုဏ်းလေးတွေက အခုလိုဆက်ဆံနေတာကို တွေးကြည့်မိရင် တကယ်ပဲ အတော်ကြီးနာကျင်ခံစားရပါတယ်

နာကျင်မှုအပြင် ကျွန်တော်ဒေါသကိုပါ ခံစားခဲ့ရပါတယ်!

ကျွန်တော်တို့အဇူရာတိမ်ဂိုဏ်းက အခုလိုအခြေအနေထိဘာလို့ရောက်သွားခဲ့ရလဲဆိုတာကိုလည်း ကျွန်တော်သိချင်ခဲ့မိပါတယ်

နောက်ပြီး ကျွန်တော်စီနီယာအစ်ကိုကြီး တစ်ခါက ပြောခဲ့ဖူးတဲ့ စကားကိုလည်း သတိရခဲ့မိပါတယ်

“မင်းကသူများနောက်မှာ ကျန်နေခဲ့ရင် သူများရိုက်တာခံရမယ် မင်းကအားနည်းနေရင် မင်းမှာအသံထွက်ပိုင်ခွင့် မရှိဘူး…”

သူစာရွက်တစ်ရွက်ပြီးတစ်ရွက်လှန်နေရင်း သူ့အကျဉ်းချုပ်တင်ပြချက်ကို ဆက်ဖတ်ပြနေခဲ့သည်။

“အချုပ်ဆိုရရင် အဇူရာတိမ်ဂိုဏ်းရဲ့ လူငယ်မျိုးဆက်အနေနဲ့ အဇူရာတိမ်ဂိုဏ်းရဲ့ အနာဂတ်က ကျွန်တော်တို့လက်ထဲမှာရှိနေပါတယ် ကျွန်တော်တို့တွေက အဇူရာတိမ်ဂိုဏ်း ပြန်လည်ရှင်သန်လာဖို့ တာ၀န်ကို ပုခုံးပေါ်မှာ ထမ်းကိုထမ်းထားရပါမယ် ဒါကြောင့် အားလုံးပဲ အတူတူအလုပ်လုပ်ပြီး အဇူရာတိမ်ဂိုဏ်းရဲ့ ပိုမိုတောက်ပတဲ့အနာဂတ်ကို ဖန်တီးလိုက်ကြပါစို့!”

ထို့နောက် ကျန်းချန်းရှန် သူ့အကျဉ်းချုပ်တင်ပြချက်ကို ပြန်သိမ်းလိုက်ပြီး လေးလေးနက်နက်အော်ပြောလိုက်၏။

“အဇူရာတိမ်ဂိုဏ်း အဓွန့်ရှည်ကြာတည်ပါစေ!”

ထိုအခါ လူတိုင်းလည်း သူ့နောက်မှ သံပြိုင်လိုက်အော်လိုက်ကြလေသည်။

“အဇူရာတိမ်ဂိုဏ်း အဓွန့်ရှည်ကြာတည်ပါစေ!”

All Chapters