← Chapters

ရေတွင်းထဲကဖား

Vol. 8 Ch. 93

ရေတွင်းထဲကဖား

Vol. 8 Ch. 93

ချင်းယွင်ကျိနှင့်အခြားသူများတစ်ယောက်နှင့်တစ်‌ယောက်ကြည့်ကာ ဆွံ့အနေခဲ့ကြသည်။

ခန်းမရှေ့က လူငယ်များသည် ကလေးတွေကစားသောကစားနည်းတစ်မျိုးမျိုးကိုကစားနေသလို သူတို့ခံစားနေခဲ့ရ၏။

သူတို့ပုံစံများက ရယ်စရာဖြစ်နေသော်လည်း သူတို့အမူအရာများကလေးနက်နေကြပြီး တည်ကြည်မှုတစ်စွန်းတစ်စပင် ပေါ်ထွက်နေခဲ့သေးသည်။

“စီနီယာအစ်ကိုကြီး ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းက အနာဂတ်မှာ ဘာဖြစ်လာမှာလဲ” လင်းယွင်ကျိ စိတ်ညစ်နေဟန်ဖြင့် မေးလိုက်၏။

ချင်းယွင်ကျိ မျက်ခုံးများလည်းတွန့်ကွေးသွားခဲ့သည်။ သူလည်း ကျန်းယန်ဒီတပည့်တစ်အုပ်နှင့်ဘယ်ကိုဦးတည်သွားချင်နေသလဲဆိုတာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ခဲ့ပေ။

သို့သော် သေချာတာတစ်ခုကတော့ အနာဂတ်အဇူရာတိမ်ဂိုဏ်းသည် အတိတ်တုန်းကနှင့်လုံး၀တူတော့မည်မဟုတ်ပေ။

တကယ်လို့ တည်ထောင်သူဘိုးဘေးဒီမြင်ကွင်းကို မြင်ခဲ့ရင်….သူဘယ်လိုတွေးမလဲ ဘယ်သူမှမသိနိုင်ပေ။

“အပြစ်ကြီးပဲ…”ချင်းယွင်ကျိ သက်ပြင်းချလိုက်၏။

“တော်လောက်ပြီ ငါတို့ကျန်းယန်ကိုဂိုဏ်းကိုစီမံဖို့ခွင့်ပြုထားမှတော့ သူကြိုက်တာလုပ်ပါစေ မင်းတို့ကတော့ တံခါးပိတ်ကျင့်ကြံခြင်း၀င်ပြီး တာအိုပေါင်းစည်းခြင်းအဆင့်ရဲ့ ဆန်းကြယ်မှုတွေကို နားလည်နိုင်အောင်ကြိုးစားကြ ကျန်တာကို ငါ့တာ၀န်ထားလိုက် အခုကစပြီး ငါဂိုဏ်းတစ်ဂိုဏ်းလုံးကို သေချာစောင့်ကြည့်နေတော့မှာ”

ထို့နောက် လင်းယွင်ကျိနှင့်အခြားသူများ တံခါးပိတ်ကျင့်ကြံခြင်း၀င်သွားခဲ့လေသည်။

အဇူရာတိမ်ပင်မခန်းမရှေ့တွင် ကျန်းယန် တပည့်တစ်ယောက်ချင်းစီတိုင်းကို အကျဉ်းချုပ်တင်ပြချက် ပေးခိုင်းနေ၏။

ထိုလုပ်ငန်းစဉ်အတွင်း သူမျှော်လင့်မထားသော အံ့အားသင့်စရာများနှင့်လည်းကြုံခဲ့ရသည်။

အချို့လူများက ဤအတွေ့အကြုံနှင့်ပတ်သက်ပြီးနက်ရှိုင်းသောအတွေးအမြင်များ ရရှိခဲ့ကြ၏။

ဒါပေါ့ ထိုအတွေးများကို ရင့်ကျက်သည်ဟုပြောဖို့တော့ မဖြစ်နိုင်သေးပေ။

သို့သော် သူ့ဦးနှောက်ဆေးခြင်းက အလုပ်ဖြစ်နေတာတော့ ထင်ရှားလှသည်။

ချောင်ယင်လို သူလျှိုမျိုးပင် ဂိုဏ်း၏ပြုပြင်ပြောင်းလဲရေးအကြောင်းကို စိတ်အားထက်သန်စွာ ပြောကြားလာခဲ့၏။ သူမရပ်တည်ချက်က အဇူရာတိမ်ဂိုဏ်းဘက်ပြောင်းသွားခဲ့ချေပြီ။

လူတိုင်းတင်ပြပြီးသောအခါ ကျန်းယန် ရှေ့ထွက်လိုက်သည်။

ထို့နောက် လူတိုင်းမျက်စိရှေ့တွင် မြေပုံကြီးတစ်ခုပေါ်လာခဲ့၏။

“ငါတို့က အဇူရာတိမ်ဂိုဏ်းကိုပြန်အသက်သွင်းချင်ရင် ကမ္ဘာကြီးပေါ်ကအပြောင်းအလဲတွေနဲ့ အပြင်မှာဘာတွေဖြစ်နေသလဲဆိုတာသိဖို့လိုကိုလိုတယ်” ကျန်းယန်ပြောလိုက်ပြီး ရုတ်တရက်ဆိုသလို ပထဝီ သမိုင်းဆရာအဖြစ် ပြောင်းလဲသွားခဲ့လေသည်။

“မင်းတို့ရှေ့မှာမြင်နေရတဲ့မြေပုံက ကမ္ဘာကြီးတစ်ခုလုံးရဲ့မြေပုံပဲ

ဒီအလယ်ဗဟိုနားကနေရာက ငါတို့အဇူရာတိမ်ဂိုဏ်းတည်ရှိတဲ့နေရာပဲ

ပြီးတော့ ဒီကုန်းမြေတိုက်ကြီးကို အဇူရာတိမ်ကုန်းမြေတိုက်ကြီးလို့ခေါ်တယ်”

“ဘာလို့အဇူရာတိမ်ကုန်းမြေတိုက်ကြီးလို့ခေါ်လဲ သိကြလား”

“ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့နှစ်ငါးထောင်တုန်းက အဇူရာတိမ်ဂိုဏ်းကို ဒီကုန်းမြေတိုက်ကြီးပေါ်မှာ တည်ထောင်ခဲ့လို့ပဲ ဂိုဏ်းရဲ့အထွတ်အထိပ်အချိန်မှာ ကုန်းမြေတိုက်ကြီးတစ်ခုလုံးက ဂိုဏ်းအပိုင်ဖြစ်ခဲ့တာ အဲ့တာကြောင့် သဘာ၀အားဖြင့် ဒီကုန်းမြေတိုက်ကြီးနာမည်က အဇူရာတိမ်ကုန်းမြေတိုက်ကြီးဖြစ်သွားတာပေါ့

ဒါပေမယ့် လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက ကပ်ဘေးကြီးတစ်ခုနဲ့ရင်ဆိုင်ခဲ့ရလို့ ဂိုဏ်းရဲ့ခွန်အားကအပြင်းအထန်ထိခိုက်သွားပြီး ငါတို့နယ်မြေက လီ၃၀၀အထိ ကျုံ့သွားခဲ့ရတာ

ပြောရရင် ယွမ်ရှန်းအင်ပါယာ(တိမ်တောင်အင်ပါယာ) ယွမ်ထန့်အင်ပါယာနဲ့ မြောက်ပိုင်းကပြန့်ကျဲနေတဲ့ နယ်မြေတွေအကုန်လုံးက အစကတည်းက အဇူရာတိမ်ဂိုဏ်းရဲ့နယ်မြေတွေချည်းပဲ

မဟုတ်ရင် ယွမ်ရှန်းအင်ပါယာက ယွမ်(တိမ်) ဆိုတဲ့စကားလုံးနဲ့ ယွမ်ထန့်အင်ပါယာက ယွမ်(တိမ်) ဆိုတဲ့စကားလုံးက ဘယ်ကရောက်လာတယ်လို့ ထင်လဲ

ဒါကြောင့် အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်ကလူတိုင်းက ငါတို့မိသားစုတွေပဲ!”

သူ ချောင်ယင်နှင့်အခြားသူများ၏စိတ်ကိုသိသိသာသာပြောင်းလဲသွားအောင် ရည်ရွယ်ပြီးပြောနေခြင်းဖြစ်သည်။

သူ့ရည်ရွယ်ချက်က ရှင်း၏။

မင်းတို့အင်ပါယာရဲ့နယ်မြေ‌ကတောင် အဇူရာတိမ်ဂိုဏ်းအပိုင်ဖြစ်နေမှတော့ ဘာလို့အခြားအတွေးတွေထားနေတော့မှာလဲ!

သူ့စကားလုံးများက ဂိုဏ်း၏အမာခံသစ္စာရှင်များဖြစ်သော ၀မ်ပေ့လဲ့နှင့်ကျန်းချန်းရှန်လိုလူများကို ပိုပြီးရူးသွပ်သွားစေခဲ့ပြီး ထိုသူများ စိတ်လှုပ်ရှားမှုကြောင့် တုန်ပင်တုန်ရီလာခဲ့၏။ ချောင်ယင်ပင် အတွေးနက်သွားသောအမူအရာဖြစ်သွားခဲ့သည်။

ထို့နောက် ကျန်းယန် ကုန်းမြေတိုက်ကြီး၏မြောက်ဖက်စွန်းကို ညွှန်ပြလိုက်ပြီး

“ဒီနေရာက လန်ကျားအထွတ်အမြတ်မြေတည်ရှိတဲ့နေရာပဲ လျှို့ဝှက်နယ်မြေခရီးစဉ်မှာ မင်းတို့လန်ကျားအထွတ်အမြတ်မြေက တပည့်တွေကို တွေ့ခဲ့တယ်မလား

သူတို့က ရွှေအမြုတေအဆင့်ဒါဇင်နဲ့ချီစုပြီး ငါတို့ကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့တယ် ဒါပေမယ့် ဂျူနီယာညီမလေးစစ်ထူမင်ယွဲ့နဲ့ ဂျူနီယာညီလေးကျန်းကျစ်ချိုးနဲ့ ငါနဲ့ ပူးပေါင်းပြီး သူတို့ကို ပြန်ရိုက်နိုင်ခဲ့တယ် သူတို့ထဲကအချို့ကတော့ သေသွားတယ် အချို့ကတော့ ဒုက္ခိတဖြစ်သွားတယ်

ဒါပေမယ့် သူတို့ကဒီအဖြစ်အပျက်ကို လက်ခံနိုင်မှာမဟုတ်ဘူး အနှေးနဲ့အမြန်ငါတို့ကို ထပ်ပြီးတိုက်ခိုက်လိမ့်ဦးမယ်

အဲ့တာကြောင့် ငါတို့သတိနဲ့နေရမယ်”

ကျန်းယန် ဆက်သင်ကြားနေခဲ့ပြီး သူ့အတွေးအခေါ်များကို တပည့်များခေါင်းထဲရိုက်ထည့်နေခဲ့သည်။

ထိုစဉ် ရက်ပေါင်းများစွာကြာအောင်စဉ်းစားပြီးနောက် နောက်ဆုံးတွင် ကောင်းကင်ဒဏ္ဍာရီ စုမင်ယန်တို့ကို ဆင့်ခေါ်လိုက်၏။ အဇူရာတိမ်ဂိုဏ်းအခြေအနေကိုရှင်းပြပြီးနောက် သူလေးလေးနက်နက်ပြောလိုက်လေသည်။

“ဒီကိစ္စကို ငါတို့မကူညီလို့မဖြစ်ဘူး အဲ့တာကြောင့် ကျိယန်နဲ့အတူ အဇူရာတိမ်ဂိုဏ်းကို စိတ်ဝိညာဉ်ကျောက်တုံး ၂သန်းစိတ်ဝိညာဉ်ပင်တွေနဲ့ အခြားအရင်းအမြစ်တွေ တွင်းထွက်တွေ ပို့ပေးရမယ်”

ရက်ပေါင်းများစွာစဉ်းစားပြီးနောက် အရင်ဆုံး အဇူရာတိမ်ဂိုဏ်းကိုအရင်းအမြစ်များပို့ပေးဖို့က အရေးကြီးသည်ဟု သူဆုံးဖြတ်ခဲ့၏။

အဘယ်ကြောင့်ဆိုသော် အဇူရာတိမ်ဂိုဏ်းတောင့်ခံမထားနိုင်တော့၍ မိစ္ဆာများထွက်လာလျှင် သူတို့ကောင်းကင်ဒဏ္ဍာရီဂိုဏ်းပျက်သုဉ်းသွားမှာစိုးသောကြောင့် ဖြစ်သည်။

ကောင်းကင်ဒဏ္ဍာရီသည် ဂိုဏ်းကိုတည်ထောင်ဖို့ အချိန်နှစ်ပေါင်းများစွာယူခဲ့ရခြင်းဖြစ်၏။ ဂိုဏ်းကာ၀င်္ကပါကိုတည်ဆောက်ဖို့လည်း အရင်းအမြစ်များစွာထည့်ထားရခြင်းဖြစ်သောကြောင့် သူတို့အတွက် ဂိုဏ်းကိုနေရာပြောင်းဖို့ကလည်း မလွယ်လှပေ။

သူတို့ဂိုဏ်းကိုမပြောင်းရွှေ့နိုင်မှတော့ ထိုမိစ္ဆာများဘယ်တော့မှထွက်မလာအောင်ကြိုးစားဖို့သာ တတ်နိုင်တော့သည်။

“ပြီးတော့ ငါတို့နဲ့ရင်းနှီးတဲ့ဂိုဏ်းတိုင်းကိုသတိပေးလိုက်”

ကောင်းကင်ဒဏ္ဍာရီလေးလေးနက်နက်ပြောလိုက်၏။

“သူတို့ကိုလည်း ငါတို့လိုအရင်းအမြစ်အချို့ပို့ပေးဖို့ပြောလိုက် ပမာဏကအရေးမကြီးဘူး စစ်မှန်ကြောင်းကိုပြသဖို့လိုတယ် ငါတို့ဒီကိစ္စမှာတကယ်ပဲ အဇူရာတိမ်ဂိုဏ်းကို အကြွေးတင်နေတယ်”

“ဘာလို့လဲ” စုမင်ယန် ဒေါသတကြီးအထွန့်တက်လိုက်သည်။

“အဇူရာတိမ်ဂိုဏ်းက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်း ကအဇူရာတိမ်ကုန်းမြေတိုက်ကြီးရဲ့ကိုးကွယ်ခြင်းကိုခံခဲ့ရတာပဲ ဒီကိစ္စကိုသူတို့တာ၀န်ယူသင့်တာပေါ့ မိစ္ဆာတွေကိုစောင့်ကြပ်ဖို့က အစကတည်းက သူတို့တာ၀န်ပဲလေ”

ကောင်းကင်ဒဏ္ဍာရီ စုမင်ယန်ကိုတစ်ချက်ကြည့်ကာ ပြောလိုက်၏။

“သူတို့ကနှစ်တစ်ထောင်ကြာအောင်စောင့်ကြပ်ပြီးသွားပြီ”

စုမင်ယန်ဆက်ငြင်းချင်နေသေးသည်ကိုတွေ့သောအခါ သူခပ်တင်းတင်းပြောလိုက်သည်။

“ဒီကိစ္စကိုအတည်ပြုပြီးသွားပြီ ကျိယန် ငါညွှန်ကြားတဲ့အတိုင်းဆက်လုပ်”

“ဟုတ်ကဲ့ပါဘိုးဘေး” ကျိယန်ပြန်ပြောလိုက်၏။

စုမင်ယန်ဆက်မငြင်းနိုင်တော့သော်လည်း သူ့မျက်ဆံများက ဟိုဒီပြေးနေပြီး အကြံတစ်ခုခုထုတ်နေတာ ထင်ရှားလှသည်။

ကျိယန် အဇူရာတိမ်ဂိုဏ်းသို့အရင်းအမြစ်များသွားပို့နေချိန်တွင် အဇူရာတိမ်ကုန်းမြေတိုက်ကြီးက ဂိုဏ်းများ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းမှသတင်းစကားကိုလက်ခံရရှိခဲ့ကြ၏။

ထိုဂိုဏ်းများသည်အရှိန်အဟုန်ပြင်းပြင်းဖြင့် တိုးတက်နေကြချိန်ဖြစ်ပြီး အခုလိုမျိုး အဇူရာတိမ်ဂိုဏ်း‌အောက်ခြေ၌ မိစ္ဆာများကိုဖိနှိပ်ထားလိမ့်မည်ဟု လုံး၀မျှော်လင့်မထားခဲ့ကြပေ။

ထိုဂိုဏ်းများအားလုံးသည် အဇူရာတိမ်ဂိုဏ်းကျဆင်းသွားပြီးချိန်မှ ပေါ်လာကြသောဂိုဏ်းများဖြစ်ကြသည်။

အဇူရာတိမ်ဂိုဏ်းကျဆင်းသွားချိန်၌ ထိုအခွင့်အ‌ေရးကိုယူကာ ကိုယ်ပိုင်အင်အားစုများတည်ထောင်လာခဲ့ကြ၏။ ထိုဂိုဏ်းများသည် တစ်ချိန်ကအဇူရာတိမ်ဂိုဏ်းသည်အားကောင်းခဲ့သည်ဆိုရုံလောက်သာကြားဖူးပြီး ဘယ်လောက်အားကောင်းလဲဆိုတာမသိခဲ့ကြပေ။

ထို့ကြောင့် ကြောက်ရွံ့ရမည့်အစား အဇူရာတိမ်ဂိုဏ်းကမိစ္ဆာများကိုဖိနှိပ်ထားသည်ဟုကြားသောအခါ အခြားအကြံအစည်များ သူတို့စိတ်ထဲ၀င်လာခဲ့ကြသည်။

သူတို့မျက်လုံးထဲတွင် သူတို့သာ အဇူရာတိမ်ဂိုဏ်း၏၀င်္ကပါကိုဖျက်ဆီးပစ်နိုင်ပြီး မိစ္ဆာများကိုလွှတ်ပေးလိုက်နိုင်လျှင် ထိုမိစ္ဆာများက အဇူရာတိမ်ဂိုဏ်းကိုဖျက်ဆီးသွားမည်ဖြစ်ပြီး ထိုအခါ သူတို့က ဂိုဏ်းတစ်ခုလုံးကို ခွဲဝေယူနိုင်လိမ့်မည်ဟု မြင်နေခဲ့ကြ၏။

မိစ္ဆာတွေကိုလား!

ထိုမိစ္ဆာများ လုံလောက်အောင်ပြဿနာရှာပြီးသည်နှင့် သူတို့အားလုံးပေါင်းကာ ထိုမိစ္ဆာများကို ဖိနှိပ်ပစ်လိုက်ကြမည် ဖြစ်သည်။

ဤသို့ဖြင့် ဂိုဏ်းပေါင်းများစွာတွင် အန္တရာယ်များလွန်းသောအကြံအစည်ပေါင်းစုံ ပေါ်လာခဲ့ကြ၏။

……

ကျိယန် အဇူရာတိမ်ဂိုဏ်းသို့ အရင်းအမြစ်များနှင့်အတူရောက်ရှိလာခဲ့လေသည်။

“တာအိုမိတ်ဆွေကျန်း ဒါက ကျွန်မတို့ကောင်းကင်ဒဏ္ဍာရီဂိုဏ်းက သေးငယ်တဲ့ ထောက်ပံ့မှုလေးပါ” ကျိယန်ပြောလိုက်ကာ ပြင်ဆင်လာသော အရင်းအမြစ်များကို လက်လွှဲပေးလိုက်၏။

“ကျွန်မတို့ကမချမ်းသာပါဘူး ဒါပေမယ့် ဒီလိုကိစ္စကြီးမျိုးမှာတော့ ကျွန်မတို့တတ်နိုင်သလောက် တာ၀န်ယူရမှာပေါ့”

ကျန်းယန် သိုလှောင်လက်စွပ်ကိုလက်ခံလိုက်ကာ အထဲတွင်ပါ၀င်သောအရာများကိုစစ်ဆေးလိုက်ပြီး အထင်အမြင်သေးမှုကလွဲ ဘာကိုမှမခံစားခဲ့ရပေ။

ကောင်းကင်ဒဏ္ဍာရီဂိုဏ်းသည် တိမ်တောင်အင်ပါယာကိုဂုတ်သွေးစုတ်နေတာ မည်မျှကြာနေပါပြီနည်း။

ဒါတောင်သူတို့က စိတ်ဝိညာဉ်ကျောက်တုံး ၂သန်းနှင့် အကြမ်းဖျင်းထိုမျှပမာဏလောက်သာရှိသော အရင်းအမြစ်အချို့သာ ပေးခဲ့သည်။

ဤပမာဏက တိမ်တောင်အင်ပါယာ နဂါးပျံအစောင့်တပ်အတွက်ပေးအပ်သောလျော်ကြေးနှင့် အတူတူလောက်သာ ရှိ၏။

တိမ်တောင်အင်ပါယာတောင်ဒီလောက်ပေးနိုင်လျှင် ကောင်းကင်ဒဏ္ဍာရီဂိုဏ်းအတွက် ထိုမျှပမာဏက ရေပုံးထဲမှ ရေတစ်စက်လောက်သာ ရှိနေပေလိမ့်မည်။

သို့သော်လည်း ကျန်းယန် ကျေးဇူးတင်ကြောင်း ယဉ်ယဉ်ကျေးကျေးပြန်ပြောလိုက်လေသည်။

“ကျေးဇူးတင်ပါတယ် ကျေးဇူးပြုပြီး စီနီယာကောင်းကင်ဒဏ္ဍာရီကို ကျွန်တော်ကနှုတ်ဆက်လိုက်ပါတယ်လို့ ပြောပေးပါဉီး နောက်ပြီး ကောင်းကင်ဒဏ္ဍာရီဂိုဏ်းရဲ့ရက်ရောမှုအတွက်လည်း အဇူရာတိမ်ဂိုဏ်းက ကျေးဇူးတင်နေပါတယ်”

“ကြင်နာလွန်းနေပါပြီ ဒါဆိုကျွန်မပြန်လိုက်ပါဦးမယ်” ကျိယန် ပြောပြီးနောက် ထွက်ခွာသွားခဲ့၏။

ကျိယန်ထွက်သွားပြီး မကြာခင်တွင် အခြားဂိုဏ်းမှဧည့်သည်များလည်း ရောက်ရှိလာခဲ့ကြသည်။

အစကတော့ ထိုသူများလည်း အရင်းအမြစ်လာပေးခြင်းသာဖြစ်ရမည်ဟု ကျန်းယန်ထင်ခဲ့သော်လည်း ထိုအဖွဲ့ထဲမှ ဝိညာဉ်အခြေတည်အဆင့်တစ်ယောက်က ပါးစပ်ဟကာ ဒေါသတကြီး ပြောဆိုလိုက်၏။

“အဇူရာတိမ်ဂိုဏ်းက မိစ္ဆာတွေကိုဖိနှိပ်ထားတယ်ဆို မင်းငါတို့ကိုလိမ်နေတာ မဟုတ်ဘူးမလား”

ဝိညာဉ်အခြေတည်အဆင့်လေးတစ်ယောက်က ထိုကဲ့သို့စော်စော်ကားကားပြောဆိုနေလေရာ ကျန်းယန်တစ်ခွန်းသာ ပြန်ပြောလိုက်လေသည်။

“ထွက်သွားစမ်း!”

All Chapters