ကြောက်ရွံ့မှုကြောင့်ရူးသွပ်သွားသော ဝိညာဉ်အခြေတည်အဆင့်
Vol. 8 Ch. 94
ယောင်ချင်ရွှင်း သတ်ဖြတ်လိုစိတ်များပြည့်နေသောမျက်လုံးဖြင့် ကျန်းယန်ကိုအေးစက်စက်စိုက်ကြည့်နေခဲ့သည်။
သူသည် ကျန်းယန်ကိုမေးခွန်းထုတ်ခဲ့သော ဝိညာဉ်အခြေတည်အဆင့်ဖြစ်၏။
ဤရွှေအမြုတေအဆင့်လေးက သူ့ကို ထွက်သွားစမ်းဟုပြောလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။
“ခင်ဗျားထွက်မသွားသေးဘူးလား” ကျန်းယန် ယောင်ချင်ရွှင်းကိုကြည့်ကာ နည်းနည်းလေးမှ ယဉ်ကျေးမှုမရှိဘဲပြောလိုက်လေသည်။
“တကယ်လို့ခင်ဗျားအခုထွက်မသွားရင် နောက်လည်းဘယ်တော့မှထွက်သွားလို့ရမှာမဟုတ်တော့ဘူး!”
အဇူရာတိမ်ဂိုဏ်းသည် အရာအားလုံးကိုစတေးကာ မိစ္ဆာများကိုဖိနှိပ်ပေးထားခဲ့ရခြင်းဖြစ်ပြီး အခုတော့ ထိုကောင်များက သူတို့ကို ငွေတောင်းချင်၍ လိမ်ညာပြောနေခြင်းဟု ထင်နေခဲ့၏။
ထိုကဲ့သို့သော စော်ကားမှုနှင့်ကြုံတွေ့ရသောအခါ ကျန်းယန်လည်း ခပ်ရိုင်းရိုင်းသာ ပြန်တုန့်ပြန်လိုက်သည်။
ထို့အပြင် သူတို့ဂိုဏ်းနယ်မြေအတွင်း ဘယ်သူ့ကိုမှကြောက်စရာမလိုဘူးဟု သူ့ဆရာကဆိုထားလေရာ ထိုလူများကို သူကြိုက်သလိုပြောဆိုနိုင်၏။
ကျန်းယန်ကပိုပြီးပင်ရိုင်းစိုင်းလာသည်ကိုတွေ့သောအခါ ယောင်ချင်ရွှင်း ဒေါသတကြီးအော်ပြောလိုက်သည်။
“မင်းး တိရစ္ဆာန်ကောင်လေး! ငါ့ကိုစော်ကားရဲတယ်လား မင်းအကြီးအကဲတွေကမင်းကို လူတွေကိုဘယ်လိုလေးလေးစားစားဆက်ဆံရမလဲဆိုတာ သင်ပေးမထားဘူးလား”
“လူတစ်ယောက်ကိုလေးစားဖို့ဆိုတာက သူတို့ရဲ့…”
ကျန်းယန်ပင်ဆုံးအောင်မပြောရသေးခင်တွင် သူ့ရှေ့က ယောင်ချင်ရွှင်းကိုဧရာမလက်ကြီးတစ်ဖက်က ဆွဲယူသွားပြီး အဝေးသို့ခေါ်သွားခဲ့လေသည်။
ရုတ်တရက်ပြောင်းလဲမှုကြောင့် ကျန်းယန်ကြောင်အသွားသော်လည်း တခဏအကြာတွင် သူ့ဆရာ၀င်စွက်ဖက်လိုက်ခြင်းဖြစ်မှန်း နားလည်သွားခဲ့၏။
သူခေါင်းယမ်းကာ ပြောလိုက်သည်။
“မင်းငါ့ကိုစော်ကားရင် ငါကအများဆုံးမှ မင်းကိုစကားလောက်နဲ့ပဲ ပြန်ပြောနိုင်မှာ ဒါပေမယ့် ငါ့ဆရာကိုစော်ကားရင်တော့….မင်းတော့သွားပြီ”
ချင်းယွင်ကျိသည် သူ့တစ်ဘ၀လုံးအား ထိုမိစ္ဆာများကိုဖိနှိပ်ခြင်းဖြင့် ကုန်ဆုံးခဲ့ခြင်းဖြစ်၏။ ထိုကိစ္စအတွက် အဇူရာတိမ်ဂိုဏ်းကလည်းအများကြီးပေးဆပ်ထားခဲ့ရသည်။ ထိုအချိန်တွင် ယောင်ချင်ရွှင်းကသူတို့ကိုလူလိမ်ဟုလာပြောနေလေရာ သူမည်သို့ သည်းခံနိုင်ပါတော့မည်နည်း။
ထိုအခိုက်တွင် ချင်းယွင်ကျိ ဘာအမူအရာမှရှိမနေသောမျက်နှာထားဖြင့် ယောင်ချင်ရွှင်းကို အဇူရာမဟာတိမ်၀င်္ကပါထဲ ပစ်ထည့်လိုက်လေသည်။
ထို့နောက် သူပြောလိုက်၏။
“ငါတို့လိမ်နေလား လိမ်မနေဘူးလားသိရအောင် မင်းကိုယ်တိုင်၀င်ကြည့်လိုက်”
သူအခြားနယ်မြေတစ်ခုထဲတွင် ပြန်ပေါ်လာသောအခါ ချင်းယွင်ကျိ လှုပ်ရှားလိုက်ပြီမှန်း ယောင်ချင်ရွှင်းနားလည်သွားခဲ့သည်။ သူကြောက်လန့်သွားပြီး ခွင့်လွှတ်ပေးဖို့ အလျင်အမြန်တောင်းပန်ရန်ပြင်လိုက်၏။
သို့သော် သူဘာမှမပြောနိုင်သေးခင်တွင် သူ့ပတ်ပတ်လည်၌ သူ့ကိုစိုက်ကြည့်ေနသာ ဧရာမမျက်လုံးကြီးများ ပေါ်ပေါက်လာခဲ့လေသည်။ မိုးထိအောင်မြင့်မားသော မိစ္ဆာအရိပ်ကြီးများက သူ့ရှေ့တွင်ရပ်နေခဲ့ကြ၏။
“ဂါးးးးး”
ဧရာမမိစ္ဆာအရိပ်ကြီးတစ်ခုက သူ့မေးရိုးများကိုဟလိုက်သောအခါ သတ်ဖြတ်ခြင်းလှိုင်းတစ်လှိုင်းက သူ့ကိုယ်ပေါ်သို့ ပြေး၀င်လာခဲ့သည်။
၀င်္ကပါထဲတွင် ယောင်ချင်ရွှင်း၌လွတ်လမ်းလည်းမရှိခဲ့ပေ။ သူ့ကိုယ်ကို သတ်ဖြတ်ခြင်းလှိုင်းတိုး၀င်လာသည်ကို ကြက်သေသေ၍ကြည့်နေခဲ့ရပြီး သူ့စိတ်တစ်ခုလုံးက အမှောင်ထုထဲရောက်ရှိသွားခဲ့၏။
ထိုစဉ် ရုတ်တရက်ဆိုသလို ယောင်ချင်ရွှင်းပျောက်ကွယ်သွားပြီး ကျန်းယန်ရှေ့၌ ပြန်ပေါ်လာခဲ့သည်။
သို့သော် ထိုအချိန်ထိ သူ့မျက်လုံးများကဗလာကျင်းနေဆဲဖြစ်ပြီး မျက်နှာကဖြူဖျော့နေကာ သူ့တစ်ကိုယ်လုံးက ထိန်းချုပ်မရအောင်တုန်ရီနေခဲ့၏။ သူစကားတစ်လုံးပင် မပြောနိုင်ခဲ့ပေ။
“ခင်ဗျားဘာဖြစ်သွားတာလဲ” ကျန်းယန် ထူးဆန်းစွာမေးလိုက်သည်။
“အဆင်ပြေရဲ့လား”
“ငါ့ကိုမသတ်ပါနဲ့!” ယောင်ချင်ရွှင်း ကြောက်လန့်တကြားအော်ဟစ်လိုက်ကာ ထွက်ပြေးလေတော့၏။
“ဆရာ သူဘာဖြစ်သွားတာလဲ” ကျန်းယန် မေးလိုက်သည်။
ချင်းယွင်ကျိ အထင်အမြင်သေးစွာပြန်ဖြေလိုက်၏။
“ငါသူ့ကိုမိစ္ဆာတွေတကယ်ရှိမရှိဘဲ ကြည့်ခိုင်းလိုက်တာပါ အဲ့ဒီအဖြစ်အပျက်လောက်လေးနဲ့ ဒီလောက်ထိသွေးပျက်အောင်ကြောက်လန့်သွားလိမ့်မယ်လို့တော့ မျှော်လင့်မထားခဲ့မိဘူး အခုလောက်ဆို တကယ်ရှိမရှိ သိသွားသင့်ပါပြီ”
ကျန်းယန်ဆွံ့အသွားခဲ့သည်။
ဆရာသူ့ကိုဒီတိုင်းသတ်လိုက်တာကမှ ကောင်းဦးမယ်!
ယောင်ချင်ရွှင်းလက်ရှိအခြေအနေအရ သူ့ကျင့်ကြံခြင်းတိုးတက်ဖို့မပြောနှင့် သူ့လက်ကျန်တစ်ဘ၀လုံး ထိုအိပ်မက်ဆိုးကြီးမှ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။ သူ့ဘ၀က ပြီးသွားခဲ့ချေပြီ။
သို့သော် သူ့လိုလူတစ်ယောက်ကထိုကဲ့သို့သောအပြစ်နှင့်ထိုက်တန်ပေသည်။
ကျန်းယန်ထိုလူ့ကိုလုံး၀မသနားခဲ့ပေ။
သူကထိုက်တန်တယ်!
ထိုစဉ် အဇူရာတိမ်ဂိုဏ်းနှင့်မိုင်ရာချီဝေးသောနေရာတစ်ခု၌ အဇူရာတိမ်ဂိုဏ်းကို ပစ်မှတ်ထားကာရောက်ရှိလာသော အခြားဂိုဏ်းမှကျင့်ကြံသူများ ကြောက်လန့်တကြားထွက်ပြေးလာသော ယောင်ချင်ရွှင်းကိုမြင်လိုက်ပြီး အမြန်မေးလိုက်ကြ၏။
“ဘာဖြစ်လာတာလဲ”
ယောင်ချင်ရွှင်းထိုလူများကိုမျက်လုံးကျယ်ကြီးများဖြင့် စိုက်ကြည့်နေပြီး အတန်ကြာသည်အထိ ဘာမှမပြောနိုင်ခဲ့ပေ။
အတန်ကြာမှသာ သူ့ကိုယ်သူပြန်ထိန်းချုပ်နိုင်သွားပြီး အကြောက်တရားကိုဖိနှိပ်ကာ ပြောလိုက်သည်။
“မိစ္ဆာတွေ….အရမ်းကြောက်စရာကောင်းတယ်! ကြောက်စရာကောင်းလွန်းတယ်! မင်းတို့ ဘာပဲလုပ်လုပ် အဲ့ဒီကောင်ကြီးတွေကိုတော့ လွှတ်မပေးမိစေနဲ့! ကြောက်စရာကောင်းလွန်းတယ်!”
အခြားဝိညာဉ်အခြေတည်အဆင့်များ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြ၏။
ယောင်ချင်ရွှင်းသည် တကယ်ကြီး မိစ္ဆာများကိုမြင်တွေ့ခဲ့ခြင်းပေလော။
“အဲ့ဒီမိစ္ဆာတွေကဘာနဲ့တူလဲ” ဝိညာဉ်အခြေတည်အဆင့်တစ်ယောက် အလောတကြီးမေးလိုက်သည်။
“သူတို့ကအရမ်းကြောက်စရာကောင်းတယ်!” ယောင်ချင်ရွှင်းခက်ခက်ခဲခဲတံတွေးမြိုချလိုက်ကာ
“သူတို့မျက်လုံးကြီးတွေက လူခေါင်းထက်တောင်ကြီးပြီးတော့ လုံး၀သွေးနီရောင်တောက်နေတယ် သူတို့ခန္ဓာကိုယ်ကြီးတွေက တောင်တွေထက်တောင်ကြီးတယ်…ကြောက်စရာကောင်းလွန်းတယ်!”
သူ ကြောက်စရာကောင်းလွန်းတယ် ဟူသောစကားကိုသာ အထပ်ထပ်အခါခါသုံးနေသောကြောင့် အခြားဝိညာဉ်အခြေတည်အဆင့်များ ထူးဆန်းကုန်ကြသည်။
ဒီကောင်ကတကယ်ကြီးအမှန်အတိုင်းပြောနေတာလား!
အဲ့လောက်ကြောက်စရာကောင်းတဲ့အရာကတကယ်ကြီးတည်ရှိနိုင်လို့လား!
တောင်တွေထက်ကြီးတယ်တဲ့လား…ဘယ်လိုဟာသမျိုးလဲ!
“ငါတို့ အဇူရာတိမ်ဂိုဏ်းကိုပြန်သွားပြီး သူတို့ကိုစမ်းသပ်ကြည့်ရင်ရော” သူတို့ထဲမှတစ်ယောက်အကြံပေးလိုက်၏။
သို့သော် သူတို့ယောင်ချင်ရွှင်း၏သွေးပျက်နေသောအမူအရာကိုမြင်ခဲ့ရလေရာ ဘယ်သူကသွားရဲပါတော့မည်နည်း။
ယခုအခါ သူတို့အဇူရာတိမ်ဂိုဏ်း၏တကယ့်အခြေအနေဘယ်လိုရှိနေမလဲဆိုတာကို အဖြေမရှာနိုင်ကြတော့ပေ။ သို့သော် သူတို့အရင်းအမြစ်များကိုလည်း အလွယ်တကူပို့မပေးချင်ခဲ့ကြပေ။ ထိုအရာများက သူတို့အလွယ်တကူစုဆောင်းထားခဲ့ရသောအရာများ မဟုတ်ကြပေ။
…..
အဇူရာတိမ်ဂိုဏ်းတွင်
ကျန်းယန် ပုံမှန်အတိုင်းပင် ဆက်လက်ကျင့်ကြံလိုက် တစ်ခါတစ်ရံတပည့်များကိုဦးနှောက်ဆေးလိုက်နှင့် အချိန်များကို အသုံးပြုနေခဲ့သည်။
ကျန်းယန်၏အလွန်သာမန်ဆန်နေသောအမူအရာများကို တွေ့သောအခါ ချင်းယွင်ကျိ စိတ်၀င်တစားမေးလိုက်၏။
“အခြားဂိုဏ်းတွေက အရင်းအမြစ်တွေပို့မပေးကြသေးဘူးနော် မင်းပုံစံက စိတ်ပျက်နေတဲ့ပုံလည်းမပေါ်ပါလား”
ကျန်းယန်ကိုယ်တိုင်အရှက်မရှိအရင်းအမြစ်များတောင်းခံခဲ့ပြီးနောက်တွင် အခုလိုပြန်တုန့်ပြန်ခံရသောကြောင့် ကျန်းယန်တစ်ခုခုတော့ပြန်တုန့်ပြန်လိမ့်မည်ဟု ချင်းယွင်ကျိ ထင်နေခဲ့မိသည်။
ကျန်းယန်ပြုံးလိုက်၏။
“ဆရာ စကားလေးနည်းနည်းလောက်ပြောလိုက်ရုံနဲ့ ကျွန်တော်တို့ ကောင်းကင်ဒဏ္ဍာရီဂိုဏ်းကနေ စိတ်ဝိညာဉ်ကျောက်တုံး ၂သန်းရလိုက်ပြီလေ အခြားဂိုဏ်းတွေအတွက်ကတော့ သူတို့မပေးချင်ရင် ကျွန်တော်တို့ကလည်း အတင်းအကြပ်တောင်းနေမှာမဟုတ်ဘူး”
“ဒါပေမယ့် အနာဂတ်မှာ အဇူရာတိမ်ဂိုဏ်း ပိုစွမ်းအားကြီးလာပြီး အဲ့ဒီမိစ္ဆာေတွကိုလည်း ဖြေရှင်းပြီးတဲ့အချိန်ကျရင် ကျွန်တော်တို့ အရင်ကနယ်မြေတွေကို ပြန်ယူရမယ် အဲ့ဒီအချိန်ကျရင်တော့ အဲ့ဒီဂိုဏ်းတွေကို နေခွင့်ပြုမှာမဟုတ်တော့ဘူး သူတို့ ကျွန်တော့်ဆီလာပြီး ဒူးထောက်ငိုမပြဖို့ မျှော်လင့်ပါတယ်!”
သူ့နှလုံးသားထဲတွင် ထိုဂိုဏ်းများအားလုံးကို မှတ်သားထားခဲ့ပြီးသားဖြစ်သည်။
ချင်းယွင်ကျိ ကျန်းယန်ကိုထူးဆန်းစွာကြည့်လိုက်ကာ ပြောလိုက်၏။
“မင်းကအဲ့ဒီနယ်မြေတွေအကုန်လုံးကို ပြန်သိမ်းချင်တာလား”
“ကျွန်တော်တို့ အဇူရာတိမ်ဂိုဏ်းရဲ့နယ်မြေတွေပဲကို ဘာလို့ပြန်မသိမ်းရမှာလဲ” ကျန်းယန်ပုံမှန်အတိုင်း ပြန်ပြောလိုက်သည်။
တခဏကြာတွန့်ဆုတ်နေပြီးနောက် ချင်းယွင်ကျိဆက်ပြောလိုက်၏။
“ဒါပေမယ့် သူတို့ဂိုဏ်းတွေကို အဲ့ဒီမြေပေါ်မှာတည်ထောင်ထားတာ နှစ်ရာနဲ့ချီကြာနေပြီလေ…”
ကျန်းယန် အေးအေးဆေးဆေးပင် ဖြေလိုက်သည်။
“နှစ်ရာချီကြာတဲ့အထိ ကျွန်တော်တို့က သူတို့ကိုမြေငှားခကောက်မထားဘူးလေ သူတို့အတွက်ကံကောင်းတယ်လို့တောင် တွေးနေသင့်သေးတယ် အဇူရာမဟာတိမ်၀င်္ကပါက အဇူရာတိမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို အုပ်မိုးထားတယ် အဲ့ဒီတစ်ချက်တည်းနဲ့တင် ဒီကုန်းမြေတိုက်ကြီးတစ်ခုလုံးက အဇူရာတိမ်ဂိုဏ်းအပိုင်ဆိုတာ သက်သေပြလို့ရနေပြီ သူတို့အဲ့ဒီအချက်ကိုပြန်ငြင်းနိုင်မှာမဟုတ်ဘူး ကောင်းကင်ဒဏ္ဍာရီဂိုဏ်းလို ကိုယ့်နေရာကိုယ်သိတဲ့ဂိုဏ်းတွေကိုတော့ ဆက်ထားလို့ရပါတယ်”
ချင်းယွင်ကျိ ခါးသက်သက်ပြုံးလိုက်၏။
လွန်ခဲ့သောနှစ်တစ်ထောင်က အဇူရာတိမ်ဂိုဏ်း၏ ဂုဏ်သရေမျိုးကို ပြန်ရယူဖို့က လုံး၀မဖြစ်နိုင်ဘူးဟု သူခံစားနေခဲ့ရသည်။
သို့သော် သူကျန်းယန်၏ မူလအပျက်အဆီးရွှေအမြုတေကို သတိရမိသွားခဲ့၏။ ကျန်းယန် ပိုမြင့်မားသောအဆင့်များဆီ ရောက်ရှိသွားလျှင်တော့ အခွင့်အရေးတစ်ခုရှိကောင်းရှိလာနိုင်ပေသည်။ သို့သော် ရှိကောင်းရှိလာနိုင်တာသာဖြစ်ပြီး ရှ်ိလာနိုင်တာ မဟုတ်ပေ။
“မင်းအဆင်ပြေသလိုသာလုပ်” ချင်းယွင်ကျိနောက်ဆုံးတွင် ပြောလိုက်၏။
ကျန်းယန်ပြုံးလိုက်ကာ
“ဆရာ အဇူရာတိမ်ဂိုဏ်းကိစ္စတွေကို ကျွန်တော့်လက်ထဲသာအပ်ထားလိုက်ပါ ကျွန်တော်က အဇူရာတိမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ပြန်စုစည်းပြီး လွန်ခဲ့တဲ့နှစ်တစ်ထောင်က ဂုဏ်သရေမျိုးကို ပြန်ပြီး အရယူကို ယူပြမယ်”
“မင်းကဘာလို့အမြဲကုန်းမြေတိုက်ကြီးကို စုစည်းချင်နေရတာလဲ” ချင်းယွင်ကျိ ခေါင်းယမ်းကာ မေးလိုက်သည်။
ကျန်းယန် ကြောင်သွားခဲ့၏။
ဘာလို့မစုစည်းရမှာလဲဟ!
သူတို့စကားပြောနေရင်း ချင်းယွင်ကျိ အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်လေသည်။
“ဂိုဏ်းကြီးတွေကလူတွေရောက်လာပြီ သူတို့နဲ့စကားပြောဖို့ အသင့်ပြင်ထား”
ကျန်းယန်အမူအရာထက်ရှသွားခဲ့၏။
“ဆရာ ဆရာရောလိုအပ်ရင်တိုက်ခိုက်ဖို့ အသင့်ဖြစ်ပြီလား”
ဂိုဏ်းကြီးများနှင့်ရင်ဆိုင်ရာတွင် ချင်းယွင်ကျိကသူတို့၏တစ်ခုတည်းသောနောက်ခံခွန်အားဖြစ်သောကြောင့် သူသေချာအောင် မေးထားရသည်။
ချင်းယွင်ကျိ အေးအေးဆေးဆေးပင်ဖြေလိုက်၏။
“ငါကအမြဲအသင့်ပဲ!”