← Chapters

သည်းမခံနိုင်တော့သော တာအိုပေါင်းစည်းခြင်းအဆင့်များ

Vol. 8 Ch. 95

သည်းမခံနိုင်တော့သော တာအိုပေါင်းစည်းခြင်းအဆင့်များ

Vol. 8 Ch. 95

ကမ္ဘာအနှံ့ရှိ ထိပ်တန်းဂိုဏ်းကြီးများမှကိုယ်စားလှယ်များ အရပ်မျက်နှာပေါင်းစုံမှ အဇူရာတိမ်ကုန်းမြေတိုက်ကြီးဆီ ရောက်ရှိလာခဲ့ကြသည်။

ထိုကိုယ်စားလှယ်များအားလုံးက စွမ်းအားကြီးပုဂ္ဂိုလ်များသာဖြစ်ကြပြီး တစ်ယောက်ချင်းစီတိုင်းက တာအိုပေါင်းစည်းခြင်းအဆင့်များ ဖြစ်ကြ၏။

အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ် ရောက်ရှိသည်နှင့် သူတို့အရှိန်အဝါများကို တမင်တကာထုတ်လွှင့်ထားခဲ့ပြီး အဇူရာတိမ်ဂိုဏ်းသတိပြုမိစေရန် ကြံနေခဲ့ကြသည်။

ထို့အပြင် တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်တတ်နိုင်သောအလျင်မျိုးဖြင့် တိုက်ရိုက်ပျံသန်းရမည့်အစား တမင်တကာ ခပ်ဖြည်းဖြည်းသာ ပျံသန်းနေပြီး ရှိုးပြနေခဲ့ကြ၏။

သို့သော် သူတို့အံ့အားသင့်သွားခဲ့ကြရသည်မှာ သူတို့ဘယ်လောက်ရှိုးပြပြ အဇူရာတိမ်ဂိုဏ်းကမမြင်ချင်ယောင်ဆောင်‌ေနပြီး ဘာတုန့်ပြန်မှုမှမရှိခဲ့သလို သူတို့ကို လာကြိုသူများလည်းမရှိခဲ့ပေ။

စိတ်ရှုပ်ထွေးနေရင်း သူတို့အုပ်စု အဇူရာတိမ်ဂိုဏ်း၏ လီသုံးရာပတ်လည်နယ်မြေထဲ ချဉ်းကပ်လာခဲ့ကြသည်။

ထိုအချိန်ထိပင် အဇူရာတိမ်ဂိုဏ်းကငြိမ်သက်နေဆဲဖြစ်ကာ ဘာပြောင်းလဲမှုအရိပ်အယောင်ကိုမှ မမြင်ခဲ့ရပေ။ ကောင်းကင်တွင်တိမ်များပိုထူထပ်လာတာကိုသာ တွေ့ခဲ့ရ၏။

“ဘာတွေဖြစ်နေတာလဲ”

မရေတွက်နိုင်သော တာအိုပေါင်းစည်းခြင်းအဆင့်များ တစ်ယောက်နှင့်တစ်ယောက်အသံကူးပြောင်း၍ မေးမြန်းလိုက်ကြသည်။

သူတို့ဒီနေရာကိုညှိနှိုင်းဖို့လာခြင်းဖြစ်သော်လည်း အဇူရာတိမ်ဂိုဏ်းက သူတို့နှင့်ညှိနှိုင်းဖို့အရည်အချင်းမပြည့်မီလျှင်တော့ အခြေအနေက လုံး၀တစ်မျိုးပြောင်းလဲသွားမည် ဖြစ်၏။

အစကတော့ ကုန်းမြေတိုက်ကြီးထဲ ရောက်ရောက်ချင်းပင် သူတ်ို့လွှမ်းမိုးမှုကိုပြသဖို့ စီစဉ်ခဲ့သော်လည်း အဇူရာတိမ်ဂိုဏ်းကဘာမှမတုန့်ပြန်သောကြောင့် ပွဲကြည့်သူမရှိသော ဇာတ်ပွဲကိုကပြနေခဲ့ရသလို သူတို့သာ ကြောင်တောင်တောင်ဖြစ်သွားခဲ့ရသည်။

သူတို့ရှက်ရှက်နှင့်ပင် ရွေးချယ်စရာမရှိဘဲ ရှေ့ဆက်လာခဲ့ကြရ၏။

နောက်ဆုံးတွင် ညှိနှိုင်းချင်သည်က သူတို့သာ ဖြစ်ပေသည်။ အဇူရာတိမ်ဂိုဏ်းက ဆုတ်ခွာဖို့ အသင့်ပြင်ပြီးသားဖြစ်နေပုံပေါ်ပြီး သူတို့သာမညှိနှိုင်းချင်လျှင် ဤှညှိနှိုင်းပွဲကဖြစ်လာစရာအကြောင်းမရှိလောက်ပေ။

သူတို့ဂိုဏ်းနှင့်ပိုနီးလာလေလေ တိတ်ဆိတ်နေသောအဇူရာတိမ်ဂိုဏ်းက သူတို့ကိုပိုပြီးဖိအားပေးလာလေလေပင်။

နောက်ဆုံးတွင် သူတို့အဇူရာတိမ်တောင်ကိုမြင်လိုက်ရပြီး သူတို့ကိုထွက်ကြိုသည့်သူ တစ်ယောက်မှရောက်မလာတာကိုတွေ့ရသောအခါ ရွေးချယ်စရာမရှိတော့ဘဲ အသံသာပို့လွှတ်လိုက်ရ၏။

“လန်ကျားအထွတ်အမြတ်မြေ ၀မ်လင်းဂိုဏ်း ကွေ့ချွမ်ဘုန်းကြီးကျောင်း ရှို့ယိဘုရားကျောင်းတို့က အဇူရာတိမ်ဂိုဏ်းဆီ အလည်ရောက်ရှိလာပါတယ်”

အဇူရာတိမ်ဂိုဏ်းကအကာအကွယ်မဲ့နေပုံပေါ်သော်လည်း သူတို့ထဲကဘယ်သူမှ အဇူရာတိမ်ဂိုဏ်းကိုအထင်မသေးရဲခဲ့ကြပေ။

လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက အဇူရာတိမ်ဂိုဏ်းဘယ်လောက်စွမ်းအားကြီးခဲ့လဲ သူတို့အားလုံး သိရှိကြပေသည်။ အရိုးသားဆုံးပြောရလျှင် အတိတ်တုန်းက အဇူရာတိမ်ဂိုဏ်းသာဆိုလျှင် သူတို့လေးစားမှုပြသသည့်အနေနှင့် အဇူရာတိမ်ကုန်းမြေတိုက်ကြီးထဲ စရောက်ကတည်းက ခြေလျင်သာ ခရီးနှင်ရမည် ဖြစ်သည်။

သူတို့အသံပို့လွှတ်ပြီးသောအခါ နောက်ဆုံးတွင် တောင်ဂိတ်တံခါးမှ ရွှေအမြုတေအဆင့်တစ်ယောက်ထွက်လာတာကို တွေ့လိုက်ရ၏။

တာအိုပေါင်းစည်းခြင်းအဆင့်များ မျက်မှောင်ကြုံ့သွားကြသည်။ သူတို့လို ဂုဏ်သရေရှိ တာအိုပေါင်းစည်းခြင်းအဆင့် သံတမန်တွေကို ကြိုဆိုသည်က ရွှေအမြုတေအဆင့်တစ်ယောက်တည်းပေလော။

သူတို့အားလုံးဒေါသထွက်ကုန်ကြ၏။

“လေးစားရတဲ့စီနီယာတို့ ကျေးဇူးပြုပြီး အဲ့ဒီအပေါ်မှာမနေပါနဲ့” ကျန်းယန် သူတို့ကိုပြုံးပြလိုက်ကာ

“ကျေးဇူးပြုပြီး အမြန်အောက်ဆင်းလာခဲ့ကြပါ ပြီးတော့ အဇူရာတိမ်တောင်ထွတ်ကိုလည်း တိုက်ရိုက်ပျံသန်းမသွားကြပါနဲ့ တစ်ခုခုဖြစ်လာရင် ကျွန်တော်တာ၀န်မယူဘူးနော်”

ထိုဆရာကြီးများက ကောင်းကင်တွင်ရပ်ကာ အဇူရာတိမ်ဂိုဏ်းကိုအထင်အမြင်သေးဟန်ဖြင့် ငုံ့ကြည့်နေသည်ကိုမြင်ရသောအခါ ကျန်းယန်ဒေါသထွက်သွားခဲ့သည်။

ဟန်ဆောင်ကောင်းတဲ့အရူးတစ်သိုက်…ဘယ်သူ့ကို လာခြောက်ဖို့ ကြိုးစားနေတာလဲ!

တာအိုပေါင်းစည်းခြင်းအဆင့်များ ဒေါသထွက်သွားကြကာ အဇူရာ‌တိမ်တောင်ထွတ်ဆီ အတင်းအကြပ်ပျံသန်း၀င်ရောက်သွားတော့မတတ်ပင် ဖြစ်သွားခဲ့ကြသည်။

သို့သော် ဤနေရာက နှစ်ငါးထောင်သက်တမ်းရှိသောဂိုဏ်းကြီးတစ်ဂိုဏ်း၏ နောက်ဆုံးနယ်မြေဆိုတာ သူတို့သတိရသွားခဲ့ကြ၏။ ဒီနေရာတွင် ဘယ်လို အကာအကွယ်‌ေတွများရှိနေမလဲ ဘယ်သူမှမသိနိုင်ပေ။

ထို့ကြောင့် သူတို့ဒေါသကိုမျိုသိပ်ထားလိုက်ပြီး တောင်ခြေသို့သာ ဆင်းသက်လာခဲ့ကြလေသည်။

တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက် ကျန်းယန်ကိုအေးစက်စက်ကြည့်ကာ မေးလိုက်၏။

“ငါတို့က အဝေးကြီးကလာခဲ့ရတာ ဒါတောင် အဇူရာတိမ်ဂိုဏ်းက ငါတို့ကိုကြိုဆိုဖို့ မင်းကိုပဲလွှတ်လိုက်တာလား ဒါကအဇူရာတိမ်ဂိုဏ်း ဧည့်သည်တွေကိုဆက်ဆံတဲ့ပုံစံလား”

ကျန်းယန် အကူအညီမဲ့စွာ ပြန်ပြောလိုက်သည်။

“စီနီယာတို့ ဂိုဏ်းရဲ့အခြေအနေကိုစီနီယာတို့လည်း သိသင်ပါတယ် မိစ္ဆာသန္ဓေသားတွေ လွတ်သွားပြီးကတည်းက မိစ္ဆာကြီးတွေက တောက်လျှောက်မနားမနေမွှေနေတာ ကျွန်တော့်ဆရာနဲ့ ဆရာဦးလေးတွေက သူတို့ကိုဖိနှိပ်ရင်း အလုပ်ရှုပ်နေကြတယ်

သူတို့မှာဂိုဏ်းရဲ့ကိစ္စတွေကိုကိုင်တွယ်နေဖို့ အချိန်မရှိဘူးလေ အဲ့တာကြောင့် ဂိုဏ်းရဲ့ကိစ္စအ၀၀ကို ကျွန်တော့်ဆီ လွှဲအပ်ထားတာပါ

အဲ့တာကြောင့် အခုကျွန်တော်က ဂိုဏ်းရဲ့အမည်ခံဂိုဏ်းချုပ်အဖြစ် တာ၀န်ထမ်းဆောင်နေရပါတယ် ဂိုဏ်းမှာကျွန်တော့်အပြင် ဂျူနီယာညီမလေးတစ်ယောက်နဲ့ အခြေခံတည်ဆောက်ခြင်းအဆင့်တပည့်တွေပဲ ကျန်ပါတော့တယ်

ဒါပေမယ့် ကျွန်တော်တို့က စီနီယာတို့ကိုကြိုဆိုဖို့ ကြိုဆိုပွဲတစ်ခုပြင်ဆင်ထားပါတယ် အဲ့တာက ပင်မခန်းမထဲမှာပါ”

ပေါက်ကွဲထွက်ဖို့ အကြောင်းပြချက်တစ်ခုတစ်လေတောင် ရှာမရသောကြောင့် တာအိုပေါင်းစည်းခြင်းအဆင့်များ သူတို့‌ေ‌ဒါသများကို ရင်ထဲတွင်သာ ဖိနှိပ်ထားလိုက်ရသည်။

ဂိုဏ်းအကြီးအကဲများက မိစ္ဆာများကိုဖိနှိပ်ရင်း အလုပ်ရှုပ်နေစဉ်တွင် အမည်ခံဂိုဏ်းချုပ်ကိုယ်တိုင်သူတို့ကို လာကြိုနေလေရာ သူတို့ကဘာပြောနိုင်ပါဦးမည်နည်း။

ထိုအခြေခံတည်ဆောက်ခြင်းအဆင့်ကလေးတစ်သိုက် လာကြိုတာကို မျှော်လင့်နေတာဟုလည်း ပြော၍မရပေ။

ငှက်မွှေးသရဖူတစ်လုံးကိုဆောင်းကာ အနက်ရောင်တာအို၀တ်စုံ၀တ်ဆင်ထားပြီး လက်ထဲတွင် မြင်းမြှီးယပ်ကိုကိုင်ဆောင်ထားသော တာအိုပညာရှင်တစ်ယောက် ကျန်းယန်ကိုပြုံး၍ ပြောလိုက်၏။

“တာအိုမိတ်‌ဆွေလေး ငါတို့က အိမ်ရှင်စီစဉ်တဲ့အတိုင်းပဲ လိုက်နာပါမယ်”

“ကျေးဇူးတင်ပါတယ် စီနီယာ ကျေးဇူးပြုပြီး ဒီလမ်းပါ” ကျန်းယန် လေးလေးစားစားဦးညွှတ်လိုက်ကာ တောင်ပေါ်သို့ ခေါ်ဆောင်သွားခဲ့လေသည်။

လမ်းတစ်လျှောက်လုံးတွင်လည်း ရှေ့မှတစ်လှမ်းခြင်းလျှောက်၍ လမ်းပြနေသော သူ့အမူအရာက ရိုသေလေးစားမှု လေးနက်မှုများဖြင့်ပြည့်နှက်နေပြီး အပြစ်ပြောစရာတစ်ကွက်မှမရှိခဲ့ပေ။

တာအိုပေါင်းစည်းခြင်းအဆင့်ပညာရှင်များလည်း အသက်ပြင်းပြင်းရှူလိုက်ကြကာ သူ့နောက်မှသာ တစ်လှမ်းခြင်းလျှောက်၍ လိုက်သွားခဲ့ကြရ၏။

ထိုအခိုက်တွင် ဒီကလေးသည် အကြီးအကဲများကိုတကယ်ပဲထိုမျှရိုသေလေးစားခြင်းပေလော သို့မဟုတ် တမင်တကာလုပ်ပြနေခြင်းလော ဆိုတာ သူတို့အတိအကျမပြောနိုင်ကြတော့ပေ။

အတန်ကြာလျှောက်ပြီးသောအခါမှသာ နောက်ဆုံးတွင် သူတို့အဇူရာတိမ်ခန်းမရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။

အခြေခံတည်ဆောက်ခြင်းအဆင့် တပည့်ကိုးဆယ်က ခန်းမရှေ့တွင် ညီညီညာညာရပ်နေခဲ့ကြပြီး သူတို့ကို နှစ်တန်းခွဲ၍ စီထားခဲ့၏။

ကျန်းယန်နှင့်တာအိုပေါင်းစည်းခြင်းအဆင့်များရောက်ရှိလာသည်ကိုတွေ့သောအခါ တပည့် ၉၀ ချက်ချင်းဆိုသလို ညီညီညာညာလက်ခုပ်တီးလိုက်ကြပြီး သံပြိုင်အော်လိုက်ကြလေသည်။

“ကြိုဆိုပါတယ် ကြိုဆိုပါတယ်! နွေးထွေးစွာကြိုဆိုပါတယ်!”

တာအိုပေါင်းစည်းခြင်းအဆင့်များ ကြက်သီးထသွားကြသော်လည်း ဘာမှတော့အထွန့်မတက်ခဲ့ပေ။

ဒီကလေးတွေက တကယ်ကြီးသူတို့ကိုလေးလေးနက်နက်ကြီးကြိုဆိုနေခြင်းပေလော။

သို့သော် သူတို့က တာအိုပေါင်းစည်းခြင်းအဆင့်များ ဖြစ်ကြသည်။

သူတို့ကို အခြေခံတည်ဆောက်ခြင်းအဆင့်များက အခုလိုကြိုဆိုနေခြင်းက သူတို့အတွက်သက်တောင့်သက်သာမဖြစ်ခဲ့ပေ။

“စီနီယာတို့ ကျေးဇူပြုပြီး” ကျန်းယန် လေးလေးစားစားအမူအရာဖြင့် သူတို့ကို ဖိတ်ခေါ်လိုက်၏။ ထို့နောက် သူကိုယ်တိုင်ဦးဆောင်ကာ ကြိုဆိုသောအဖွဲ့ကိုဖြတ်ပြီး ခန်းမထဲခေါ်သွားခဲ့လေသည်။

ထိုအခါမှသာ အခြေခံတည်ဆောက်ခြင်းအဆင့်များ လူစုခွဲသွားခဲ့ကြ၏။

ခန်းမထဲရောက်ပြီး ထိုင်ခုံများတွင်နေရာယူပြီးသော တာအိုပေါင်းစည်းခြင်းအဆင့်များလည်း ထိုကလေးများထွက်သွားတာကိုမြင်မှသာ စိတ်သက်သာရာရသွားခဲ့ကြသည်။

“ဂျူနီယာညီမလေးရေ တည်ခင်းဖို့ လက်ဖက်ရည်ယူလာခဲ့ပါဦး” ကျန်းယန် ခပ်ကျယ်ကျယ်အော်ပြောလိုက်၏။

ထိုအခါ စစ်ထူမင်ယွဲ့ တောင့်တင်းသောအမူအရာဖြင့် ဧည့်သည်တစ်ယောက်ချင်းဆီတိုင်းအတွက် လက်ဖက်ရည်တစ်ခွက်ဆီ ငှဲ့ပေးလိုက်လေသည်။

ထိုလက်ဖက်ရည်က သာမန်လက်ဖက်ရည်သာဖြစ်ပြီး စိတ်ဝိညာဉ်စွမ်းအင် တစ်စကလေးတောင် ပါမနေခဲ့ပေ။

တကယ်တော့ သူမတောင့်တင်းသောအမူအရာကတမင်လုပ်ယူထားခြင်းမဟုတ်ခဲ့ပေ။ တာအိုပေါင်းစည်းခြင်းအဆင့်များစွာနှင့်ရင်ဆိုင်နေရသောကြောင့် သူမအလွန်အမင်းကြောက်ရွံ့နေခဲ့ခြင်း ဖြစ်သည်။

ထိုစဉ် တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက် လက်ဖက်ရည်ခွက်ကိုကောက်ကိုင်ကာ တစ်ငုံသောက်ကြည့်လိုက်ပြီး ချက်ချင်းထွေးထုတ်ပစ်လိုက်မိ၏။ လက်ဖက်ရည်များ သူ့ပါးစပ်ထဲက ထွက်သွားသည်နှင့် သူချက်ချင်းဆိုသလို မှော်သိုင်းတစ်မျိုးကိုသုံးကာ ထိုလက်ဖက်ရည်များကို ရေငွေ့များအဖြစ်ပြောင်းလဲပစ်လိုက်လေသည်။

ထို့ကြောင့် ကံကောင်းစွာဖြင့် သူ့ပါးစပ်ထဲကထွက်လာသော လက်ဖက်ရည်များက ဘယ်ကိုမှမရောက်သေးခင် လေထဲမှာတင် အငွေ့ပျံသွားခဲ့၏။

“လက်ဖက်ရည်ကောင်းပဲ” သူခပ်တောင့်တောင့်မျက်နှာအမူအရာကြီးဖြင့် ပြောလိုက်ပြီး သူ့အမူအရာကြီးက အူကြောင်ကြောင်ကြီး ဖြစ်နေခဲ့သည်။

အခြားတာအိုပေါင်းစည်းခြင်းအဆင့်များ ထိုအဖြစ်အပျက်ကိုမြင်သောအခါ လက်ဖက်ရည်ကိုနတ်အာရုံသုံး၍စစ်ဆေးလိုက်ကြပြီးနောက် လုံး၀မသောက်ဖို့သာ ဆုံးဖြတ်လိုက်ကြ၏။

အဇူရာတိမ်ဂိုဏ်းသည် အလွန်ဆင်းရဲနေတာကို သူတို့သိသော်လည်း အနည်းဆုံး တာအိုပေါင်းစည်းခြင်းအဆင့်များကိုဧည့်ခံဖို့ စိတ်ဝိညာဉ်လက်ဖက်ရည်လောက်တော့ ရှိနေသင့်သည် မဟုတ်ပါလော။

သို့သော် အခုလို သာမန်သစ်ရွက်များကို ရေနွေးထဲ စိမ်ထားတာကြီးတော့…

သူတို့အပြုအမူများကိုမြင်သောအခါ ကျန်းယန် ကြောက်လန့်တကြား မေးလိုက်လေသည်။

“စီနီယာတို့ ဒီလက်ဖက်ရည်ကိုမကြိုက်ကြလို့လား ဒီလက်ဖက်ရွက်တွေကို ကျွန်တော်ကိုယ်တိုင်ခူးပြီး ကျွန်တော်ကိုယ်တိုင်ပဲ ပြင်ဆင်ထားတာပါ ကျွန်တော့်ကျွမ်းကျင်မှုလိုသွားပြီး စီနီယာတို့ကိုစိတ်ပျက်စေခဲ့မိရင် ခွင့်လွှတ်ပေးပါ စီနီယာတို့”

သင်္ကန်း၀တ်ဖြင့်ရဟန်းတစ်ပါးပြုံးကာပြောလိုက်၏။

“မိတ်ဆွေလေး အရမ်းယဉ်ကျေးနေဖို့မလိုပါဘူး ဒီနိမ့်ကျတဲ့ဘုန်းကြီးကလည်း ကမ္ဘာကြီးရဲ့မြေမှုန်တွေထဲက မြေမှုန်တစ်ပွင့်ပါပဲ လောကီတပ်မက်မှုတွေကို ဖြတ်တောက်ထားခဲ့တာကြာခဲ့ပါပြီ ဒီ‌လိုကိစ္စအသေးအမွှားလေး‌တွေကို ဗွေမယူတတ်ပါဘူး”

အခြားတာအိုပေါင်းစည်းခြင်းအဆင့်များလည်း အလွန်မွန်းကြပ်လာသလို ခံစားလိုက်ရလေသည်။ ရွှေအမြုတေအဆင့်ဂျူနီယာလေးတစ်ယောက်နှင့်ဆက်ဆံရာတွင် လွန်လွန်ကျူးကျူးတုန့်ပြန်နေပါက သူတို့က အနိုင်ကျင့်နေသလို ဖြစ်သွားပေလိမ့်မည်။

အထူးသဖြင့် ထိုကလေးက အလွန်ယဉ်ကျေးကာ ပျူငှာနေသောအခါတွင်ဖြစ်သည်။

“စီနီယာတို့ အဇူရာတိမ်ဂိုဏ်းကို ဘယ်လိုအကြောင်းကိစ္စကြောင့် ရောက်ရှ်ိလာတာပါလဲ” ကျန်းယန် ရှုပ်‌ထွေးနေချင်ယောင်ဆောင်ကာ မေးလိုက်၏။

ထိုအခါအနီရောင်၀တ်စုံ၀တ်အဖိုးကြီးတစ်ယောက် မျက်မှောင်ခပ်တင်းတင်းကြုံ့လိုက်ပြီး မေးလိုက်သည်။

“မင်းဆရာက မင်းကိုဘာမှပြောမထားဘူးလား မိစ္ဆာသန္ဓေသားအကြောင်း မင်းသိတယ်မဟုတ်လား”

“ကျွန်တော်မိစ္ဆာသန္ဓေသားအကြောင်းကိုတော့သိပါတယ်” ကျန်းယန် ခေါင်းညိတ်ပြလိုက်၏။

“ဆရာဦးလေးလင်းယွင်ကျိက ဒီကစီနီယာတွေကျွန်တော်တို့ဆီ အရင်းအမြစ်တွေလာပို့ဖို့ သဘောတူထားတယ်လို့တော့ ပြောထားခဲ့ပါတယ် စီနီယာတို့အားလုံးက ကျွန်တော်တို့အပေါ် တကယ်ပဲ ကြင်နာပေးတဲ့ လူကောင်းသူကောင်းတွေချည်းပါပဲ

ဒီနှစ်တွေအတွင်းမှာ ကျွန်တော်တို့အဇူရာတိမ်ဂိုဏ်းကဆင်းရဲလွန်းလို့ လက်ဖက်ရည်ကိုတောင် ကိုယ်တိုင်လုပ်လက်ဖက်ရည်ပဲသောက်နိုင်ခဲ့တယ်

စိတ်ဝိညာဉ်ကျောက်တုံးလည်းမရှိ ဆေးလုံးလည်းမရှိ…သူတို့က ကျွန်တော့်ကို ရတနာလက်နက်အနည်းငယ်ပေးခဲ့ပေမယ့် ကျွန်တော်မှ မသုံးနိုင်သေးဘဲလေ

အမှန်အတိုင်းပြောရရင် စီနီယာတို့ရယ် ကျွန်တော်တို့ဂိုဏ်းကအရမ်းဆင်းရဲလွန်းလို့ ကျွန်တော်တို့မှာ နေစရာတောင်မရှိခဲ့ပါဘူး

တကယ်လို့ တိမ်တောင်အင်ပါယာကသာ လူတွေလွှတ်ပြီး အိမ်တွေဆောက်မပေးခဲ့ရင် အဲ့ဒီတပည့်အသစ်တွေမှာ နေစရာတောင် ရှိရှာမှာမဟုတ်ဘူး အဲ့တာက ရယ်စရာကောင်းပေမယ့်လည်း တကယ်ဖြစ်ခဲ့တဲ့အရာပါပဲ

ကျွန်တော့်ဆရာသာ ကျွန်တော့်ကို အရမ်းကြင်ကြင်နာနာမဆက်ဆံပေးခဲ့ရင် ကျွန်တော်လည်း ဒီနေရာကြီးကနေ ဟိုးအရင်ကတည်းက ထွက်သွားပြီးနေလောက်ပြီ

သူကျွန်တော့်ကိုတပည့်အဖြစ်လက်ခံတုန်းက အဇူရာတိမ်ဂိုဏ်းက ရှေးဟောင်းဂိုဏ်းတစ်ဂိုဏ်းလို့ပြောခဲ့တယ် ဒါပေမယ့် ဂိုဏ်းထဲ၀င်ပြီးမှ သိလိုက်ရတာက ကျွန်တော်လှည့်စားခံလိုက်ရပြီဆိုတာပဲ ဟူးးး ကျွန်တော်တကယ်ပဲအလွယ်တကူ သဘောမတူခဲ့သင့်ဘူး အခုတော့ ကြည့်ပါဦး ကျွန်တော်ဒီထောင်ချောက်ထဲမှာ ပိတ်မိနေပြီ ထွက်ပြေးချင်ရင်တောင် မပြေးနိုင်တော့ဘူး”

အဆက်အစပ်မရှိတွေ့ရာလျှောက်ပြောပြီးနောက် နောက်ဆုံးတွင် ကျန်းယန်မေးလိုက်လေသည်။

“စီနီယာတို့ ကျွန်တော်တို့ကိုအရင်းအမြစ်တွေပေးမယ်လို့ ကတိပေးခဲ့တယ်ဆိုတာ တကယ်လား ဒါနဲ့ ဘယ်လောက်ပေးဖို့ ပြင်ဆင်နေတာလဲ”

All Chapters