ငါက သိုင်းတာအိုရဲ့ သိုင်းဘိုးဘေးပဲ....
Vol. 49 Ch. 725
" ဘာလဲ။ ငါ့ကို မမှတ်မိတော့ဘူးလား။ " လင်းယွမ်က တုန်ယင်နေသော လီချင်းကို ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။
" ဆရာ ဆရာတကယ် ပြန်လာတာလား။ " လီချင်းက အသိပြန်ဝင်လာပြီး သူမက အိပ်မက်မက်နေသည်ဟုပင် ထင်မိလေသည်။
စိတ်ဝိညာဉ်ကမ္ဘာတွင် ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့သော်လည်း စိတ်ဝိညာဉ်ကမ္ဘာသို့ ပြန်လာခဲ့သူဟူ၍ မရှိခဲ့ပေ။
" ဒီနှစ်တွေမှာ မင်းကောင်းကောင်းကြိုးစားခဲ့တာပဲ။ " လင်းယွမ်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
ယနေ့ခေတ် စိတ်ဝိညာဉ်ကမ္ဘာတွင် သိုင်းတာအိုက ဤအခြေအနေထိ တိုးတက်လာခြင်းမှာ လီချင်း၏ ကြိုးစားအားထုတ်မှုများ ပါဝင်လေသည်။
" ဆရာ ဆင်းသက်လာတာက..." လီချင်းက သူမ၏ စိတ်ကို ထိန်းချုပ်ပြီး မေးလိုက်သည်။
" ငါမင်းတို့အားလုံးကို အင်မော်တယ်ကမ္ဘာကို ခေါ်သွားဖို့ စီစဉ်ထားတယ်။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။
၎င်းက သူ စိတ်ဝိညာဉ်ကမ္ဘာသို့ ပြန်လာရခြင်း၏ ရည်ရွယ်ချက်ဖြစ်သည်။ စိတ်ဝိညာဉ်ကမ္ဘာမှ သိုင်းတာအိုကျင့်ကြံသူများကို အသုံးပြုပြီး သိုင်းတာအိုကို အင်မော်တယ်ကမ္ဘာတွင် ဖြန့်ဝေရန် ဖြစ်သည်။
" အင်မော်တယ်ကမ္ဘာ... ကျွန်မတို့ကိုလား..." လီချင်းက နားမလည်နိုင်ဖြစ်သွားသည်။
ရှေးခေတ်ကတည်းက တစ်စုံတစ်ယောက်ကို အင်မော်တယ်ကမ္ဘာသို့ ခေါ်ဆောင်သွားနိုင်သည်ဟု တစ်ခါမှမကြားဖူးပေ။ လီချင်းနားလည်ထားသည်မှာ အင်မော်တယ်ကမ္ဘာသို့ သွားရန်အတွက် နဝမကောင်းကင်ဘုံသို့ တက်လှမ်းရမည်ဖြစ်ပြီး စိတ်ဝိညာဉ်ကမ္ဘာ စတင်ဖြစ်ပေါ်ချိန်မှစ၍ ထိုသို့ပင်ဖြစ်သည်။
ယခု လင်းယွမ်က သူမတို့ကို အင်မော်တယ်ကမ္ဘာသို့ ခေါ်ဆောင်သွားမည်ဟု ပြောနေသည်။ သူမတို့ကို ဖြစ်သောကြောင့် သူမတစ်ယောက်တည်းမဖြစ်နိုင်ပေ။
" မင်း အောက်ဆင်းပြီး ပြင်ဆင်ထားလိုက်။ စိတ်ဝိညာဉ်ကမ္ဘာအတွင်းက သိုင်းတာအို ဆဋ္ဌမအလွှာအထက်က လူအားလုံး အင်မော်တယ်ကမ္ဘာကို ဝင်ရောက်နိုင်တယ်။ " လင်းယွမ်က ပြောလိုက်သည်။
အင်မော်တယ်ကမ္ဘာရှိ ကျင့်ကြံမှုပတ်ဝန်းကျင်က စိတ်ဝိညာဉ်ကမ္ဘာထက် များစွာ သာလွန်သည်။ သိုင်းတာအိုကျင့်ကြံသူအားလုံးက အင်မော်တယ်ကမ္ဘာသို့ ဝင်ရောက်လျှင် ပိုမိုမြင့်မားသော အလားအလာများ ရှိလာပေလိမ့်မည်။
" ဆဋ္ဌမအလွှာအထက် အားလုံးကိုလား။ " လီချင်းက အံ့အားသင့်သွားသည်။
စိတ်ဝိညာဉ်ကမ္ဘာတွင် သိုင်းတာအိုက ဖွံဖြိုးတိုးတက်နေပြီး သိုင်းတာအိုဆဋ္ဌမအလွှာများပင် များစွာရှိလှသည်။ ယခု သူတို့အားလုံးက အင်မော်တယ်ကမ္ဘာကို ဝင်ရောက်နိုင်ပေလိမ့်မည်။
နတ်ဆိုးချောက်နက်တွင် နတ်ဆိုးဘိုးဘေးက နတ်ဆိုးများအားလုံးကို ပြန်လာရန် အမိန့်ပေးခဲ့ပြီးနောက် အင်မော်တယ်ကမ္ဘာအား စောင့်ကြည့်ခြင်းကို လက်မလျှော့ခဲ့ပေ။ လင်းယွမ်၏ တည်ရှိမှုကြောင့် နတ်ဆိုးဘိုးဘေး၏ စိတ်အသိတစ်ခုလုံးနီးပါးပင် နိုးထလာခဲ့သည်။ သူက အင်မော်တယ်ကမ္ဘာ၏ ရွှမ်ထျန်းအင်မော်တယ်နယ်မြေ၏ အသေးစိတ်ကို စောင့်ကြည့်နေခဲ့သည်။
" ဟမ် အချိန်လေဟာနယ်လမ်းကြောင်းလား။ အဲ့ဒီတည်ရှိမှုက အင်မော်တယ်ကမ္ဘာနဲ့ အောက်ကမ္ဘာကြားကို အချိန်လေဟာနယ်လမ်းကြောင်းတစ်ခု ဖွင့်လိုက်တာလား။ " နတ်ဆိုးဘိုးဘေးက အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူက လင်းယွမ်၏ တည်နေရာအတိအကျကို ရှာဖွေနိုင်ခြင်းမရှိသော်လည်း အချိန်လေဟာနယ်လှိုင်းများကို အာရုံခံနိုင်သည်။
" ဒီလောက်တည်ငြိမ်တဲ့ အချိန်လေဟာနယ်လမ်းကြောင်း...." နတ်ဆိုးဘိုးဘေးက အံ့အားသင့်သွားသည်။
တာအိုဘိုးဘေးအဆင့်ရှိသော သူက သူ၏ ကိုယ်ပွားကို အောက်ကမ္ဘာသို့ စေလွှတ်ပြီး သက်ရှိများကို အင်မော်တယ်ကမ္ဘာသို့ အတင်းအကျပ် ခေါ်ဆောင်လာနိုင်သည်။ သို့သော် အင်မော်တယ်ကမ္ဘာနှင့် အောက်ကမ္ဘာကို ချိတ်ဆက်ထားသော တည်ငြိမ်သည့် အချိန်လေဟာနယ်လမ်းကြောင်းတစ်ခုဖွင့်ရန်အတွက် အင်မော်တယ်ကမ္ဘာ၏ ပြုပြင်ခြင်းစွမ်းအားကို ခုခံနိုင်ရန် လိုအပ်သည်။ လိုအပ်သော အချိန်လေဟာနယ်အပေါ် နားလည်မှုက စိတ်ကူးမယဉ်နိုင်လောက်အောင် မြင့်မားရမည်ဖြစ်သည်။
" အဲ့ဒါ ဘယ်ကမ္ဘာကို ချိတ်ဆက်ထားတာလဲ။ " နတ်ဆိုးဘိုးဘေးက ဂရုတစိုက် စောင့်ကြည့်နေပြီး စုံစမ်းစစ်ဆေးရန် နတ်ဆိုးချောက်နက်စွမ်းအားကို စုစည်းလိုက်သည်။
ထိုအချိန်တွင် ရုတ်တရက် နတ်ဆိုးဘိုးဘေး၏ အမူအရာက ပြောင်းလဲသွားသည်။ သူနှင့် မနီးမဝေးရှိ နေရာတစ်ခုတွင် အချိန်လေဟာနယ်စွမ်းအားများ စုစည်းသွားပြီး လူငယ်တစ်ယောက်၏ ပုံရိပ် ပေါ်လာသည်။
ထိုလူငယ်က နတ်ဆိုးချောက်နက်၏ အတားအဆီးများစွာကိုပင် ပင်ပန်းခြင်းမရှိဘဲ ဖြတ်ကျော်လာခဲ့ပြီး ထိုနေရာတွင် ကိုယ်ပွားတစ်ခု ထွက်ပေါ်စေခဲ့သည်။
သူက နတ်ဆိုးဘိုးဘေးကို ပြုံး၍ ပြောလိုက်သည်။ " နတ်ဆိုးဘိုးဘေးလား။ "
" မင်းကဘယ်သူလဲ။ " နတ်ဆိုးဘိုးဘေး၏ အမူအရာက လေးနက်နေသည်။ သူက ကြီးမားသော ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသကဲ့သို့ ဖြစ်ပြီး ထိုလူငယ်ကသူစောင့်ကြည့်နေသူဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သိနေသည်။
လူငယ်က ပြုံး၍ ပြောလိုက်သည်။ " ငါက သိုင်းတာအိုရဲ့ သိုင်းဘိုးဘေးပဲ။ "
လင်းယွမ်၏ အချိန်လေဟာနယ်အပေါ် နားလည်မှုက သတ္တမအဆင့်သို့ ရောက်ရှိပြီးနောက် သူခံစားနိုင်သော အချိန်လေဟာနယ်အတွင်း မည်သည့်နေရာတွင်မဆို ကိုယ်ပွားတစ်ခု ဖန်တီးနိုင်ပေသည်။ ဆဋ္ဌမအဆင့်တွင် အချိန်လေဟာနယ်အတားအဆီးများကို ဖြတ်ကျော်ရန် ခက်ခဲသော်လည်း သတ္တမအဆင့်တွင် ဘာကိုမှဂရုစိုက်စရာမလိုတော့ပေ။
လင်းယွမ်၏ အချိန်လေဟာနယ်အပေါ် အာရုံခံနိုင်စွမ်းက အင်မော်တယ်ကမ္ဘာထက် ဆယ်ဆလောက် ပိုမိုကြီးမားလေသည်။ အင်မော်တယ်ကမ္ဘာက ပင်မစကြာဝဠာ၏ တစ် ရာခိုင်နှုန်းနှင့် ညီမျှသည်။ ထို့ကြောင့် လင်းယွမ်က ပင်မစကြာဝဠာမှာပင် အစိတ်အပိုင်းတစ်ခုအထိ အာရုံခံနိုင်လေသည်။
သူ၏ မူလစိတ်ဝိညာဉ်နှစ်ခုကို လမ်းညွှန်မှတ်များအဖြစ် အသုံးပြုပြီး ပင်မစကြာဝဠာ၏ အဓိကနေရာများတွင် ထားခဲ့လျှင် သူက ပင်မစကြာဝဠာ၏ နေရာတိုင်းတွင် ပေါ်လာနိုင်သည်။ တစ်ခုတည်းသော အားနည်းချက်မှာ ဆင်းသက်လာသူက ကိုယ်ပွားတစ်ခုသာ ဖြစ်သည်။
သို့သော် လင်းယွမ်၏ လက်ရှိခွန်အားနှင့် ကိုယ်ပွားတစ်ခုဖြစ်လျှင်တောင် အလွှာဆယ့်တစ်ထက် များစွာ သာလွန်သည်။ လိုအပ်သည့်အခါ ကိုယ်ပွားများကို တည်နေရာသတ်မှတ်ပြီး မူလခန္ဓာကိုယ်က ဆင်းသက်လာနိုင်သည်။
လင်းယွမ်က သိုင်းတာအိုကျင့်ကြံသူများစွာကို အချိန်လေဟာနယ်လမ်းကြောင်းမှတစ်ဆင့် အင်မော်တယ်ကမ္ဘာသို့ ခေါ်ဆောင်လာစဉ် နတ်ဆိုးဘိုးဘေး၏ စောင့်ကြည့်မှုကို ခံစားခဲ့ရသည်။ ထို့ကြောင့် သူက နတ်ဆိုးဘိုးဘေးနှင့် မျက်နှာချင်းဆိုင်တွေ့ရန် ရောက်လာခြင်းဖြစ်သည်။
" သိုင်းဘိုးဘေးလား။ " နတ်ဆိုးဘိုးဘေးက လေးနက်စွာ ကြည့်နေသည်။ သူက လင်းယွမ်ကို ဂရုတစိုက် လေ့လာနေပြီး သူ၏ ရှေ့မှ လူက ဤအချိန်လေဟာနယ်၌မရှိဘဲ ပုံရိပ်ထင်ဟပ်မှုတစ်ခုသာဖြစ်သည်။
" ငါမင်းအကြောင်းကို တစ်ခါမှမကြားဖူးဘူး။ " နတ်ဆိုးဘိုးဘေးက စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။
သူက အချိန်အများစုကို အိပ်စက်ခြင်းဖြင့်သာ ကုန်ဆုံးခဲ့သော်လည်း လင်းယွမ်ခွန်အားအရ အလွန်ဝေးကွာသော အတိတ်မှ တိုးတက်လာခြင်းဖြစ်နိုင်သည်။ သို့သော် နတ်ဆိုးဘိုးဘေးက သိုင်းဘိုးဘေး၏ နာမည်ကို တစ်ခါမှမကြားဖူးခဲ့ပေ။
" အခုမကြားဖူးတာ ကိစ္စမရှိဘူး။ အနာဂတ်မှာ မှတ်မိသွားလိမ့်မယ်။ " လင်းယွမ်က ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ နတ်ဆိုးဘိုးဘေးက ခဏတိတ်ဆိတ်သွားသည်။ " သိုင်းဘိုးဘေးက ဘာကိစ္စအတွက် ရောက်လာတာလဲ။ "
" တကယ်တော့ ကိစ္စနှစ်ခုရှိပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" ပြောပါ။ " နတ်ဆိုးဘိုးဘေးက လင်းယွမ်ကို ကြည့်လိုက်သည်။
သူ၏ အဆင့်တွင် မည်သူမှ သူ့ကို တောင်းဆိုရန် မဝံ့ရဲပေ။ သို့သော် လင်းယွမ်ထုတ်ပြခဲ့သော အချိန်လေဟာနယ်အပေါ် ကျွမ်းကျင်မှုက နတ်ဆိုးဘိုးဘေးအပေါ် ကြီးမားသော ဖိအားကို ခံစားရစေသည်။
" ငါက သိုင်းဘိုးဘေးဆိုတော့ အင်မော်တယ်ကမ္ဘာမှာ သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ကျင့်ကြံတဲ့ တပည့်အနည်းငယ်ကို လေ့ကျင့်ပေးထားတယ်။ " လင်းယွမ်က သက်ပြင်းချပြီး ပြောလိုက်သည်။ " နတ်ဆိုးဘိုးဘေးက ငါ့ရဲ့ အားနည်းတဲ့ တပည့်တွေကို တိုက်ခိုက်တာ၊ သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ဖိနှိပ်တာမျိုး မလုပ်ဖို့ မျှော်လင့်ပါတယ်။ "
သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို အင်မော်တယ်ကမ္ဘာတွင် ရေရှည်တည်တံ့နိုင်ရန် အခြေခံဖြန့်ဝေမှုကို လိုအပ်ခြင်းအပြင် နတ်ဆိုးဘိုးကဲ့သို့ အလွှာဆယ့်နှစ် တည်ရှိမှု၏ သဘောထားကလည်း အရေးကြီးသည်။ နတ်ဆိုးဘိုးဘေးကသာ သိုင်းတာအိုကျင့်ကြံခြင်းစနစ်ကို ပစ်မှတ်ထားခဲ့လျှင် အဆုံးသတ်က ပျက်ဆီးခြင်းသာ ဖြစ်ပေလိမ့်မည်။
" သိုင်းတာအိုကျင့်ကြံခြင်းစနစ်... " နတ်ဆိုးဘိုးဘေးက ခဏစဉ်းစားပြီး ပြောလိုက်သည်။ " ငါ လှုပ်ရှားမှာမဟုတ်ဘူး။ "
သူ၏ ခွန်အားနှင့် ဂုဏ်သိက္ခာအရ လင်းယွမ်မပြောလျှင်တောင် သူက အားနည်းသူများကို တိုက်ခိုက်ရန် စိတ်မဝင်စားပေ။ အတိတ်မှ အင်မော်တယ်နှင့်နတ်ဆိုး စစ်ပွဲများက နတ်ဆိုးဘိုးဘေး၏ ကစားပွဲများသာ ဖြစ်ပြီး သူကိုယ်တိုင်က တစ်ခါမှ လှုပ်ရှားခဲ့ခြင်းမရှိပေ။
" နောက်တစ်ခုကတော့...." လင်းယွမ်က အနည်းငယ် ပြုံး၍ ဆက်ပြောလိုက်သည်။ " အင်မော်တယ်ကမ္ဘာရဲ့ မူလရင်းမြစ်မှာ နိယာမအတက်အကျတွေ သိသာထင်ရှားတယ်လို့ ငါ ကြားတယ်။ ဒါကြောင့် ငါ အင်မော်တယ်ကမ္ဘာရဲ့ မူလရင်းမြစ်ကို သွားဖို့ စီစဉ်ထားတယ်။ "
ထိုစကားများ ထွက်ပေါ်လာသောအခါ နတ်ဆိုးဘိုးဘေး၏ မျက်လုံးများက မှေးကျဉ်းသွားသည်။
" သိုင်းဘိုးဘေးရဲ့ ဆိုလိုရင်းကို ငါနားမလည်ဘူး။ အင်မော်တယ်ကမ္ဘာရဲ့ မူလရင်းမြစ်က နတ်ဆိုးချောက်နက်မဟုတ်ပါဘူး။ "
နတ်ဆိုးဘိုးဘေး၏ စကားက ရှင်းပေသည်။ အင်မော်တယ်ကမ္ဘာ၏ မူလရင်းမြစ်က အင်မော်တယ်ဘိုးဘေး၏ ပိုင်ဆိုင်မှုဖြစ်သည်။ လင်းယွမ်က ထိုစကားကို အင်မော်တယ်ဘိုးဘေးအား ပြောသင့်ပေသည်။
" ဟားဟားဟား..." လင်းယွမ်က ရယ်မောလိုက်သည်။ " အင်မော်တယ်ကမ္ဘာရဲ့ အင်မော်တယ်ကျင့်ကြံသူအားလုံး၊ နတ်ဆိုးချောက်နက်ရဲ့ နတ်ဆိုးအားလုံးက အင်မော်တယ်ဘိုးဘေးနဲ့ နတ်ဆိုးဘိုးဘေးက ဆန့်ကျင်ဘက်တွေဖြစ်လို့ အင်မော်တယ်နဲ့နတ်ဆိုး စစ်ပွဲဖြစ်လာတယ်လို့ ထင်ကြတယ်။ "
" ဒါပေမယ့် အင်မော်တယ်ဘိုးဘေးနဲ့ နတ်ဆိုးဘိုးဘေးက တူညီတဲ့ စိတ်အသိက ဆင်းသက်လာတာမဖြစ်နိုင်ဘူးလား။ မင်းကို ပြောတာက အင်မော်တယ်ဘိုးဘေးကို ပြောတာနဲ့ အတူတူပဲမဟုတ်လား။ " လင်းယွမ်က နတ်ဆိုးဘိုးဘေးကို ကြည့်လိုက်သည်။