သရဲမျက်နှာ
Vol. 22 Ch. 316
တာ့ကျိုက်လျှပ်စစ်ပစ္စည်းထောက်ပံ့ရေးကုမ္ပဏီ ဝန်ထမ်းအိမ်ရာသည် မျက်နှာမဲ့ ရုပ်တု၏ ကျူးကျော်ဖျက်ဆီးခံထားရပြီးဖြစ်သည်။ ယင်းသည် မူမမှန်ဖြစ်စဉ်အားလုံး၏ အရင်းအမြစ်ပင်ဖြစ်သည်။ ထိုနေရာအား ပုံမှန်အတိုင်း ပြန်ဖြစ်စေရန်မှာ ရေသေဖိုရမ်တွင် အသေးစိတ်ဖော်ပြထားသည့်အတိုင်း ရွှံ့ရုပ်တုအား ဖျက်ဆီးရမည်ဖြစ်သည်။ ကောင်းမင်သည် ခုနစ်လွှာသို့ ရောက်လာပြီး သူမြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် အံ့အားသင့်သွားရသည်။
မျက်နှာပျက်စီးနေသည့် နေထိုင်သူတစ်ဦးသည် ဧည့်ခန်းအဝင်ဝတွင် ကြိုးဆွဲချခံထားရသည်။ ဖန်လီသည် အရိပ်မည်း လေးခုဖြင့် ဝန်းရံခြင်းခံထားရသည်။
“မိသားစု တစ်စုလုံး သန္ဓေပြောင်းသွားတာလား”
အသံကြားလိုက်ရသဖြင့် အရိပ်မည်းက ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။ နက်မှောင်နေသော ဆံပင်များဖြင့် ဖုံးအုပ်ထားသော ၎င်းမျက်နှာက ကောင်းမင်အား စိုက်ကြည့်၏။ ၎င်း၏မျက်နှာကား ပြောင်ချောနေပေသည်။ မျက်နှာသွင်ပြင်သည် ပြောင်ချောနေပြီး မျက်နှာပေါ်တွင် မျက်လုံးတစ်စုံသာ ကျန်ရှိတော့သည်။
ညှဉ်းပန်းနှိပ်စက်သည့် အခန်းထဲတွင် ပိတ်မိနေသည့် မိန်းကလေးအပါအဝင် မိသားစုငါးယောက်သည် မျက်နှာသွင်ပြင်ချင်း တူညီနေကြသည်။ သူတို့၏ ခန္ဓာကိုယ်များ ကွဲပြားသော်လည်း ဝိညာဉ်တစ်ခုတည်းကို မျှဝေပိုင်ဆိုင်ထားခြင်းဖြစ်သည်။ မိခင်ဖြစ်သူက မျက်လုံးများ၊ ဖခင်ဖြစ်သူက နားများ၊ အဖိုးဖြစ်သူက နှာခေါင်း... စသည်ဖြင့် ပိုင်ဆိုင်ထားကြသည်။
ကောင်းမင်က သူတို့ကို မြင်လိုက်ရချိန်တွင် သူ့ဦးနှောက်မှာ တိုက်ခိုက်ခြင်း ခံလိုက်ရသည်။ မတူညီသော မျက်နှာလေးမျိုးက သူ့မှတ်ဉာဏ်ကို ကိုက်ဖြတ်ရန်အတွက် သူ့စိတ်ထဲသို့ ဝင်ရောက်လာတော့သည်။
“လူတွေ သူတို့မျက်နှာကို မမြင်ရတာ အံ့သြစရာမဟုတ်တော့ဘူး ၊ ဒါက မျက်နှာမဲ့ ရုပ်တုရဲ့ စည်းမျဉ်းကို ချိုးဖောက်တာပဲ ၊ ဒီလိုလုပ်တာက သူတို့ကို သာမန်လူတွေရဲ့ ဦးနှောက်ထဲ ဝင်ပြီး မှတ်ဉာဏ်တွေကို စားသုံးဖို့ ခွင့်ပြုလိုက်တာပဲ”
သူတို့၏ မှတ်ဉာဏ်များ ဆုံးရှုံးသွားသည်နှင့်အမျှ သာမန်လူများသည် သူတို့မျက်နှာများကိုပါ ဆုံးရှုံးသွားပြီး မမြင်နိုင်၊ မကြားနိုင် ၊ အနံ့ခံနိုင်ခြင်း မရှိသည့် ရုပ်သေးများ ဖြစ်လာကြလိမ့်မည်ဖြစ်သည်။
ကောင်းမင်သည် သူတို့မျက်နှာများကို မြင်လိုက်ရသော်လည်း ဂရုမစိုက်ပေ။ သူ့သေခြင်းမှတ်ဉာဏ်များကို နိုးဆွလိုက်သည်။
“ပျော်ပျော်ကြီး စားလိုက်ကြစမ်း”
ဆာလောင်နေသည့် သရဲများသည် အဆိပ်စားမိသူများကဲ့သို့ အော်ဟစ်ငိုကြွေးလိုက်ကြသည်။
ဖိနှိပ်ခံထားရသော ဖန်လီက ထိုအခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။ ထိုလူငယ်သည် မျက်လုံးများ မှိတ်ထားဆဲဖြစ်သည်။ သူသည် သူ့ခါးနောက်မှ ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ လက်ဖဝါးအား လှီးဖြတ်၍ သူ့သွေးများ ဓားပေါ်စိုရွှဲသွားစေရန် ပြုလုပ်လိုက်သည်။
“ငါနဲ့ မင်းတို့နဲ့ကြားမှာ ဘာရန်ငြိုးမှ မရှိဘူး ၊ ဒါပေမဲ့ ဒီလောကကြီးရဲ့ သဘာဝက ဒီလိုပဲ ၊ မင်းတို့ ခံစားနေရတဲ့ နာကျင်မှုကို ငါသိတယ် ၊ မင်းတို့ရဲ့ ခရီးလမ်းကို ငါပို့ပေးပါရစေ!”
ဖန်လီက တရားမျှတစွာ ပြောလိုက်သည်။ ကောင်းမင် သူ့အစား မျက်နှာပူမိသည်။ သို့သော် ဖန်လီကမူ ဤသည်မှာ မရှိမဖြစ် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တစ်ခုဟု ယုံကြည်ပေသည်။ ၎င်းကသာ သူ့အား ‘လူသတ်မှု’များကို လုပ်ဆောင်ရာတွင် စိတ်သက်သာရာ ရစေမည့် နည်းလမ်းဖြစ်သည်။
နာကျင်မှုကြောင့် ဖန်လီ၏ လည်ပင်းနှင့် လက်မောင်းများရှိ သွေးကြောများ ဖောင်းကြွလာလေသည်။ ထိုလူငယ်သည် ရုတ်တရက် ဆိုးသွမ်းပြီး ကြောက်မက်ဖွယ်ကောင်းလာတော့သည်။သူ့ခန္ဓာကိုယ်မှ အရိပ်များ စိမ့်ထွက်လျက်ရှိနေလေသည်။
“အရိပ်လား ၊ သူက အရိပ်ကမ္ဘာက အရာတွေနဲ့ အစားထိုးခံလိုက်ရတာလား”
ကောင်းမင်သည် ဒီလိုမျိုးဖြစ်ရပ်အား ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ဘေးကပ်ဆိုးကြီးတွင် မည်သည့်အရာမဆို ဖြစ်လာနိုင်သည်။ မဖြစ်နိုင်စရာ ဘာတစ်ခုမှ မရှိပါပေ။
ဖန်လီ သူ့အနီးဆုံးရှိ သက်ကြီးပိုင်းအမျိုးသားဆီသို့ ခုန်အုပ်လိုက်သည်။ ကောင်းမင်အတွက် အံ့အားသင့်ရသည်မှာ ဖန်လီ၏ လက်နက်သည် ဓားမဟုတ်ဘဲ သူ့ပါးစပ်ဖြစ်နေခြင်းပင်။ ဖန်လီသည် ထိုစွမ်းအား ရရှိရန်အတွက် ယခင်က မူမမှန်မှုတစ်ခုခုတွင် တစ်စုံတစ်ခု စားသုံးထားခြင်းဖြစ်ပေမည်။
ထိုမိသားစုလေးယောက်သည် ကောင်းမင်ထံမှ မည်သည့်အရာမျှ မရရှိသည့်အတွက် သူတို့၏ ပစ်မှတ်ကို ပြောင်းလဲလိုက်သည်။ သူတို့၏ ခန္ဓာကိုယ်များသည် အကျိအချွဲများကဲ့သို့ အရည်ပျော်ကျသွား၏။ သူတို့သည် ကပ်ပါးကောင်များကဲ့သို့ ဖန်လီ၏ ခန္ဓာကိုယ်ပေါ်သို့ တွယ်ကပ်လိုက်ကြသည်။ အရိုးများက အက်ကွဲပြီးရင်း အက်ကွဲလျက်ရှိသည်။ မျက်လုံးများကို ဆက်မှိတ်ထားဆဲဖြစ်သည့် ဖန်လီသည် ရူးသွပ်စွာ ဝါးမြိုကိုက်ခဲနေခဲ့သည်။
ကမ္ဘာပျက်ကပ်ကြီးမှ ရှင်သန်ရန်အတွက် လူသားများသည် သရဲများထက်ပင် ပို၍ သရဲသဘက်ဆန်လာနိုင်ပေသည်။ သို့သော် လူတစ်ဦး၏ စိတ်နှလုံးသည် လူသားဆန်မှုဖြင့် တောက်ပနေသရွေ့ သူ့အသွင်အပြင်မှာ အရေးမကြီးပေ။
အရိပ်မည်းများက ဖန်လီအား ဧည့်ခန်းထဲသို့ တွန်းပို့လိုက်ကြသည်။ ထိုအခန်းအလယ်တွင် ကြမ်းပြင်၌ ချထားသည့် မှန်ကြီးတစ်ချပ် ရှိနေသည်။ မှန်၏ဘေးပတ်လည်သည် ယဇ်ပူဇော်ပထားသည့် အရာများနှင့်တန်ဆာဆင်ထားပြီး အဖြူရောင်ဖယောင်းတိုင်နှစ်တိုင်ဖြင့် ဆင်ယင်ထားသည်။ သူတို့သည် ဖန်လီအား မှန်နှင့် ပိုမိုနီးကပ်စေရန် တွန်းအားပေးလိုက်ကြသည်။ မှန်ထဲရှိ “ဖန်လီ”သည် ကိုယ်ခန္ဓာ သို့မဟုတ် မျက်နှာ မရှိပေ။ သို့သော် ထိုမကောင်းဆိုးဝါးသည် ဖန်လီကို အလွန်စိတ်ဝင်တစားဖြစ်နေ၏။ ထိုလူငယ်အား စားပစ်ရန် မစောင့်နိုင်တော့ပေ။
“နောက်ဆုံးတော့ ငါ မင်းတို့အားလုံးကို သတ်ပစ်မယ်!”
ကြောက်မက်ဖွယ်ကောင်းသော မျက်နှာသွင်ပြင်မှ ဖန်လီ၏ စူးရှလှသည့် အသံ ထွက်ပေါ်လာခဲ့သည်။ သူ အစွမ်းကုန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ သူသည် ထိန်းချုပ်ခံထားရသည့် နေထိုင်သူများကို ယှဉ်နိုင်သေးသော်လည်း မှန်ထဲမှ မကောင်းဆိုးဝါးကို ခုခံရန်အတွက်တော့ အလွန်အားနည်းနေခဲ့သည်။
သူ့မျက်နှာသည် မှန်နှင့် ဖိကပ်ထားခြင်း ခံလိုက်ရသည်။ သူ့မှတ်ဉာဏ်နှင့် စိတ်ခံစားချက်များက မှန်ထဲမှအရာကြီးကြောင့် စုပ်ယူခံနေရ၏။
သူကလေးဘဝက မိခင်ဖြစ်သူနဲ့အတူ လမ်းဘေးဆိုင်လေးတွင် အလုပ်လုပ်ခဲ့ရသည်။ သူအထက်တန်းကျောင်းတက်ခဲ့စဉ်က သူငယ်ချင်းဖြစ်သူကို ကာကွယ်ရန်အတွက် လူဆိုးဂိုဏ်းတိုက်ပွဲတွင်လည်း ပါဝင်ခဲ့ဖူးသည်။ သူသည် စေတနာ့ဝန်ထမ်း ရဲအရာရှိတစ်ယောက် ဖြစ်လာခဲ့သည်။ တရားဝင် လိုင်စင်ပင် မရှိသော်လည်း အမြဲတမ်း ရှေ့ဆုံးကနေ ပြေးဝင်ခဲ့သည်။ သူ့အား တွန်းအားပေးသည့်အရာသည် တရားမျှတမှုထက် ပိုပေသည်။ သူသည် သူ့ကိုယ်သူ သက်သေပြချင်ခဲ့သည်။ကမ္ဘာကြီးတွင် သူ့လိုလူများ တကယ်ရှိနေသေးသည်ကို လူအများသိရှိစေရန် တရားဝင်အရာရှိတစ်ယောက် ဖြစ်ချင်ခဲ့သည်။
သူ၏စိတ်ကား မှုန်ဝါးလာချေပြီ။ မိမိကိုယ်မိမိ မေ့လျော့တော့မည်ကဲ့သို့ သူခံစားလာရသည်။ ထိုနက်ရှိုင်းလှသည့် စိတ်ပျက်အားငယ်မှုထဲတွင် သူသည် ခြေလက်များ လှုပ်ရှားရန်ပင် မတတ်နိုင်တော့ချေ။သူ လွတ်မြောက်အောင် မရုန်းကန်နိုင်တော့။ မှန်ကို ရိုက်ခွဲရန် ကြိုးစားရင်း သူ့ခေါင်းကို မှန်ထဲသို့ ဆောင့်တိုက်လိုက်သည်။ သူအသက်ရှူနေသေးသရွေ့ သူ လက်လျှော့မည်မဟုတ်ပေ။
သရဲမျက်နှာမှ ထွက်ပေါ်လာသည့် အရိပ်သည် ပိုမို ထူထဲလာ၏။ နာကျင်မှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများသည် သူ့အာဟာရဖြစ်သည်။ သူသည် ကမ္ဘာပေါ်ရှိ မညီမျှမှုအားလုံးကို သူ့ဗိုက်ထဲသို့ မျိုချပစ်ချင်သည်။ သားစားကြူး နတ်ဘုရားသည် ဖန်လီ၏ သရဲမျက်နှာနှင့် ပဲ့တင်ထပ်သွား၏။ အစ်ကိုလီအား တုံ့ပြန်ခဲ့ပုံနှင့် မတူဘဲ သားစားကြူးနတ်ဘုရား၏ နှလုံးသားသည် စတင် ခုန်ပေါက်လာတော့သည်။
ဖန်လီ၏ စိတ်ဆန္ဒစွမ်းအားသည် အစ်ကိုလီ၏ အဆင့်နှင့် မတူညီပေ။ အစ်ကိုလီသည် အဆင့်ခြောက် ညှဉ်းပန်းနှိပ်စက်မှုကို ခံနိုင်ရည်ရှိခဲ့သော်လည်း ဖန်လီကမူ အဆုံးထိ ရှင်သန်နိုင်သူဖြစ်သည်။
ကောင်းမင်က ညှဉ်းပန်းနှိပ်စက်သည့် အခန်းကို ဖွင့်လိုက်သည်။ ချိန်းကြိုးများက အရိပ်မည်းများ၏ ခန္ဓာကိုယ်များကို ထိုးဖောက်သွားသည်။ သားစားကြူး နတ်ဘုရားသည် ဖန်လီ၏ စိတ်ဆန္ဒကို ထိတွေ့လိုက်သည်။ နတ်ဘုရားက အသားနံ့သင်းနေသည့် သွေးတစ်စက်အား ဖန်လီ၏ ပါးစပ်ထဲ ချပေးလိုက်သည်။ ယင်းသည် ဖန်လီ၏ ကံကြမ္မာအား ကောင်းမင်၏ ကံကြမ္မာနှင့် ထိရောက်စွာ ချည်နှောင်လိုက်ခြင်း ဖြစ်သည်။
စားသောက်ပွဲတစ်ခုနှင့် နှိုင်းယှဉ်လျှင် သားစားကြူး နတ်ဘုရားသည် ဖန်လီထံမှ အရာတစ်ခုခုကို အဆက်မပြတ် ရရှိရန်အတွက် ထိုနည်းလမ်းကို အသုံးပြုလိုခြင်းဖြစ်သည်။
မှန်ကား အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။ ဖန်လီ၏ ရောင်ပြန်ပုံရိပ်က သားစားကြူး နတ်ဘုရားကို စိုက်ကြည့်လိုက်သည်။ သူ့ကိုယ်ခန္ဓာအစစ်အမှန်မှာ ထိုနေရာတွင် မရှိသဖြင့် ကောင်းမင်အား တားဆီးနိုင်ခြင်း မရှိပေ။
ချိန်းကြိုးများက တချွင်ချွင်မြည်လျက်ပင်။ သားစားကြူး နတ်ဘုရားသည် ထိုမိသားစု တစ်စုလုံးကို ညှဉ်းပန်းနှိပ်စက်သည့် အခန်းထဲသို့ ပို့လိုက်သည်။ ဧည့်ခန်းသည် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
ဖန်လီ၏စိတ်ဆန္ဒကို ရရှိပြီးနောက် သားစားကြူး နတ်ဘုရား၏ လူသားမျက်နှာမှာ ပို၍ အသက်ဝင်လာတော့သည်။
“ကောင်းယန်ရဲ့ နည်းလမ်းက တကယ် အသုံးဝင်ပုံပဲ ၊ တစ်ယောက်ယောက်ကို အိပ်မက်သရဲတစ်ကောင်ဖြစ်အောင် ပျိုးထောင်ဖို့ လူဘယ်လောက်ရဲ့ စိတ်ဆန္ဒကို လိုအပ်မလဲ မသိဘူး”
အန္တရာယ်သည် ယာယီအားဖြင့် ပြေလည်သွားခဲ့သည်။ ကောင်းမင်သည် ဆက်မနေနေတော့ဘဲ ခြောက်လွှာသို့ ပြန်ပြေးသွားလိုက်သည်။ သူက အိုးယန်စုစုနှင့် အစ်ကိုလီတို့ မျက်လုံး ဖွင့်စေရန် အော်ဟစ်လိုက်သည်။
“သရဲ ပျောက်သွားပြီလား”
အစ်ကိုလီ ကြမ်းပြင်ပေါ်သို့ ပုံကျသွား၏။ သူက အားအင်ချိနဲ့စွာဖြင့် လှေကားထစ်များကို ညွှန်ပြရင်း
“ခုနစ်လွှာကို သွား! ရှောင်ဖန်က အခုထိ အပေါ်မှာ ရှိနေတုန်းပဲ!”
ကောင်းမင်နှင့် အိုးယန်စုစုတို့သည် ခုနစ်လွှာသို့ ပြန်ရောက်လာကြပြန်သည်။ ဖန်လီသည် ကွဲကြေနေသည့် မှန်ရှေ့တွင် လဲလျောင်းနေလျက်သားပင်။ သူ့မျက်နှာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီဖြစ်သည်။
“ရှောင်ဖန်!”
အိုးယန်စုစုက ဖန်လီ၏ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်သည်။ နောက်ဆုံးတွင် ဖန်လီ နိုးလာခဲ့သည်။
“အစ်မကြီး ၊ ဒီထက် ပိုလှုပ်ရင် ကျုပ်အန်မိတော့မယ်”
သူ့ခေါင်းကို ကိုင်ထားရင်း ဖန်လီက ပတ်ပတ်လည်ကို ကြည့်လိုက်သည်။
“ဒါက ကျုပ်လုပ်ခဲ့တာလား”
ဖန်လီသည် မှန်ထဲသို့ သူ့ခေါင်းဖြင့် ဆောင့်တိုက်လိုက်သည်ကို မှတ်မိလိုက်သည်။ သို့သော်လည်း မှန်စအချို့က သူ့ထံမှ မီတာအတော်များများ ဝေးသောနေရာသို့ ပျံထွက်သွားခဲ့သည်။ ငါတိုက်တာက ဒီလောက် ပြင်းလို့လား။