ပျောက်ဆုံးသွားသောမျက်နှာများ
Vol. 22 Ch. 318
“တိတ်တိတ်နေကြ ၊ လှုပ်ရှားမှုအခန်းက အဘွားလီရဲ့ အိမ်အပေါ်မှာပဲရှိတာ”
ဖန်လီသည် မည်သည့်အရာကိုမျှ မဖုံးကွယ်ခဲ့ပေ။ သူသိထားသည့် အချက်အလက်များကို လူတိုင်းနှင့် မျှဝေလိုက်သည်။
“ငါတို့ရဲ့ ပစ်မှတ် ရွှံ့ရုပ်တုက အဘွားလီရဲ့ အိမ်ထဲမှာ ရှိရမယ် ၊ အဲဒါကို ဖျက်ဆီးပြီးရင် ငါတို့ ထွက်သွားကြမယ်”
ဖန်လီက လူတိုင်းကို စစ်ဆေးလိုက်ပြီး ပိုင်ရှုနှင့် အစ်ကိုလီတို့အား လက်ညှိုးထိုးလိုက်သည်။
“ခင်ဗျားတို့နှစ်ယောက် အဘွားလီရဲ့ အိမ်ထဲ ဝင်နေတုန်း ကျုပ်က လှေကားထစ်ကို စောင့်ပေးမယ်”
“ဒီအကြံက ကောင်းပါ့မလား”
ယိုယိုက သူမ၏ ရည်းစားလက်မောင်းကို ဆွဲကိုင်လိုက်သည်။
“အဘွားလီရဲ့ အိမ်ထဲမှာ ဘာရှိမှန်း ဘယ်သူမှမသိဘူးနော် ၊ အန္တရာယ်ရှိနေရင် ဘယ်လိုလုပ်မလဲ”
“ရွှံ့ရုပ်တုက မူမမှန်ဖြစ်ရပ်အားလုံးရဲ့ အရင်းအမြစ်ပဲ ၊ ငါတို့ ရွှံ့ရုပ်တုကို တစ်ခုခုလုပ်လိုက်ရင် လှုပ်ရှားမှုအခန်းထဲက လူတွေ အာရုံစိုက်လာလိမ့်မယ် ၊ မင်းတို့အတွက် အချိန်ရအောင် ငါ လှေကားမှာ သူတို့ကို တားထားပေးမယ်”
ဖန်လီသည် အမြဲတမ်းလိုလိုပင် အန္တရာယ်အရှိဆုံး အလုပ်ကိုတာဝန်ယူတတ်သောကြောင့် လူများသည် သူခိုင်းသည်များကို မကြာခဏဆိုသလို လိုက်နာလေ့ရှိကြသည်။
“ဒါပေမယ့် နောက်ဘက်ကို ကာကွယ်တာလည်း အရေးကြီးတယ် ၊ ကောင်းမင်က လူသစ်တစ်ယောက်ပဲ ၊ သူ လုပ်နိုင်ပါ့မလား”
ယိုယိုက နောက်ဘက်ရှိ ကောင်းမင်ကို လှမ်းကြည့်လိုက်သည်။ ထိုလူမှာ အလွန်တက်ကြွမှုမရှိဘဲ မည်သည့်အရာအတွက်မှ စေတနာ့ဝန်ထမ်းလုပ်ခြင်း မရှိခဲ့ချေ။
“အဆင်ပြေပါတယ် ၊ ငါ့နဲ့ ထားခဲ့လိုက်ပါ”
ပိုင်ရှုက ယိုယို၏ လက်ကို ပုတ်လိုက်သည်။ သူနှင့် အစ်ကိုလီတို့က ရှေ့သို့ လျှောက်သွားလိုက်ကြသည်။
သံချေးတက်နေသော ကော်ရစ်ဒါတံခါးမှာ ကျွီကနဲ ပွင့်သွားသည်။ ကော်ရစ်ဒါအတွင်းရှိ အပူချိန်မှာ ပုံမှန်ထက် လျော့နည်းနေပေသည်။လူတစ်ယောက် ထိုနေရာသို့ လျှောက်သွားသောအခါ အော်ပရာသီချင်းသံကို ကြားရမည်ဖြစ်သည်။ ရပ်ကွက်ကော်မတီ၏ လှုပ်ရှားမှု စတင်နေပုံရသည်။ လှေကားထစ်များပေါ်တွင် အနက်ရောင် မှော်ပင်များ ပေါက်ပွားနေကြသည်။ ထိုထူးဆန်းသော အသံမှာ အေးစက်သော လေပြေကဲ့သို့ လူတိုင်း၏ အင်္ကျီလက်များထဲသို့ တိုက်ခတ်ဝင်ရောက်လာ၏။ သူတို့ အပေါ်သို့ တက်သွားလေလေ၊ ထိုအသံများမှာ ပို၍ ကြောက်မက်ဖွယ်ကောင်းလာလေလေဖြစ်သည်။ ထိုစိတ်ခြောက်ခြားဖွယ် တေးသွာတါင် နာကျင်မှုများဖြင့် ပြည့်နှက်နေလေသည်။
“သရဲသီချင်းလား”
အစ်မကျန်းသည် နားထောင်ရန် ခေတ္တရပ်တန့်လိုက်သည်။ သူမသည် ပူးကပ်ခံလိုက်ရသကဲ့သို့ ရပ်တန့်သွား၏။
“ခင်ဗျား ဒါကို သိလို့လား”
ဖန်လီသည် လှုပ်ရှားမှု ရပ်တန့်သွားသည်။
(နာမ်စား အသုံးအနူန်းတွေကို အသက်အရွယ်အလိုက် ပြောင်းသုံးပါမယ်)
“မူမမှန်ဖြစ်ရပ်ထဲကို ကျွန်မ ပထမဆုံး ဝင်ခဲ့မိတုန်းက ကျွန်မရဲ့ အလုပ်ရှင်က သရဲသီချင်းနဲ့ ရင်းနှီးတယ် ၊ အဲဒါက ဝိညာဉ်တွေရဲ့ ညည်းညူသံကို အတုခိုးတဲ့ ဂီတအမျိုးအစားပဲ ၊ တီးဝိုင်းအဖွဲ့ မပါဘူး ၊ အဲ့ဒါက သိမ်မွေ့တယ် ၊ ပုံမှန်မဟုတ်ဘူး ၊ အဓိပ္ပာယ်လည်းမရှိဘူး...”
အစ်မကျန်းသည် ကြောက်ရွံ့နေပုံရသည်။
“ကျွန်မ အလုပ်ရှင်က သူဌေးကြီးတစ်ယောက်ရဲ့ မယားငယ်ပါ ၊ သူရဲ့ မျှော်လင့်ချက်က ဇနီးကြီးနေရာကို အစားဝင်ဖို့ပဲ ၊ မူမမှန်ဖြစ်ရပ် ဖြစ်လာတဲ့အခါ သူမြေအောက်မှာ ထိန်းသိမ်းထားတဲ့ သရဲလေးတွေ အသက်ပြန်ရှင်လာကြတယ် ၊ အဲဒီညက သူမြေအောက်ခန်းထဲ ဝင်သွားပြီး ပြန်ထွက်မလာတော့ဘူး”
“ဒါဆို သူက ပုန်းနေတဲ့ မယားငယ်ပေါ့”
ယိုယို အံ့အားသင့်သွားသည်။
“ကျွန်မတို့ ရှင် သူ့အကြောင်းပြောတာ မကြားရတာ အံ့သြစရာတော့မရှိပါဘူး”
“လူသားတွေက ရှုပ်ထွေးတယ် ၊ သူရဲ့ ကိုယ်ကျင့်တရားကို ဘေးဖယ်ထားလိုက်ရင် သူသရဲတစ်ကောင်ဖြစ်သွားပြီးနောက် ကျွန်မကို ထွက်သွားခွင့် ပေးခဲ့တယ် ၊ အဲဒါကြောင့် ကျွန်မ သူအကြောင်းကို ဘယ်တော့မှ မကောင်းပြောမှာ မဟုတ်ဘူး”
အစ်မကျန်းက ဖန်လီအား တီးတိုးပြောလိုက်သည်။
“ပုံမှန်အားဖြင့် သရဲသံစဉ်ပါတဲ့ သီချင်းတွေကို ဝိညာဉ်တွေ ဆင့်ခေါ်ဖို့နဲ့ ပြန်ပို့ဖို့အတွက် သုံးကြတယ် ၊ ဒီနေရာမှာ လူတွေက ဘာလို့ သရဲသီချင်း ဆိုနေကြလဲဆိုတာတော့ ကျွန်မ မသိဘူး ၊ ဒါပေမယ့် သီချင်းဆိုသူက ကျွန်မရဲ့ အလုပ်ရှင်ဟောင်းထက် ပို ကျွမ်းကျင်တယ်”
“သီချင်းဆိုသူက လူသားမဟုတ်ဘဲ ရွှံ့ရုပ်တုဖြစ်နေတာဖြစ်လိမ့်မယ်”
ဖန်လီက သူတို့ နားများကို ပိတ်ထားရန် ပြောလိုက်သည်။
ပထမထပ်ရှိ ကုန်စုံဆိုင်များမှာ သော့ခတ်ထားသည်။ တစ်ခုတည်းသော အလင်းရောင်မှာ ကွန်ပျူတာဟောင်း တစ်လုံးမှ ထွက်ပေါ်နေခြင်းဖြစ်သည်။ အဖြူအမည်း ဗီဒီယိုတွင် ဖန်လီတို့ အဖွဲ့၏ လှုပ်ရှားမှုများကို ပြသနေလေသည်။
သူတို့ ဒုတိယထပ်သို့ တိတ်တဆိတ် ဝင်ရောက်လာကြသည်။ အဘွားလီ၏ အိမ်တည်နေရာကို အတည်ပြုပြီးနောက် ဖန်လီက သူ့အိတ်ထဲမှ သော့ဖျက်ရေး ကိရိယာများကို ထုတ်ယူလိုက်သည်။ သူသည် စက်ပိုင်းဆိုင်ရာနှင့် အီလက်ထရွန်းနစ် သော့ခလောက်များအား မည်သို့ချိုးဖျက်ရမည်ကို သိသည်။
“နားလည်မှု မလွဲပါနဲ့ဦး ၊ ရာဇဝတ်ကောင်တွေကို ဖမ်းဆီးဖို့ သူတို့ရဲ့ နည်းလမ်းတွေကို ရင်းနှီးနေမှ ဖြစ်မယ်လေ”
ဖန်လီက ရှေ့တံခါးကို တိတ်တဆိတ် ဖွင့်လိုက်သည်။ သူ တံခါးကို ကိုင်ထားပြီး သူ့လက်များဖြင့် အမူအရာ ပြလိုက်သည်။
အစ်ကိုလီနှင့် ပိုင်ရှုတို့ အိမ်ထဲ ဝင်သွားကြသည်။ အိုးယန်စုစုသည် အထောက်အပံ့ပေးရန် တံခါးအပြင်ဘက်တွင် ရပ်ကျန်နေခဲ့သည်။ ဆေးဝါးနံ့များ ၊ ပုပ်သိုးနေသော အနံ့အသက်ပြင်းပြင်းများမှာ အိမ်ထဲမှ လွင့်ပျံထွက်လာခဲ့သည်။ ပိုင်ရှု သူ့ဖုန်းမီးကို ဖွင့်လိုက်သည်။ အလင်းရောင် ထွက်လာသည်နှင့် အစ်ကိုလီနှင့် ပိုင်ရှုတို့ တောင့်တင်းသွားတော့သည်။ ဧည့်ခန်း၊ မီးဖိုချောင်နှင့် အိပ်ခန်းများမှာ စက္ကူရုပ်များဖြင့် ဖုံးလွှမ်းနေလေသည်။ ထိုစက္ကူရုပ်များတွင် ရပ်ကွက်အတွင်း နေထိုင်သူများ၏ မျက်နှာများ ရှိနေလေသည်။ အရုပ်များ၏ ကိုယ်ပေါ်တွင် သူတို့၏ အမည်များကို ရေးသားထားသည်။ အဘွားလီ၏ အစီအစဉ်မှာ သူတို့အားလုံးကို ယဇ်ကောင်များအဖြစ် ပြောင်းလဲပစ်ရန် ဖြစ်သည်။
“အားလုံးက အတုတွေပဲ ၊ ရွှံ့ရုပ်တုကို ရှာတွေ့ဖို့ပဲ အာရုံစိုက်ထားကြ”
ဖန်လီသည်လည်း အလွန် စိုးရိမ်နေခဲ့သည်။ သူသည် တတိယထပ်သို့ တက်သော လှေကားအနီးတွင် ရပ်နေခြင်းဖြစ်သည်။ သူ့အပေါ်တွင် ဖိအားများစွာ ရှိနေခဲ့သည်။
“ ရွှံ့ရုပ်တုကို ရှာမတွေ့ဘူး”
စက္ကူရုပ်များကို ရှောင်ရင်း ပိုင်ရှု အိပ်ခန်းထဲသို့ ဝင်သွားလိုက်သည်။ အဘွားလီ၏ အိမ်တွင် ကလေးအဝတ်အစားများဖြင့် ပြည့်နှက်နေ၏။ သူမသည် ထိုအဝတ်အစားများကို တတိယထပ်ရှိ မူကြိုကျောင်းမှ စုဆောင်းထားပုံရသည်။ အချို့တွင် အမည်များ ပါရှိသည်။
“သူ တစ်ခုခုကို ကိုးကွယ်နေပုံရတယ်”
အဝတ်အစားများအားလုံးတွင် ဖြတ်တောက်ထားသော အစများနှင့် ချုပ်ထားသော အစများ ရှိနေသည်။ ၎င်းတို့သည် ကျိန်စာများဖြစ်သကဲ့သို့ ခံစားရသည်။ ပိုင်ရှုသည် ဗီရိုဟောင်းတစ်ခုအတွင်းထဲတွင် ရုပ်ဆိုးသော အရုပ်တစ်ရုပ်ကို တွေ့ခဲ့သည်။ ထိုအရုပ်အား အခြားကလေးများ၏ အဝတ်အစား အပိုင်းအစများမှ ပြုလုပ်ထားခြင်းဖြစ်သည်။ အရုပ်၏ ဝမ်းဗိုက်တွင် အဘွားလီ၏ လူသေဓာတ်ပုံတစ်ခု ပါရှိလေသည်။
“သူ သေသွားတာလား ၊ သူက ဒီနည်းလမ်းကို သူ့အသက်ဆက်ရှင်ဖို့အတွက် အသုံးပြုနေတာလား”
ပိုင်ရှုက ထိုအရုပ်နှင့်အတူ ထွက်လာခဲ့သည်။ အစ်ကိုလီက အခြား အိပ်ခန်းတစ်ခုကို ဖွင့်လိုက်သည်။ ၎င်းသည် အဘွားလီမြေး၏ အိပ်ခန်းဖြစ်ပုံရသည်။ အခန်းထဲတွင် ကလေးစာအုပ်များနှင့် အရုပ်များစွာ ရှိသည်။ သို့သော်လည်း ပြန့်ကျဲနေသော အရုပ်များ၏ အလယ်တွင် ကျောက်ဖြင့်ပြုလုပ်ထားသော ခုံတိုင်အလွတ်တစ်ခု ရှိနေ၏။
“ရွှံ့ရုပ်တုကို အရင်က ဒီနေရာမှာ ထားခဲ့တာလား”
အစ်ကိုလီက ထိုသို့ဖြစ်နိုင်ကြောင်း တွေးလိုက်သည်။ ထိုခုံတိုင်အနီးတွင် မီးရှို့ထားသော ပြာများနှင့် ဆန်များကို တွေ့လိုက်သည်။ ၎င်းသည် အဘွားလီ ရုပ်တုကို ကိုးကွယ်ခဲ့သည့် နေရာဖြစ်ပုံရသည်။
စက္ကူရုပ်များ နေရာပြောင်းသွားကြောင်း သတိပြုမိသောအခါ နှစ်ဦးသား အခန်းထဲမှ ပြန်ဆုတ်လိုက်ကြသည်။
“အရင်ကထက် ပိုများနေတယ်ဟ”
အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ပြီး သူတို့ ပြေးထွက်လာကြသည်။
ရုတ်တရက် အစ်မကျန်းက သရဲသီချင်းကို တီးတိုး ညည်းလာလေသည်။ သူမ၏ မျက်လုံးများသည် ထုံထိုင်းနေပြီး သူမ၏ ခန္ဓာကိုယ်ပေါ်တွင် သေးငယ်သော လက်ပုံစံငယ်များ ပေါ်လာတော့သည်။
“အစ်မကျန်း”
အစ်မကျန်းသည် သူ့ဘာသာ အပေါ်သို့ လျှောက်တက်သွားလေသည်။ အိုးယန်စုစုနှင့် ယိုယိုတို့က သူမကို မတားဆီးနိုင်ခဲ့ချေ။ အစ်မကျန်းသည် ပူးကပ်ခံထားရသကဲ့သို့ အလွန်စွမ်းအားကြီးလာခဲ့သည်။
“ရွှံ့ရုပ်တုက အဘွားလီရဲ့ အိမ်မှာ မရှိဘူး ၊ အဲဒါကို အပေါ်ထပ် ပို့လိုက်တာ ဖြစ်နိုင်တယ်”
အိမ်ထဲမှ လုံလုံခြုံခြုံ ထွက်လာပြီးနောက် အစ်ကိုလီနှင့် ပိုင်ရှုတို့သည် သူတို့နောက်ကျောများ စိုရွှဲနေကြောင်း သတိပြုမိကြသည်။
“ငါတို့ လွှတ်မြောက်ဖို့ဆို ရွှံ့ရုပ်တုကို ဖျက်ဆီးပစ်ရမယ် ၊ ငါတို့ အပေါ်ထပ်ကို သွားကြည့်ဖို့ လိုတယ်လို့ ထင်တယ်”
အိုးယန်စုစုသည် အစ်မကျန်းအား သူမတတ်နိုင်သမျှအင်အားဖြင့် ဖက်ထားသည်။
“အစ်မကျန်းက ပုံမှန်မဟုတ်တော့ဘူး ၊ ရှင် ဆုံးဖြတ်ချက်တစ်ခု ချမှ ရတော့မယ်”
“ငါတို့ အပေါ် တက်ကြတာပေါ့”
ဖန်လီ အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။
“ငါ အရှေ့က သွားမယ် ၊ အစ်မကျန်းကို သေချာ ကြည့်ထားပါ”
သူတို့သည် လှေကားထစ်များပေါ်သို့ ဦးတည်လိုက်ကြသည်။ တတိယထပ် ကော်ရစ်ဒါသည် ပို၍ ကျဉ်းမြောင်းလာလေသည်။ တတိယထပ်အား နံရံများကို ဖြိုချထားပြီး မူကြိုကျောင်းအဖြစ် ပြောင်းလဲထားပေသည်။ စားပွဲခုံများနှင့် ထိုင်ခုံများစွာ ရှိသော်လည်း ကလေးများ မရှိချေ။
“သီချင်းသံက ဒီကနေ လာနေတာပဲ...”
ဖန်လီသည် ကော်ရစ်ဒါရှိ ပြတင်းပေါက်တစ်ခုကို ဖြတ်လျှောက်သွားလိုက်သည်။ သူသည် သူ့ခေါင်းကို ရဲရင့်စွာဖြင့် ပြတင်းပေါက်ထဲ ခေါင်းတိုးကြည့်လိုက်သည်။ ကလေးများ စွမ်းရည်များကို ပြသရန် ရိုးရိုးရှင်းရှင်း ဆောက်ထားသော စင်မြင့်ပေါ်တွင် အမျိုးသမီးတစ်ဦး ရှိနေလေသည်။
ထိုအမျိုးသမီးသည် အော်ပရာဝတ်စုံ ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် ဆေးခြယ်ထားသည်။ သူမ သီဆိုနေသော သီချင်းမှာ အရာအားလုံးကို ဆုံးရှုံးခဲ့ရသော လူကောင်းတစ်ဦးအား ရာဇဝတ်ကောင်များက ရွှံ့ရုပ်တုအတွင်း၌ မြှုပ်နှံပစ်ခဲ့သည့် ဘဝအကြောင်းကို အသေးစိတ် ဖော်ပြနေလေသည်။ ရာဇဝတ်ကောင်များမှာ သူတို့၏ အပြစ်များ ဖော်ထုတ်ခံရမည်ကို ကြောက်ရွံ့ကြသောကြောင့် ထိုကြင်နာတတ်သော လူ၏ မျက်နှာကို ဖျက်ဆီး၍ သူ၏ မျက်နှာအသွင်အပြင်များကို ဖျက်ဆီးပစ်ခဲ့ကြလေသည်။