စိုက်ကြည့်ခြင်း
Vol. 22 Ch. 319
“ဒီအမျိုးသမီးက မျက်နှာမဲ့ရုပ်တုရဲ့ အတိတ်ဘဝကို သီချင်းဆိုနေတာလား”
ကောင်းမင်က သီချင်းအတွင်းပုန်းကွယ်နေသော အဓိပ္ပါယ်ကို သတိထားမိသည်။
“ရွှံ့ရုပ်တုတွေက အရိပ်ကမ္ဘာနဲ့ သက်ဆိုင်ကြတာလေ ၊ သူတို့က တစ်ချိန်က နတ်ဘုရားနဲ့ အနီးစပ်ဆုံးပဲ ၊ ဘာလို့ ဒီလိုဝမ်းနည်းစရာကောင်းတဲ့ အခြေအနေနဲ့ အဆုံးသတ်သွားရတာလဲ “
သီချင်းမှာ ဆက်လက်လွင့်ပျံနေခဲ့သည်။ကျောချမ်းဖွယ် သံစဉ်သည်လူတိုင်းအား ကြက်သီးထစေသည်။သီချင်းသည် ရွေ့လျားနေသော အချိန်ကဲ့သို့ လူတိုင်း၏ခန္ဓာကိုယ်ပေါ် သက်ရောက်နေမှုအား ဘယ်သူမှ မတားဆီးနိုင်ကြပေ။
ထိုအမျိုးသမီး၏ လက်လှုပ်ရှားမှာ ပို၍ ပို၍ ဆန့်တန်းလာ၏။သူမက သူမ၏အင်္ကျီလက်ကို ဝေ့ယမ်းလိုက်သည်။သူမ၏ အကသည် ထူးဆန်းသော်လည်း ညှို့ယူဖမ်းစားနိုင်၏။ယင်းသည် နတ်သမီးတစ်ပါးဖြစ်လာသော လိပ်ပြာတစ်ကောင် သို့မဟုတ် လူသေဝေါယာဉ်ပေါ်ဖြာကျနေသော နေရောင်ခြည်နှင့် တူ၏။၎င်းသည် ကြက်သီးထဖွယ်ကောင်းသလို မျက်စိပဒါသလည်း ရှိပေသည်။သီချင်းသည် ၎င်း၏အထွက်အထိပ်ရောက်လာတော့သည်။ကြင်နာတတ်သောလူသည် သူ့ဘဝများ၏ နောက်ဆုံးပြန်လည်မွေးဖွားခြင်းသို့ ရောက်ရှိလာခဲ့သည်။သူသည် အတိတ်၏ ကောင်းမွန်သော် ကမ္မကိုရရှိခဲ့သော်လည်း ရွှံ့ရုပ်တုထဲမှ ကြင်နာတတ်သောလူသည် ပြောင်းလဲသွားခဲ့သည်။သူ ကမ္မကို မယုံကြည်တော့ပေ။ကောင်းတာလုပ်ခြင်းသည် နတ်ဘုရား၏ ထာဝရအလိမ်အညာတစ်ခုပင်။သူသည် ကံကြမ္မာ၏ ထိန်းချုပ်ခံရခြင်းကို ထပ်မံအလိုမရှိတော့။ထို့ကြောင့် သူသည် တစ်ပါးသူများ၏ အကိုးကွယ်ခံတစ်ယောက် ဖြစ်လာစေရန် စီစဉ်ခဲ့တော့သည်။
“ငါတို့ သူ့ကို လျစ်လျူရှုထားရမလား၊ ဒီအတိုင်း အခန်းထဲမှာ သူ့ကို ကခိုင်း ဆိုခိုင်းထားရမလား”
ထိုအမျိုးသမီးသည် စာသင်ခန်းထဲမှ ထွက်ခွာသွားမည့်ပုံမပေါ်သောကြောင့် ဖန်လီက ပြတင်းပေါက်ကို တိတ်တဆိတ် ပိတ်၍ အဖွဲ့ထံ ပြန်လာခဲ့လိုက်သည်။
“သူက ဝိညာဉ်တွေ ဆင့်ခေါ်ဖို့အတွက် ဝတ်ပြုမှု တစ်ခုခု လုပ်နေပုံရတယ်”
အိုးယန်စုစုသည် အစ်မကျန်းကို ဖက်ထားပြီး တတွတ်တွတ်ပြောနေ၏။
“အစ်မကျန်းက ဒီလိုအရာမျိုး သူ့အလုပ်ရှင်ဟောင်းဆီကနေ သင်ခဲ့ဖူးတယ် ၊အခု သူ သတိမမှန်ပေမယ့် ဘာလုပ်ရမလဲတော့ သိမှာပဲ”
“အခုလောလောဆယ်တော့ အကသမားကို ထားပြီး အပေါ်ထပ်ကို ဆက်သွားကြမယ်”
ဖန်လီနှင့် အစ်ကိုလီတို့ လှေကားထစ်များအတိုင်း တတိယထပ်သို့ တက်သွားကြသည်။
လှုပ်ရှားမှုအခန်းမှာ ကျယ်ဝန်းလှသည်။ တံခါးအားလုံးကို ခေါက်တံခါးများဖြင့် လဲလှယ်ထားသောကြောင့် ဖွင့်ရန် လွယ်ကူလေသည်။ ထိုအခန်းများမှ ဆုတောင်းသံများ ထွက်ပေါ်နေသည်။
ဖန်လီသည် တံခါးအား အနည်းငယ်ဟသွားအောင် ဆွဲဖွင့်လိုက်သည်။ သူ၏အခြားအဖွဲ့ဝင်များမှာ လှေကားထစ်များ၏ အောက်ပိုင်းတွင် ရှိနေကြသည်။ သူတို့မှာ အလွန် စိတ်လှုပ်ရှားနေကြသောကြောင့် အသံပင် မထွက်ရဲကြပေ။ စက္ကန့်အနည်းငယ်ကြာပြီးနောက် ဖန်လီက ထိုအဟအား ပိုကြီးလာအောင် လုပ်လိုက်သည်။ နောက်က လိုက်လာသောအစ်ကိုလီနှင့် ပိုင်ရှုတို့မှာ အလွန်ကြောက်ရွံ့နေကြသော်လည်း ဖန်လီအား တားဆီးရန်အတွက်တော့ အချိန်နောက်ကျနေခဲ့သည်။ ဖန်လီသည် တံခါးကို အပြည့်အဝဖွင့်လိုက်သည်။ အဖွဲ့သည် ရင်တဒုံးဒုံးခုန်၍ စိုးရိမ်တကြီး အခန်းထဲသို့ ကြည့်လိုက်ကြသည်။
“အလွတ်ကြီးလား”
လှုပ်ရှားမှုအခန်းမှာ လူသူကင်းမဲ့နေသည်။
“ရပ်ကွက်ကော်မတီက ဒီမှာ လှုပ်ရှားမှုလုပ်နေတာ မဟုတ်ဘူးလား၊ သူတို့ ဘယ်ရောက်သွားကြတာလဲ”
သတ္တိရှိရှိဖြင့် ဖန်လီက လှုပ်ရှားမှုအခန်းထဲသို့ လျှောက်သွားလိုက်သည်။
“ဒါက ထောင်ချောက်တစ်ခု ဖြစ်နေမလား”
အစ်ကိုလီ ဖန်လီနောက် လိုက်မသွားခင် တွန့်ဆုတ်နေခဲ့သည်။ လှုပ်ရှားမှုအခန်း၏ အတွင်းပိုင်းသည် ကျယ်ဝန်းသော်လည်း ပုန်းအောင်းစရာ နေရာ အနည်းငယ်သာ ရှိသည်။ လူတွေအတွက် ပုန်းစရာနေရာ မရှိချေ။
“ပတ်ပတ်လည် ရှာကြည့်ကြမလား”
ဖန်လီက အခန်းကို စတင်မွှေနှောက်ကြည့် လိုက် သည်။လက်ချည်းဗလာဖြင့် သူပြန်မသွားချင်ပေ။
“ဒါက မကောင်းဆိုးဝါးရဲ့ အိမ်ဟောင်းပဲ ၊ငါတို့ ရွှံ့ရုပ်တုကို မတွေ့ရင်တောင် တခြား အဖိုးတန်တဲ့အရာတွေ တွေ့နိုင်သေးတယ်”
“အဲဒါ ကောင်းမယ်မထင်ဘူးနော်”
ပိုင်ရှုနှင့် ယိုယိုတို့ တံခါးအပြင်ဘက်တွင် ရပ်နေကြသည်။ သူတို့သည် ဆုတောင်းသံကို ဖွင့်ထားသည့် ရေဒီယိုကို စိုက်ကြည့်လိုက်ပြီး စိတ်မပါသည့်ပုံ ပေါ်နေကြသည်။
သူတို့သည် ဖန်လီနှင့်အတူ မူမမှန်မှုများကို ပို၍ ကြုံတွေ့လာသည်နှင့်အမျှ သူတို့ကြားက ကွာဟချက်သည် ပိုမိုကြီးမားလာလိမ့်မည်ဖြစ်သည်။ သူတို့ အရည်အချင်းများမှာ အလွန်ကွာခြားနေသောကြောင့် အသေးအမွှား ငြင်းခုံမှုများ ဖြစ်စေသည်။ သို့သော်လည်း စွမ်းအား မတူညီမှုကြောင့် ပိုင်ရှုနှင့် ယိုယိုတို့သည် ဖန်လီစကားကို အချိန်အများစုတွင် နားထောင်ကြရသည်။
“သုံးမိနစ်ပဲ ၊ ငါတို့ ဒီမှာ သုံးမိနစ်ပဲနေမှာပါ ”
ဖန်လီ ထိုသို့ပြောလိုက်မှသာ ကျန်လူများ လှုပ်ရှားမှုအခန်းထဲသို့ ဝင်လာကြတော့သည်။
နောက်က လျှောက်လာသော ကောင်းမင်က ဆရာမလျို၏လက်ကို လွှတ်လိုက်သည်။ လှုပ်ရှားမှုအခန်းပတ်လည်ကို သူတစ်ကိုယ်တည်း လျှောက်သွားလိုက်၏ ။ ရှိနေသူအားလုံးထဲတွင် မျက်နှာမဲ့ ရုပ်တုကို အသိဆုံးလူမှာ သူဖြစ်သည်။ အနက်ရောင် ရေကန်မှ ထွက်ပြေးလာခဲ့သော ထိုရုပ်တုသည် တစ်ချိန်က အရိပ်ကမ္ဘာတွင် အလွန်ကြောက်စရာကောင်းသည့်တည်ရှိမှုတစ်ခု ဖြစ်ခဲ့သည်။
“ယုံကြည်မှုနဲ့ စိတ်ဆန္ဒ... ဟန်ဟိုင်းက အရာအားလုံးက ဒီနှစ်မျိုးနဲ့ပတ်သက်နေတာပဲ…”
အသံသွင်းထားသော ဆုတောင်းသံများ ပို၍ ကျယ်လောင်လာလေသည်။ ပိုင်ရှုက ၎င်းကို ပိတ်ပစ်ချင်နေသည်။ သို့သော်လည်း သူ ရေဒီယိုကို ပိတ်လိုက်ပြီးနောက်တွင်ပင် ဆုတောင်းသံများ ဆက်လက်တည်ရှိနေသေးကြောင်း သူသတိပြုမိလိုက်သည်။
လူတိုင်း ရေဒီယိုအနီးတွင် ရှိနေကြပြီး ဆုတောင်းသံများကြောင့် သူတို့အာရုံပျက်နေကြစဉ် သားစားကြူးနတ်ဘုရားက သတိပေးချက်တစ်ခု ထုတ်ပြန်လိုက်သည်။လှုပ်ရှားမှုအခန်းရှိ တစ်ခုတည်းသော ရေချိုးခန်းဆီသို့ ကောင်းမင် ခြေဦးလှည့်လိုက်သည်။ သားစားကြူးနတ်ဘုရား၏ စွမ်းအားများ တိုးလာပြီးနောက် သူ့အဆင့်တွင် ရှိသောအရာများကသာ သူ့အာရုံကို ဖမ်းစားနိုင်ပေသည်။ ကောင်းမင်သည် ရေချိုးခန်းထဲသို့ ဝင်လိုက်ပြီး ဘေစင်ရှေ့တွင် ရပ်လိုက်သည်။ ဘေစင်အထက်ရှိ မှန်ကို ကြည့်ရင်း သူ့ခေါင်းကို စောင်းလိုက်သည်။ မှန်မျက်နှာပြင်မှာ ရေမှုန်ရေမွှားများကြောင့် မှုန်ဝါးနေလေသည်။ ကောင်းမင်၏ ရောင်ပြန်ပုံရိပ်သည် မတ်တပ်ရပ်နေပြီး သူ့မျက်နှာအား အသာအယာပွတ်သပ်လိုက်၏ ။
“လူသားမျက်နှာတွေနဲ့ ရူးသွပ်နေတဲ့ အရာတစ်ခုပေါ့”
ကောင်းမင် တီးတိုးပြောလိုက်သည်။ သူ၏ ရောင်ပြန်ပုံရိပ်မှာ လန့်သွားသော်လည်း မကြာမီ ပြန်လည်ကောင်းမွန်သွားသည်။ သူက ပြုံးပင် ပြုံးပြလိုက်သေး၏ ။
“ငါတို့ လီဆန်းဆေးရုံမှာ ဆုံခဲ့ကြတယ်နော် ၊ အဲ့တုန်းက မင်း ငါ့ရှေ့မှာ လျှောက်သွားနေခဲ့တာလေ”
“မင်း ဘာကို ဆိုလိုတာလဲ”
ကောင်းမင် သူ့ ရောင်ပြန်ပုံရိပ် ပြောသည်ကို အံ့သြခြင်းမရှိပေ။ သူသည် တစ်ဖက်လူ၏ အထောက်အထားကို ခန့်မှန်းထားသော်လည်း အဘယ်ကြောင့် သူ့ကို ပစ်မှတ်ထားသည်ကို မသိပေ။
“မင်းအပေါ်မှာရှိတဲ့ နတ်ဘုရားလိုပဲ ငါတို့ရဲ့ ခန္ဓာကိုယ်တွေက အရိပ်ကမ္ဘာနဲ့အတူ ပျက်စီးခဲ့ရတာ ၊ ငါတို့ ပြန်လည်မွေးဖွားလာဖို့ ဟန်ဟိုင်းရဲ့ အိပ်မက်ထဲက သက်ရှိလူသားတွေကို လိုအပ်တယ် ၊ ဟန်ဟိုင်းက အိပ်မက်တစ်ခု ၊ လှောင်အိမ်တစ်ခုဖြစ်သလို ငါတို့ရဲ့ မျှော်လင့်ချက်တစ်ခုလည်း ဖြစ်တယ် ၊ အရာအားလုံး သေဆုံးသွားခဲ့ပြီး ဟန်ဟိုင်းတစ်ခုပဲ ကျန်ခဲ့တော့တယ်”
ကောင်းမင်၏ ရောင်ပြန်ပုံရိပ်က သူ့ မျက်နှာအား ချစ်မြတ်နိုးစွာဖြင့် ထိတွေ့လိုက်သည်။ သူသည် ကောင်းမင်၏ မျက်နှာကို အလွန်ကျေနပ်ပုံရသည်။
“ဒါကြောင့် မင်းလိုမျိုး သေဆုံးသွားတဲ့ နတ်ဘုရားတွေက သက်ရှိတွေရဲ့ စိတ်ဆန္ဒတွေကို ခိုးယူပြီး ဟန်ဟိုင်းထဲမှာ ခန္ဓာကိုယ်တွေ ရှာနေကြတာလား”
ကောင်းမင်သည် သူလည်း အလားတူ လုပ်ဆောင်နေသောကြောင့် ယင်းကို နားလည်နိုင်ပေသည်။
“လူတိုင်း ဒီလိုလုပ်နေတယ်ဆိုရင် လူတိုင်း စားပွဲမှာ ထိုင်ခုံတစ်လုံးရမှာ မဟုတ်ဘူးလို့ငါထင်တယ်”
သူသည် အိပ်မက်သရဲကိုးကောင်၏ အကူအညီ ရရှိပြီးနောက်မှသာ အိပ်မက်မှ နိုးထလာနိုင်မည်ဖြစ်သည်။ သို့သော် ဟန်ဟိုင်းတွင် ထိုမျှလောက် အိပ်မက်သရဲများ ရှိပါမည်လား။
“ငါ့မှာ မင်းနဲ့ ပဋိပက္ခဖြစ်ဖို့ ရည်ရွယ်ချက် မရှိဘူး ၊ ငါ့ရဲ့ စွမ်းအားအစစ်အမှန်ကိုလည်း အလွယ်တကူ အသုံးမပြုနိုင်ဘူး ၊ ငါတို့ ဒါကို အိပ်မက်လမ်းကြောင်းနဲ့ ဆုံးဖြတ်ကြမလား”
ကောင်းမင်၏ ရောင်ပြန်ပုံရိပ်သည် မျက်နှာမဲ့ရုပ်တု၏ အပေါ်ယံအသွင်အပြင်ဖြစ်သည်။ ထိုသေဆုံးသွားသော နတ်ဘုရားသည် လျှို့ဝှက်ချက်များစွာကို သိပေသည်။ ကောင်းမင်မျက်နှာပေါ်မှ ရှုပ်ထွေးမှုကို မြင်လိုက်သောအခါ သူက အခြေအနေကို ထပ်မံရှင်းပြလိုက်သည်။
“အရိပ်ကမ္ဘာက ဘယ်လိုသရဲ နဲ့ နတ်ဘုရားမဆို ဟန်ဟိုင်းမှာ သူတို့ စွမ်းအားကို ပေါ့ပေါ့ဆဆ သုံးလို့မရဘူး ၊ သူတို့ တစ်ခါသုံးလိုက်တာနဲ့ သူတို့က ကံကြမ္မာရဲ့ ပစ်မှတ် ဖြစ်သွားလိမ့်မယ် ၊ သူတို့အပေါ် ကံဆိုးမှုတွေ ကျရောက်လာပြီး ဆိုးရွားတဲ့ နည်းလမ်းတွေနဲ့ အဆုံးသတ်သွားလိမ့်မယ် ၊ ဒါကြောင့် မလိုအပ်ရင် ငါတို့ စွမ်းအားတွေကို ထုတ်ပြမှာ မဟုတ်ဘူး ၊ ငါတို့ကြားမှာ ပဋိပက္ခတွေရှိလာရင် ငါတို့ ရွေးချယ်ထားတဲ့ သားသမီးတွေကို ငါတို့အတွက် တိုက်ခိုက်ဖို့ ပို့လိုက်ကြတယ်”
အနက်ရောင် ရေကန်မှ ရွှံ့ရုပ်တုများသည် ကံကြမ္မာကို သတိထားနေကြဆဲဖြစ်သည်။ သို့သော် ကောင်းမင်နှင့် သားစားကြူးနတ်ဘုရားတို့မှာ ထိုကဲ့သို့ စိုးရိမ်ပူပန်မှု မရှိကြပေ။ သူတို့သည် ကံကြမ္မာနှင့် စစ်ပွဲဆင်နွှဲနေကြခဲ့ပြီး ဖြစ်သည်။
ရုတ်တရက် အခန်းထဲတွင် အေးစက်စက် အလင်းရောင်များ ထွက်ပေါ်လာသည်။ ပိုင်ရှုသည် လှုပ်ရှားမှုအခန်းရှိ ကွန်ပျူတာကို ဖွင့်လိုက်ခြင်းဖြစ်သည်။ သူ စခရင်မျက်နှာပြင်ကို မြင်လိုက်ရသောအခါ သူ့မျက်နှာမှ အရောင်များ ပျောက်ကွယ်သွားလေသည်။
“မကောင်းတော့ဘူး”
ကွန်ပျူတာသည် လုံခြုံရေး ကင်မရာများနှင့် ချိတ်ဆက်ထားခြင်းဖြစ်သည်။ စခရင်မျက်နှာပြင်တွင် အပြင်ဘက် ကော်ရစ်ဒါများနှင့် လှေကားထစ်များရှိ အခြေအနေကို ပြသနေလေသည်။
မတူညီသော စခရင်မျက်နှာပြင်များတွင် ခေါင်းလှည့်ထားသော လူများ ရွေ့လျားလာနေကြသည်။ သူတို့အားလုံးသည် လှုပ်ရှားမှုအခန်းဆီသို့ ရွေ့လျားလာနေရင်း ထူးဆန်းစွာ ပြုမူနေကြလေသည်။
“သူတို့လာနေကြပြီ”
ကောင်းမင်၏ ရောင်ပြန်ပုံရိပ်သည် ယဉ်ကျေးသော်လည်း သူ့အပြုံးမှာ နက်မှောင်နေပြီး နွေးထွေးမှုမရှိပေ။
“ဖန်လီက မင်းရဲ့ ရွေးချယ်ခံလား ၊ သူ ဒီကနေ အသက်ရှင်ရက် ထွက်သွားနိုင်မယ်လို့ ငါမထင်ဘူးနော်”