← Chapters

ကံကြမ္မာဆိုတာ စက်ဝိုင်းတစ်ခု

Vol. 22 Ch. 320

ကံကြမ္မာဆိုတာ စက်ဝိုင်းတစ်ခု

Vol. 22 Ch. 320

ကောင်းမင်သည် မှန်ထဲရှိ မျက်နှာမဲ့ရုပ်တုအား ခြောက်ခြားဇာတ်လမ်းအဖြစ် သဘောထားခြင်းဖြစ်သည်။ ရယ်စရာကောင်းသည်မှာ ရုပ်တုသည်လည်း ကောင်းမင်အား ခြောက်ခြားဇာတ်လမ်းတစ်ပုဒ်ကဲ့သို့ သဘောထားနေခြင်းပင် ဖြစ်သည်။ ထိုခြောက်ခြားဖွယ်ရာ နှစ်ခုသည် တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြပြီး တစ်ဖက်လူ ဘာတွေးနေသည်ကို မသိကြချေ။

မျက်နှာမဲ့ရုပ်တုသည် အရိပ်ကမ္ဘာရှိ သေဆုံးသွားသော နတ်ဘုရားများကို ကိုယ်စားပြုသည်။ သူတို့သည် တစ်ချိန်က သတ်မှတ်ထားသော စည်းမျဉ်းများဖြင့် ရှင်သန်ခဲ့ကြသည်။ သူတို့သည် ဗီလိန်များ ဖြစ်နေပုံပေါ်နိုင်သော်လည်း သူတို့ထက် စည်းမျဉ်းများကို ပိုလိုက်နာသူ မရှိပေ။ ကောင်းမင်သည် စွမ်းအားအသစ်တစ်ခုကို ကိုယ်စားပြုခြင်းဖြစ်သည်။ သူ၏ ပန်းတိုင်မှာ ကံကြမ္မာကို သတ်ဖြတ်ရန်နှင့် စည်းမျဉ်းများကို ပြောင်းပြန်လှန်ပစ်ရန် ဖြစ်သည်။

“လူသားတွေဟာ အသည်းအသန် ဖြစ်နေချိန်မှာ နတ်ဘုရားကို ကိုးကွယ်ကြတယ် ၊ ဒါပေမယ့် သူတို့ ရင်ဆိုင်ရတဲ့ အသည်းအသန် အခြေအနေဟာ နတ်ဘုရားက ကြိုတင်စီစဉ်ထားတာဆိုတာ သူတို့ ဘယ်လို သိနိုင်ပါ့မလဲ”

မျက်နှာမဲ့ရုပ်တုသည် ကောင်းမင်အား အထင်သေးခြင်းမရှိပေ။ လီဆန်းဆေးရုံတွင် သားစားကြူးနတ်ဘုရား၏ ကြောက်မက်ဖွယ်စွမ်းအားကို သူတွေ့ကြုံခဲ့ဖူးသည်။ ၎င်းသည် ကောင်းမင်ကို အဆင့်တူအဖြစ် သဘောထားပေသည်။

ကြောက်မက်ဖွယ်ကောင်းသည့် ကိစ္စများစွာကို ကျော်လွန်၍ ရှင်သန်ခဲ့ပြီးနောက် ကောင်းမင်သည် အထောက်အထား အသွင်ကူးပြောင်းမှုကို ပြီးမြောက်ခဲ့သည်။ သူသည် စားပွဲပေါ်မှ အစားအစာဘဝမှ ထမင်းစားပွဲတွင်ထိုင်နေသည့် ဧည့်သည် ဘဝသို့ပြောင်းလဲသွားခဲ့သည်။

ရေချိုးခန်းအတွင်းက ‘ရင်းရင်းနှီးနှီး စကားပြောဆိုခြင်း’ နှင့် မတူဘဲ လှုပ်ရှားမှုအခန်းရှိ လေထုမှာ တင်းမာနေခဲ့သည်။ ဖန်လီ၏အဖွဲ့သည် ကွန်ပျူတာမျက်နှာပြင်မှ သရဲများစွာ ရွေ့လျားနေသည်ကို မြင်လိုက်ရသောအခါ ကြောက်လန့်သွားကြသည်။

“ကျွန်မတို့ ဒီကို မလာသင့်ဘူးလို့ ပြောခဲ့ပါတယ်”

ယိုယိုက အော်ပြောလိုက်သည်။ ကြောက်ရွံ့မှုက သူမအား ဖုံးလွှမ်းနေလေပြီ။

“အခု ထွက်သွားဖို့ နောက်ကျနေပြီလား”

“ငါတို့ သွားဖို့လိုနေပြီ”

အစ်ကိုလီက အချိန်ကို တွက်ချက်လိုက်သည်။

“ငါတို့ သူတို့ရဲ့ ထောင်ချောက်ထဲမှာ ပိတ်မိနေလို့မရဘူး”

သူတို့သည် ရွှံ့ရုပ်တုကို ရှာမတွေ့ခဲ့သော်လည်း ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့သည်။ အိုးယန်စုစုသည် အစ်မကျန်း၏ ငြင်းဆန်မှုကို လျစ်လျူရှု၍ သူမကို သယ်ဆောင်ကာ ထွက်ပေါက်ဆီသို့ ပြေးသွားလိုက်သည်။

ခေါက်တံခါး ပွင့်သွားသည်။အပြင်ဘက်မှ သရဲသီချင်းသံ ထွက်ပေါ်လာလေသည်။ မျက်နှာခြယ်သထားသည့် သရဲတစ်ကောင်သည် တံခါးမှ ချောင်းကြည့်နေ၏။ အင်္ကျီလက်များက ကြမ်းပြင်ပေါ် တွဲကျနေသည်။ သီချင်းဆိုနေသည့် မျက်နှာမဲ့သရဲသည် နေရာအနှံ့ ပျံသန်းနေပြီး ၎င်း၏အသံမှာ ကျယ်လောင်လာတော့သည်။ သီချင်းသံသည် သူတို့၏ နားစည်များကိုပင် ထွင်းဖောက်မတတ် ဖြစ်နေလေသည်။

“ယီးပဲ ၊ သူက ဘာလို့ ဒီရောက်နေရတာလဲ”

“ငါ သူ့ကို အာရုံလွှဲထားလိုက်မယ်၊ မင်းတို့ ထွက်သွားဖို့ လမ်းရှာလိုက်”

ဖန်လီသည် ဓားကို ဆွဲထုတ်ရင်း သရဲဆီသို့ ပြေးသွားလိုက်သည်။ သူ ကြောက်ရွံ့နေသော်လည်း လူတိုင်းက သူ့အား ရဲရင့်စေရန် အတင်းအကျပ် တွန်းအားပေးခဲ့ကြသည်။ ထိုကံကြမ္မာကို သူ လက်ခံလိုက်ပြီ ဖြစ်သည်။

“ကောင်းမင် ဘယ်ရောက်နေလဲ၊ ငါတို့ သွားရတော့မယ်”

“သူ ပုန်းနေလောက်ပြီ ၊ ငါတို့ အချိန်ဖြုန်းနေလို့ မဖြစ်ဘူး ၊ ငါတို့ အရင်သွားကြမယ်”

ယိုယိုက ပိုင်ရှုကို တံခါးဆီသို့ ဆွဲခေါ်သွားသည်။ သီချင်းဆိုနေသည့် သရဲကို ဖန်လီ အာရုံလွှဲပေးနေစဉ် သူတို့ တုံ့ဆိုင်းခြင်းမရှိ ထွက်ခွာသွားကြသည်။

“မင်း အစ်မကျန်းကို ခေါ်သွားတော့ ၊ ငါကတော့ ဖန်လီနဲ့ ကောင်းမင်ကို ကူညီဖို့ နေခဲ့လိုက်မယ်”

အစ်ကိုလီသည် လှုပ်ရှားမှုအခန်းရှိ ကုလားထိုင်တစ်လုံးကို ကောက်ယူလိုက်သည်။ သူသည် ပုံမှန်အားဖြင့် အနိုင်ကျင့်လွယ်သည့်ပစ်မှတ် ဖြစ်သော်လည်း အန္တရာယ်ကြုံလာတိုင်း တစ်ခါမှ နောက်မဆုတ်ခဲ့ပေ။

“ငါ နင်တို့ကို အောက်ထပ်မှာ စောင့်နေမယ် ၊ နင်တို့ မလာရင် ငါ ပြန်လာခဲ့မယ်”

အိုးယန်စုစုက အစ်မကျန်းကို သယ်ဆောင်ထားသည်။ သူမ နေခဲ့ချင်သော်လည်း အခြားသူများကို အန္တရာယ် မဖြစ်စေချင်ပေ။ သူမသည် အစ်မကျန်းကို လုံခြုံရာသို့ ပို့ဆောင်ရမည် ဖြစ်သည်။ သူ့ အသင်းဖော်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားသောအခါ မှန်ထဲမှ ကောင်းမင်၏ ရောင်ပြန်ပုံရိပ်က ပြုံးရယ်လိုက်သည်။ လူသားများအတွက် စိတ်ပျက်အားငယ်မှုသည် ၎င်းအတွက် ဂိမ်းတစ်ခုသာ ဖြစ်သည်။

“လူသားတွေကို အားကိုးလို့မရဘူးပဲ ၊ မင်းကို ဒီအတိုင်းပဲ စွန့်ပစ်သွားကြတာနော် ၊ သိပ်ကို သနားစရာ ကောင်းတာပဲ ၊ သူတို့ကို ကယ်တင်ပေးနိုင်မယ့် တစ်ခုတည်းသော အရာကို စွန့်လွှတ်ခဲ့ကြတာပဲ ၊ ပြီးတော့ သူတို့က စိတ်သက်သာနေကြသေးတယ်”

ကောင်းမင်၏ ရောင်ပြန်ပုံရိပ်သည် ပိုမို လက်တွေ့ဆန်လာလေသည်။ သူသည် ကောင်းမင်၏ လေယူလေသိမ်းကိုပင် အတုယူ၍ စတင်ပြောဆိုလာသည်။

“နောက်ဆုတ်ပြီး ကြည့်နေလိုက်ပါ ၊ သူတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာကို သူတို့ ဘာသာ ဆုံးဖြတ်ပါစေ”

လုံခြုံရေး ဗီဒီယိုထဲတွင် နေထိုင်သူများက သူတို့၏ နောက်ကျောကို ရှေ့သို့ လှည့်၍ ရွေ့လျားနေကြသည်။ သူတို့သည် သူတို့၏ မှတ်ဉာဏ်များနှင့် မျက်နှာများကို ယဇ်ပူဇော်ခဲ့ကြသည်။ သူတို့သည် ယခုအခါ မျက်နှာမဲ့ရုပ်တုထိန်းချုပ်ထားသော ရုပ်သေးများ ဖြစ်နေကြပြီ ဖြစ်သည်။

သီချင်းဆိုနေသည့် သရဲ၏ မျက်နှာအား ရုပ်တုက ယူဆောင်သွားခဲ့သော်လည်း ၎င်းသည် သူမအတွက် မျက်နှာအသစ်ကို ကိုယ်တိုင်ဆေးခြယ်ပေးခဲ့သည်။ ထိုကောင်မလေးသည် သူကိုယ်တိုင်အတွက် ရွေးချယ်ထားခဲ့သည့် မိသားစု ဖြစ်သည်။ ဤသည်မှာ ခြောက်ခြားဇာတ်လမ်းများထဲတွင် အရက်စက်ဆုံး အရာ ဖြစ်သည်။ သက်ရှိများ၏ ယုံကြည်မှုကို တိုက်ခိုက်ရန် နတ်ဘုရားများသည် တစ်ဖက်သား ပျက်စီးမသွားခင်အထိ အမှောင်မိုက်ဆုံး သတ်ဖြတ်မှုများကို ပြုလုပ်ရန် ၎င်းတို့၏ အယုံကြည်ရဆုံး မိသားစုကို စေလွှတ်ကြလိမ့်မည်ဖြစ်သည်။

စိတ်ပျက်အားငယ်မှုများ ပျံ့နှံ့လာတော့သည်။ လူတိုင်း ထွက်သွားပြီးနောက် ဖန်လီသည်လည်း ထွက်သွားရန် စဉ်းစားခဲ့သည်။ သို့သော် သူသည် ကောင်းမင် မထွက်ခွာရသေးသည်ကို သတိရလိုက်သည်။ သူ ကောင်းမင်၏ နာမည်ကို အော်ခေါ်လိုက်သည်။ သူ ရေချိုးခန်းဆီသို့ ချဉ်းကပ်သွားသော်လည်း သီချင်းဆိုနေသည့် အမျိုးသမီးက သူ့အား ပစ်မှတ်ထားနေလေသည်။ သူမသည် သူ့နောက်မှ နီးနီးကပ်ကပ်လိုက်ပါလာပြီး သူ့အသက်အား နူတ်ယူရန် ကြိုးစားနေလေသည်။

“မင်းရဲ့ မိသားစုက မင်းကို အကူအညီ တောင်းနေတယ်နော်”

ကောင်းမင်၏ ရောင်ပြန်ပုံရိပ်က လှောင်ပြောင်လိုက်သည်။ သူ၏ အပြုံးမှာ စိတ်မသက်မသာ ဖြစ်စေသည်။

“သူက ငါ့ကို အသနားခံနေတာ မဟုတ်ဘူး ၊ သူက ငါ့ကို ကယ်တင်ချင်နေတာ”

ကောင်းမင်က မှန်ကို စိုက်ကြည့်လိုက်သည်။

“ဒါက ငါတို့ကြားက ကွာခြားချက်ပဲ ၊ ငါက သူတို့ရဲ့ ရွေးချယ်မှုတွေကို လေးစားပြီး သူတို့ ကံကြမ္မာကို သူတို့ဘာသာ ဆုံးဖြတ်ခွင့်ပေးတယ် ၊ မင်းလို သူတို့ကို အရုပ်တွေလို မဆက်ဆံဘူး ၊ မင်းလိုမျိုး တစ်ခုခုကို ပြန်လည်အသက်သွင်းမိလိုက်ရင် မင်းက အနာဂတ်မှာ လူသားအားလုံးကို လှည့်စားပြီး ကံကြမ္မာအသစ် ဖြစ်လာလိမ့်မယ်”

“ဘယ်သူမဆို အလိမ်အညာလှလှလေးတစ်ခုကို ဘယ်လို ပြောရမလဲ သိပါတယ်”

ကောင်းမင်၏ ရောင်ပြန်ပုံရိပ်က မှန်ပြင်သို့ ကပ်လိုက်သည်။

“မင်းနှလုံးသားထဲက နတ်ဘုရားရဲ့ စိတ်ခံစားမှုတွေကို ငါ ခံစားမိတယ် ၊ သူက ငါ့ထက်တောင် ပိုပြီး သီးခြားနေတတ်သေးတယ် ၊ သူက ဒီလူတွေကို ဂရုတောင် မစိုက်ဘူး”

ရပ်ကွက်ကော်မတီမှ သရဲများက အဆောက်အအုံအတွင်းသို့ ရေလှိုင်းတစ်ခုကဲ့သို့ စီးဝင်လာ၏။ သူ့ကိုယ်သူပင် မနည်းကာကွယ်နေရသော ဖန်လီက ကောင်းမင်၏ နာမည်အား တကျော်ကျော် အော်ခေါ်နေခဲ့သည်။ သို့သော်လည်း တုန့်ပြန်မှုမရခဲ့ပေ။ သူသည် ကောင်းမင်နှင့် အခြား အသင်းဖော်များကြားကို ရွေးချယ်ရတော့မည်ဖြစ်သည်။ သီချင်းဆိုနေသည့် အမျိုးသမီးက သူအား များစွာဖိအားပေးနေခဲ့သည်။ သူ မည်မျှပင် ကြိုးစားနေသော်လည်း ရေချိုးခန်းဆီသို့ မရောက်နိုင်ခဲ့ပေ။ သူသည် အစ်ကိုလီနှင့် ပြန်လည် ပေါင်းစည်းရန် ဆုတ်ခွာသွားခဲ့သည်။

သူတို့နှစ်ဦး ကော်ရစ်ဒါထဲသို့ ရောက်လာရုံရှိသေးသည် အောက်ထပ်မှ အော်သံများ ထွက်ပေါ်လာတော့သည်။ ဦးဆုံး ထွက်ပြေးခဲ့သော ယိုယိုနှင့် ပိုင်ရှုတို့သည် အဘွားလီအိမ်ထဲက စက္ကူရုပ်များ၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ သူတို့သည် စိတ်ပျက်အားငယ်စွာဖြင့် ရုန်းကန်နေကြသည်။ ပြင်းထန်သော စိတ်ခံစားမှုများက သူတို့၏ ဘဝတွင် နောက်ဆုံး ပွင့်လန်းခြင်းအတွက် ပြင်ဆင်နေသကဲ့သို့ စိမ့်ဝင်နေလေသည်။

လူသားစိတ်ဆန္ဒများ ပေါက်ကွဲထွက်လာတော့သည်။ အိပ်မောကျနေသည့် သားစားကြူးနတ်ဘုရားက မျက်လုံးများ တွန့်သွားသည်။ သူသည် သက်ရှိလူသားများ၏ စိတ်ဆန္ဒကို မြည်းစမ်းနိုင်ပေသည်။ သို့သော်လည်း သူက ထိုမျှလောက်သာ လုပ်ဆောင်ခဲ့သည်။ သားစားကြူးနတ်ဘုရားသည် ဝင်ရောက်စွက်ဖက်လိမ့်မည် မဟုတ်ပေ။ လူသားများ ရုန်းကန်ရသည့်အခြေအနေ နက်ရှိုင်းလေလေ သူတို့၏ ယုံကြည်မှုမှာ ပိုမို သန့်စင်လေလေ ဖြစ်သည်။ ဤသည်မှာ သားစားကြူးနတ်ဘုရား လိုအပ်သည့်အရာပင် ဖြစ်သည်။

“မင်း ဘာလို့ ကံကြမ္မာကို ဘယ်တော့မှ မသတ်ခဲ့နိုင်တာလဲဆိုတာ ငါ သိသွားပြီ”

ကောင်းမင်သည် မျက်နှာမဲ့ရုပ်တုနှင့် သားစားကြူးနတ်ဘုရားတို့၏ သက်ရှိလူသားများအပေါ် သဘောထားကို မျက်မြင်တွေ့လိုက်ရသည်။

“မင်း ကံကြမ္မာကို သတ်နိုင်ရင်တောင် မင်းဟာ ကံကြမ္မာအသစ်နဲ့ ပိုဆိုးတဲ့ ကံကြမ္မာ ဖြစ်လာမှာပဲ”

ပြောင်းလဲမှုအသစ်ကို ကြိုဆိုရန်အတွက် လက်ရှိ သံသရာစက်ဝိုင်းမှ လွတ်မြောက်ရမည် ဖြစ်သည်။ တစ်နေ့နေ့တွင် သူ သံသရာထဲသို့ ပြန်လည်ဆွဲသွင်းခံရမည်ဆိုလျှင်ပင် သူလုပ်နိုင်သည့် အပြောင်းအလဲအားလုံးကို လုပ်ဆောင်ရမည် ဖြစ်သည်။ ကောင်းမင်သည် သူ့လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ၏ သီးခြားဖြစ်နေသော ရောင်ပြန်ပုံရိပ်ကို ကြည့်လိုက်သည်။ သူ၏ နှလုံးခုန်သံသည် မိုးခြိမ်းသံကဲ့သို့ မည်ဟည်းလျက်။ သူ ထိုနေရာတွင် ရှိနေရသည့် ရည်ရွယ်ချက်ပန်းတိုင်မှာ မျက်နှာမဲ့ရုပ်တုပင် ဖြစ်သည်။

“မင်းကို တွေ့ပြီ”

All Chapters