ပျံသန်းနေသော မျိုးစေ့များ
Vol. 22 Ch. 324
ကောင်းမင်သည် ဖန်လီကို ကယ်တင်ရန် ထိုနေရာတွင် ရှိနေသော်လည်း လက်ရှိတွင်မူ ဖန်လီက သူ့အသက်ကို စွန့်၍ ကောင်းမင်အား ကယ်တင်ရန် ကြိုးစားနေပုံပေါ်နေခဲ့သည်။
ချောင်ပိတ်မိသွားပြီဟု ယူဆထားသည့် ဖန်လီသည် သရဲမျက်နှာစွမ်းအားကို ထုတ်လွှတ်လိုက်သည်။ သူသည် ယခင်က မူမမှန်ဖြစ်စဉ်တစ်ခုတွင် သရဲတစ်ကောင်အား စားသုံးရန် အတင်းအကျပ်တွန်းအားပေးခံခဲ့ရသည်။ သရဲသည် ဖန်လီအား အလွယ်တကူ ထိန်းချုပ်နိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ဖန်လီနှလုံးသားတွင် အကြွင်းမဲ့ ဖြူစင်မှုအား ပိုင်ဆိုင်ထားခဲ့သည်။ ထို့ကြောင့် ဖန်လီက သရဲအား ထိန်းချုပ်နိုင်ခဲ့သည်။ ဤသည်က ဖန်လီအား သက်ရှိများကြားတွင် လှုပ်ရှားနေသော မူမမှန်မှုတစ်ခုအဖြစ် ပြောင်းလဲစေခဲ့သည်။
ကောင်းမင် မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ သူက ဖန်လီ၏ အနာဂတ်အား သိနေခဲ့ခြင်းပင်။ ရှရန်နှင့် နှိုင်းယှဉ်ပါက ဖန်လီသည် ကြောက်မက်ဖွယ်ကောင်းသည့်လက်တစ်ဖက်ကို ကမ်းလင့်ခံခဲ့ရသည်။ သူ အတင်းအကျပ် စားသုံးခဲ့ရသော သရဲသည် အလွန်ပင်သာမန်ဖြစ်သည်။ သို့သော်လည်း ထိုလူသည် သူ့စိတ်ဆုံးဖြတ်မှုနှင့် ခံနိုင်ရည်တို့အား အသုံးပြု၍ တဖြည်းဖြည်း ရှရန်၏ အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ရွှံ့ရုပ်တုမှ စိမ့်ထွက်လာသော သေခြင်းတရားတည်ရှိမှုပုံရိပ်သည် သီချင်းဆိုနေသည့် အမျိုးသမီးနှင့် ဖန်လီအား ယိုယွင်းစေသည်။ ထိုအရာကသာ အားလုံးဖြစ်ပါက ကောင်းမင်သည် ဖန်လီအား ကယ်တင်နိုင်သေးသည်။ သို့သော်လည်း ထိုလူသည် သီချင်းဆိုနေသည့် အမျိုးသမီးအား ကိုက်ခဲလိုက်သောအခါ လုံးဝစိတ်လွတ်သွားပုံရသည်။ သူသည် သူ့အသင်းဖော်များကို ကယ်တင်ရန်အတွက် သူ့အသက်ကိုပင် စွန့်လွှတ်ရန် အဆင်သင့်ဖြစ်နေခဲ့ချေသည်။
သေခြင်းတရားဖြစ်တည်မှုရိပ်သည် အရိပ်ကမ္ဘာမှ ရောက်လာခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ကမ္ဘာကြီးတစ်ခုလုံး၏ စိတ်ပျက်အားငယ်မှု ဖြစ်သည်။ ဖန်လီသည် ထိုအရာကို နားလည်ရန် အတွေ့အကြုံ အလွန်နည်းပါးလွန်းသဖြင့် တိုက်ရိုက် ဝါးမြိုပစ်လိုက်သည်။
ဖန်လီသည် သေခြင်းတရားဖြစ်တည်မှုပုံရိပ်ကို ဝါးမြိုလိုက်ပြီးနောက် သီချင်းဆိုနေသည့် အမျိုးသမီး၏ ဝိညာဉ်အား ဆက်လက်ဝါးမြိုလိုက်သည်။ ဆေးခြယ်ထားသည့် မျက်နှာမျာ ရှုံ့မဲ့သွား၏။ မကြာမီတွင် သီချင်းဆိုနေသည့် အမျိုးသမီးနှင့် ဖန်လီတို့၏ ခန္ဓာကိုယ်များပေါ်တွင် မီးခိုးရောင် အက်ကြောင်းများထွက်ပေါ်လာပြီး ကြွက်သားများ တောင့်တင်းလာတော့သည်။ ယင်းသည် သူတို့၏ ခန္ဓာကိုယ်များကို မမ်မီအဖြစ် ပြုလုပ်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
ကောင်းမင်သည်ပင် တစ်စုံတစ်ယောက်က သေခြင်းတရားဖြစ်တည်မှုပုံရိပ်အား စားသုံးပစ်လောက်အောင်ထိ ရူးသွပ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ချေ။ ထိုအရာကြီးသည် စိတ်ပျက်အားငယ်မှု အခိုးအငွေ့များ ထုတ်လွတ်နေသည်။ ၎င်းသည် ရှင်းလင်းစွာပင် အဆိပ်တစ်ခုဖြစ်ပြီး စားသုံးရန် လုံးဝမသင့်တော်ပါချေ။
“အခု ဘာလုပ်ရတော့မလဲ”
ကောင်းမင်သည် ကူညီရန်အတွက် ထိုနေရာတွင် ရှိနေခဲ့ခြင်းဖြစ်သည်။ သူသည် ဖန်လီအား သူ့မျက်စိရှေ့တွင် သေဆုံးခွင့် မပြုနိုင်ချေ။
“ဒါက ငါ့အတွက် ကံကြမ္မာရဲ့ သတိပေးချက်လား”
သူ့နှလုံးသားထဲမှ ဆရာဝန်နှစ်ဦးသည် အားဖန်နောက်လိုက်ရန် ထွက်သွားကြပြီးနောက် ပြန်မလာကြသေးပေ။ သေခြင်းတရားဖြစ်တည်မှုပုံရိပ်အား ဖန်လီထံမှ ခွဲထုတ်ရန်မှာ မဖြစ်နိုင်ပေ။ သူ့အတွက် တစ်ခုတည်းသော အခွင့်အရေးမှာ သားစားကြူး နတ်ဘုရား ဖြစ်သည်။
ရှင်ခြင်းမျက်နှာကို ကိုယ်စားပြုသည့် ကုန်းစီသည် ဖန်လီနှင့်အတူ ‘သွေးလဲလှယ်ခြင်း’ကို ပြုလုပ်ရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း မရဏပုံရိပ်သည် လက်တွေ့ကမ္ဘာအား ခံနိုင်ရည်ရှိနေခဲ့သည်။ ကံကြမ္မာက ဖန်လီအား ဇာတ်ညွှန်းမှ သွေဖည်မသွားစေရန် တမင်တကာ တားဆီးနေခဲ့ခြင်းဖြစ်သည်။(သေခြင်းတရားဖြစ်တည်မှုပုံရိပ်ကို မရဏပုံရိပ်လို့ ပြောင်းသုံးပါမယ်)
သေခြင်းတရားသည် သူ့နှလုံးသားထဲသို့ စီးဆင်းလာနေသောကြောင့် ကုန်းစီသည် ဖန်လီနှင့် သီချင်းဆိုနေသည့် အမျိုးသမီးအား ညှဉ်းပန်းနှိပ်စက်သည့် အခန်းထဲသို့ ဆွဲခေါ်သွားသည်။ ယခုတစ်ကြိမ်တွင် ကောင်းမင်အား ဥမင်ထဲသို့ ပြန်ပို့လိုက်လျှင်ပင် ဖန်လီနှင့် သီချင်းဆိုနေသည့် အမျိုးသမီးတို့က သူနှင့်အတူ ရှိနေကြလိမ့်မည်ဖြစ်သည်။ သားစားကြူး နတ်ဘုရားသည် ဖန်လီအား ခွဲစိတ်စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။ ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာများသည် ဝိညာဉ်အား ဖိနှိပ်ထား၏။ မည်သည့် မေ့ဆေးမှ အသုံးမပြုဘဲ သားစားကြူးနတ်ဘုရားက ဖန်လီ၏ ခန္ဓာကိုယ်ထဲမှ မရဏပုံရိပ်ကို ဖယ်ရှားရန် စတင်လိုက်သည်။ သူ့ကုသမှုသည် ရိုးရှင်းပြီး ကြမ်းတမ်းလေသည်။ ယိုယွင်းပျက်စီးနေသော အစိတ်အပိုင်းများအား ဖြတ်ထုတ်ပစ်လိုက်သည်။ ဖန်လီ သေအံ့ဆဲဆဲဖြစ်လာသောအခါ နတ်ဘုရားက သူ့ထံသို့ အသက်စွမ်းအင်များ ပိုမိုထိုးသွင်းပေးလိုက်သည်။ ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်မှုနောက်တွင် ဖန်လီသည် သူ့ဆင်ခြင်တုံတရားအား ဖြည်းညှင်းစွာ ပြန်လည်ရရှိလာ၏။ သို့သော်လည်း သူ ပုံမှန်အခြေအနေသို့ ပြန်ရောက်သည့် အခိုက်အတန့်တွင် သူမေ့လဲသွားခဲ့သည်။ ထိုသံသရာသည် ကုသမှု ပြီးဆုံးသည်အထိ အဆုံးမရှိ ဆက်ရှိနေခဲ့သည်။
သားစားကြူး နတ်ဘုရားသည် မျက်နှာမဲ့ ရုပ်တု၏ အဓိကကိုယ်ခန္ဓာအား ပန်းပဲဖိုထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ထည့်လိုက်သည်။ မီးထဲတွင် ရေချိုးပြီးနောက် မှန်တစ်ချပ် ပေါ်လာခဲ့လေသည်။ မှန်ထဲတွင် ပြသနေသည့် လူတိုင်းသည် မျက်နှာမရှိကြပေ။ ၎င်းသည် တစ်စုံတစ်ယောက်၏ မှတ်ဉာဏ်အား တိတ်တဆိတ် ခိုးယူနိုင်ပေသည်။ ၎င်းအား စစ်ဆေးမေးမြန်းသည့် ကိရိယာတစ်ခုအဖြစ် သတ်မှတ်နိုင်၏။
ဖန်လီသည် အရိုးမဲ့ ရွှံ့ပုံတစ်ပုံကဲ့သို့ စားပွဲပေါ်တွင် လဲကျနေလေသည်။ သီချင်းဆိုနေသည့် အမျိုးသမီးသည် သူမ၏ ယုံကြည်မှုအား ဆုံးရှုံးသွားပြီး ခွဲစိတ်စားပွဲဘေးတွင် ကွေးကွေးလေးဖြစ်နေခဲ့သည်။
လီစန်းဆေးရုံမှ လူနာများ၊ ရှရန်နှင့် အခြားများ ခွဲစိတ်စားပွဲကို ဝန်းရံနေကြသည်။ ဖိအားက တော်တော်မြင့်မြင့်ပင်။
“ခြောက်ခြားဂိမ်းကစားသမားတွေရဲ့ ဌာနချုပ်က ကြိုဆိုပါတယ်”
ကောင်းမင် ဖန်လီဆီသို့ လျှောက်သွားလိုက်သည်။
“လျှပ်စစ်ပစ္စည်းထောက်ပံ့ရေးကုမ္ပဏီ ဝန်ထမ်းအိမ်ရာကို အဆင့်သုံး မူမမှန်ဖြစ်စဉ်အဖြစ် သုံးသပ်ထားပြီး ထိန်းချုပ်မှု လွတ်သွားနိုင်ခြေ မြင့်တယ်လေ ၊ ဒါကြောင့် ဌာနချုပ်က ဒီမှာ ကိုင်တွယ်ဖြေရှင်းဖို့ လူတွေ လွှတ်လိုက်တာပါ”
မျက်နှာမဲ့ ရုပ်တုအား ဖျက်ဆီးပြီးနောက်တွင် သားစားကြူးနတ်ဘုရားသည် နောက်လိုက်ဟောင်းများအတွက် နတ်ဘုရားအသစ်တစ်ပါး ဖြစ်လာခဲ့သည်။
“ရွှံ့ရုပ်တု လွတ်မသွားအောင် တားဆီးဖို့ မင်းအစွမ်းကုန် လုပ်ခဲ့တယ်၊ ဒါက အံ့ဩစရာပဲ ၊ ဒါကြောင့် မင်းကို ကယ်ဖို့ ငါတို့ အစွမ်းကုန် လုပ်ခဲ့တယ်... လုပ်ငန်းစဉ်က နည်းနည်း နာကျင်ခဲ့ပေမယ့်ပေါ့”
ဖန်လီက ကောင်းမင်၏ စကားအား ကြားလိုက်ရသဖြင့် မျက်ရည်များ ရစ်ဝဲလာခဲ့သည်။ နောက်ထပ် အခွင့်အရေးရှိခဲ့ပါက သူသေခြင်းကိုသာ ပိုလိုချင်ပေသည်။
ညှဉ်းပန်းနှိပ်စက်သည့် အခန်းတံခါး ပွင့်သွားခဲ့သည်။ မျက်နှာမဲ့ နေထိုင်သူများက ထိုထဲမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့ကြသည်။
“သူတို့က အပြစ်ကင်းတဲ့ လူတွေပဲ ၊ မျက်နှာမဲ့ ရုပ်တုက သူ့နှလုံးသားထဲက သေခြင်းတရားကို ဟန်ချက်ညီအောင် လုပ်ဖို့အတွက် ကြင်နာတတ်တဲ့ မှတ်ဉာဏ်တွေ စားသုံးရတာကိုပဲ ကြိုက်တာ”
သားစားကြူး နတ်ဘုရားသည် ခိုးယူခံထားရသည့် မှတ်ဉာဏ်များ၏ တစ်စိတ်တစ်ပိုင်းကို နေထိုင်သူများအား ပြန်ပေးလိုက်သည်။ ဖန်လီ လုပ်ငန်းစဉ်တစ်ခုလုံးအား မြင်လိုက်ရသည်။ ခြောက်ခြားဂိမ်းကစားသမားများသည် ဤမြို့တော်၏ အနာဂတ်ကယ်တင်ရှင်များ ဖြစ်လိမ့်မည်ဟု သူပိုယုံကြည်မှုရှိလာခဲ့လေသည်။
“ကျွန်တော့်... အသင်းဖော်တွေ…”
“သူတို့ အဆင်ပြေပါလိမ့်မယ် ၊ ဒါပေမဲ့ သေခြင်းတရားက ပုဂ္ဂိုလ်ရေး ဆုံးဖြတ်ချက်ကြောင့် ပြောင်းလဲသွားမှာ မဟုတ်ဘူး ၊ မင်း တတ်နိုင်သမျှ အကောင်းဆုံး လုပ်ခဲ့တယ်ဆိုတာကိုပဲ သိထားပါ”
ကောင်းမင်သည် မျက်နှာမဲ့နေထိုင်သူများကို ‘သန့်စင်ခြင်း’ အား ကူညီရန် စတင်လိုက်သည်။
မျက်နှာမဲ့ ရုပ်တုအား ဖျက်ဆီးခဲ့ပြီးနောက်တွင် လူနေရပ်ကွက်အား ဖုံးအုပ်ထားသည့် အရိပ်သည် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
ခြောက်ခြားဂိမ်းကစားသမားများအားလုံး ရေသေဖိုရမ် မှတစ်ဆင့် သတင်းရရှိခဲ့ကြသည်။
“အဖွဲ့လိုက် ခြောက်ခြားမြေပုံ၊ တာ့ကျိုက်လျှပ်စစ်ပစ္စည်းထောက်ပံ့ရေးကုမ္ပဏီက ပြီးဆုံးသွားပါပြီ။ မျက်နှာမဲ့ ရုပ်တုကို ဖျက်ဆီးပြီးပြီ။ ကစားသမားတစ်ဦးသည် အီစတာဥကို အောင်မြင်စွာ နိုးဆွနိုင်ခဲ့ပြီး သန်မာသောခန္ဓာကိုယ် ၁၀ ၊ ခိုင်မာသော နှလုံးသား ၅ နှင့် ဦးနှောက်စွမ်းအင် အနုတ် ၁ တို့ကို ရရှိခဲ့သည်။”
အခြား ကစားသမားများ ထိတ်လန့်သွားကြသည်။ သန်မာသော ခန္ဓာကိုယ်သည် မည်သည့်မြေပုံတွင်မဆို အထောက်အကူ ဖြစ်စေပေသည်။ ဤ ကံကောင်းသော ကစားသမားသည် တန်ဖိုး ၁၀ကို တစ်ခါတည်း ရရှိသွားခဲ့သည်။
ထိုမက်ဆေ့ချ်ကြောင့် လှုံ့ဆော်ခံရလိုက်ပြီးနောက် ကစားသမားများသည် မူမမှန်ဖြစ်စဉ်များအား ပို၍ပင် စူးစမ်းရှာဖွေလိုစိတ် ဖြစ်ပေါ်လာကြသည်။
ဖန်လီသည်လည်း မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။ သူ့မျက်နှာပေါ်ရှိ ခါးသီးသော အပြုံးနှင့် ထိုသေလုနီးပါး အတွေ့အကြုံအား ထပ်မံမခံစားလိုတော့ကြောင်း သူကျိန်ဆိုလိုက်သည်။
“ခြောက်ခြားဂိမ်းကစားသမားတွေက ဟန်ဟိုင်း စုံစမ်းစစ်ဆေးရေးဌာနနဲ့ ရန်ဘက်ဖြစ်နေပြီ ၊ အခု မင်းက ဌာနချုပ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီဆိုတော့ အနာဂတ်မှာ ပို သတိထားရလိမ့်မယ်”
ဖန်လီ စိတ်ဖြောင့်ဖြောင့် မထားနိုင်သေးမီ ကောင်းမင်က သူ့စိတ်ထဲသို့ သတင်းအချက်အလက်များစွာ လောင်းထည့်ပေးလိုက်သည်။ ထို့နောက် သူသည် ဖန်လီနှင့် သီချင်းဆိုနေသည့် အမျိုးသမီးအား သူ့နှလုံးသားထဲမှ နှင်ထုတ်လိုက်လေသည်။
ဖန်လီသည် အလွန် အားနည်းနေဆဲဖြစ်သည်။ ယခုအချိန်တွင် ကောင်းမင်အား သူပေးနိုင်သည့် တစ်ခုတည်းသောအရာမှာ သူ့စိတ်ဆန္ဒ ဖြစ်သည်။
ဖန်လီသည် အော်ပရာဝတ်စုံဖြင့် အပြင်သို့ ပစ်ထုတ်ခံလိုက်ရသည်။ လူနေရပ်ကွက် မြေကြီးပေါ် လှဲလျောင်းနေရခြင်းသည် ထူးဆန်းနေသလို ခံစားရစေခဲ့သည်။
“ကောင်းမင်က သူငယ်တန်း ဆရာ မဟုတ်ဘူး... သူ့အသံ... ငါ မှတ်မိပြီ! မြို့ တော်အရှေ့ပိုင်း စုံစမ်းစစ်ဆေးရေးဌာနမှာ ဗရုတ်သုတ်ခတွေ ဖြစ်နေတုန်းက ရုပ်မြင်သံကြားကနေ သူ့အသံကို ထုတ်လွှင့်ခဲ့တယ် ၊ သူက အတန်း ၁၃ က ကောင်းမင်ပဲဟ!”
“ရှောင်းဖန်!”
“ခေါင်းဆောင်!”
အိုးယန်စုစု နှင့် ပြန်လည်သက်သာလာသော အစ်မကျန်းတို့က အစ်ကိုလီအား တွဲခေါ်လာခဲ့ကြသည်။ သူတို့သည် မြေကြီးပေါ်မှ ဖန်လီအား ကူတွဲခေါ်လိုက်သည်။
“သရဲတွေ ပြန်ပုန်းသွားကြပြီ ၊ တစ်ယောက်ယောက်က ရွှံ့ရုပ်တုကို ဖျက်ဆီးပစ်လိုက်တာ ဖြစ်ရမယ်”
“ကျန်တဲ့သူတွေရော”
အစ်ကိုလီ အဖြေမပေးသောအခါ ဖန်လီသည် အခြေအနေအား နားလည်သွားခဲ့သည်။ သူသည် တစ်ညတည်းနဲ့ များစွာ ရင့်ကျက်လာခဲ့လေသည်။
မှောင်မိုက်နေသော ကော်ရစ်ဒါလမ်းအတွင်းတွင် ကောင်းမင်သည် နံရံကို မှီ၍ ဖန်လီတို့ အဖွဲ့ ထွက်သွားသည်ကို ကြည့်နေခဲ့သည်။
မျိုးစေ့များကို စိုက်ပျိုးခဲ့ပြီးပြီဖြစ်သည်။ ပွင့်လန်းလာမည့် အချိန်အား သူစိတ်ရှည်ရှည် စောင့်ဆိုင်းရန်သာ လိုတော့သည်။