ထွက်သွားမရသော မြို့တစ်မြို့
Vol. 22 Ch. 325
ကောင်းမင်နှင့် သားစားကြူး နတ်ဘုရားတို့သည် ဖန်လီကြောင့် ကျေနပ်နေကြလေသည်။ ထိုလူသားသည် အရည်အသွေးမြင့်စိတ်ဆန္ဒအား သားစားကြူး နတ်ဘုရားထံသို့ အဆက်မပြတ် ပေးအပ်နေလိမ့်မည်ဖြစ်သည်။ လူသားများ စိတ်ပျက်အားငယ်မှုထဲတွင် ရုန်းကန်ရလေ၊ နတ်ဘုရားသည် ပို၍ ပျော်ရွှင်လေဖြစ်သည်။ ကံကြမ္မာ၏ ရှုထောင့်မှကြည့်လျှင် နတ်ဘုရားများပင် ရုန်းကန်နေကြရသည်မှာ သေချာပါသည်။
“သူက ဘယ်လိုလုပ်ပြီး အလားအလာအကြီးဆုံး လူတွေကို အမြဲတမ်း ရှာတွေ့နေရတာလဲ”
စီတုအန်း၏ မျက်လုံးများ မနာလိုစိတ်ဖြင့် နီရဲလာခဲ့သည်။ သားစားကြူးနတ်ဘုရားက ဖန်လီအား ပြုလုပ်ခဲ့သည့် ကုသမှုလုပ်ငန်းစဉ်တစ်ခုလုံးအား သူ့ မျက်မြင်ကိုယ်တိုင် တွေ့ ကြုံခဲ့ရသည်။
“သူက ကံကြမ္မာလား ၊ ကောင်းမင် ၊ ကံကြမ္မာ... ငါ စဉ်းစားနေတယ် ၊ ချိန်းကြိုးတွေကို မလှုပ်စမ်းနဲ့”
စီတုအန်း၏ မိခင်သည် ချိန်းကြိုးများက သူ့သား၏ဒဏ်ရာများကို ထိခိုက်စေမည်စိုးသောကြောင့် ချိန်းကြိုးများကို ရွှေ့လိုက်လေသည်။
“ဘယ်လို မားမားဘွိုင်းလေးပါလိမ့်”
ရှရန်သည် သူ့စုတ်တံကို ကိုင်လိုက်ပြီး စီတုအန်းအား ပြုံးပြလိုက်သည်။ သူ ဘာတွေးနေသည်ကို ပြောပြရန် ခက်ခဲပေသည်။ ညှဉ်းပန်းနှိပ်စက်သည့် အခန်းထဲတွင် လူများ ပိုများလာသဖြင့် နေရာလွတ် မကျန်တော့သလောက် ဖြစ်နေခဲ့သည်။
“စုံစမ်းစစ်ဆေးရေးဌာနက လူတွေ မကြာခင် ရောက်လာတော့မယ်”
ကောင်းမင် ခြေဆန့်လက်ဆန့် လုပ်လိုက်သည်။ သူ့အိတ်ကပ်ထဲမှ နာမည်စာရင်းတစ်ခုကို ထုတ်ယူလိုက်သည်။ သူသည် ဖန်လီ၏ နာမည်ပါသည့် စာမျက်နှာအား မီးရှို့ပစ်လိုက်သည်။
“နောက်တစ်ယောက်က ဘယ်သူပါလိမ့်”
ဟန်ဟိုင်း၏ မြို့ဟောင်းတွင် လူဦးရေများပြားလှသည်။ ကောင်းမင်နှင့် ကျန်းတင်းတို့သည် သက်တောင့်သက်သာ မနေဝံ့ကြချေ။ သူတို့သည် မြို့ဟောင်းအား စုံစမ်းစစ်ဆေးရေးဌာန မသိမ်းပိုက်မီတွင် သိမ်းပိုက်လို၏။ ကောင်းမင် ပေးထားသည့် နာမည်စာရင်းကို အခြေခံ၍ သူတို့သည် ခြောက်ခြားဂိမ်းများအား အသုံးပြုကာ လူအများကို အိပ်မက်ဆိုးများမှ ကယ်တင်ကြမည်ဖြစ်သည်။ ကောင်းမင် တစ်ကိုယ်တည်း ကံကြမ္မာကိုတိုက်ခိုက်ခြင်း၏ အောင်မြင်မှုနှုန်းသည် သုညနီးပါးဖြစ်သည်။ သို့သော်လည်း သူသည် ကြိမ်ဖန်များစွာ သေဆုံးမှုများမှတစ်ဆင့် သူ့အနာဂတ်တွင် မြင်တွေ့ခဲ့ရသည့် မျှော်လင့်ချက်အားလုံးကို ဖမ်းဆုပ်နိုင်ခဲ့သည်။ ကံကြမ္မာကို လွှမ်းမိုးနိုင်သူများအားလုံးသည် သူ့သင်္ဘောနှင့် ချည်နှောင်ခြင်း ခံထားရပြီဖြစ်သည်။ သေးငယ်သော လှိုင်းလုံးလေးများ ပေါင်းစပ်သွားပါက ဧရာမလှိုင်းလုံးကြီးတစ်ခုဖြစ်လာပေလိမ့်မည်။
“သားစားကြူးနတ်ဘုရား လိုအပ်တဲ့ ယုံကြည်မှုက ဝေးကွာနေတုန်းပဲ ၊ ငါ ဖန်လီလိုလူမျိုးတွေ ပိုရှာရဦးမယ်...”
ကောင်းမင်သည် လျှပ်စစ်ပစ္စည်းထောက်ပံ့ရေး ဝန်ထမ်းအိမ်ရာမှ ထွက်လာခဲ့ပြီး အားဖန်၏ မိဘများကို ဆက်သွယ်ရန် ကြိုးစားလိုက်သည်။ သူ မည့်သည့်တုန့်ပြန်မှုမှ မရခဲ့ချေ။ သို့သော်လည်း သူတို့၏ ခန့်မှန်းခြေတည်နေရာအား သူခံစားမိနိုင်ခဲ့သည်။
“အားဖန်နဲ့ သူ့မိဘတွေ လီစန်း ဆေးရုံကို ပြန်သွားကြပုံပဲ ၊ ဆေးရုံက အခုလောလောဆယ် စုံစမ်းစစ်ဆေးရေးဌာနရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာဆိုတော့ အဲဒီကို ပြန်သွားဖို့ ခက်လိမ့်မယ်...”
......
မြောက်ပိုင်းဆိပ်ကမ်း သုတေသနစင်တာအောက်ဘက်တွင် အဖြူရောင် ဆက်သွယ်ရေးစက် များတပ်ဆင်ထားသော သုတေသီများစွာသည် စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေခဲ့ကြသည်။ ပုံမှန်အားဖြင့် မျက်နှာတွင်အမူအရာမရှိသော ကျင်းထောင်ရှန်းပင်လျှင် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေခဲ့သည်။
“သရဲတက်တူး စမ်းသပ်မှုရဲ့ စတုတ္ထအဆင့်ကို အောင်မြင်ပြီး ‘ ဆိုးယုတ်’ သရဲတက်တူးရဲ့ ပိုင်ရှင် ဖြစ်သွားတဲ့အတွက် ဂုဏ်ယူပါတယ်”
သုတေသီများမှ မီတာအနည်းငယ်အကွာတွင် ပုံသဏ္ဌာန်ပျက်နေသော ဦးခေါင်းများစွာပါသည့် ဧရာမ မကောင်းဆိုးဝါးတစ်ကောင် ရှိနေခဲ့သည်။ ၎င်းသည် ရုပ်ဆိုးပြီး ရွံစရာကောင်းလှသည်။ ၎င်း၏ သွေးကြောများတွင် ထူထဲလှသော ဆိုးယုတ်မှုများဖြင့် စီးဆင်းနေသည်။ ပုံပန်းသဏ္ဌာန်အားဖြင့် ၎င်းသည် လူသားများနှင့် လုံးဝ မတူပေ။ တုန်ယင်နေသော အော်ဟစ်သံတစ်ခု ရှိခဲ့သည်။ ဘေးကင်းဇုန်ရှိ စုံစမ်းရေးမှူးများနှင့် သုတေသီများ ထိခိုက်ခဲ့ကြသည်။ သူတို့၏ အတွင်းစိတ်သည် ဆိုးယုတ်မှုများဖြင့် လှုံ့ဆော်ခံလိုက်ရသည်။ သူတို့သည် မကောင်းဆိုးဝါးက သူတို့မှတဆင့် အားလုံးကို ဖျက်ဆီးပစ်စေရန် မျှော်လင့်နေခဲ့ကြသည်။
“မဆိုးဘူး ၊ မင်း သရဲတက်တူးကို ခုမှ ရတာတောင် ‘ဆိုးယုတ်မှု’ ရဲ့ စွမ်းအားကို အသုံးပြုနိုင်တယ် ၊ ပိုင်ရှောင် မင်း ငါ့ကို စိတ်မပျက်စေခဲ့ဘူးပဲ!”
ကျင်းထောင်ရှန်း၏ ဆိုးသွမ်းသော အပြုံးသည် ကြောက်စရာကောင်းနေခဲ့သည်။
ရူးသွပ်စွာ ထွက်ပေါက်ရှာပြီးနောက်တွင် မကောင်းဆိုးဝါး၏ ဧရာမခန္ဓာကိုယ်ကြီးသည် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့သည်။ မကောင်းဆိုးဝါးသည် ကျုံ့ဝင်သွားပြီး နောက်ဆုံးတွင် ပိုင်ရှောင်၏ မျက်နှာအား ထုတ်ဖော်လိုက်သည်။ သုတေသနစင်တာ၏ အကူအညီဖြင့် ပိုင်ရှောင်သည် ‘ဆိုးယုတ်မှု’ နတ်ဘုရားအလောင်း၏ မတူညီသောအစိတ်အပိုင်းများအား ပေါင်းစည်းနိုင်ခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးအား သရဲတက်တူး၏ သိမ်းပိုက်ခြင်းခံလိုက်ရပြီဖြစ်သည်။
“ဝမ်ကျားရဲ့ လုံခြုံရေးအဖွဲ့မှာ နတ်ဘုရားအလောင်းနဲ့ ပေါင်းစည်းထားတဲ့ အဖွဲ့ဝင်သုံးယောက်ပဲ ရှိတာ ၊ မင်း လုံခြုံရေးအဖွဲ့ခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့ အလားအလာ ရှိနေပြီ”
ကျင်းထောင်ရှန်းက အလွန်ကျေနပ်စွာ ပြောလိုက်သည်။
ပိုင်ရှောင်သည် စကားမပြောခဲ့ချေ။ သူ့မျက်လုံးများသည် ဆိုးသွမ်းသောအတွေးများဖြင့် တောက်ပနေခဲ့သည်။ သူသည် ကောင်းမင်ပေးခဲ့သည့် ဓားကို ဆုပ်ကိုင်ထားပြီး မသက်မသာ ခံစားချက်များအား တွန်းလှန်နေရသည်။ ‘ဆိုးယုတ်မှု’ နတ်ဘုရားအလောင်းအား ရှင်းလုမှ ပြန်ယူလာခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် လျှို့ဝှက်ကျိန်စာသင့်ပစ္စည်းတစ်ခုလည်း ဖြစ်သည်။ နတ်ဘုရား အလောင်း၏ အမြင့်ဆုံး အသုံးဝင်ပုံကို အပြည့်အဝ စူးစမ်းရန်အတွက် သုတေသနဌာနသည် သိပ္ပံစဟူသော အကြောင်းပြချက်ဖြင့် စုံစမ်းရေးမှူးအယောက် နှစ်ဆယ်ကျော်အား ၎င်းထံ ကျွေးမွေးခဲ့လေသည်။
သရဲတက်တူး စမ်းသပ်မှုသည် မဖြစ်နိုင်လောက်အောင် ခက်ခဲသည်။ အဆင့် ၄ စမ်းသပ်မှုတွင် စုစုပေါင်း လူ ၄၇ ဦး ပါဝင်ခဲ့ကြပြီး နောက်ဆုံးတွင် ပိုင်ရှောင်တစ်ယောက်တည်းသာ အသက်ရှင်နိုင်ခဲ့သည်။
“မင်းမှာ အတွေးတွေ အများကြီး ရှိတယ်ဆိုတာ ငါသိပါတယ် ၊ ဒါပေမဲ့ ငါတို့ လုပ်သမျှ အရာအားလုံးက ဟန်ဟိုင်းရဲ့ ကောင်းကျိုးအတွက်နဲ့ လူတွေကို ပိုပြီး ကာကွယ်ဖို့အတွက်ပါပဲ”
ကျင်းထောင်ရှန်းသည် လုံခြုံရေး သတိပေးချက်ကို လျစ်လျူရှု၍ ဘေးကင်းဇုန်ထဲမှ ထွက်လာပြီး ပိုင်ရှောင်အား ယူနီဖောင်းအသစ်တစ်ထည် ပေးလိုက်သည်။
“ဒီကမ္ဘာကြီးက မင်းထင်ထားတာထက် ပိုရှုပ်ထွေးတယ် ၊ ဒါပေမဲ့ အခုတော့ မင်းအမှန်တရားကို သိနိုင်ဖို့အတွက် အနိမ့်ဆုံးအရည်အချင်းတော့ ရလာခဲ့ပြီ”
ကျင်းထောင်ရှန်းသည် ပိုင်ရှောင်လွှတ်ချရန် ငြင်းဆန်ခဲ့သည့် ဓားကို တစ်ချက်ကြည့်လိုက်ပြီး သူ့အား လက်ပြလိုက်သည်။
“မင်းရဲ့ ယူနီဖောင်းအသစ်ကို လဲပြီး ငါနဲ့ လိုက်ခဲ့ပါ”
အခြား သုတေသီများ၏ အဖော်ပြုမှုနှင့်အတူ သူတို့သည် သရဲတက်တူးစမ်းသပ်ရေးဇုန်မှ ထွက်ခွာသွားကြသည်။ သူတို့ ထွက်ခွာသွားပြီးနောက် မည်သည့် အစအနမျှ မကျန်ရစ်စေရန် သန့်ရှင်းရေးအဖွဲ့တစ်ဖွဲ့ နေရာထဲသို့ ဝင်ရောက်လာကြသည်။
သူတို့ ဓာတ်လှေကားထဲ ဝင်လိုက်ကြသည်။ ဓာတ်လှေကားသည် ရပ်တန့်သွားခြင်း မရှိမီ တစ်မိနစ်ကျော်ကြာ တက်နေခဲ့သည်။ တံခါးများ ဖြည်းညှင်းစွာ ပွင့်လာ၏။ အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် ပိုင်ရှောင်၏ မျက်နှာပေါ်သို့ နေရောင်ခြည် ထိုးကျလာခဲ့သည်။
ပိုင်ရှောင်သည် မသိစိတ်ဖြင့် သူ့လက်ကို မြှောက်လိုက်သည်။ သူသည် သူ့လက်ဖဝါးပေါ်ရှိ အလင်းရောင်အား ကြည့်ရှုလိုက်သည်။ ၎င်းသည် နွေးထွေးပြီး နူးညံ့ပေသည်။ ၎င်းသည် သူ အမြဲ လိုက်ရှာနေခဲ့သည့် အရာလည်းဖြစ်သည်။ သို့သော်လည်း သူသည် ထိုအခိုက်အတန့်တွင် စက်ဆုပ်ရွံရှာမှုကိုသာ ခံစားလိုက်ရသည်။ သရဲတက်တူး ပေးအပ်ခံရပြီးနောက်တွင် သူသည် လူသားထက် သရဲတစ်ကောင်နှင့် ပိုတူနေခဲ့လေသည်။
ဝန်ထမ်းများက ကျင်းထောင်ရှန်းကို နှုတ်ဆက်ရန် ရပ်တန့်လိုက်ကြသည်။ ကျင်းထောင်ရှန်းက မတုံ့ပြန်ခဲ့ချေ။ ပိုင်ရှောင်အား အပေါ်ဆုံးထပ်သို့ ခေါ်သွားလိုက်သည်။
နံရံအား စခရင်ဖန်သားပြင်များစွာဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်သည်။ စုံစမ်းရေးမှူးများက သူတို့၏ အစီရင်ခံစာများကို အနက်ရောင်ဆက်သွယ်ရေးစက်များမှတစ်ဆင့် ပြန်လည် အစီရင်ခံနေကြသည်။
“မူမမှန်ဖြစ်ရပ်တွေကို အဆင့် ခုနစ်ဆင့် ခွဲခြားထားတယ် ၊ အဆင့်လေးထက် ကျော်မှပဲ ဌာနချုပ်က ဝင်ပါလိမ့်မယ် ၊ ဒါပေမဲ့ မကြာသေးခင်က ဌာနချုပ်ကိုတောင် တုန်လှုပ်စေခဲ့တဲ့ အရာတစ်ခု ဖြစ်ခဲ့တယ်”
ကျင်းထောင်ရှန်းသည် ဖန်သားပြင်များအား ကြည့်လိုက်သော်လည်း သူသည် ထိုထက်ကျော်လွန်သည့် တစ်စုံတစ်ရာကို ကြည့်ရှုနေပုံရလေသည်။
“အဆင့်ငါး မူမမှန်ဖြစ်ရပ်တစ်ခု ရှိတာလား”
နောက်ဆုံးတွင် ပိုင်ရှောင် စကားပြောလိုက်သည်။ စုံစမ်းရေးမှူးဟောင်း တစ်ယောက်အနေဖြင့် အဆင့် သုံး မူမမှန်မှုသည်ပင် သူ့အတွက်အလွန် အန္တရာယ်များလှသည်။
“ဒီအရာက အဲဒီထက် ပိုဒုက္ခပေးနိုင်တယ် ၊ ငါတို့ အဲ့တာကို အခုထိတောင် အန္တရာယ် အဆင့်သတ်မှတ်ချက် မပေးနိုင်သေးဘူး”
ကျင်းထောင်ရှန်းသည် သူ့အဖြူရောင်ဆက်သွယ်ရေးစက်ကို ထိတွေ့လိုက်သည်။ ဖန်သားပြင်များပေါ်ရှိ ပုံရိပ်များအားလုံး ပြောင်းလဲသွားခဲ့သည်။ ကြောက်စရာကောင်းသော ပုံရိပ်များ ပျောက်ကွယ်သွားပြီး ဟန်ဟိုင်းနှင့် အခြားမြို့များကြားရှိ လမ်းမများမှ ကင်မရာများဖြင့် အစားထိုးလိုက်သည်။ ဖန်သားပြင်များမှတစ်ဆင့် လမ်းများအားလုံးပေါ်တွင် နက်မှောင်သော မြူခိုးထူများ ထူးဆန်းစွာ မြင့်တက်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရလေသည်။
“ဟန်ဟိုင်းကို မြူခိုးတွေ ဝန်းရံနေတာလား”
“ဒါက သာမန် မြူခိုးတွေ မဟုတ်ဘူး ၊ ငါတို့ စုံစမ်းရေးမှူး အများကြီးကို တပ်ဖြန့်ထားခဲ့တယ် ၊ ဒါပေမဲ့ ဘယ်သူမှ အသက်ရှင်လျက် ထွက်မလာနိုင်ခဲ့ဘူး ၊ ဒါက ဘာကို ဆိုလိုတယ်ဆိုတာ မင်းသိတယ်မလား”
ကျင်းထောင်ရှန်းသည် ကြောက်စရာအကောင်းဆုံး အမှန်တရားကို အတည်ငြိမ်ဆုံး အသံဖြင့် ပြောလိုက်သည်။
“ဟန်ဟိုင်းက အပြင်လောကနဲ့ အဆက်အသွယ် ပြတ်နေတာ ရက်အနည်းငယ်ကြာသွားခဲ့ပြီ ၊ ငါတို့က ကျွန်းတစ်ကျွန်း ဖြစ်နေပြီ”
“အပြင်က လူတွေ ဝင်လာလို့ မရဘူးလား ၊ ဝမ်ကျားအဖွဲ့က ရှင်းလုကနေ လာတာမဟုတ်ဘူးလား”
ပိုင်ရှောင်သည် စိတ်ရှုပ်ထွေးသွားသည်။
“ဒီမြူခိုးနက်တွေက သူတို့ဒီကို ရောက်လာပြီးမှ ပေါ်လာကြတာ ၊ ပိုတိတိကျကျ ပြောရမယ်ဆိုရင် ဒီမြူခိုးတွေက လီစန်းဆေးရုံမှာ အခြေအနေတွေ ထိန်းချုပ်မှုလွတ်သွားတဲ့ ညကမှ ပေါ်လာတာပဲ”
ကျင်းထောင်ရှန်းသည် ပိုင်ရှောင်ဆီမှ မျက်နှာလွှဲလိုက်ပြီး သူ့အကြည့်များက ဖန်သားပြင်များစွာကြားတွင် ကခုန်နေခဲ့သည်။
“အဲဒီညက လီစန်းဆေးရုံမှာဘာဖြစ်ခဲ့တာလဲ”