ဘယ်သူက ဒါကို အတုခိုးတာလဲ
Vol. 22 Ch. 327
“တစ်ယောက်ယောက် လာနေပြီ ၊ ကိုယ် ဖုန်းချလိုက်တော့မယ်”
ကောင်းမင်သည် သူ့ဖုန်းကို သိမ်းလိုက်သည်။ စခရင်ပေါ်ရှိ သရဲမျက်လုံးများ ဖြည်းညှင်းစွာ ပိတ်သွားခဲ့သည်။ သူ့ဖုန်းသည်လည်း ကျိန်စာသင့်ပစ္စည်းတစ်ခုဖြစ်သည်။ ရွှမ်ဝမ်က ၎င်းကို ရေသေဖိုရမ်မှတစ်ဆင့် အခြားကစားသမားများနှင့် လဲလှယ်ယူခဲ့ခြင်း ဖြစ်သည်။ ဆုံလည်မှန်တံခါးသည် အမှောင်ထဲတွင် လည်ပတ်သွားသည်။ စုံစမ်းစစ်ဆေးရေးဌာန ယူနီဖောင်းဝတ်ထားသည့် လူငယ်နှစ်ဦးသည် အိမ်မွေးတိရစ္ဆာန်အရုပ်ကုမ္ပဏီ၏ ဧည့်ခန်းထဲသို့ တိတ်တဆိတ် ဝင်ရောက်လာကြသည်။ သူတို့ ကောင်းမင်ကို တွေ့လိုက်သောအခါ ထိတ်လန့်သွားကြသည်။
“ဘော့စ် ကျုပ်တို့ထက် တစ်ယောက်ဦးနေတယ်ဗျ”
“တိတ်တိတ်နေစမ်း ၊ ငါ မျက်စိကန်းမနေဘူး”
ထိုနှစ်ဖွဲ့သည် ငါးမီတာခန့် အကွာအဝေးတွင် ခပ်ခွာခွာရှိနေကြသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် ကုမ္ပဏီ၏ နောက်ဖေးတံခါးမှာ အတင်းဖွင့်ခံလိုက်သည်။ မျက်နှာဖုံးစွပ်ထားသည့် မိသားစုလေးဦးတို့ ဧည့်ခန်းထဲသို့ ဝင်လာခဲ့ကြသည်။ သူတို့သည် ဘဏ်ဓားပြများကဲ့သို့ မျက်နှာဖုံးများ စွပ်ထားကြလေသည်။ သူတို့ ကုမ္ပဏီထဲ မဝင်မီတွင်ပင် အလွန်ကျယ်လောင်သည့် အသံများ ပြုလုပ်မိသောကြောင့် လူသိသွားခဲ့ကြသည်။ သူတို့ ရှေ့တံခါးကို အသုံးပြုခြင်းက ပို၍ပင် လွယ်ဦးမည်ဖြစ်သည်။
“အချစရေ ၊ မင်းက ချိုးဖောက်ရေးကျွမ်းကျင်သူလို့ ပြောခဲ့တာမဟုတ်လား”
“ငါက အင်တာနက် ဟက်ကာလေ ၊ သော့ခလောက် ဖျက်တဲ့သူ မဟုတ်ဘူး ၊ နင် ငါ့ကို ဘာလုပ်စေချင်နေတာလဲ”
ထိုလေးယောက်အုပ်စုသည် နောက်ဖေးတံခါးမှ ဝင်လာခဲ့ကြခြင်းဖြစ်သည်။အမျိုးသားသည် အသက် လေးဆယ်ခန့် ရှိပုံရသည်။ သူသည် သူ့အသက်အရွယ်ရှိ အမျိုးသားတစ်ဦးအတွက် အံ့ဩစရာကောင်းလောက်အောင် ကြွက်သားများ ကြီးမားနေလေသည်။ သူ့ဇနီးသည် ငါးနှစ်ခန့် ပိုကြီးပုံရသည်။ သူမ၏နူတ်သီးကောင်းလျှာပါး စကားကြောင့်ပင် သူမသည် လူကောင်းတစ်ဦးဖြစ်ပုံရသည်။ သူတို့၏ ကလေးများသည် အထက်တန်းကျောင်းသား အရွယ်ခန့် ရှိသင့်ပေသည်။ သို့သော်လည်း သူတို့သည် မျက်နှာဖုံးများ၊ ကျောပိုးအိတ်များဖြင့် မူမမှန်မှုအနီးတစ်ဝိုက်တွင် တိတ်တဆိတ် သွားလာနေကြသည့် အချက်ကို ထည့်သွင်းစဉ်းစားပါက သူတို့မိဘ၏ ပညာရေးပုံစံသည် မေးခွန်းထုတ်စရာ ဖြစ်သည်။
သုံးဖွဲ့စလုံး တစ်ဦးနှင့်တစ်ဦး စိုက်ကြည့်နေကြလေသည်။ မိသားစုလေးယောက်က ဦးစွာ စကားစပြောလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က လူဦးရေ ပိုများသောကြောင့် ဖြစ်သည်။ အဖေဖြစ်သူက သူ့လက်များကို မြှောက်လိုက်ပြီး လျှောက်သွားလိုက်သည်။
“ငါတို့ ဒီကို ရောက်နေတာ ငါတို့အားလုံးက ခြောက်ခြားဂိမ်းကစားသမားတွေ ဖြစ်နေလို့ပဲ ၊ ငါတို့ကြားမှာ အကျိုးစီးပွားတွေ ပဋိပက္ခတွေ မရှိဘူးလေ ၊ ငါတို့ ပူးပေါင်းသင့်တယ်”
“အဓိပ္ပာယ်မရှိတာပဲ”
လူငယ်နှစ်ဦးက သူ့အား ငြင်းခုံရန် ပြင်လိုက်သောအခါ အဖေဖြစ်သူက ဆက်ပြောလိုက်သည်။
“မင်းတို့ရဲ့ ယူနီဖောင်းက မင်းတို့နဲ့တော်မနေဘူး ၊ မင်းတို့ အထူး လမ်းကြောင်းတချို့ကနေ ရထားတာ ဖြစ်ရမယ် ၊ ဒါ့အပြင် မင်းတို့ ရုပ်တွေက စုံစမ်းရေးမှူးတွေနဲ့ မတူဘူး ၊ မင်းတို့ကို အယောင်ဆောင်တာ ရပ်ဖို့ ငါ အကြံပေးချင်တယ် ၊ တစ်စုံတစ်ယောက်က မင်းတို့ကို အတည်ယူလိုက်ရင် မင်းတို့ ဒုက္ခအကြီးအကျယ် ရောက်လိမ့်မယ်”
အဖေဖြစ်သူက ချို့ယွင်းချက်များကို လိမ္မာပါးနပ်စွာ ထောက်ပြလိုက်သည်။
“ငါ့နာမည်က လော်တုန်း ၊ ငါက ဟက်ကာတစ်ယောက်ပဲ ၊ ငါ့ရဲ့ရေသေဖိုရမ်အိုင်ဒီက ဟမ်းစတားဖေဖေတဲ့ ၊ ဒါက ငါ့မိန်းမ ၊ သူ့အိုင်ဒီက မီလျံနာပဲ ၊ သူတို့က ငါ့သားနဲ့ သမီးပါ”
“ခင်ဗျားတို့ ဘာလို့ ခင်ဗျားတို့ရဲ့ ကလေးတွေကို မူမမှန်ဖြစ်ရပ်ထဲ ခေါ်လာရတာလဲ”
ထိုလူငယ်နှစ်ဦးသည် ဖော်ထုတ်ခံလိုက်ရသဖြင့် ရှက်ရွံ့သွားကြသည်။
“ဒီဘေးကပ်ဆိုးထဲမှာ ရှင်သန်နိုင်တာက သူတို့ ရရှိမယ့် အကြီးမားဆုံး ပညာရေးပဲ ၊ ဒါ့အပြင် ငါ့ကလေးတွေရဲ့ ပညာရေးကို ငါပဲ ကိုင်တွယ်မယ်”
လော်တုန်းသည် သူ့မိသားစုအား အခြားသူများ ဝေဖန်ခြင်းကို မကြိုက်ချေ။
“ကျုပ်နာမည်က ယွီရွှေလုံပါ ၊ ဒါက ကျုပ်ရဲ့နောက်ဆုံး လက်အောက်ခံ ယွီရွှေဟူပဲ၊ ကျုပ်တို့က မြို့ဟောင်းမှာ အခြေစိုက်ထားတဲ့ ငါးခူဂိုဏ်းကပါ ၊ ကျုပ်တို့က ရေသေဖိုရမ်ကို ဦးဆုံး ဝင်ခဲ့တဲ့ ကစားသမားတွေထဲက တစ်ယောက်ပဲ”
ထိုလူငယ်သည် သူ့လည်ပင်းတစ်ဝိုက်ရှိ တက်တူးကို ဖော်ပြရန် ကြယ်သီးများ ဖြုတ်လိုက်သည်။ ၎င်းသည် ခပ်တိုတိုရှိသော အနက်ရောင် နဂါးတစ်ကောင် ဖြစ်သည်။
“ငါးခူ ဂိုဏ်းလား”
ကောင်းမင်နှင့် လော်တုန်းတို့သည် ဤအဖွဲ့အစည်းအကြောင်း ယခင်က မကြားဖူးခဲ့ကြချေ။ ၎င်းအား ကစားသမားများကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်နိုင်ပေသည်။
သူတို့သည် ကောင်းမင်ဘက်သို့ လှည့်လိုက်ကြသည်။ သူပြောလိုက်သည်။
“ကျုပ်နာမည်က ကောင်းမင်ပါ ၊ ကျုပ်က စားဖိုမှူးတစ်ယောက် ဖြစ်ခဲ့ဖူးတယ် ၊ ကျုပ်အလုပ်ပြုတ်သွားခဲ့တာ သိပ်မကြာသေးပါဘူး”
ကောင်းမင်၏ မိတ်ဆက်စကားသည် သူ့ပုံပန်းသဏ္ဌာန်ကဲ့သို့ ရှက်ကြောက်တတ်ပုံပေါ်နေလေသည်။ သို့သော်လည်း လော်တုန်းနှင့် ယွီရွှေလုံတို့က အလွယ်တကူ အရူးလုပ်လို့ရမည့်လူမျိုးများ မဟုတ်ကြပေ။သူတို့က ပိုမိုနက်နဲစွာ တူးဆွရန် အလွန်ပျင်းရိနေခဲ့ကြရုံသာ ဖြစ်သည်။
“ဒီမတိုင်ခင်က လူတစ်ယောက်က မူမမှန်ဖြစ်ရပ်ထဲမှာ အံ့ဖွယ်အီစတာဥကို ရခဲ့ပြီး သူတို့ရဲ့ အရည်အသွေးက ဆယ်မှတ်အထိ အံ့မခန်း တက်သွားခဲ့တယ် ၊ သူတို့က လူသားတစ်ဦးရဲ့ အဓိပ္ပာယ်ထက် ကျော်သွားခဲ့ပြီ ၊ ငါတို့လည်း အရမ်း နောက်ကျန်ခဲ့လို့ မဖြစ်ဘူး”
လော်တုန်းသည် အခြားလူများအား ဝေ့ဝဲကြည့်လိုက်သည်။
“ငါတို့ အချင်းချင်း မတိုက်ခိုက်သင့်ဘူးနော်”
“သေချာတာပေါ့”
သူတို့ သဘောတူညီမှု ရသွားသောအချိန်တွင် မှန်တံခါးသည် နောက်တစ်ကြိမ် လည်သွားခဲ့သည်။
ကင်မရာအကြီးကြီးတစ်လုံးကို သယ်ဆောင်လာသည့် အမျိုးသားတစ်ဦးနှင့် ခန္ဓာကိုယ်တင်းရင်းနေသော အမျိုးသမီေသတင်းထောက်တစ်ဦးတို့သည် အဆောက်အအုံထဲသို့ ဝင်ရောက်လာကြသည်။ သူတို့သည် အစီအစဉ်တစ်မျိုးမျိုးအား မှတ်တမ်းယူနေပုံရသည်။ အစီအစဉ် တင်ဆက်သူ အမျိုးသမီးသည် ကင်မရာအား မျက်နှာမူထားရင်း မိတ်ကပ်ခပ်ပါးပါးပုတ်လိုက်သည်။ သူမသည် အဆောက်အအုံထဲတွင် အခြားသူများ ရှိနေသည်ကို သတိပြုမိသောအခါ သူမမျက်လုံးများမှာ အလွန်စိတ်လှုပ်ရှားစွာဖြင့် တောက်ပသွားခဲ့သည်။
“မင်္ဂလာပါ ၊ ကျွန်မတို့က ခြောက်ခြောက်ခြားခြားသန်းခေါင်ယံ အစီအစဉ်ကပါ ၊ ကျွန်မတို့က ခြောက်ခြားဇာတ်လမ်း အားလုံးကို မှတ်တမ်းတင်ဖို့ အာရုံစိုက်ထားပါတယ်”
အစီအစဉ်တင်ဆက်သူ အမျိုးသမီးသည် အစီအစဉ်အား အားလုံးကိုပြသရန် သူမ၏ဖုန်းကို ဖွင့်လိုက်လေသည်။
“ဒီဘေးကပ်ဆိုးကြီးရောက်မလာခင်က ကျွန်မတို့ အရာအားလုံးကို ခန့်မှန်းခဲ့ကြတယ် ၊ အရင်တုန်းက ကျွန်မတို့ရဲ့အစီအစဉ်ကို မြို့သားတွေက သဘောကျခဲ့ကြပါတယ်”
“ငါ မင်းတို့ရဲ့ ရှိုးအစီအစဉ်ကို သိပါတယ် ၊ အဲဒါက ခြောက်ခြားစရာတွေ ဆွဲဆောင်မိတာ များတယ် ၊ ကောင်းပြီလေ ၊ မင်းတို့ အခု ရုပ်ရှင်မှတ်တမ်း လုပ်နေတယ်လို့ပဲ ငါ ယူဆလိုက်မယ်”
လော်တုန်းသည် ကင်မရာအား မုန်းတီးပေသည်။ သူက သူ့ဦးထုပ်အား ပြန်စွပ်လိုက်သည်။
“ဒီဘေးကပ်ဆိုးရောက်ရှိတာက ကျွန်မတို့အတွက် အကြောင်းအရာအများကြီးကို ပံ့ပိုးပေးခဲ့တယ် ၊ ဒါကြောင့် ကျွန်မတို့က ရည်ရွယ်ချက်တွေကို ပြောင်းလဲလိုက်ပါတယ် ၊ ကျွန်မတို့ ရည်ရွယ်ချက်က ဈေးပေါတဲ့ဖြဲခြောက်တွေနဲ့ လူတွေကို ကြောက်လန့်စေတာ မဟုတ်ဘဲ တိုက်ရိုက်အကျဆုံး သတင်းပေးပို့မှုတွေကနေတစ်ဆင့် ခြောက်ခြားဂိမ်းကစားသမားတွေကို လမ်းညွှန်အချက်အလက်တွေ ထောက်ပံ့ပေးဖို့ပါပဲရှင်”
အစီအစဉ်တင်ဆက်သူ အမျိုးသမီးသည် သူတို့၏ ဝဘ်ဆိုဒ်အသစ်အား စိတ်အားထက်သန်စွာ မိတ်ဆက်လိုက်သည်။
“ရေသေဖိုရမ်က ကစားသမားတွေ အများကြီးကို စုစည်းခဲ့တယ် ၊ ဒါပေမဲ့ အဲဒီမှာ အလဲအလှယ်လုပ်တာက ကြေးမြင့်တယ်လေ ၊ ကျွန်မတို့ ခြောက်ခြောက်ခြားခြားသန်းခေါင်ယံ ဝဘ်ဆိုဒ်က ကစားသမားတွေအတွက် အိမ်တစ်လုံးနဲ့ ပိုတူပါတယ် ၊ အရာအားလုံးက အခမဲ့ဖြစ်ပြီး လူတိုင်း လွတ်လွတ်လပ်လပ် အပြန်အလှန် ဆက်ဆံနိုင်ပါတယ်ရှင်”
အစီအစဉ်တင်ဆက်သူ အမျိုးသမီးသည် ပရော်ဖက်ရှင်နယ်ကျသောအပြုံးတစ်ခုဖြင့် ပြုံးလိုက်သည်။
“ရေသေဖိုရမ်ကို အသုံးပြုဖို့က မလွယ်ကူဘူး ၊ ကျွန်မတို့ ခြောက်ခြောက်ခြားခြားသန်းခေါင်ယံမှာ ဝဘ်ဆိုဒ် ၊ ဖိုရမ် သာမက အက်ပ်လည်း ရှိပါသေးတယ်...”
ကောင်းမင်၏အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ ရေသေဖိုရမ်နှင့် ယှဉ်ပြိုင်လိုသူ တစ်စုံတစ်ယောက် ရှိလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ချေ။ လူသား လောဘသည် ကပ်ဆိုးတစ်ခုကပင် ဖယ်ရှားပစ်လို့ မရနိုင်သည့် အရာဖြစ်သည်။
ကောင်းမင်သည် ခြောက်ခြောက်ခြားခြားသန်းခေါင်ယံအတွက် ဝဘ်ဆိုဒ်၏ အကြောင်းအရာကို ရိုးရှင်းစွာ ကြည့်လိုက်သည်။ ၎င်းသည် အခြေခံအားဖြင့် ရေသေဖိုရမ်၏ ပုံတူသာ ဖြစ်သည်။ သူတို့ရေသေဖိုရမ်၏ မစ်ရှင်များကို ပထမဆုံးသတိပေးချက်ဖြင့် ချိတ်ဆက်ကြပြီး ရိုးရှင်းသော မူမမှန်မှုများအတွက် လမ်းညွှန်ချက်များပင် ထုတ်ပြန်ခဲ့ကြသည်။ သူတို့သည် အရည်အသွေးနိမ့် ကျိန်စာသင့်ပစ္စည်းများအား ဆုလာဘ်အဖြစ်ပင် ပေးခဲ့ကြသေးသည်။
“ဟန်ဟိုင်းက ရေတွေက တကယ်နက်တာပဲ ၊ တစ်ယောက်ယောက်က ရေသေဖိုရမ်ကို ပုံတူကူးချလိမ့်မယ်လို့ ဘယ်သူသိပါ့မလဲ”
ကောင်းမင်၏ အမူအရာမှာ မပြောင်းလဲခဲ့ချေ။ ရေသေဖိုရမ်၏ ပင်မထောက်တိုင်မှာ သရဲနီများဖြစ်သည်။ ကောင်းမင်နှင့် ကျန်းတင်းတို့သည် အကြီးမားဆုံး မူမမှန်ဖြစ်ရပ်များ ဖြစ်ကြသည်။ အခြားသူများက သူတို့အား မည်သို့ ပုံတူကူးနိုင်ပါမည်နည်း။
“ကျွန်မတို့က အကျိုးအမြတ်အတွက် လုပ်နေတာ မဟုတ်ပါဘူး ၊ ကျွန်မတို့က လူတိုင်းကို မူမမှန်မှုတွေကို တိုက်ခိုက်ဖို့ ကူညီပေးရုံသက်သက်ပါပဲ”
အစီအစဉ်တင်ဆက်သူ အမျိုးသမီး၏အသံသည် လုံးဝပြည့်စုံနေသော်လည်း လော်တုန်းက မျက်မှောင်ကြုတ်လိုက်သည်။
“မင်း ကိုယ်တိုင်တောင် ဒါကို ယုံကြည်ရဲ့လား ၊ ငါ စုံစမ်းစစ်ဆေးရေးဌာနကနေ အဲ့သလို စကားတွေ ကြားဖူးတယ် ၊ ဒါပေမဲ့ ရလဒ်က ဘာလဲ ၊ သူတို့ မြို့တော်အရှေ့ပိုင်းကို စွန့်ပစ်ခဲ့ကြတယ် ၊ မကြာခင် မြို့ဟောင်းကိုလည်း စွန့်ပစ်ကြတော့မယ်”
“ကျွန်မတို့ စကားလုံးတွေကို လုပ်ဆောင်ချက်တွေနဲ့ မကြာခင် သက်သေပြပါ့မယ်ရှင်”
အစီအစဉ်တင်ဆက်သူ အမျိုးသမီးက ၎င်းသည် မြင့်မြတ်သော မစ်ရှင်တစ်မျိုးမျိုးကဲ့သို့ ပြောလိုက်သည်။
“ရှင် အဖွဲ့ဝင်အဖြစ် ဝင်ပြီး ဘာလို့ စမ်းမကြည့်တာလဲ ၊ ရွေးချယ်စရာ ပိုများတာက မကောင်းတဲ့အရာ မဟုတ်ဘူးလေ”
ငါးခူဂိုဏ်းနှင့် လော်တုန်းမိသားစုသည် လှုပ်ရှားခြင်း မရှိကြပေ။ ထိုအစား စိတ်ဝင်တစားဖြင့် မေးလိုက်သူမှာ ကောင်းမင် ဖြစ်သည်။
“ကျုပ် ဘယ်လို စာရင်းသွင်းရမလဲဗျ”
သူ့မျက်လုံးများသည် ရှင်းလင်းနေခဲ့သည်။ သူ့အဝတ်အစားများက စုတ်ပြဲနေ၏။ သူသည် ရိုးသားသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။