အိမ်မွေးတိရိစ္ဆာန်
Vol. 22 Ch. 328
“ကျွန်မတို့ ယုံကြည်စိတ်ချမှုကို အပြည့်အဝ အာမခံပါတယ် ၊ ရှင့်ကို ဖော်ထုတ်နိုင်မယ့် ဘယ်အချက်အလက်ကိုမှ ဖြည့်စရာ မလိုပါဘူး ၊ ရှင့်အကောင့် စကားဝှက်ကို သတ်မှတ်ပေးဖို့ပဲ လိုပါတယ် ၊ ဒါပေမဲ့ မူမမှန်မှုနဲ့ ပတ်သက်တဲ့ ဗီဒီယိုတစ်ခုကို တင်တာ ဒါမှမဟုတ် ခြောက်ခြားဂိမ်း စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး ရှင်သိတဲ့အရာတွေကို မျှဝေပေးတာမျိုး တစ်ခုခုလုပ်ပေးပြီးမှပဲ တခြားသူတွေ မျှဝေထားတဲ့ အချက်အလက်တွေကို ဖတ်လို့ရပါလိမ့်မယ်”
အစီအစဉ်တင်ဆက်သူ အမျိုးသမီးက ပိုမိုရှင်းပြရန် ကောင်းမင်နား ကပ်လိုက်လေသည်။
“ဒီကမ္ဘာပေါ်မှာ ဘယ်အရာမှ အလကားမရဘူးဆိုတာ ငါ သိတယ်”
လော်တုန်းသည် ခေါင်းခါလိုက်ပြီး နောက်ဆုံးမစ်ရှင် အချက်အလက်များကို စစ်ဆေးရန် ရေသေဖိုရမ်သို့ ဝင်လိုက်သည်။
“ရှင်းရှင်းနျန်နျန်အိမ်မွေးတိရစ္ဆာန်အရုပ် အဆောက်အဦး( အုပ်စုလိုက် ခြောက်ခြားမြေပုံ): သာမန် အန္တရာယ်အဆင့်သတ်မှတ်ချက်။ သန္ဓေပြောင်းလဲခြင်း အဆင့်တိုးတက်မှု ၃၅ ရာခိုင်နှုန်း။ အရိပ် လွှမ်းခြုံမှု ၂၀ ရာခိုင်နှုန်း။ အသက်ရှင်ကျန်ရစ်သော ကစားသမားများ: ၂၉ ဦး။ အံ့ဖွယ် အီစတာဥ ဖြစ်နိုင်ခြေ: ၁ ရာခိုင်နှုန်း။
“ယုံကြည်မှုများ အထိန်းအကွပ်မဲ့သွားသောအခါ လူသားများသည် အခြား လူသားများ၏ အိမ်မွေးတိရစ္ဆာန်များ ဖြစ်လာကြလိမ့်မည်။ သူတို့၏ လည်ပင်းပတ်လည်ရှိ လည်ပတ်ကြိုးများကို လိုအင်ဆန္ဒနှင့် သေခြင်းတရားတို့က ဆုပ်ကိုင်ထားကြလိမ့်မည်။ သူတို့သည် သူတို့၏ အမြီးများကို သနားစဖွယ် လှုပ်ခါနေကြပြီး ခွေးများထက် ပိုဆိုးသော ဘဝဖြင့် နေထိုင်ကြလိမ့်မည်။ သင်သည် ဤအဆောက်အဦးတွင် လီစန်းဆေးရုံမှ ထွက်ပြေးလာသည့် ရွှံ့ရုပ်တုအား ရှာဖွေပြီး ဖျက်ဆီးပစ်ရမည်ဖြစ်သည်။
“ဤခြောက်ခြားမြေပုံတွင် အထူးကျိန်စာသင့် ပစ္စည်းများ ရရှိရန် အခွင့်အရေး ရှိသည်။ ကျိန်စာသင့်သော ပစ္စည်းများ အားလုံးကို ဖိုရမ်တွင် အထောက်အထားခွဲခြားနိုင်ပြီး ရောင်းဝယ်ဖောက်ကားနိုင်သည်။
“လက်ရှိ အမိန့် ပြိုလဲသောအခါ သင့်လက်ထဲတွင် စည်းမျဉ်းအသစ်များ ပေါ်လာလိမ့်မည်။”
လော်တုန်း၏ အမူအရာမှာ စိတ်ဓာတ်ကျသွားပုံရသည်။
“အသက်ရှင်ကျန်ရစ်တဲ့ ကစားသမားတွေက ဘယ်တုန်းက ၂၉ ယောက်အထိ တက်သွားတာလဲ ၊ ငါတို့ အစောဆုံး ရောက်လာခဲ့တာလို့ ထင်ခဲ့တာလေ”
ကျိန်စာသင့်ပစ္စည်းများသည် အလွန်တန်ဖိုးရှိပြီး ရှားပါးပေသည်။ ထိုကြောင့် လော်တုန်းက သတိပေးချက်ကို ချက်ချင်းသိရသည်နှင့် သူ့မိသားစုကို ခေါ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူ့အတွေးမျိုး ရှိနေသည့် ကစားသမား အများအပြား ရှိနေလေသည်။
“ဧည့်ခန်းထဲမှာ လူအများကြီး မတွေ့ရဘူး ၊ သူတို့ အပေါ်ထပ် တက်သွားကြတာ ဖြစ်ရမယ်!”
လော်တုန်း သူ့ဇနီးအား တစ်ချက်ကြည့်လိုက်သည်။ သူတို့ နှစ်ဦးလုံး ကော်ရစ်ဒါဘက်သို့ လှုပ်ရှားလိုက်ကြသည်။ သူတို့ ရောက်မလာခင်တွင် လော်တုန်းသည် အဆောက်အဦး၏ အပြင်အဆင်အား အလွတ်ကျက်ထားခဲ့သည်။ထိုကုမ္ပဏီသည် အိမ်မွေးတိရစ္ဆာန်များအတွက် ကစားစရာများကို နှစ်စဉ် ဒီဇိုင်းထုတ်လေ့ရှိသည်။ သူတို့၏ ဒီဇိုင်းဖန်တီးမှု ဓာတ်ခွဲခန်းသည် အဆောက်အဦးအတွင်းတွင် ရှိသည်။ အနီးနားရှိ နေထိုင်သူများထံမှ စုဆောင်းရရှိသည့် အချက်အလက်များအရ ထိုကုမ္ပဏီသည် ဘေးကပ်ဆိုးရောက်ရှိလာသောအခါ ထူးဆန်းလာခဲ့သည်။ အဆောက်အအုံအတွင်းမှ ထူးဆန်းသည့် ဆူညံသံများ ထွက်လာလေ့ရှိသည်။ လူများက သူတို့၏ သေဆုံးသွားသော အိမ်မွေးတိရစ္ဆာန်များကို ပြတင်းပေါက်များဘေးတွင် မြင်တွေ့ရကြောင်း သတင်းပို့ခဲ့ကြသည်။ သူတို့သည် သူတို့၏ ယခင်ပိုင်ရှင်များအား အဆောက်အဦးထဲသို့ ဝင်လာရန် ခေါ်ဆိုနေခဲ့ကြသည်။
“ဧည့်ခန်းကတော့ ဘေးကင်းတယ်လို့ ယူဆရတယ် ၊ ဒါပေမဲ့ ဒုတိယထပ်နောက်ပိုင်းမှာတော့ ကျွန်မတို့ သတိထားရမယ် ၊ ဒီကုမ္ပဏီရဲ့ အိမ်မွေးတိရစ္ဆာန်အရုပ်စမ်းသပ်စက်ရုံထဲကို လူတစ်ယောက်ဆွဲခေါ်ခံခဲ့ရပြီး မကောင်းဆိုးဝါး တစ်ကောင်လို ပုံစံမျိုးနဲ့ ပြန်ထွက်လာခဲ့တယ်လို့ ကျွန်မ ကြားဖူးတယ်”
အစီအစဉ်တင်ဆက်သူ အမျိုးသမီး၏အသံက လော်တုန်းနောက်မှ ထွက်ပေါ်လာခဲ့သည်။ လော်တုန်းသည် သူမအား မယုံကြည်သော်လည်း သူမက ကူညီချင်နေခဲ့သည်။
“ဒီဘေးကပ်ဆိုး မဖြစ်ပွားခင်က ဒီလောက်အသည်းအသန် အလုပ်လုပ်တဲ့ အရောင်းသမားကို ငါ တစ်ခါမှ မမြင်ဖူးဘူး”
ငါးခူဂိုဏ်းမှ နှစ်ဦးက နောက်တွင် နေခဲ့ကြသည်။ ယွီရွှေဟူသည် အစီအစဉ်တင်ဆက်သူ အမျိုးသမီးကို စိုက်ကြည့်နေခဲ့ပြီး မျက်လုံးများ မခွာနိုင်ခဲ့ချေ။
“သူတို့ ကော်မရှင်နဲ့ အလုပ်လုပ်တာပဲ ၊ သူတို့က လူတွေကိုသူတို့ အစီအစဉ်ထဲပါဝင်အောင် လုပ်နိုင်ရင် အပြန်အလှန်အနေနဲ့ တစ်ခုခု ရကြတယ် ၊ သူတို့ အကူအညီ ရဖို့အတွက် မင်းပေးရလိမ့်မယ် ၊ သူတို့ရဲ့ အဖိုးအခက မင်းရဲ့ အသက် ဖြစ်သွားနိုင်တယ်”
လော်တုန်းသည် ယခင်က လိမ်လည်ခံခဲ့ရဖူးသည်။ သူက ထိုအမျိုးသမီးကို လျစ်လျူရှုလိုက်ပြီး ထိတ်လန့်စရာကောင်းသည့် အရာတစ်ခုအား ပြုလုပ်ခဲ့သည်။
“သား အရင် ဝင်သွားလိုက်”
ဒုတိယထပ် ကော်ရစ်ဒါလမ်းသည် မှောင်မိုက်နေခဲ့သည်။ တစ်ခုတည်းသော အလင်းရင်းမြစ်သည် ထိုအုပ်စု၏ ဖုန်းများမှ လာနေခြင်း ဖြစ်သည်။ ပိတ်ထားသော တံခါးများမှ သွားကြိတ်သံများ ထွက်ပေါ်နေခဲ့သည်။ ဤနေရာသည် အန္တရာယ်များလှသော်လည်း လော်တုန်းက သူ့သားအား လမ်းပြရန် ရှေ့ပို့လိုက်လေသည်။ သို့သော်လည်း သူ့သားသည် ထိုအရာကို အကျင့်ဖြစ်နေပုံရသည်။ သူသည် သူ့ကျောင်းလွယ်အိတ်ထဲမှ လျှပ်စစ်တုတ်တစ်ချောင်းအား ထုတ်ယူလိုက်သည်။ ၎င်းက ကျီခနဲ မြည်သွားသောအခါ လေထဲတွင် မီးလောင်ထားသည့် အနံ့တစ်မျိုး ရှိလာခဲ့သည်။
“ခင်ဗျားလိုလူက ဘယ်လိုလုပ်ပြီး အဖေ ဖြစ်နေရတာလဲ”
ယွီရွှေလုံက ရေရွတ်လိုက်သည်။
လော်တုန်းသည် ဘာမှ မပြောခဲ့ချေ။
သူ စိုးရိမ်တကြီးဖြင့် သူ့သားကို စိုက်ကြည့်နေခဲ့သည်။ သူ တံခါးတစ်ချပ်ဘေးမှ ဖြတ်သွားတိုင်း သူ့သားသည် တံခါးပေါ်တွင် “မရှိ” ဟု ရေးခဲ့သည်။ သူ စတုတ္ထတံခါးအား ဖြတ်သွားသောအခါ လော်တုန်း၏ သားသည် သူ့အဖေအား လှည့်ကြည့်ရင်း ချွေးအေးများ ထွက်လာခဲ့သည်။ တုန်ယင်နေသော လက်များဖြင့် သူသည် တံခါးပေါ်တွင် “ရှိသည်” ဟု ရေးချလိုက်သည်။ ကလေးသည် အရှိန်လျော့သွားပြီး တတိယထပ်သို့ တစ်ယောက်တည်း ဆက်တက်သွားလေသည်။
လော်တုန်းက ဘာမှ မရှင်းပြခဲ့ချေ။ သူသည် သူ့ဇနီးနှင့် သမီးအား သူ့နောက်မှ လိုက်စေပြီး ဖြည်းညှင်းစွာဖြင့် ရှေ့သို့ တိုးသွားခဲ့ကြသည်။ သူတို့ စတုတ္ထတံခါးနား ရောက်ခါနီးတွင် သူတို့ ရုတ်တရက်ထပြေးလိုက်ကြပြီး ကော်ရစ်ဒါလမ်းတွင် ပျောက်ကွယ်သွားကြသည်။
ဒုတိယထပ်သည် တိတ်ဆိတ်သွား၏။ ကျန်ရစ်ခဲ့သော ခြောက်ခြားဂိမ်းကစားသမားများက စိတ်ရှုပ်ထွေးစွာဖြင့် တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။ လော်တုန်း ဘာစီစဉ်နေသည်ကို သူတို့ နားမလည်နိုင်ကြချေ။
...
အမျိုးသမီးစီးကရက်တစ်လိပ်သည် မီးမငြိမ်းသေးသော်လည်း တတိယထပ်မှ ပြုတ်ကျလာခဲ့သည်။ ရှင်းရှင်းနျန်နျန် အိမ်မွေးတိရစ္ဆာန်ကုမ္ပဏီ ရုံးခန်းတစ်ခုမှ အသံတစ်ခု ထွက်ပေါ်လာလေသည်။
“နင် မြင်နေရတာကို သဘောကျရဲ့လား”
မန်နေဂျာနျန်သည် အမျိုးသမီး၏ ကုတ်အင်္ကျီအား ချွတ်လိုက်ပြီး အုပ်စုထဲသို့ ပစ်လိုက်သည်။ သူမသည် သူမ၏ ရှပ်အင်္ကျီကြယ်သီးများကို ဖြုတ်လိုက်ပြီး လေအေးပေးစက်၏ အပူချိန်အား အနိမ့်ဆုံးသို့ ပြောင်းလိုက်သည်။ မန်နေဂျာနျန်သည် သူမလက်ချောင်းများရှိ ခြောက်သွေ့နေသော သွေးများကို သုတ်လိုက်ပြီး ပိုသက်တောင့်သက်သာရှိသော ပုံစံသို့ ပြောင်းလဲရန် ဆိုဖာကို မှီလိုက်သည်။ ဒေါက်မြင့်ဖိနပ်များသည် ခြေသုတ်ခုံထဲသို့ နစ်ဝင်နေခဲ့သည်။ သူမ၏ အဆက်မပြတ် လေ့ကျင့်မှုက သူမ၏ ခြေသလုံးများအား ဆွဲဆောင်မှုရှိစေပြီး အစွမ်းထက်နေစေခဲ့သည်...။
“နင်စိုက်ကြည့်လို့ ပြီးပြီလား”
နောက်ထပ်ဆေးလိပ်တစ်လိပ် မီးညှိလိုက်ပြီးနောက် မန်နေဂျာနျန်က သူမ၏ ဒေါက်ဖိနပ်များကို ကန်ချွတ်လိုက်သည်။ သူမ၏ အကြည့်များတွင် လွှမ်းမိုးမှုအရှိန်အဝါများ ထုတ်လွှတ်နေခဲ့သည်။
“ဒီကို လာခဲ့”
အသားစိမ်း တစ်အိတ်ကို ကိုင်ထားသည့် ရှောင်ဝူ၏ နဖူးသည် ချွေးများဖြင့် စိုရွှဲနေ၏။ သူ့အကြည့်များက ရေချိုးခန်းဘက်သို့ မကြာခဏရစ်ဝဲနေခဲ့သည်။ ဧရာမရေချိုးကန်ကြီးသည် စေးကပ်ကပ် အနီရောင်အရည်မျာားဖြင့် ပြည့်နေခဲ့သည်။ ယင်းက ဘာလဲဆိုတာတော့ သူ မသိချေ။ သူ ကြောက်ရွံ့နေခဲ့သော်လည်း သူ့ခန္ဓာကိုယ်က သူ့ဆန္ဒမပါဘဲ ရှေ့သို့ ရွေ့သွားခဲ့သည်။ သူသည် ကျောင်းတွင် စာညံ့သူဖြစ်ပြီး အင်တာဗျူးများစွာ ကျရှုံးခဲ့သည်။ သူသည် ထိုအခွင့်အရေးကို ရရှိရန် အလွန်အမင်း ကြိုးစားခဲ့သော်လည်း သူ့သူဌေးနှင့်ပတ်သက်၍ အရာအားလုံး မှားယွင်းနေကြောင်း သူ သဘောပေါက်ခဲ့သည်။
“အင်တာဗျူး ဖြေဆိုသူ အများကြီးထဲက ငါနင့်ကို ဘာလို့ ရွေးလိုက်တာလဲဆိုတာ နင်သိလား”
မန်နေဂျာနျန်သည် သူမ၏ စားပွဲတံခါးကို ရုတ်တရက် ဆွဲဖွင့်လိုက်သည်။ ဤသည်က ရှောင်ဝူအား ထိတ်လန့်သွားစေခဲ့သည်။ မန်နေဂျာနျန်က ဘယ်လိုအန္တရာယ်များသည့် ပစ္စည်းမျိုးဆွဲထုတ်လာမည်ကို သူ မသိချေ။ သွယ်လျသော လက်ချောင်းများက ငွေသားများ ထည့်ထားသော စာအိတ်တစ်အိတ်ကို ကောက်ကိုင်လိုက်သည်။ မန်နေဂျာနျန်သည် ၎င်းအား ရှောင်ဝူထံ ပစ်ပေးလိုက်သည်။
“နင်က ငါ့ရဲ့ အရင် ခွေးကြီးတွေထဲက တစ်ကောင်နဲ့ တူနေတယ်”
ရှောင်ဝူ၏ အကြည့်က စာအိတ်ဆီသို့ ရောက်သွား၏။ သူသည် ငွေများကို ကောက်ယူ၍ စားပွဲပေါ်သို့ ပြန်တင်လိုက်သောကြောင့် ရှက်နေခဲ့သည်။ သူ ငွေမြင်လိုက်ရပြီးနောက် ယခင်ကလောက် မကြောက်တော့ပေ။ သူ အနည်းငယ် စိတ်အေးသွားခဲ့သည်။
“အစ်မနျန် မနောက်ပါနဲ့တော့”
ရှောင်ဝူ၏ အတွေးများကား ဟိုရောက်ဒီရောက်ဖြင့် နေရာများစွာ ရောက်သွားသည်။ သူသည် ထိုကဲ့သို့ အခြေအနေမျိုးကို ယခင်က တစ်ခါမှ မကြုံဖူးခဲ့ချေ။
“ငါ နောက်နေတာမဟုတ်ဘူး”
မန်နေဂျာနျန် အအေးခံထားသော ဝိုင်သေတ္တာ၏တံခါးကို ဖွင့်လိုက်သည်။ သူမသည် ဝိုင်ပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။
“ပိုကပ်ပါဦး”
ရှောင်ဝူသည် ဆိုဖာအနီးသို့ စိုးရိမ်တကြီးဖြင့် လက်မအနည်းငယ် ကပ်သွားလိုက်သည်။ သူထိုပုလင်းအား ကြောင်အအဖြင့် လက်ခံလိုက်ရသည်။ သူ အရက်မသောက်တတ်ကြောင်း မပြောရသေးမီ သူသည် အအေးခံထားသောဝိုင်သေတ္တာအတွင်းမှ တစ်စုံတစ်ခုအား မြင်လိုက်ရလေသည်။ အရှေ့တန်း၏ အဟကြားမှတစ်ဆင့် သူသည် အအေးခံဝိုင်သေတ္တာ၏ နောက်တွင် ခေါင်းဖြတ်ခံထားသည့် လူတစ်ယောက်၏ ဦးခေါင်းကို မြင်လိုက်ရတော့သည်။
“နင်တို့ နှစ်ယောက်က တူတယ်မလား”
မန်နေဂျာနျန်၏ နှုတ်ခမ်းများမှ အနီရောင်ဝိုင်များ စီးကျလာခဲ့သည်။ ဝိုင်သည် ဆွဲဆောင်မှုရှိပြီး အန္တရာယ်ရှိလေ၏။
ရုံးခန်းထဲတွင် အလွန် အေးစက်နေပုံရသည်။ ရှောင်ဝူ၏ ခန္ဓာကိုယ်မှာ အေးခဲသွားတော့သည်။ အအေးခံဝိုင်သေတ္တာအတွင်းမှ လူဦးခေါင်းက ရှောင်ဝူအား ဝိုင်သေတ္တာအတွင်းသို့ သူ့နှင့်အတူ ပါဝင်ရန် တောင်းပန်တိုးလျှိုးရင်း စကားပြောလိုက်သည်။
ဖော်ပြမရနိုင်သော ကြောက်ရွံ့မှုသည် သူ့ခန္ဓာကိုယ်အား လွှမ်းခြုံလိုက်သည်။ သူပြေးချင်သော်လည်း သူ့ခြေထောက်များက ရွေ့လျားမရခဲ့ချေ။ မန်နေဂျာနျန် သူ့အနီး ချဉ်းကပ်လာသည်ကို သူ ခံစားလိုက်ရသောအခါ ရုံးခန်းတံခါးထံမှ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။