စုံစမ်းစစ်ဆေးရေးဌာန၏ အစီအစဉ်
Vol. 22 Ch. 329
လော်တုန်း၏ မိသားစုဝင်တိုင်းသည် ကိုယ်ပိုင် အထူးစွမ်းအားများ ရှိကြသည်။ သူ့သားသည် သူ့အနီးရှိ မီတာများစွာအတွင်း မကောင်းဆိုးဝါးဝိညာဉ်များ ရှိနေခြင်းကို ခံစားနိုင်သည်။ သူ့ဇနီးသည် အခြားသူများ၏ နာကျင်မှုအား သက်သာစေနိုင်သည်။ သူမသည် ဒဏ်ရာများကို ကုသ၍ မရသော်လည်း လူများကို နာကျင်မှုအား လျစ်လျူရှုစေနိုင်သည်။ သူ့သမီးငယ်ဆုံးသည်ကား အမြဲတမ်း ကာကွယ်ခြင်း ခံခဲ့ရသည်။ သူမ၏ စွမ်းအားကို မထုတ်ဖော်နိုင်သေးပေ။
ခြောက်ခြောက်ခြားခြားသန်းခေါင်ယံမှ သတင်းထောက်နှင့် အခြားခြောက်ခြားဂိမ်းကစားသမားများသည် လော်တုန်းမိသားစုနောက်သို့ လိုက်ပါခဲ့ကြသည်။ သူတို့ အန္တရာယ်များစွာကို ရှောင်ရှားနိုင်ခဲ့ကြသည်။ သူတို့သည် ဒုတိယထပ် ကော်ရစ်ဒါအား ဖြတ်လျှောက်ခဲ့ကြပြီး တတိယထပ် ဧည့်ခန်းသို့ ရောက်ရှိလာခဲ့ကြသည်။ လမ်းပြနေသော လော်တုန်း၏ သားသည် ရုတ်တရက် ရပ်တန့်သွား၏။ သူ့မျက်နှာသည် ကြောက်မက်ဖွယ်ရာ ဖြူဖျော့နေခဲ့သည်။
“သူ ဘာလို့ ရပ်သွားတာလဲ ၊ သရဲ ပေါ်လာလို့လား”
ယွီရွှေဟူသည် သိပ်အများကြီး မလုပ်ခဲ့ရဘဲ တတိယထပ်သို့ အလွယ်တကူ ရောက်လာခဲ့သောကြောင့် သူ စိတ်အေးသွားခဲ့သည်။ လော်တုန်း၏ သားသည် သူ့မျက်နှာပေါ်တွင် ချွေးအေးများ စီးကျနေရင်း ခေါင်းခါပြလိုက်သည်။ ကျောင်းကျောပိုးအိတ်၏ ကြိုးများကို ဆုပ်ကိုင်ထားသော သူ့လက်များတွင် သွေးကြောများ ဖောင်းကြွလာခဲ့ပြီး သူ့အသက်ရှူနှုန်းလည်း မြန်လာခဲ့သည်။
လော်တုန်းသည် သူ့သား၏ ကျောပြင်အား အသာအယာပုတ်လိုက်ပြီး ယွီရွှေဟူအား နောက်လှည့်၍ စိုက်ကြည့်လိုက်သည်။
“ ဘာကြောင့်လဲဆိုတာ သိချင်ရင် မင်း ကိုယ့်ဘာသာ ရှေ့ဆက် သွားလို့ရတယ်”
“ဒေါသမထွက်ပါနဲ့ ၊ ကျုပ်ညီလေးက စကားပြောတာ နည်းနည်းတည့်တိုးဆန်လို့ပါ ၊ ဒါပေမဲ့ သူ လူကောင်းတစ်ယောက်ပါ”
ယွီရွှေလုံသည် လော်တုန်းမိသားစု မည်မျှ စိတ်ချရကြောင်း သိသောကြောင့် သူ့သဘောထားမှာ ပိုမို ကောင်းမွန်လာခဲ့သည်။
“ကျုပ်ဘာမှ မရည်ရွယ်ပါဘူးဗျာ ၊ ကျုပ်တောင်းပန်ပါတယ်”
ယွီရွှေလုံက အလျင်အမြန် တောင်းပန်လိုက်သည်။
သူတို့ တောင်းပန်ခဲ့သောကြောင့် လော်တုန်းက ရှင်းပြလိုက်သည်။
“ငါ့သားက သရဲရဲ့ အကြမ်းဖျင်း တည်နေရာကို ခံစားနိုင်ပြီး ငါတို့ကို ဘေးကင်းတဲ့ လမ်းကြောင်းတစ်ခု ရှာနိုင်ဖို့ ကူညီနိုင်တယ် ၊ သူ ရှေ့ဆက် မလျှောက်ချင်ဘူးဆိုရင် အဲဒါက တစ်ခုကိုပဲ ဆိုလိုတယ်- ရှေ့က လမ်းက သရဲတွေနဲ့ ပြည့်နေတယ်”
ယွီရွှေဟူက သူ့ခြေထောက်များကို အလျင်အမြန် ပြန်ဆွဲလိုက်သည်။
ထိုအဖွဲ့သည် တတိယထပ် ဝင်ပေါက်တွင် ပိတ်မိနေကြသည်။ အချိန်ကြာလာသည်နှင့်အမျှ လော်တုန်း၏ သားမှာ ပို၍ စိုးရိမ်ပူပန်လာခဲ့သည်။ ထိုအဖွဲ့ ဒုတိယထပ်မှ တံခါးဖွင့်သံ ကြားသောအခါ လော်တုန်း၏ သားသည် တုန်ယင်လာတော့သည်။
“ဒုတိယထပ်က သရဲတွေပါ လာနေပြီ! ငါတို့ ဒီမှာ ဆက်နေလို့ မရတော့ဘူး”
လော်တုန်းသည် သူ့မိသားစုအား အန္တရာယ်ထဲ ဆွဲမသွင်းချင်ခဲ့ချေ။ ခြောက်ခြောက်ခြားခြားသန်းခေါင်ယံမှ အစီအစဉ် တင်ဆက်သူ အမျိုးသမီးဘက်သို့ သူလှည့်လိုက်သည်။
“မင်းက ဒုတိယ ရေသေဖိုရမ် ဖြစ်ချင်နေတာ မဟုတ်လား ၊ မင်း ငါတို့အတွက် ဒီမူမမှန်ဖြစ်ရပ်ကို ဦးဆောင်ပေးနိုင်ရင် ငါ့မိသားစု တစ်စုလုံး မင်းအစီအစဉ်မှာ ပါမယ် ၊ ငါတို့ မင်းအကြောင်းကို ငါတို့ သိတဲ့ လူတိုင်းကို ပြောပြပေးမယ်”
ထိုအမျိုးသမီးက မတုံ့ပြန်သောကြောင့် ကောင်းမင်သည် သူ့ဖုန်းကို ထုတ်လိုက်ပြီး သူတို့အား ချိန်ရွယ်လိုက်သည်။
“မင်းက နောက်မှာ ပုန်းနေပြီး တခြား ကစားသမားတွေကို အချက်အလက် စုဆောင်းဖို့ပဲ သုံးတတ်တာလား ၊ ငါ မင်းနဲ့ ပူးပေါင်းချင်တယ်လို့ တွေးထားခဲ့တာ ၊ ငါ ဒီနေ့ မင်းရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်ပစ်မယ်”
ကောင်းမင်၏ ဖုန်းပေါ်တွင် သရဲမျက်လုံးတစ်လုံး ပွင့်လာခဲ့သည်။
“အစ်ကို၊ မင်းကတော့ တစ်မျိုးပဲ”
ယွီရွှေလုံက ထပ်ပြောသည်။ “ခြောက်ခြောက်ခြားခြားသန်းခေါင်ယံက ဒုတိယရေသေဖိုရမ် ဖြစ်ချင်ရင် သူတို့ ကိုယ့်ကိုယ်ကိုယ် အရင် သက်သေပြမှ ရမယ်”
အစီအစဉ်တင်ဆက်သူ အမျိုးသမီးနှင့် ကင်မရာသမားတို့သည် ချောင်ပိတ်ပိတ်မိနေခဲ့သော်လည်း ကောင်းမင်အား အံ့ဩစေသည်မှာ အစီအစဉ်တင်ဆက်သူ အမျိုးသမီးသည် ထိတ်လန့်မသွားခဲ့ချေ။ သူမမျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေဆဲဖြစ်သည်။
“ကောင်းပါပြီ ၊ ခြောက်ခြားဂိမ်းကစားသမားအားလုံးကို ဝန်ဆောင်မှုပေးတာက ကျွန်မတို့ရဲ့ အမြဲတမ်း ရည်ရွယ်ချက်ပါပဲရှင်”
အစီအစဉ်တင်ဆက်သူ အမျိုးသမီးသည် သူမ၏ နားကြပ်ကို ချိန်ညှိလိုက်ပြီး ကော်ရစ်ဒါလမ်းအတိုင်း ပေါ့ပေါ့ပါးပါး လျှောက်သွားလိုက်သည်။ သူမသည် ကြောက်ရွံ့နေခြင်း မရှိချေ။ ထိုအစား သူမသည် အခြေအနေကို ရှင်းပြနေစဉ်အတွင်း ကင်မရာအား ပြုံးပြနေခဲ့သည်။
“သူ ရူးသွားတာလား ၊ သူက အခြေခံအားဖြင့် သရဲတွေကို ဆွဲဆောင်နေတာပဲ ၊ သူ ငါတို့အားလုံးကို သတ်ဖို့ ကြိုးစားနေတာလား”
လော်တုန်း၏မျက်နှာသည် မည်းမှောင်နေပြီး တုန်ယင်နေသည့် သူ့သားကို ဖက်ထားခဲ့သည်။
“ကျွန်မတို့ဟာ စည်းမျဉ်းကမ္ဘာကြီးမှာ နေထိုင်နေကြတာဖြစ်တယ် ၊ ဒီကမ္ဘာကြီးက ကျွန်မတို့ နားလည်တဲ့ စည်းမျဉ်းတွေနဲ့ လည်ပတ်တယ် ၊ ခြောက်ခြားဂိမ်းတွေက ကျွန်မတို့ မနားလည်တဲ့ စည်းမျဉ်းတွေကိုပဲ လိုက်နာတယ် ၊ မူမမှန်မှုတွေထဲမှာ အသက်ရှင်ဖို့အတွက် ရှင်တို့ဟာ ပုံမှန်ကမ္ဘာရဲ့ စည်းမျဉ်းတွေအပေါ် နားလည်မှုကို စွန့်ပစ်ဖို့ပြီး ပုံမှန်မဟုတ်တဲ့ စည်းမျဉ်းတွေကို လက်ခံဖို့ပဲ လိုတယ်”
သူတို့ ပထမတံခါးအား ဖြတ်ကျော်ခဲ့ကြသည်။ ချွန်ထက်သော ခြေသည်းများသည် တံခါးအား ကုတ်ခြစ်နေကြသည်။ အခန်းအတွင်းမှ တကျွီကျွီ မြည်သံများ ထွက်ပေါ်လာ၏။ ထို့နောက် သူတို့ ဒုတိယအခန်းအား ဖြတ်လျှောက်လိုက်ကြသည်။ အခန်းအတွင်းတွင် ပိတ်မိနေသော ဧရာမ ငါးကြီးတစ်ကောင် ရှိနေသကဲ့သို့ ရေယက်သံတစ်ခုကြားလိုက်ရသည်။ ငါးအမြီးသည် တံခါးကို ရိုက်ခတ်မိသဖြင့် တံခါးအား တုန်ယင်သွားစေခဲ့သည်။ တံခါးအောက်ဘက်မှ နောက်ကျိနေသော အရည်များ ယိုစိမ့်ထွက်လာခဲ့ပြီး ကင်မရာသမား၏ ဖိနပ်များအား စိုစွတ်သွားစေ၏။ အစီအစဉ်တင်ဆက်သူ အမျိုးသမီးသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့ပြီး သူမ၏ မျက်လုံးများက တံခါးကို စိုက်ကြည့်လိုက်သည်။ သူမ၏ အသက်ရှူသံ ပြောင်းလဲသွား၏။ သူမ မျက်လုံးများမှ ဆွဲဆောင်မှုမှာ ပျောက်ကွယ်သွားခဲ့သည်။ ထိုအစား သူမသည် တံခါးအား အေးစက်စက် သေခြင်းတရားဖြင့် ကြည့်နေခဲ့သည်။
ကင်မရာသမားက ကင်မရာကို လှည့်လိုက်သည်။ လှုပ်ယမ်းနေသောတံခါးမှာ ရပ်တန့်သွားခဲ့သည်။ သို့သော်လည်း တံခါးမှ ရေများ ပိုမို ယိုစိမ့်လာသည်နှင့်အမျှ ရေများသည် ပို၍ ညစ်ပတ်လာခဲ့သည်။ ပထမတွင် ဆံပင်မျှင်အနည်းငယ်သာ ရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဆီများ ထွက်လာခဲ့ပြီး နောက်ဆုံးတွင် တံခါးအောက်ခြေတွင် အထည်စတစ်စ ကပ်နေခဲ့သည်။
“အဲဒါ အဝတ်အစားက ဆုတ်ဖြဲခံလိုက်ရတာ ဖြစ်ပုံမယ်...”
ကင်မရာသမား ချဲ့ကြည့်ချင်သော်လည်း မည်သည့်သတိပေးချက်မှ မရှိပဲ သစ်သားတံခါးသည် အတွင်းမှ ဆွဲစုပ်ခံလိုက်ရသောကြောင့် ပွင့်ထွက်လာသည်။ အနက်ရောင် ဆံပင်များမှ ကျစ်ထားသော မြွေတစ်ကောင် တွားသွား ထွက်လာခဲ့သည်။
အနက်ရောင် ရေများက နံရံများအား တိုက်မိနေလေသည်။ အခန်းအလယ်တွင် ဧရာမငါးဖန်အိုးတစ်လုံး ရှိနေခဲ့သည်။ ငါးတစ်ကောင်မှ မရှိပါချေ။ ထိုအစား အိမ်မွေးတိရစ္ဆာန်ဆိုင်ယူနီဖောင်းဝတ်ထားသော မိန်းကလေးတစ်ဦး ရှိနေခဲ့သည်။ သူမ၏ ခန္ဓာကိုယ်သည် ဖောင်းပွနေခဲ့ပြီး သူမ၏ ကျစ်ဆံမြီးနှစ်ခုပေါ်တွင် မျက်နှာပုံသဏ္ဌာန်အသစ်များ ကြီးထွားလာ၏။ သူတို့သည် မိန်းကလေး၏ ဦးခေါင်းပေါ်ရှိ ကပ်ပါးကောင်များ ဖြစ်ကြသည်။ သူတို့သည် အရိပ်ကမ္ဘာရှိ အပင်များ သို့မဟုတ် သန္ဓေပြောင်းသွားသော တိရစ္ဆာန်များကဲ့သို့ ဖြစ်ကြသည်။
ကင်မရာသမားက လျင်မြန်စွာတုန့်ပြန်လိုက်သည်။ သူသည် အံ့ဩစရာကောင်းလောက်အောင် သွက်လက်နေလေသည်။ သူက မြွေဆံပင်အား လိမ္မာပါးနပ်စွာ ရှောင်တိမ်းလိုက်သည်။
သူ မထနိုင်မီတွင် သူ့ဘေးရှိ တံခါးသည် ရုတ်တရက် ပွင့်သွားခဲ့သည်။ ဆံပင်လက်တစ်ဖက်ဆန့်ထွက်လာပြီး ကင်မရာသမား၏ လက်ကောက်ဝတ်အား ဖမ်းဆုပ်လိုက်သည်။ လက်သည်းချွန်များတွင် ထူးခြားသော ကျိန်စာများ သယ်ဆောင်ထားသည်။ ကင်မရာသမားအား ကုတ်ခြစ်မိသော နေရာတွင် အနီရောင်ဆံပင်များ ပေါက်ဖွားလာခဲ့သည်။ ကင်မရာသမားကား ဆုံးဖြတ်နိုင်စွမ်းရှိသူဖြစ်သည်။ သူက ထူးခြားသည့် ဓားတစ်လက်ကို ဆွဲထုတ်လိုက်ပြီး သူ့လက်ကောက်ဝတ်အား ခုတ်ဖြတ်လိုက်လေသည်။ ကံမကောင်းစွာဖြင့် သူ့လက်ကောက်ဝတ် ပြတ်မသွားမီ နောက်ထပ် မြွေဆံပင်တစ်ကောင်က သူ့ခါးတစ်ဝိုက်တွင် ရစ်ပတ်သွားပြီး သူ့အား အခြားအခန်းတစ်ခုထဲသို့ ဆွဲခေါ်သွားတော့သည်။ သူမ၏ ပါတနာဖမ်းဆီးခံလိုက်ရသောကြောင့် အစီအစဉ်တင်ဆက်သူ အမျိုးသမီးသည် နောက်ပြန်မလှည့်ဘဲ တချိုးတည်းပြေးတော့သည်။
“ပြေးကြဟေ့”
လော်တုန်း အော်လိုက်သည်။ သူ့မိသားစုသည်လည်း ပြေးကြသည်။ ကောင်းမင် လိုက်သွားခဲ့သည်။ သူ့အာရုံသည် သရဲများပေါ်တွင် မဟုတ်ဘဲ အစီအစဉ်တင်ဆက်သူ အမျိုးသမီး၏ ခြေကျင်းဝတ်ပေါ်တွင် ဖြစ်သည်။ သူမ ပြေးလိုက်သောအခါ ထိုအမျိုးသမီး၏ ခြေထောက်များကို ထုတ်ဖော်မိခဲ့သည်။ သူမ၏ ခြေကျင်းဝတ်ပတ်လည်တွင် အနီရောင် ခြေပတ်တစ်ခုကို ကောင်းမင်မြင်လိုက်ရခြင်းဖြစ်သည်သည်။ ၎င်းသည် လုံခြုံရေး အဖွဲ့ဝင်များသာ ရရှိနိုင်သော သွေးနီရောင် ဆက်သွယ်ရေးစက် ဖြစ်ပေသည်။
“ခြောက်ခြောက်ခြားခြားသန်းခေါင်ယံကို စုံစမ်းစစ်ဆေးရေးဌာနက တည်ထောင်ထားတာလား ၊ ဒီမိန်းမမှာ ကင်မရာသမားကို ကယ်တင်နိုင်တဲ့ စွမ်းရည် ရှိသင့်တယ် ၊ ဒါပေမဲ့ သူ့လျှို့ဝှက်ချက်တွေ ပေါ်မသွားအောင် ကာကွယ်ဖို့ သူမလုပ်ခဲ့ဘူး”
ကောင်းမင် တစ်စုံတစ်ခုကို နားလည်လိုက်သည်။ လီစန်းဆေးရုံအား စုံစမ်းစစ်ဆေးရေးဌာနက ဝန်းရံထားခြင်းဖြစ်သည်။ သူတို့ မြို့ဟောင်းကို လက်လျှော့ရန် အစီအစဉ် မရှိခဲ့ချေ။ ထိုဌာနသည် ခြောက်ခြောက်ခြားခြားသန်းခေါင်ယံ ပံ့ပိုး၍ ခြောက်ခြားဂိမ်းကစားသမားများကို အခြားရှုထောင့်မှ ခွဲထုတ်ရန် ရည်ရွယ်ခဲ့ခြင်းပင်။
“စုံစမ်းစစ်ဆေးရေးဌာနက ဒီလောက်တောင် အဆင့်နိမ့်သွားတာလားဟ”
ကောင်းမင် တစ်ခုခု မှားနေသည်ကို သိခဲ့သည်။ ရေသေဖိုရမ်သည် အလွန်ဖုံးကွယ်ထားရမည် ဖြစ်သည်။ သို့သော်လည်း ခြောက်ခြောက်ခြားခြားသန်းခေါင်ယံတွင် ဝဘ်ဆိုဒ်၊ အက်ပ်နှင့် အခြား အရာအားလုံး ရှိနေခဲ့သည်။ သူတို့သည် ထိုအရာအား အလွန်ပွင့်ပွင့်လင်းလင်း ဖြစ်နေစေရန် တစ်စုံတစ်ယောက်၏ အထောက်အပံ့ ရရှိထားရမည်ဖြစ်သည်။
သူတို့ ကော်ရစ်ဒါအတိုင်း ပြေးခဲ့ကြပြီး အန္တရာယ် မရှိကြောင်း သေချာသွားမှ ရပ်တန့်လိုက်ကြသည်။
“သူတို့ ကျုပ်တို့နောက် လိုက်မလာခဲ့ဘူး”
ယွီရွှေလုံက ကြောက်လန့်စွာ ပြောလိုက်သည်။
“ဒီနေရာက တခြား မူမမှန်ဖြစ်ရပ်တွေနဲ့ မတူပုံရတယ်”
“ရှူး….”
လော်တုန်းသည် ယွီရွှေလုံအား ဆိတ်ဆိတ်နေရန် ပြောလိုက်သည်။ သူသည် သူ့သား တတိယထပ်အဆုံးရှိ ရုံးခန်းရှေ့တွင် ရပ်တန့်သွားသည်ကို မြင်လိုက်ရသည်။ သူသည် တံခါးပတ်လည်တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေခဲ့သည်။ ခဏတာ တုံ့ဆိုင်းနေပြီးနောက် လော်တုန်း၏ သားသည် တံခါးခေါက်ရန် ကြိုးစားလိုက်သည်။
“ဒီမှာ သက်ရှိလူသားတစ်ယောက် ရှိပါသလား!”