အင်တာဗျူးသူ
Vol. 22 Ch. 330
လူဦးခေါင်းကြီး!
ဝိုင်သေတ္တာထဲမှာ လူသားခေါင်းတစ်ခေါင်း ရှိနေလေသည်။
တိရစ္ဆာန်အားလုံးသည် ၎င်းတို့၏ သေဆုံးသွားသော အမျိုးအနွယ်ဝင်ကို မြင်သောအခါ ကြောက်ရွံ့မှု ခံစားရမည်ဖြစ်သည်။ ၎င်းသည် ကျွန်ုပ်တို့၏ မျိုးရိုးဗီဇတွင် ရေးထိုးထားခြင်းဖြစ်သည်။ ရှောင်ဝူသည် အလောင်းတစ်ခုကို ယခင်က မမြင်ဖူးခဲ့ချေ။ လူသားဦးခေါင်းသည် ခန္ဓာကိုယ်မှ ပြတ်တောက်နေသောအခါ ဤမျှလောက် ကြောက်စရာကောင်းနိုင်သည်ကို သူ မသိခဲ့ချေ။ သူ့ဆံပင်များ ထောင်တက်ကုန်သည်။ သူ့မျက်နှာသည် ခရမ်းရောင်ဖြစ်နေပြီး လည်ချောင်းတွင် အရိုးတစ်စ တက်နေသကဲ့သို့ ဖြစ်နေလေသည်။ သူ အလွန်ကြောက်လန့်နေသောကြောင့် ပြေးလွှားရန်ပင် မေ့လျော့သွားခဲ့သည်။
ထိုအချိန်တွင် တံခါးခေါက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ တံခါးအပြင်ဘက်တွင် တစ်စုံတစ်ယောက် ရှိနေခြင်းဖြစ်သည်!။ ရှောင်ဝူ သူ့အသံကုန် အော်လိုက်သည်။
“ကယ်ပါဦး ! လူတစ်ယောက် အသတ်ခံလိုက်ရပြီ”
နောက်ဆုံး မျှော်လင့်ချက်အနည်းငယ်ကို သယ်ဆောင်ရင်း ရှောင်ဝူသည် သူ့ခြေထောက်များတွင် ခွန်အားတချို့ကို ပြန်ရှာတွေ့လိုက်သည်။ သူ တံခါးဘက်သို့ ပြေးသွားလိုက်သည်။ တံခါးခေါက်သံကား ပို၍ အကြိမ်ရေစိပ်လာတော့သည်။ ရှောင်ဝူ စိုးရိမ်သွားသည်။ တံခါးအား အတွင်းမှ သော့ခတ်ထားလေသည်။
“မြန်မြန်! ငါ ထွက်သွားဖို့ လိုတယ်”
ရှောင်ဝူသည် သူ့အင်တာဗျူးအတွက် ကုမ္ပဏီသို့ ရောက်လာသောအခါ သန့်ရှင်းရေး အမျိုးသမီးအား ရေပုံးတစ်ပုံး သယ်ပေးခြင်းဖြင့် ကူညီခဲ့ဖူးသည်။ ထိုအချိန်တွင် အဒေါ်ကြီးက သူ့အား တိုးတိုးလေး ပြောခဲ့သည်။
“ထွက်သွားတော့ ၊ ဒီမှာ လူတွေကို စားနေတဲ့ အရာတွေ ရှိတယ်”
ရှောင်ဝူက သူမ၏ ဦးနှောက်တွင် တစ်ခုခုမှားယွင်းနေသည်ဟု ထင်ပြီး သူမအား လျစ်လျူရှုခဲ့မိသည်။ ပြန်တွေးကြည့်သောအခါ အဒေါ်ကြီးသည် သူမ၏ အသက်ကို စွန့်စား၍ သူ့အား သတိပေးခဲ့ကြောင်း သူ သဘောပေါက်သွားသည်။
သော့ ကလစ်ခနဲ မြည်သွားသည်။ ရှောင်ဝူသည် အလွန်စိတ်လှုပ်ရှားစွာဖြင့် ရုံးခန်းတံခါးအား ဖွင့်လိုက်လေသည်။
“ကျွန်တော့်ကို ကယ်ပါဦး...”
တံခါးအပြင်ဘက်တွင် အခြားအင်တာဗျူး ဖြေဆိုသူများ ရှိနေမည်ဟု သူစိတ်ကူးယဉ်ထားခဲ့သည်။ သူသည် သူ့မျှော်လင့်ချက်ကို ထိုအခိုက်အတန့်တွင် ပုံအောလိုက်သည်။
တံခါးသည် နံရံအား ရိုက်ခတ်မိသွားသည်။ ရှောင်ဝူ မျှော်လင့်ချက်ဖြင့် မော့ကြည့်လိုက်သည်။မည်သည့် အမျိုးအနွယ်ကိုမှ သူမမြင်ခဲ့ချေ။ သူ့မျက်လုံးများရှိ ကြောက်ရွံ့မှုများအား ဖုံးကွယ် မရနိုင်တော့။ ရှောင်ဝူသည် လှုပ်ယမ်းနေသော သမင်ဦးချို တစ်စုံကို မြင်လိုက်ရသည်။ တိရစ္ဆာန်အမွေးများဖြင့် ဖုံးအုပ်ထားသော လက်တစ်ဖက်က သူ့လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။ လေးလံလှသော သံလှောင်အိမ်ကြီးက မြေပြင်ပေါ်တွင် တရွက်ဆွဲနေခဲ့သည်။ မကောင်းဆိုးဝါး၏ လက်မောင်းအား ဧရာမ သံချောင်းတစ်ခုဖြင့် ထိုးဖောက်ထားသော်လည်း ၎င်းသည် နာကျင်မှုခံစားရပုံ မပေါ်ချေ။ သူ့မျှော်လင့်ချက်ကား အလွယ်တကူ ငြိမ်းသတ်ခံလိုက်ရချေပြီ။ ဧရာမ မကောင်းဆိုးဝါးကြီးသည် သူ့ပုဆိန်ကို မြှောက်၍ ရှောင်ဝူ၏ ပခုံးအား ချိန်ရွယ်လိုက်သည်။
“ဒါက မင်း ရှိသင့်တဲ့ နေရာလား”
စူးရှသော ဝီစီသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ မန်နေဂျာနျန်သည် ကစားစရာသတ္တုဝီစီတစ်ခုဖြင့် ကစားလိုက်သည်။ သူမသည် ဖြည်းညှင်းစွာပင် သူမ၏ ဒေါက်ဖိနပ်များကို စီးလိုက်ပြီး တံခါးဘက်သို့ လျှောက်သွားလိုက်သည်။ မန်နေဂျာနျန်သည် မကောင်းဆိုးဝါးကို လျစ်လျူရှုပြီး ရှောင်ဝူအား သူ့ဆံပင်များမှ ဆွဲကိုင်လိုက်သည်။
“ငါ့ခွေး သေသွားတုန်းက ငါဘယ်လောက် ဝမ်းနည်းခဲ့ရလဲဆိုတာ နင်သိလား...”
“ဝုတ် ! ဝုတ်!”
မန်နေဂျာနျန် စကားမဆုံးမီတွင် ရှောင်ဝူ စတင်ဟောင်လိုက်သည်။ တုန်ယင်နေသော ခန္ဓာကိုယ်ဖြင့် သူသည် ထောင့်တစ်နေရာတွင် ကွေးကွေးလေး ဖြစ်နေခဲ့သည်။ သူ့အဝတ်အစားများမှာ ချွေးများဖြင့် စိုစွတ်နေလေသည်။
မန်နေဂျာနျန် ပြုံးလိုက်သည်။ သူမအပြုံးသည် လှပ၏။
“ခွေးတစ်ကောင်က သူ့ပိုင်ရှင်အတွက် ကိစ္စများစွာကို လုပ်ပေးဖို့ လိုတယ် ၊ ငါ နင့်ရဲ့ စွမ်းဆောင်ရည်ကို မျှော်လင့်နေမယ်”
ရှောင်ဝူသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး မန်နေဂျာနျန်၏ ဖိနပ်များကို ပွေ့ဖက်လိုက်သည်။ သူသည် အရမ်းကျပ်အောင် မဖက်ဝံ့သလို အရမ်းလျော့အောင်လည်း မဖက်ဝံ့ခဲ့ချေ။
…………………
လော်တုန်း၏သား နောက်ထပ် အတည်ပြုချက်တစ်ခု ပြုလုပ်ပြီးနောက် သူ ပို၍ပင် ပြင်းပြင်းထန်ထန် တံခါးခေါက်လိုက်သည်။
“ဒါ အကြံကောင်းတစ်ခု ဖြစ်မယ်ဆိုတာ ခင်ဗျားသေချာလား ၊ သူ သရဲတွေကို ပိုပြီး ဆွဲဆောင်မိနိုင်တာမျိုး ဖြစ်နိုင်မလား”
ယွီရွှေဟူ စိုးရိမ်နေခဲ့သည်။ သူသည် ရဲရင့်ပုံရသော်လည်း အမှန်တကယ်တွင် ကြောက်တတ်သူတစ်ယောက်ဖြစ်သည်။
“ငါ့သားက အသက်ရှင်နေတဲ့သူနဲ့ သေဆုံးသွားတဲ့သူကြားက ကွာခြားချက်ကို ပြောပြနိုင်နေတုန်းပဲ”
လော်တုန်းသည် သူ့မိသားစုအား အခြေအနေမရွေး ယုံကြည်ပေသည်။ သူ တံခါးခေါက်ရန် ရွေ့လိုက်သောအခါ တံခါးလက်ကိုင် လှည့်သွားခဲ့ပြီး ရုံးခန်းတံခါးပွင့်သွားခဲ့သည်။ တံခါးနောက်တွင် ယဉ်ကျေးသော လူငယ်တစ်ဦး ရပ်နေလေသည်။ သူသည် သူတို့ကို မြင်သောအခါ ထိတ်လန့်သွားသည်။
“ခင်ဗျားတို့ ဒီလောက်နောက်ကျနေတဲ့ အချိန်ကြီးမှာတောင် အင်တာဗျူး လာသေးတာလား”
“အင်တာဗျူး”
လော်တုန်းသည် ထိုလူအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
“မင်းက ခြောက်ခြားဂိမ်းကစားသမား မဟုတ်ဘူးလား”
“ကျွန်တော်က ရှင်းရှင်းနျန်နျန်ကုမ္ပဏီရဲ့ ဝန်ထမ်းတစ်ဦးပါ ၊ ခင်ဗျားတို့ ကျွန်တော့်ကို ရှောင်ဝူလို့ ခေါ်လို့ရပါတယ်”
ထိုလူငယ်သည် တောက်ပနေပြီး အကောင်းမြင်သူဖြစ်သည်။ သူ့ပတ်ဝန်းကျင်တွင် ကြောက်မက်ဖွယ်ရာများ ဖြစ်ပျက်နေကြောင်း သူ သဘောပေါက်ပုံ မပေါ်ချေ။
“ခင်ဗျားတို့ရဲ့ ကိုယ်ရေးအကျဉ်းတွေကို ကျွန်တော့်ကို ပေးလိုက်လို့ရပါတယ် ၊ ကျွန်တော် ဒါတွေကို CEO နျန်ဆီ ပို့ပေးလိုက်ပါမယ်”
ရှောင်ဝူသည် ထိုအဖွဲ့ ရပ်မြဲရပ်နေသောအခါ စိတ်ရှုပ်ထွေးသွားသည်။
“ခင်ဗျားတို့ နောက်နေတာလား ၊ ခင်ဗျားတို့ အင်တာဗျူးအတွက် ကိုယ်ရေးအကျဉ်းတောင် မပြင်ဆင်လာဘူးလား”
ကော်ရစ်ဒါတွင် အသံတိုးတိုးတစ်ခု ပဲ့တင်ထပ်လာခဲ့သည်။ ရှောင်ဝူက သူတို့အား အလျင်အမြန် လက်ဝှေ့ယမ်းပြလိုက်သည်။
“အရင် ဝင်လာခဲ့ပါ”
ရှောင်ဝူ၏ အမူအရာသည် သူတို့နောက်ရှိ တံခါးကိုပိတ်ပြီးနောက် အလေးအနက်ဖြစ်လာခဲ့သည်။ သူက ပရင်တာဆီ ပြေးသွားလိုက်ပြီး ထိုအဖွဲ့အတွက် ကိုယ်ရေးအကျဉ်းပုံစံများစွာကို ပုံနှိပ်လိုက်သည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်ကစပြီး ဒီနေရာမှာ ထူးဆန်းတဲ့ အဖြစ်အပျက်တချို့ စတင်ဖြစ်ပွားခဲ့တယ် ၊ ခင်ဗျားတို့ ဒီမှာဝန်ထမ်းတစ်ဦး ဖြစ်လာရင် သူတို့ကို လျစ်လျူရှုထားနိုင်ပါတယ်”
သူသည် ပုံနှိပ်ထားသော ပုံစံများ လူတိုင်းထံ ဝေပေးလိုက်သည်။ ရှောင်ဝူသည် ဗလာဖြစ်နေသော အလုပ်သင်တံဆိပ်အနည်းငယ်ဖြင့် ဘေးတွင် ရပ်နေခဲ့သည်။
“ဖောင်ပုံစံကို ရိုးရိုးသားသား ဖြည့်ကြပါ ၊ ပြီးရင် ကျွန်တော် ခင်ဗျားတို့ကို အင်တာဗျူးတဲ့နေရာဆီ ခေါ်သွားပါမယ်”
ရှောင်ဝူသည် အလွန်ကူညီတတ်ပြီး ကြင်နာတတ်သူတစ်ယောက်ဖြစ်သည်။ သူသည် သူတို့အား စိတ်ရင်းမှန်ဖြင့် ကူညီခဲ့သည်။
ကောင်းမင်သည် သူ့ကိုယ်ရေးအကျဉ်းအား ပထမဆုံး ပြီးစီးခဲ့သူဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာ စားဖိုမှူး ဖြစ်ခဲ့ကြောင်း ရေးလိုက်သည်။ ရှောင်ဝူသည် သူ့ကိုယ်ရေးရာဇဝင်အား ကြည့်ရှုပြီး ဘာမှ မပြောခဲ့ချေ။ သို့သော်လည်း သူက ကောင်းမင်အား စားဖိုမှူးကောင်းဟု စတင်ခေါ်ဝေါ်လိုက်သည်။
သူက အနီရောင်ဘောင်ကွပ်ထားသော ပလပ်စတစ်တံဆိပ်ပေါ်တွင် ကောင်းမင်၏ အချက်အလက်များကို ချရေးလိုက်သည်။ ထို့နောက် သူက ၎င်းအား ကောင်းမင်ထံ ပေးလိုက်သည်။ တံဆိပ်သည် ထူးဆန်းနေခဲ့သည်။ ၎င်းသည် အလုပ်သက်သေခံကတ်ထက် အိမ်မွေးတိရစ္ဆာန် တံဆိပ်ကဲ့သို့ ပိုတူနေခဲ့သည်။
“ကျွန်တော်တို့ ကုမ္ပဏီကိုဇုန်လေးခု ခွဲခြားနိုင်ပါတယ် ၊ အိမ်မွေးတိရစ္ဆာန် အစားအစာအသစ် ဖန်တီးဖို့အတွက် အသုံးပြုတဲ့ အစားအစာဓာတ်ခွဲခန်းဧရိယာက စတုတ္ထထပ်မှာပါ ၊ နေ့စဉ် အိမ်မွေးတိရစ္ဆာန်ပစ္စည်းများ သုတေသနစင်တာက ပဉ္စမထပ်မှာပါ ၊ အိမ်မွေးတိရစ္ဆာန် အလှပြင်ဆိုင်နဲ့ အထူးအိမ်မွေးတိရစ္ဆာန် လေ့ကျင့်ရေးနှင့် စောင့်ရှောက်ရေးစင်တာက ဆဋ္ဌမထပ်မှာပါခင်ဗျာ”
“မတူညီတဲ့ တံဆိပ်တွေက မတူညီတဲ့ဇုန်တွေနဲ့ သက်ဆိုင်ပါတယ် ၊ ခင်ဗျားတို့က ခင်ဗျားတို့ရဲ့ တံဆိပ်တွေနဲ့ သက်ဆိုင်တဲ့ ဇုန်တွေအတွင်းမှာပဲ လှုပ်ရှားနိုင်ပါတယ်”
“အလုပ်သင်တွေအတွက် စည်းမျဉ်းတွေအများကြီး မရှိပါဘူး ၊ ဒါပေမဲ့ ခင်ဗျားတို့ သုံးခုကို မှတ်ထားဖို့ လိုပါတယ်”
“တစ်၊ ခွေးဟောင်သံကို ကြားရင် ခင်ဗျား ပြေးရပါမယ်။
“နှစ်၊ ကုမ္ပဏီမှာ ဘာမှ မစားရပါဘူး။
“သုံး၊ အိမ်မွေးတိရစ္ဆာန်တချို့က လူသားစကားကို အတုခိုးနိုင်ပါတယ် ၊ သူတို့ကို မယုံပါနဲ့”
ရှောင်ဝူသည် နာရီအား တစ်ချက်ကြည့်လိုက်သည်။
“မန်နေဂျာနျန်က စတုတ္ထထပ်က အိမ်မွေးတိရစ္ဆာန်အစားအစာဓာတ်ခွဲခန်းမှာ အချိန်ပို ဆင်းနေတာဖြစ်မယ် ၊ ခင်ဗျားတို့ရဲ့ တံဆိပ်တွေကို ဝတ်ဆင်ပြီး သူ့ဆီမှာ အစီရင်ခံလိုက်ကြပါ”
ထို့နောက် ရှောင်ဝူသည် ဒူးထောက်လိုက်ပြီး ရုံးခန်းအတွင်းရှိ ကြွေပြားတိုင်းအား သန့်ရှင်းရေး စလုပ်တော့သည်။
“ဒီလူက အရမ်း ထူးဆန်းတယ်လို့ ခံစားရတယ်”
ယွီရွှေဟူပင် တစ်ခုခု မှားယွင်းနေကြောင်း သိပေသည်။ ကျန်လူများဆို ပိုလို့တောင် သိသေးသည်။ ဘယ်သူမှ ထွက်မသွားဘဲ ရုံးခန်းအား သဲလွန်စများအတွက် ရှာဖွေလိုက်ကြသည်။
“ခင်ဗျားတို့ ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်မပြောခဲ့ဘူးလား ၊ ခင်ဗျားတို့ ဘာလို့ ဒီမှာ ရှိနေသေးတာလဲ”
ရှောင်ဝူ၏ အသံတွင် စိုးရိမ်ပူပန်မှုများ ရှိနေခဲ့သည်။
“ငါတို့ လိုက်ကြည့်ရုံ သက်သက်ပါပဲ”
ယွီရွှေလုံက စားပွဲအံဆွဲကို ဆွဲဖွင့်လိုက်သည်။ ၎င်းသည် ဓာတ်ခွဲခန်းအားလုံးမှ အချက်အလက်များ ဖြစ်သည်။
ယွီရွှေဟူက ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး ၎င်းဘေးရှိ ဝိုင်ထည့်ထားသော သေတ္တာအား ဖွင့်လိုက်သည်။ တစ်စုံတစ်ရာက သူ့အား အတွင်းမှ ကြည့်နေသည်ဟု သူခံစားလိုက်ရသည်။ သူ ဝိုင်ပုလင်းတစ်လုံးဘက်သို့ လက်လှမ်းလိုက်သည်နှင့် ရုံးခန်းနှင့် ချိတ်ဆက်ထားသော သန့်စင်ခန်းမှ အက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
သူတို့အားလုံး သန့်စင်ခန်းဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ လေထုသည် အေးခဲသွားပုံရသည်။ နောက်တစ်ခဏတွင် ခွေးဟောင်သံတစ်သံ ထွက်ပေါ်လာတော့သည်။
ရှောင်ဝူသည် အဝတ်စကို ပစ်ချလိုက်ပြီး ရုံးခန်းထဲမှ ချက်ချင်းထွက်ပြေးသွားလေသည်။