နတ်ဘုံခန်းဝါရတနာ
Vol. 40 Ch. 553
ဆွေးနွေးခြင်းခန်းမ၌
ကလန်ခေါင်းဆောင်ချင်းယန်မှာ ဇူယွမ်၏ မေးခွန်းအပေါ် အံ့အားသင့်သွားခြင်းမရှိပေ။ ဇူယွမ်သည် ရှန်ဇူတိုက်ကြီးမှ မဟုတ်သောကြောင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအကြောင်း ကြားဖူးနားဝမျှသာ ရှိပေလိမ့်မည်။
"ရှန်းဟွပုံရိပ်ယောင်ကမ္ဘာဆိုတာ တည်နေရာ အတိအကျမရှိပဲ နေရာတိုင်းမှာ ပေါ်လာနိုင်တယ်။ ပြီးတော့ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ စတင်ပေါ်ပေါက်လာခဲ့တာ အရမ်းကိုကြာပြီ။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ ကောင်းချီးတွေအများကြီးနဲ့ ပြည့်နှက်နေတယ်။ အဲ့ကောင်းချီးတွေထဲမှာ အထူးခြားဆုံးကတော့ ရှန်းဟွချန်ယင်းအဆီအနှစ်ပဲ။"
"ရှန်းဟွချန်ယင်းအဆီအနှစ်။" ဇူယွမ်မှ တိုးညင်းစွာ ရေရွတ်လိုက်သည်။
"ရှန်းဟွချန်ယင်းအဆီအနှစ်က ရှန်းဟွပုံရိပ်ယောင်ကမ္ဘာက အရမ်းကို ထူးခြားတဲ့အရာတစ်ခုပဲ။ အဲ့ရှန်းဟွချန်ယင်းအဆီအနှစ် နတ်ဘုံခန်းဝါရတနာတစ်ခုကို ဖန်တီးနိုင်တယ်။"
နတ်ဘုံခန်းဝါရတနာဟူသော စကားကြောင့် ရွေးချယ်ခံများ၏ မျက်ဝန်းများမှာ လိုချင်ရမ္မက်များဖြင့် တောက်လောင်သွားရသည်။
ဇူယွမ်မှ အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်၏။ "နတ်ဘုံခန်းဝါရတနာဆိုတာ ဘာလဲဟင်။"
ကလန်ခေါင်းဆောင်ချင်းယန်မှာ ခပ်ဖွဖွပြုံးလိုက်ပြီးနောက် စိတ်ရှည်စွာဖြင့် ရှင်းပြလိုက်သည်။ "ရှန်းဟွချန်ယင်းအဆီအနှစ်ကို စုပ်ယူလိုက်မယ်ဆိုတာနဲ့ သူကချီပင်လယ်ထဲမှာ တဖြည်းဖြည်း ကျစ်လစ်လာပြီးတော့ နတ်ဘုံခန်းဝါရတနာလို့ခေါ်တဲ့ အရာတစ်ခု ဖြစ်လာလိမ့်မယ်။"
"အဲ့ကျင့်ကြံသူက နတ်ဘုံခန်းဝါအဆင့်ကို ရောက်သွားပြီဆိုရင် နတ်ဘုံခန်းဝါရတနာက ချီပင်လယ်နဲ့ ပေါင်းစည်းသွားပြီးတော့ နတ်ဘုံခန်းဝါနိဗ္ဗာန်တွေ ဖြစ်ပေါ်လာတဲ့နေရာမှာ အကူအညီပေးလိမ့်မယ်။"
ကလန်ခေါင်းဆောင်ချင်းယန်မှ ချီစွမ်းအင်အမျှင်တန်းတစ်ခုအား ထွက်ပေါ်စေကာ ပန်းဖူးတစ်ခုအသွင်အဖြစ် ပြောင်းလဲစေလိုက်သည်။ ထိုပန်းဖူးသည် အလွန်ထူးခြားကာ ရောင်စဉ်ငါးမျိုး ဖြာထွက်နေပြီး ထူးခြားသော ရနံ့တစ်မျိုးကိုလည်း ထုတ်လွှတ်နေလေသည်။
ဇူယွမ်မှာ ထိုပန်းဖူးအား မြင်တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် သူ၏ချီစွမ်းအင်များမှာ အစာငတ်နေသော လူတစ်ဦးမှ အစားအသောက်ကို တွေ့ရှိလိုက်ရသည့်အလား တုန်ခါလာသည်။
"ဒီရောင်စဉ်ငါးသွယ် နတ်ဘုံခန်းဝါရတနာက နောက်ဆုံးအကြိမ် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာတုန်းက တပည့်တစ်ယောက် ရလာခဲ့တဲ့အရာပဲ။ ဒါပေမယ့် အဖြစ်အပျက်တစ်ခုကြောင့် နတ်ဘုံခန်းဝါအဆင့်ကို မရောက်ခင်မှာပဲ ဆုံးပါးသွားရရှာတယ်။ အဲ့ဒါကြောင့် ဒီပန်းဖူးက ကျန်နေခဲ့တာ။"
"ဒီရောင်စဉ်ငါးသွယ် နတ်ဘုံခန်းဝါရတနာကို အသုံးပြုတဲ့သူရဲ့ ချီစွမ်းအင်အခြေခံအုတ်မြစ်က နတ်ဘုံခန်းဝါ နိဗ္ဗာန်သုံးခုလောက်ပဲရဖို့ လုံလောက်တယ်ဆိုရင်တောင် ဒီရောင်စဉ်ငါးသွယ် ပန်းဖူးနဲ့ဆိုရင် နတ်ဘုံခန်းဝါ နိဗ္ဗာန်ငါးခုအထိ ရရှိနိုင်လိမ့်မယ်။" ကလန်ခေါင်းဆောင်ချင်းယန်မှ ရှင်းပြလိုက်၏။
ဇူယွမ်မှာ အလွန်ပင် အံ့အားသင့်သွားရသည်။ နတ်ဘုံခန်းဝါရတနာတစ်ခုသည် နတ်ဘုံခန်းဝါငါးခုရသည်အထိပင် ကူညီပေးနိုင်၏။
"ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ နတ်ဘုံခန်းဝါရတနာတွေကို အဆင့်ကိုးမျိုးနဲ့ တွေ့ရနိုင်တယ်။ အဆင့်တွေကို ထွက်ပေါ်နေတဲ့ ရောင်စဉ်တွေကိုကြည့်ပြီး ခွဲခြားလို့ရတယ်။ အမြင့်ဆုံးအဆင့်ကတော့ ဒဏ္ဍာရီလာ ရောင်စဉ်ကိုးသွယ် နတ်ဘုံခန်းဝါရတနာပဲ။"
"ဒဏ္ဍာရီလာ ရောင်စဉ်ကိုးသွယ် နတ်ဘုံခန်းဝါရတနာက အသုံးပြုသူကို နတ်ဘုံခန်းဝါ နိဗ္ဗာန်ကိုးခုအထိ ရစေနိုင်တယ်တဲ့။ ဒါပေမယ့် ဒီနှစ်တစ်သောင်းကျော်အတွင်း ဘယ်သူကမှ ရောင်စဉ်ကိုးသွယ် နတ်ဘုံခန်းဝါရတနာကို မြင်တောင်မမြင်ဖူးကြဘူး။"
ဇူယွမ်မှာ ရောင်စဥ်ကိုးသွယ် နတ်ဘုံခန်းဝါရတနာအကြောင်း ကြားလိုက်ရသဖြင့် နှလုံးသွေးများ ဆူပွက်မတက် အံ့အားသင့်သွားရသည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ထိုမျှလောက် ထူးခြားသောရတနာ ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ဖူးချေ။
"အဲ့ဒါကြောင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲကိုရောက်ရင် ရှန်းဟွချန်ယင်းအဆီအနှစ်ကို ရှာဖွေပြီးတော့ မင်းတို့ရဲ့ ကိုယ်ပိုင်နတ်ဘုံခန်းဝါရတနာတွေကို ဖန်တီးရမယ်။" ကလန်ခေါင်းဆောင်ချင်းယန်မှ ပြုံးကာပြောလိုက်သည်။
"ပြီးတော့ မင်းတို့သတိထားရမှာ တစ်ခုရှိသေးတယ်။ နတ်ဘုံခန်းဝါရတနာက အတင်းအကြပ် လုယူခံရနိုင်တယ်။ အဲ့လိုဖြစ်ခဲ့ရင် မင်းတို့ကြိုးစားထားရသမျှအကုန် အလဟဿ ဖြစ်သွားရလိမ့်မယ်။"
ကလန်ခေါင်းဆောင်မှ လေးနက်စွာ ဆက်လက်စကားဆိုလိုက်သည်။ "အဲ့ဒါကြောင့်ပဲ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ သတ်ဖြတ်မှုတွေ ဖြစ်နေတာ။ နတ်ဘုံခန်းဝါရတနာကို ရလာတာနဲ့ လူတိုင်းက မျက်စိကျနေမှာပဲ။"
ဇူယွမ်၏ အမူအရာမှာ တင်းမာသွားရ၏။ နတ်ဘုံခန်းဝါရတနာသည် အတင်းအကြပ် လုယူ၍ရသည်ဟူသော အချက်ဖြင့်ပင် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း သတ်ဖြတ်မှုများ ပေါ်ပေါက်နေရခြင်းအတွက် လုံလောက်သောအဖြေတစ်ခု ရှိနေပြီဖြစ်၏။
တွေးကြည့်ရုံမျှဖြင့်ပင် ရှန်းဟွချန်ယင်းအဆီအနှစ်အား စုဆောင်းရသည်ထက်စာလျှင် အသင့်ရှိနေသော နတ်ဘုံခန်းဝါရတနာအား လုယူရခြင်းမှာ ပိုမိုလွယ်ကူနေသည်။
မကြာမီ၌ပင် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း၌ များစွာသော ကလန်များမှ ပါရမီရှင် တပည့်များ တွေ့ဆုံကြတော့မည်ပင် ဖြစ်သည်။ ထိုအချိန်တွင်လည်း ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း သွေးချောင်းစီးကြရဦးမည်ပင် ဖြစ်၏။
ဇူယွမ်၏ အမူအရာမှာ တင်းမာနေရသည်။ ယခင်အချိန်များ၌ သူသည် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအကြောင်းအား အနည်းငယ်မျှသာ နားလည်ခဲ့လေသည်။ ယခုတွင်မူ သူ၏နှာခေါင်းဝ၌ပင် သွေးနံ့အချို့အား ရရှိနေသကဲ့သို့ ရှိ၏။
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း တွေ့ကြုံရမည့် အန္တရာယ်များမှာ ဇူယွမ်ခန့်မှန်းထားသည်ထက်ပင် ပိုမိုဆိုးရွားနိုင်သည်။
မည်သို့ပင်ဆိုစေကာမူ နတ်ဘုံခန်းဝါရတနာမှာ အမှန်တကယ် တပ်မက်စရာပင် ဖြစ်သည်။
ဇူယွမ်မှာ ကလန်ခေါင်းဆောင်လက်အတွင်းရှိနေသော ရောင်စဉ်ငါးသွယ်ပန်းဖူးအား ကြည့်ရှုလိုက်ပြီးနောက် ဆုံးဖြတ်ချက် ပြတ်သားစွာ ချမှတ်လိုက်သည်။ သူသည် နတ်ဘုံခန်းဝါ နိဗ္ဗာန်ခုနစ်ခုအား ရရှိရန်လိုအပ်သောကြောင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း မဖြစ်မနေ ရောင်စဉ်ခုနစ်သွယ်ရတနာအား ရှာဖွေရပေလိမ့်မည်။
ကလန်ခေါင်းဆောင်ချင်းယန်မှာ ရောင်စဉ်ငါးသွယ်ပန်းဖူးအား သိမ်းဆည်းလိုက်ပြီးနောက် ဇူယွမ်နှင့် ရွေးချယ်ခံများအား ကြည့်ရှုလိုက်သည်။ ထို့နောက် ချူချင်းအားကြည့်၍ ဖြည်းညင်းစွာ စကားဆိုလိုက်၏။ "ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲကို မြင့်မြတ်သောနန်းတော်က ရွေးချယ်ခံဆယ့်ခြောက်ယောက် စေလွှတ်လိမ့်မယ်လို့ ကြားခဲ့တယ်။"
"မြင့်မြတ်သောနန်းတော်က ရွေးချယ်ခံတွေရဲ့ ခေါင်းဆောင်တွေကို မင်းတို့လည်း သိကြမှာပါ။ ကျောင်းထိုက်ရှင်း၊ ကျန်းထိုက်ချင်နဲ့ ကျင်းချန်းဇယ်တို့လေ။"
ထိုနာမည်များအား ကြားလိုက်ရသောအခါ၌ လီချင်းချန်၊ ခုန်းရှန်နှင့် အခြားရွေးချယ်ခံများ၏ အမူအရာမှာ ခက်ထန်သွားရ၏။ ပုံမှန်အားဖြင့် ပျင်းရိနေတက်သော ချူချင်း၏အမူအရာသည်ပင် လေးနက်သွားရလေသည်။
သို့သော် ဇူယွမ်မှာမူ ထိုနာမည်များအား ကြားပင်မကြားပါချေ။
ယဲ့ကယ်မှာ နားလည်ဟန်မရှိသော ဇူယွမ်၏အမူအရာအား ကြည့်ရှုလိုက်ပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ကျောင်းထိုက်ရှင်း၊ ကျန်းထိုက်ချင်နဲ့ ကျင်းချန်းဇယ်တို့က မြင့်မြတ်သောနန်းတော်ရဲ့ အတော်ဆုံးတပည့်တွေပဲ။ သူတို့က ရှန်ဇူတိုက်ကြီးတစ်ခုလုံးရဲ့ အထူးချွန်ဆုံးထဲမှာတောင်ပါတယ်။"
"သူတို့သုံးယောက်ထဲမှာ ကျောင်းထိုက်ရှင်းက ကြောက်စရာအကောင်းဆုံးပဲ။ သူက မြင့်မြတ်သောနန်းတော်ရဲ့ နံပါတ်တစ် ရွေးချယ်ခံတပည့်လည်း ဟုတ်တယ်။ ချူချင်းက သူနဲ့တိုက်ဖူးပေမယ့် ကပ်သီးလေး ရှုံးသွားခဲ့ရတယ်။ အဲ့ဒါကြောင့် ရှန်ဇူတိုက်ကြီးရဲ့ လူငယ်မျိုးဆက်ထဲမှာတော့ ကျောင်းထိုက်ရှင်းက အသန်မာဆုံးလို့ ပြောလို့ရတယ်။"
"ကျန်းထိုက်ချင်နဲ့ ကျင်းချန်းဇယ်ကိုလည်း လျှော့တွက်လို့မရဘူး။ သူတို့က ရှန်ဇူတိုက်ကြီးရဲ့ လူငယ်မျိုးဆက်ထဲမှာ နံပါတ်သုံးနဲ့ နံပါတ်ငါးချိတ်ကြတယ်။"
ဇူယွမ်မှာ အနည်းငယ် တုန်လှုပ်သွားရ၏။ ယောင်ယောင်မှာ ချူချင်းသည် ပျင်းရိသည်ဟု ထင်မှတ်ရသော်လည်း အလွန်သန်မာသူတစ်ဦးဖြစ်ကြောင်း ပြောပြခဲ့ဖူး၏။ မြင့်မြတ်သောနန်းတော်မှ ကျောင်းထိုက်ရှင်းသည် ချူချင်းထက်ပင် သန်မာသည်ဆိုပါက မည်မျှပင် သန်မာလိမ့်မည်နည်း။ တွေးကြည့်ရုံမျှနှင့်ပင် ကြောက်မက်ဖွယ်ကောင်းလှ၏။
ထို့အပြင် ကျန်းထိုက်ချင်နှင့် ကျင်းချန်းဇယ်တို့သည်လည်း ရှန်ဇူတိုက်ကြီး၏ လူငယ်မျိုးဆက်၌ နံပါတ်သုံးနှင့်နံပါတ်ငါးအသီးသီးကို ရယူထားနိုင်ကြလေသည်။ မြင့်မြတ်သောနန်းတော်သည် ရှန်ဇူတိုက်ကြီးမှ လူငယ်မျိုးဆက်များ၏ အဆင့်သတ်မှတ်ချက်အတွင်း ထိပ်ဆုံးငါးနေရာ၌ သုံးနေရာကိုပင် ရယူထားနိုင်ခြင်း ဖြစ်၏။ မြင့်မြတ်သောနန်းတော်၏ တည်ရှိမှုမှာလည်း အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာတစ်ခု ဖြစ်သည်။
ယခုဆိုလျှင် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း၌ မြင့်မြတ်သောနန်းတော်မှ ရွေးချယ်ခံများနှင့် တွေ့ဆုံရတော့မည်ပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကလန်နှစ်ခုကြား ပဋိပက္ခများကြောင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ဖြစ်ပေါ်လာမည့်တိုက်ပွဲအား ရှောင်လွှဲ၍ရနိုင်တော့မည် မဟုတ်ပေ။
ကလန်ခေါင်းဆောင်ချင်းယန်မှ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာပြီဆိုတာနဲ့ ကန်ရွှမ်းကောင်းကင်ဒေသမှာရှိတဲ့ ကလန်တွေအားလုံးက ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲက အဖြစ်အပျက်တွေကိုပဲ အာရုံစိုက်လာကြလိမ့်မယ်။ အဲ့ဒါကြောင့် မင်းတို့လည်း ကန်ရွှမ်းကလန်ကို ဂုဏ်သိက္ခာမကျစေနဲ့။"
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း ဖြစ်ပျက်ခဲ့သော အကြောင်းအရာများအားလုံးသည် ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံးသို့ သတင်းစကားအဖြစ် ပျံ့နှံ့သွားမည်ပင် ဖြစ်သည်။
ရွေးချယ်ခံများအားလုံး၏ အမူအရာမှာ လေးနက်သွားရ၏။
"ကျွန်တော်တို့ကလန်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ဖို့အတွက် အကောင်းဆုံး ကြိုးစားမှာပါ။"
ဇူယွမ်မှာလည်း ရွေးချယ်ခံများနှင့်အတူ အရိုအသေပြုကာ စကားဆိုလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်း၌ ဖြစ်ပေါ်လာမည့် တိုက်ပွဲများအား ရှောင်လွှဲ၍ရနိုင်မည် မဟုတ်ချေ။
ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသည် အမှန်တကယ်ပင် အန္တရာယ်များဖြင့် ပြည့်နှက်နေသော နေရာတစ်ခုပင် ဖြစ်လေတော့သတည်း။