တာဝန်
Vol. 40 Ch. 554
ရှန်ဇူတိုက်ကြီး၏ မြောက်ဖျားပိုင်းတွင်တည်ရှိသည့် မြင့်မြတ်သောနန်းတော်၌
ဖြူဖွေးနေသော အဆောက်အအုံကြီးများမှာ နှင်းမှုန်များအလား ခန့်ညားထည်ဝါသော တောင်တန်းများအကြား ထိုးထိုးထောင်ထောင်ဖြင့် ရှိနေလေသည်။ ကြည့်လိုက်ရုံမျှဖြင့်ပင် ထိုနေရာသည် လုံခြုံရေး အလွန်တင်းကြပ်ထားသည့် နေရာတစ်ခုဖြစ်ကြောင်း သိရှိနိုင်၏။
ထိုမြူခိုးများ ရစ်ဝဲနေသည့် တောင်ကုန်းတစ်ခုပေါ်၌ ပုံရိပ်တစ်ခု ထိုင်နေလျက်ရှိသည်။ ထိုပုံရိပ်သည် ကြီးမားလှသော ဝတ်ရုံတစ်ခုအား ဆင်မြန်းထားလေသည်။ သူ၏ ငွေရောင်ဆံနွယ်များနှင့် နှင်းကဲ့သို့ ဖြူဖွေးနေသော မျက်တောင်မွှေးများမှာ ထူးခြားဆန်းကြယ်နေ၏။
ထိုပုံရိပ်မှာ မြင့်မြတ်သောနန်းတော်၏ အရှင်သခင် ရှန့်ယွမ်ပင် ဖြစ်သည်။
သူသည် ဝါးတစ်ချောင်းအား ဆွဲကိုင်ထားလျက်ရှိကာ အဖြူရောင်ကြိုးစတစ်ခုသည် ထိုဝါးမှတစ်ဆင့် တောင်ကုန်းအောက်ရှိ ရှည်ကျနေလေသည်။
တောင်ကုန်း၏အောက်တွင်မူ အလွန်ပင်ရေစီးသန်သော မြစ်တစ်စင်းရှိနေ၏။ ထိုမြစ်၏ အရောင်အဆင်းမှာ မဲညစ်လျက် အန္တရာယ်ရှိမည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။ ထူးခြားဆန်းကြယ်သော အရိပ်မည်းကြီးများကိုလည်း ရေမျက်နှာပြင်ပေါ်၌ တစ်ခါတစ်ရံ မြင်တွေ့နေရသည်။ သို့သော် ထိုအရိပ်မည်းကြီးမှာ တောင်ကုန်းပေါ်ရှိပုံရိပ်အား ကြောက်ရွံ့နေသည့်အလား အလျင်အမြန်ပင် ပျောက်ကွယ်သွားကြလေသည်။
ဝှစ်.....
လေတိုးသံသဲ့သဲ့အား ကြားလိုက်ရကာ ကောင်းကင်ထက်မှ ပုံရိပ်သုံးခု ရောက်ရှိလာ၏။ ထိုပုံရိပ်သုံးခုမှာ မြေပြင်ပေါ်သို့ ဆင်းသက်ပြီးသည်နှင့်တကွ ရှန့်ယွမ်အား အရိုအသေပြုကာ နှုတ်ဆက်လိုက်ကြသည်။ "နှုတ်ဆက်ပါတယ် နန်းဆောင်အရှင်သခင်။"
ထိုသုံးဦးမှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဖြစ်၏။
ထိုသုံးဦးအနက် ဦးဆောင်နေသူမှာ ချောမောခန့်ညားသော လူငယ်တစ်ဦးဖြစ်ပြီး အဖြူရောင်ဆံနွယ်များအား အနောက်ဖက်တွင် ခပ်မြင့်မြင့် စုချည်ထားလျက် ရှိသည်။ ထိုဆံနွယ်များ စုချည်ထားသည့်နေရာမှ ပုခုံးနှစ်ဖက်ပေါ်သို့ ကြိုးနှစ်ချောင်းဖြာကျနေလေသည်။ ထိုကြိုးစနှစ်ခု၏ အဆုံးတွင် သွေးနီရောင်ပုတီးစေ့များ တစ်ခုစီရှိနေ၏။ ၎င်းသွေးနီရောင်ပုတီးစေ့များထံမှ သွေးနီရောင်အလင်းတန်းများ မှေးမှိန်စွာ တောက်ပနေဟန် ရှိသည်။
ထိုလူငယ်လေးမှာ နွေးထွေးကြင်နာသော အပြုံးတစ်ခုအား ဆင်မြန်းထားကာ ခင်မင်နှစ်လိုဖွယ်ကောင်းသောအသွင် ရှိနေ၏။ သူ၏ ရှည်လျားကျဉ်မြောင်းသော မျက်ဝန်းများကပင် ကြယ်ပွင့်များကဲ့သို့ တောက်ပလင်းလက်နေလေသည်။
သူသည် ရှန်ဇူတိုက်ကြီး၏ လူငယ်မျိုးဆက်ထဲတွင် အထူးချွန်ဆုံး နံပါတ်တစ်ဖြစ်သည့် မြင့်မြတ်သောနန်းတော်၏ ကျောင်းထိုက်ရှင်းပင် ဖြစ်သည်။
ကျောင်းထိုက်ရှင်း၏ ဘေးတွင်မူ အနက်ရောင်ဝတ်စုံအား ဆင်မြန်းထားသော မိန်းမငယ်လေးတစ်ဦး ရှိနေသည်။ ထိုမိန်းမငယ်လေးမှာ နီရဲနေသော နှုတ်ခမ်းသားလေးဖြင့် အလွန်ပင် လှပရွှန်းလဲ့နေပြီး သူမ၏ ဟန်ပန်အမူအရာများမှာလည်း နူးညံ့သိမ်မွေ့လှ၏။
သူမ၏ အနက်ရောင်ဝတ်စုံအောက်မှ ထွက်ပေါ်နေသော ရှည်လျားသွယ်လျသည့် ခြေတံရှည်လေးများမှာ ရင်သက်ရှုမောဖွယ်ရာပင် ဖြစ်သည်။
သူမ၏ အသားအရေမှာ နှင်းပွင့်များကဲ့သို့ပင် ဖြူဖွေးနေသည့်အတွက် အနည်းငယ် အားနည်းနေသည်ဟုပင် ထင်မှတ်ရ၏။ သူမ၏ မျက်တောင်ရှည်လေးများမှာမူ အလွန်ပင် ထူးခြားလှကာ သွေးနီရောင် သမ်းနေလေသည်။
သူမသည် တိတ်ဆိတ်ငြိမ်သက်စွာပင် ရပ်နေလျက်ရှိပြီး နူးညံ့သိမ်မွေ့လွန်းသော မိန်းမငယ်တစ်ဦး၏ အငွေ့အသက်အား ပေးစွမ်းနေ၏။
သို့သော် ထိုနူးညံ့သိမ်မွေ့လှသည့် မိန်းမငယ်လေးအား မြင့်မြတ်သောနန်းတော်၏ မည်သည့်တပည့်ကမှ ထိပါးရဲလိမ့်မည် မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူမသည် ကျောင်းထိုက်ရှင်းပြီးလျှင် အထူးချွန်ဆုံးဖြစ်သည့် ကျန်းထိုက်ချင်ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။ သူမသည် ရှန်ဇူတိုက်ကြီး၏ လူငယ်မျိုးဆက်များအတွင်း အထူးချွန်ဆုံး နံပါတ်သုံးနေရာကို ရရှိထားသူလည်း ဖြစ်၏။
ထိုသုံးဦးအနက် နောက်ဆုံးတွင်ရှိနေသော လူငယ်လေးမှာ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးဖြင့် ကြည့်ကောင်းသော အသွင်သဏ္ဍာန်ရှိသည့် လူငယ်လေးတစ်ဦးပင် ဖြစ်သည်။ သူသည် ရွှေရောင်ဆံနွယ်များဖြင့် အလွန်ပင် တောက်ပနေပြီး နှစ်လိုဖွယ်အပြုံးဖြင့် ခင်မင်ရင်းနှီးချင်စရာကောင်းသောအသွင် ရှိလေသည်။ သူ၏ မျက်တောင်မွှေးများမှာလည်း ဆံနွယ်များကဲ့သို့ပင် ရွှေရောင်တောက်ပနေ၏။
ထိုလူငယ်လေးသည် ရှန်ဇူတိုက်ကြီး၏ လူငယ်မျိုးဆက်များအတွင်း အထူးချွန်ဆုံး နံပါတ်ငါးဖြစ်သည့် ကျင်းချန်းဇယ်ပင် ဖြစ်သည်။
ထိုသုံးဦးမှာ မြင့်မြတ်သောနန်းတော်၏ အထူးချွန်ဆုံး တပည့်များ ဖြစ်လေသည်။
နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှာ ဝါးချောင်းကို ကိုင်ထားရင်းမှ ပြုံးကာစကားဆိုလိုက်သည်။ "နောက်ရက်နည်းနည်းဆိုရင်ပဲ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာက တောင်ဘက်ပင်လယ်မှာ ပွင့်ဟလာတော့မယ်။ မြင့်မြတ်သောနန်းတော်ကနေ စေလွှတ်မယ့် တပည့်တွေကိုတော့ ဆုံးဖြတ်ပြီးသွားပြီ။ မင်းတို့သုံးယောက်က သူတို့တွေကို ဦးဆောင်သွားရမယ်။"
ကျောင်းထိုက်ရှင်း၊ ကျန်းထိုက်ချင်နှင့် ကျင်းချန်းဇယ်တို့မှာ အရိုအသေပြုကာ ခေါင်းညိတ်ပြလိုက်ကြ၏။
"ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာပြီဆိုတာနဲ့ ကန်ရွှမ်းကောင်းကင်ဒေသတစ်ခွင်က ကလန်တွေအားလုံးက ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲက အဖြစ်အပျက်တွေကိုပဲ အာရုံစိုက်လာကြလိမ့်မယ်။ အဲ့ဒါကြောင့် အနာဂတ်မှာလည်း ရှန်ဇူတိုက်ကြီးတစ်ခုလုံးမှာ ငါတို့မြင့်မြတ်သောနန်းတော်ရဲ့ ဂုဏ်သတင်းကိုပဲ မွှေးပျံ့နေစေချင်တယ်။ မင်းတို့ ငါ့ရဲ့မြင့်မြတ်သောနန်းတော်ကလန်ကို ဂုဏ်ယူရအောင်လုပ်ခဲ့ကြ။"
"အခုအချိန်ထိ လူတော်တော်များများက ကန်ရွှမ်းကောင်းကင်ဒေသမှာ မြင့်မြတ်သောနန်းတော်က နံပါတ်တစ်ဆိုတာကို လက်မခံချင်ကြဘူး။"
ကျောင်းထိုက်ရှင်းမှာ မျက်ဝန်းများ ကျဉ်းမြောင်းသွားပြီးနောက် ခပ်ဖွဖွပြုံးကာ ပြောလိုက်သည်။ "တခြားကလန်က ရွေးချယ်ခံတွေ များများသေလေ ကောင်းလေပဲမလား နန်းဆောင်အရှင်သခင်။"
"မင်းတို့ သင့်တော်မယ်ထင်သလို လုပ်ခဲ့ကြပေါ့။" နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှာ အခြားကလန်များမှ ရွေးချယ်ခံများအား အာရုံစိုက်နေရန်ပင် မထိုက်တန်ဟု ယူဆထားလေသည်။
နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှာ ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ဖြည်းညင်းစွာ စကားဆိုလိုက်၏။ "တခြားကလန်က ရွေးချယ်ခံတွေက နည်းနည်းတော့ အရေးကြီးပါတယ်။ ဒါပေမယ့် ငါမင်းတို့သုံးယောက်ကို ပေးမယ့်တာဝန်က ပိုအရေးကြီးတယ်။"
"အမိန့်ပေးတော်မူပါ နန်းဆောင်အရှင်သခင်။"
"ကန်ရွှမ်းကလန်က ဇူယွမ်လို့ခေါ်တဲ့ တပည့်ခေါင်းဆောင်တစ်ယောက်ကလည်း ရှန်းဟွပုံရိပ်ယောင်ကမ္ဘာကို ရွေးချယ်ခံတွေနဲ့အတူ ပါလာလိမ့်မယ်။ မင်းတို့သုံးယောက်က သူ့ကိုဖမ်းပြီးတော့ ဒီကိုခေါ်လာခဲ့ကြ။" နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှ လေးနက်စွာ ပြောလိုက်သည်။ ထိုအချိန်၌ပင် သူ၏လက်တွင်ကိုင်ထားသော ဝါးချောင်းငယ်မှာလည်း ငါးမိသွားသောကြောင့် လှုပ်ခါလာ၏။
ကျောင်းထိုက်ရှင်း၊ ကျန်းထိုက်ချင်နှင့် ကျင်းချန်းဇယ်တို့မှာမူ နန်းဆောင်အရှင်သခင်ရှန့်ယွမ်၏ အမိန့်စကားကြောင့် အံ့အားသင့်သွားရသည်။
နန်းဆောင်အရှင်သခင်ရှန့်ယွမ်၏ အဆင့်အတန်းဖြင့်ဆိုလျှင် အခြားကလန်များမှ ရွေးချယ်ခံများကိုပင် ဂရုစိုက်နေစရာ လိုအပ်မည်မဟုတ်ပေ။ ယခုတွင်မူ ရွေးချယ်ခံပင်မဟုတ်သော တပည့်ခေါင်းဆောင်တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်လာရန် အမိန့်ပေးနေ၏။
နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှ တည်ငြိမ်စွာ စကားဆိုလိုက်သည်။ "ဘယ်လိုလဲ မင်းတို့လုပ်နိုင်ရဲ့လား။"
ကျောင်းထိုက်ရှင်းမှ ခေါင်းညိတ်ပြကာ ပြောလိုက်၏။ "နန်းဆောင်အရှင်သခင်က သူ့ကို အသေလိုချင်တာလား။ အရှင်လိုချင်တာလား။"
နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှ ပျင်းရိစွာဖြင့် ပြောလိုက်သည်။ "ရှင်နေရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် ဘယ်လိုမှ မတက်နိုင်တော့ဘူးဆိုရင်တော့ အသေလည်း ရပါတယ်။ အရေးကြီးတာက သူ့ကိုဒီကို ခေါ်လာဖို့ပဲ။"
ကျောင်းထိုက်ရှင်းမှ အရိုအသေပြုကာ ခေါင်းညိတ်ပြလိုက်သည်။ နန်းဆောင်အရှင်သခင်မှ တပည့်ခေါင်းဆောင်တစ်ဦးအပေါ် အာရုံစိုက်နေရခြင်းအား အံ့အားသင့်မိပါသော်လည်း ဇူယွမ်အား ဖမ်းဆီးခေါ်ဆောင်လာရန်မှာ တာဝန်တစ်ရပ် ဖြစ်သွားပြီပင် ဖြစ်၏။
နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှာ လိုအပ်သည်များအား ဆက်လက်မှာကြားလိုက်ပြီးနောက် ထိုသုံးဦးအား သက်ဆိုင်ရာဂူနန်းများဆီသို့ပြန်ရန် ပြောလိုက်သည်။
ကျောင်းထိုက်ရှင်းတို့သုံးဦး ပြန်သွားပြီးသည့်နောက် နန်းဆောင်အရှင်သခင်ရှန့်ယွမ်၏နောက်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်သည် အနက်ရောင်ဝတ်ရုံရှည်ဖြင့် ခန္ဓာကိုယ်တစ်ခုလုံးအား ဖုံးအုပ်ထားလေသည်။
ထိုပုံရိပ်သည် ဝူဟောင်ပင် ဖြစ်သည်။
နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှ ခပ်ဖွဖွပြုံးကာ စကားဆိုလိုက်သည်။ "ဝူဟောင် မင်းမှာအခု အသူရာသွေးခန္ဓာရှိနေပြီဆိုပေမယ့် မြင့်မြတ်သောနန်းတော်အတွက် မင်းကအရမ်းအရေးကြီးတယ်ဆိုတာ သိတယ်မလား။ အဲ့ဒါကြောင့် လက်လွတ်စပယ် ကလန်အပြင်ဖက်ကို လျှောက်သွားလို့မရဘူးနော်။"
"အဲ့ဒါကြောင့် မင်းမှာ ပျောက်ဆုံးနေတဲ့အရာကို ပြန်ယူဖို့ ငါကူညီပေးနေတာ။ အခုချိန်မှာ အရေးကြီးဆုံးက ဇူယွမ်ခန္ဓာကိုယ်ထဲမှာရှိတဲ့ မြင့်မြတ်သောနဂါးကောင်းချီးကို ပြန်ယူပြီးတော့ မင်းရဲ့ခန္ဓာကိုယ်ထဲကို ပေါင်းထည့်ဖို့ပဲလေ။"
ဝူဟောင်မှ အရိုအသေပြုကာ ခေါင်းညိတ်ပြလိုက်သည်။ သူ၏ ခန္ဓာကိုယ် ဖျက်စီးခံခဲ့ရခြင်းအတွက် ဇူယွမ်အား ကိုယ်တိုင်ကိုယ်ကျ လက်စားချေချင်ပါသော်လည်း နန်းဆောင်အရှင်သခင်ရှန့်ယွမ်၏ စီစဉ်ပေးမှုအား ငြင်းပယ်လိုက်ရန် မဝံ့ရဲပေ။ ထို့ကြောင့် နန်းဆောင်အရှင်သခင်ရှန့်ယွမ်၏ အစီအစဉ်ကိုသာ လက်ခံရန် ဆုံးဖြတ်လိုက်ရ၏။
နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှာ ဝူဟောင်၏ အတွေးများအား အနည်းငယ်မျှပင် ဂရုမစိုက်ဟန်ဖြင့် ရှိနေလေသည်။ ထိုအချိန်မှာပင် သူ၏လက်ထဲတွင်ရှိနေသော ဝါးချောင်းငယ်မှ လှုပ်ခါလာပြန်၏။
ဝုန်း....
နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှာ ဝါချောင်းငယ်အား ဆောင့်ဆွဲလိုက်သည်။ ပေတစ်သောင်းမျှရှိသော အရိပ်မည်းကြီးတစ်ခုသည် ကြိုးစအဖြူနှင့်အတူ ချိတ်ပါလာ၏။ ထိုအရိပ်မည်းကြီးသည် အလွန်ပင် ကြောက်ရွံ့နေဟန်ဖြင့် ရုန်းကန်လှုပ်ရှားနေသည်။
"ဟားဟား...ငါမိထားတဲ့သားကောင်က လွတ်သွားရိုးထုံးစံ ရှိမတဲ့လား။" နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှ ခပ်ဖွဖွရယ်မောကာ ရေရွတ်လိုက်သည်။ တဖြည်းဖြည်းနှင့် ထိုအရိပ်မည်းကြီးမှာ အဖြူရောင်ငါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလေသည်။
ထို့နောက် ထိုငါးကြီး၏ အသွေးအသားများမှာ ဖြည်းညင်းစွာဖြင့် သွေးနီရောင်ချီစွမ်းအင်များအဖြစ်သို့ ပြောင်းလဲလာ၏။
နန်းဆောင်အရှင်သခင်ရှန့်ယွမ်မှာ ထိုချီစွမ်းအင်များအား တစ်ကြိမ်တည်းဖြင့် စုပ်ယူစားသုံးလိုက်သည်။
ထို့နောက် အနောက်တွင်ရှိနေသော ဝူဟောင်အားကြည့်ကာ ခပ်ဖွဖွပြုံးပြလိုက်ပြီးနောက် ကောင်းကင်ထက်သို့ ပျံဝဲသွားလေတော့သည်။
မြင့်မြတ်သောနဂါးကောင်းချီးအား လုံလောက်အောင် စုစည်းပြီးသည်နှင့်တစ်ပြိုင်နက် ရှန့်ယွမ်မှာ မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း ဖုံးကွယ်ထားခဲ့သော ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ရှာဖွေနိုင်တော့မည်ပင် ဖြစ်၏။ ထိုအချိန်သို့ရောက်လျှင် သူသည် ကန်ရွှမ်းကောင်းကင်ဒေသတစ်ခုလုံး၏ အရှင်သခင်အသစ် ဖြစ်လာပေလိမ့်မည်။
"ကန်ရွှမ်း......"
"မင်းက သေသွားတာတောင်မှ ငါ့ကိုစိတ်အနှောင့်အယှက် ဖြစ်စေတုန်းပဲ။ ငါကန်ရွှမ်းကောင်းကင်ဒေသရဲ့ အရှင်သခင်အသစ် ဖြစ်လာတာနဲ့ မင်းတည်ထောင်ခဲ့တဲ့ ကန်ရွှမ်းကလန်တစ်ခုလုံးကို တစ်စမကျန် ဖျက်စီးပြမယ်။"
"အဲ့အချိန်ကြရင် မင်းရဲ့တပည့်တွေအကုန်လုံးလည်း နောက်ဘဝမှာ မင်းကိုလိုက်ပြီး အဖော်ပြုပေးလို့ ရတာပေါ့။ ငါ့ဆီကရမယ့် နောက်ဆုံးလက်ဆောင်လို့ပဲ မင်းသဘောထားလိုက်ပေါ့ကွာ။"