← Chapters

ချင်းလင်

Vol. 40 Ch. 557

ချင်းလင်

Vol. 40 Ch. 557

ဝုန်း....

ကန်ရွှမ်းကလန်၏ ရွက်လှေရှိနေသော ပတ်ဝန်းကျင်တစ်ဝိုက်သို့ အရပ်မျက်နှာအစုံမှ အဖျက်စွမ်းအင်များ ဝင်ရောက်လာလေသည်။ ရွက်လှေကြီးမှာ ပြင်းထန်လှသော အဖျက်စွမ်းအင်များကြောင့် ကောင်းကင်ထက်၌ ယိမ်းထိုးနေရသည်။

ရွက်လှေပေါ်ရှိ ကန်ရွှမ်းကလန်၏ တပည့်များမှာ ကြောက်လန့်တုန်လှုပ်နေကြပြီပင် ဖြစ်သည်။ ​ဤကဲ့သို့သော ပြင်းထန်လှသည့် အဖျက်စွမ်းအင်များ၏ရှေ့တွင် ၎င်းတို့မှာ ပုရွက်ဆိတ်တစ်ကောင်သာသာမျှသာ ရှိ၏။

ဇူယွမ်၏ အမူအရာမှာလည်း ခက်ထန်သွားရပြီးနောက် တောင်ထွတ်ဆရာသခင်မလျို့လျန်းယီအား လျင်မြန်စွာ ကြည့်ရှုလိုက်သည်။ တောင်ထွတ်ဆရာသခင်မလျို့လျန်းယီ၏ မျက်ဝန်းများသည် အနည်းငယ်မျှပင် ကြောက်ရွံ့နေဟန်မရှိပဲ အေးစက်ခက်ထန်နေ၏။

"ငါက ဘယ်သူများလဲလို့။ လက်စသတ်တော့ မြင့်မြတ်သောနန်းတော်ရဲ့ တိစစ်ခန်းဆောင်သခင် ချင်းလင်ပဲ။ ငါတို့မတွေ့တာ နှစ်ပေါင်းများစွာ ရှိနေပြီဆိုပေမယ့် နင့်ရဲ့အရည်အချင်းတွေကတော့ နည်းနည်းလောက်တောင် တိုးတက်မလာဘူးနော်။ တကယ်ရှက်စရာပဲ..အဟက်။" တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ လှောင်ပြောင်သရော်ဟန်ဖြင့် စကားဆိုလိုက်ပြီးနောက် လှေဦးကြမ်းပြင်အား ခြေထောက်ဖြင့် ဆောင့်နင်းချလိုက်သည်။

ဝုန်း.....

တောင်ထွတ်ဆရာသခင်မလျို့လျန်းယီထံမှ ပြင်းထန်လှသော စွမ်းအင်အချို့ ထွက်ပေါ်လာပြီးနောက် ရွက်လှေမှာ ချက်ချင်းဆိုသလို ပြန်လည်တည်ငြိမ်သွားလေသည်။

ထို့နောက် သူမ၏လက်အား ဝေ့ယမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များမှာ ကြီးမားလှသော ဇာမဏီငှက်တစ်ကောင်အသွင်သို့ ပြောင်းလဲသွားသည်။ ဇာမဏီငှက်ကြီးသည် ကောင်းကင်တစ်ခွင် လှပစွာပျံသန်းလိုက်ပြီးနောက် တောင်တန်းအဖြူပေါ်ရှိ တိစစ်ခန်းဆောင်သခင်ရှိရာသို့ ထိုးဆင်းသွားသည်။

တောင်ထိပ်ပေါ်တွင်ရှိနေသော တိစစ်ခန်းဆောင်သခင်၏ မျက်ဝန်းများမှာ ခက်ထန်သွားရပြီးနောက် လျင်မြန်စွာပင် ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလျက် ကြီးမားလှသော လက်ကြီးတစ်ဖက်အသွင်သို့ ပြောင်းလဲလိုက်သည်။ ထို့နောက် ၎င်းလက်ကြီးဖြင့် ဇာမဏီငှက်အား ရိုက်ချလိုက်၏။

ဝုန်း....

စွမ်းအင်နှစ်ခု ထိတွေ့သွားကြပြီးနောက် ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များမှာ ပတ်ဝန်းကျင်တစ်ခွင်လုံးသို့ ပျံ့နှံ့သွားလေသည်။ ပြင်းထန်လှသော စွမ်းအင်လှိုင်းဂယက်များကြောင့် လေထုများပင် ဆုတ်ပြဲကုန်ရပြီး အောက်တွင်ရှိနေသော ရေပြင်မှာလည်း ဆိုးရွားစွာ လှိုင်းထန်ကုန်ရ၏။

ကလန်အသီးသီးမှ တပည့်များ၏ အမူအရာမှာ ပြောင်းလဲကုန်ရပြီးနောက် ချက်ချင်းဆိုသလိုပင် အနောက်သို့ ဆုတ်ခွာသွားကြသည်။ စွမ်းအင်လှိုင်းဂယက်များမှာ ပြင်းထန်လွန်းလှသည့်အတွက် အချိန်အတော်ကြာသည့်တိုင်အောင် မပျောက်ကွယ်နိုင်ပဲ ရှိ၏။

တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ သူမ၏လက်အား ဝေ့ယမ်းလျက် စွမ်းအင်လှိုင်းဂယက်များကို ပျက်ပြယ်စေလိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များအား စုဝေးကာ ကြာပန်းတစ်ခုအသွင်သို့ ပြောင်းလဲစေလိုက်လေသည်။

ထိုကြာပန်းထံမှ အလွန်ပြင်းထန်သော စွမ်းအင်ဖိအားများ ထွက်ပေါ်နေလျက် ရှိသည်။

တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ အမှန်တကယ် တိုက်ခိုက်တော့မည့်ဟန် ရှိ၏။

သို့သော် ၎င်းတို့နှစ်ဦးသာ အပြင်းအထန် တိုက်ခိုက်ခဲ့ပါက ထိုမှထွက်ပေါ်လာမည့် စွမ်းအင်လှိုင်းဂယက်များကြောင့် ပွင့်ဟလာတော့မည်ဖြစ်သော ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ဝင်ပေါက် ပျက်စီးသွားနိုင်ပေသည်။ ထို့ကြောင့် အခြားသော အင်အားကြီးကလန်လေးခုမှ အရှင်သခင်များမှာ ၎င်းတို့နှစ်ဦးအား ဝင်ရောက်ဖြောင်းဖြလိုက်ကြ၏။

"ရှန်းဟွပုံရိပ်ယောင်ကမ္ဘာက ပွင့်ဟလာတော့မယ်။ အဲ့ဒါကြောင့် မင်းတို့ရဲ့ ဒေါသတွေကို သိမ်းဆည်းထားလိုက်ပါဦး။"

အင်အားကြီးကလန်လေးခုမှ အရှင်သခင်များ ဝင်ရောက်တားဆီးနေသောကြောင့် တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ မျက်နှာကိုရှုံ့မဲ့လျက် ကြာပန်းအား ပျက်ပြယ်စေလိုက်သည်။ သူမသည်လည်း ယခုအချိန်သည် တိုက်ခိုက်ရန် အချိန်ကောင်းတစ်ခုမဟုတ်ကြောင်း ကောင်းစွာသိရှိပေ၏။

"ခန်းဆောင်သခင်ချင်းလင် တကယ်လို့ ရှင်တိုက်ခိုက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာပြီဆိုတာနဲ့ ကျွန်မတို့ တခြားနေရာတစ်ခုမှာသွားပြီး တိုက်ကြရအောင်။" တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ အလွန်ပင် ဒေါသကြီးသူတစ်ဦးဖြစ်သဖြင့် ထိုကိစ္စအား အခဲမကြေနိုင် ဖြစ်နေရဆဲပင် ဖြစ်သည်။

"တောင်ထွတ်ဆရာသခင်မလျို့လျန်းယီက ဖိတ်ခေါ်နေမှတော့ ကျွန်တော်က ငြင်းပယ်နေစရာလား။" တောင်တန်းပေါ်တွင်ရှိနေသော ခန်းဆောင်သခင်ချင်းလင်မှ ပြုံးကာစကားဆိုလိုက်သည်။

ထို့နောက် ခန်းဆောင်သခင်ချင်းလင်မှာ ထိုင်နေရာမှထကာ သူ၏စွမ်းအင်များအား ပြန်လည်ရုတ်သိမ်းလိုက်၏။ တင်းမာနေခဲ့သော ပတ်ဝန်းကျင်မှာ ဖြည်းညင်းစွာဖြင့် ပြန်လည်တည်ငြိမ်လာပြီပင် ဖြစ်သည်။

"ဒီလူက မြင့်မြတ်သောနန်းတော်ရဲ့ ခန်းဆောင်သခင်ပေါ့။" ဇူယွမ်မှာ တောင်တန်းပေါ်တွင်ရှိနေသော ခန်းဆောင်သခင်ချင်းလင်၏ပုံရိပ်အားကြည့်ကာ ရေရွတ်လိုက်သည်။ ထိုပုံရိပ်ထံမှ ထွက်ပေါ်နေသော စွမ်းအင်ဖိအားများသည် တောင်များကိုပင် ဖြိုခွင်းနိုင်လောက်အောင် ပြင်းထန်လှ၏။

မြင့်မြတ်သောနန်းတော်တွင် ခန်းဆောင်ဆယ်ခုရှိသည့်အနက် ချင်းလင်သည် တိစစ်ခန်းဆောင်၏ အရှင်သခင် ဖြစ်သည်။

တောင်ထွတ်ဆရာသခင်မလျို့လျန်းယီနှင့် ခန်းဆောင်သခင်ချင်းလင်တို့၏ တိုက်ခိုက်မှုများအရ ကန်ရွှမ်းကလန်နှင့် မြင့်မြတ်သောနန်းတော်တို့၏ ဆက်ဆံရေးသည် အလွန်ပင် ဆိုးဝါးနေကြောင်း သိရှိနိုင်၏။ ထိုသို့ဖြစ်နေရသည်မှာ မြင့်မြတ်သောနန်းတော်၏ ကြံစည်မှုကြောင့် မျိုးနွယ်စုခေါင်းဆောင်ကန်ရွှမ်း ကွယ်လွန်သွားရသည့်အချိန်မှ စတင်ခဲ့လေသည်။ ထိုအချိန်မှစ၍ ကန်ရွှမ်းကလန်မှာလည်း အင်အားနည်းပါးလာခဲ့ရသည်။ ကလန်ခေါင်းဆောင်ချင်းယန်သာ မတားဆီးခဲ့ပါက တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ မြင့်မြတ်သောနန်းတော်ကိုပင် သွားရောက်တိုက်ခိုက်ခဲ့မည် ဖြစ်၏။

တောင်ထွတ်ဆရာသခင်မလျို့လျန်းယီနှင့် ခန်းဆောင်သခင်ချင်းလင်တို့ ချီစွမ်းအင်များအား ရုတ်သိမ်းလိုက်သောကြောင့် ပတ်ဝန်းကျင်ရှိလူများမှာ အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။

ယခုဆိုလျှင် မြင့်မြတ်သောနန်းတော်မှ ရောက်ရှိလာပြီဖြစ်သဖြင့် ကန်ရွှမ်းကောင်းကင်ဒေသ၏ အင်အားကြီးကလန်ကြီးခြောက်ခုလုံး ဤနေရာတွင် ရှိနေကြပြီပင် ဖြစ်၏။

ဝုန်း.....ဝုန်း....

ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ဝင်ပေါက်မှာ ပိုမိုပွင့်ဟလာပြီးနောက် သန့်စင်သောချီစွမ်းအင်များ စိမ့်ထွက်လာ၏။ ပတ်ဝန်းကျင်ရှိ လေထုမှာ ဖြည်းညင်းစွာဖြင့် ပိုမိုလတ်ဆတ်သန့်ရှင်းလာပေသည်။

ဤသို့ဖြင့် အသက်ရှူချိန် အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ဝင်ပေါက်မှာ ပေတစ်ရာဝန်းကျင်သို့ ရောက်ရှိလာပြီပင် ဖြစ်သည်။

ထိုအချိန်၌ပင် အင်အားကြီးကလန်ကြီးခြောက်ခု၏ အရှင်သခင်များမှာ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်ကြသည်။ ထို့နောက် ချီစွမ်းအင်များအား လက်ကြီးခြောက်ဖက်အသွင် ဖြစ်ပေါ်စေလျက် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ဝင်ပေါက်အား ပိုမိုကျယ်ပြန့်လာစေရန် ​ချဲ့ကားလိုက်ကြသည်။

ဝင်ပေါက်မှာ ပိုမိုကျယ်ပြန့်လာပြီးသည့်နောက် ချီစွမ်းအင်လက်ကြီးခြောက်ဖက်မှာလည်း ပျောက်ကွယ်သွားတော့၏။

ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ဝင်ပေါက်မှာ အမှန်တကယ် ပွင့်ဟလာခဲ့ပြီပင် ဖြစ်သည်။

တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှ တပည့်များအားကြည့်ကာ စကားဆိုလိုက်သည်။ "ရှန်းဟွပုံရိပ်ယောင်ကမ္ဘာရဲ့ဝင်ပေါက်က ပွင့်ဟလာပြီ။ အထဲဝင်ဖို့ ပြင်ဆင်ထားကြတော့။"

"ကလန်ထဲမှာ လေ့ကျင့်နေရသလိုပုံစံနဲ့ နည်းနည်းမှတူမှာမဟုတ်ဘူးဆိုတာကို မှတ်ထားပါ။ ကလန်ထဲမှာဆိုရင် မင်းတို့ဘယ်လောက်ပဲ တိုက်ခိုက်ရပါစေ အသက်အန္တရာယ်ကို မထိခိုက်နိုင်ဘူး။ ဒါပေမယ့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာတော့ မင်းရဲ့အသက်ကို ဘယ်သူကမှ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ကောင်းကောင်းဂရုစိုက်ကြ။"

"ရှန်းဟွချန်ယင်းအဆီအနှစ်ကို ရဖို့အတွက် နင်တို့ရဲ့အသက်ကို ဘယ်သူကမှ ငဲ့ညှာနေမှာ မဟုတ်ဘူး။"

"နင်တို့က ကန်ရွှမ်းကလန်ရဲ့ အထူးချွန်ဆုံး တပည့်တွေပဲ။ အဲ့ဒါကြောင့် ငါတို့ကလန်ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းပါ။ နင်တို့ရဲ့ လုပ်ရပ်တိုင်းက ကန်ရွှမ်းကလန်ကို ကိုယ်စားပြုနေတယ်ဆိုတာ မမေ့ပါနဲ့။"

တပည့်များမှာ လေးနက်စွာဖြင့် အရိုအသေပြုကာ ခေါင်းညိတ်ပြလိုက်ကြသည်။

"ချူချင်း၊ လီချင်းချန်နဲ့ ခုန်းရှန်။ နင်တို့သုံးယောက်လုံးက ဒီတပည့်တွေရဲ့ ခေါင်းဆောင်ပဲ။ အဲ့ဒါကြောင့် အမြဲတမ်း သတိနဲ့နေပြီး အရာရာကို စောင့်ကြည့်ထားပါ။ တက်နိုင်သလောက် တပည့်တွေကို ကာကွယ်ပါ။ နင်တို့ကိုယုံကြည်လို့ ခေါင်းဆောင်နေရာ ပေးထားတာကိုလည်း မမေ့ပါနဲ့။" တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှ ချူချင်းတို့သုံးဦးအားကြည့်ကာ ပြောလိုက်သည်။ "အရေးအကြီးဆုံးကတော့ မြင့်မြတ်သောနန်းတော်က တပည့်တွေကို သတိထားပါ။"

ချူချင်းတို့သုံးဦးမှ အရိုအသေပြုကာ ခေါင်းညိတ်ပြလိုက်ကြ၏။

တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှာ လိုအပ်သည်များကို မှာကြားပြီးသည့်နောက် လက်ချောင်းများကိုလှုပ်ယမ်းကာ ချီတိမ်တိုက်တစ်ခုအား ဖန်တီးလိုက်သည်။ ထို့နောက် ၎င်းချီတိမ်တိုက်ဖြင့် တပည့်များအား တင်ဆောင်စေကာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ ဝင်ပေါက်အတွင်းသို့ ပို့ဆောင်ပေးလိုက်၏။

ထိုအချိန်၌ပင် အခြားသော အင်အားကြီးကလန်ငါးခု၏ အရှင်သခင်များမှာလည်း တပည့်များကို ရှန်းဟွပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ အသီးသီး ပို့ဆောင်ပေးလိုက်ကြသည်။

ဝှစ်.....ဝှစ်....

ထို့နောက် အင်အားကြီးကလန်များ၏နောက်တွင် စောင့်ဆိုင်းနေကြသော ကလန်များမှလည်း စတင်လှုပ်ရှားလိုက်ကြ၏။ ကောင်းကင်တစ်ခွင်လုံးသည် ချီတိမ်တိုက်များဖြင့် ပြည့်နှက်နေသယောင် ရှိသည်။

ခန်းဆောင်သခင်ချင်းလင်မှာ တောင်ထွတ်ဆရာသခင်မလျို့လျန်းယီအား ကြည့်ရှုလိုက်ပြီးနောက် ပြုံးကာစကားဆိုလိုက်သည်။ "တောင်ထွတ်ဆရာသခင်မလျို့လျန်းယီ အရင်တုန်းက ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ ပွင့်ဟလာတဲ့ အချိန်​တွေမှာ မြင့်မြတ်သောနန်းတော်က အကောင်းဆုံးရလဒ်တွေကိုရခဲ့တာ အကြိမ်ရေ မနည်းဘူးနော်။ မင်းတို့ရဲ့ ကန်ရွှမ်းကလန်ကတော့ အခေါက်တိုင်း တပည့်တွေကို ဆိုးဆိုးရွားရွား ဆုံးရှုံးကြရတယ်။ ဒီတစ်ခေါက်ရော မင်းတို့ကန်ရွှမ်းကလန်က တပည့်ဘယ်လောက်များ အသက်ရှင်ကျန်မလဲဆိုတာ ငါသိချင်နေမိပြီ။"

တောင်ထွတ်ဆရာသခင်မလျို့လျန်းယီမှ အေးစက်ခက်ထန်စွာ ပြောလိုက်သည်။ "အဟက်...အရမ်းကြီးလည်း ကိုယ့်ကလန်ကို အထင်ကြီးမနေပါနဲ့ဦး။ တကယ်လို့ ဆုံးရှုံးမှုတွေဖြစ်ခဲ့ရင် နင့်ရဲ့စကားကြောင့် နင်တို့ပိုအရှက်ကွဲနေရလိမ့်မယ်။"

ခန်းဆောင်သခင်ချင်းလင်မှာ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ဝင်ပေါက်အားကြည့်ကာ စကားဆိုလိုက်သည်။ "ငါတို့ စောင့်ကြည့်ကြတာပေါ့။"

"အဆုံးသတ်မှာ စိတ်ညစ်ရမယ့်သူက တောင်ထွတ်ဆရာသခင်မလျို့လျန်းယီပဲ ဖြစ်နေမှာတော့ စိုးရိမ်မိတယ်....အဟက်။"

All Chapters