← Chapters

နတ်ဘုရားထောင်ချောက်ဓား

Vol. 109 Ch. 1519

နတ်ဘုရားထောင်ချောက်ဓား

Vol. 109 Ch. 1519

အခန်း (၁၅၁၉) နတ်ဘုရားထောင်ချောက်ဓား

ဤကိစ္စတွင် ရန်ရှင်းထန်နှင့် တိချင်းလျန်တို့ ပါဝင်ပတ်သက်နေသည်ဖြစ်ရာ ရန်တိသည်လည်း ရန်ကျောက်ကဲနှင့်အတူ ပြင်ပဗလာနယ်ထဲသို့ အတူထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။

သူနှင့် ရန်ကျောက်ကဲ နှစ်ယောက်လုံး ဝါဒတောင်တွင် မရှိသော်လည်း စိုးရိမ်စရာ မရှိလှပေ။

တောင်ပေါ်တွင်ကျန်ခဲ့သော ရွှီဖေးက ဂိုဏ်း၏ကိစ္စအဝဝကို တာဝန်ယူပေးမည်ဖြစ်သည်။ သူက ကြီးလေးသောတာဝန်များကို စွမ်းဆောင်နိုင်ရုံသာမက သူ၏စွမ်းအားကလည်း တစ်ဂိုဏ်းလုံးကို ကာကွယ်ပေးရန် လုံလောက်သည်။

ယခုဆိုလျှင် ယွမ်ကျန်းဖုန်း၊ ဖန်ကျွင်းနှင့် အခြားသော အကြီးအကဲများမှာလည်း စိတ်အေးချမ်းသာစွာ ကျင့်ကြံနေကြပြီး ကိစ္စအားလုံးကို ရွှီဖေးအား လွှဲအပ်ထားသည်။

သို့ဖြစ်ရာ ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာတွင် ဝါဒတောင်ဂိုဏ်းကို မည်သူမျှ စော်ကားဝံ့ကြမည် မဟုတ်ပေ။

လက်ရှိတွင် ကောင်းကင်ဘုံကမ္ဘာနှင့် ထျန်းစူးစကြာဝဠာက အလွန်စိတ်ချရပြီး လုံခြုံသည်ဖြစ်ရာ မျှော်လင့်မထားသည့် မငြိမ်သက်မှုများ ဖြစ်ပေါ်လာရန် အကြောင်းမရှိပေ။

သို့ပေသိ ယခင်ကလို ငရဲကိုးထပ်မှနတ်ဆိုးများနှင့် တိုက်ခိုက်ရခြင်း အထူးကိစ္စရပ်များ မဖြစ်ပေါ်ခဲ့လျှင်တောင်မှ မထင်မှတ်ထားသည်များ ဖြစ်ပေါ်လာပါက ကောင်းကင်ဘုံကမ္ဘာကို ကာကွယ်ပေးရန် ထိပ်တန်းကျွမ်းကျင်သူအချို့ အဆင်သင့်ရှိနေကြသည်။

အထူးသဖြင် ဖုထင်၊ ဟယ်ရှီးရှင် နှင့် မန်ဝမ် တို့ကို ထိန်းချုပ်မရနိုင်သူများအဖြစ် သတ်မှတ်ခံထားရသည်။

ထို့ကြောင့် အ‌ရေးအကြောင်းဆိုပါက ကောင်းကင်ဘုံကမ္ဘာကို စောင့်ကြည့်နေကြသော ကျွမ်းကျင်သူများက အခြေအနေကို ထိန်းချုပ်ထားနိုင်မည် ဖြစ်၏။

ချီထျန်းမဟာသူတော်စင်အဖြစ် သဏ္ဌန်ဖော်ခဲ့သည့် ရွှေခန္ဓာ(၃)ခု ပေါင်းစည်းခြင်းမှာ ယင်းကိုဖန်တီးခဲ့သူအားလုံးထံမှ စွမ်းအားများကို သိသိသာသာ ကုန်ခမ်းသွားစေသည်။

ထိုစွမ်းအားကို တစ်ကြိမ်အသုံးပြုပြီးနောက် နောက်တစ်ကြိမ် ထပ်မံထုတ်ဖော်ရန်အတွက် အချိန်ကြာမြင့်စွာ ထပ်မံစောင့်ဆိုင်းရပေမည်။

ထို့ကြောင့် လက်ရှိတွင် ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာ(၃)ခု ပူးပေါင်းလှုပ်ရှားရန် မလိုအပ်သေးပေ။

ရွှီဖေး၏ မဟာသူတော်စင် ရွှေခန္ဓာက ပိုမိုအားကောင်းသော်လည်း ရန်ကျောက်ကဲနှင့် ရန်တိက ရန်ရှင်းထန်နှင့် တိချင်းလျန်တို့ကို ရှာဖွေရန်အတွက် ဝါဒတောင်မှထွက်ခွာလာသည့်အခါ ရွှီဖေးကို ထားခဲ့ခြင်းက ပို၍သင့်တော်သည်။

တစ်ချိန်တည်းမှာပင် ဝူတန့်မယ်နော်နှင့် ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်တို့အား အာရုံစိုက်နေသူများကို လှည့်ဖြားရန်အတွက် ရန်ကျောက်ကဲကလည်း အဆုံးထိ ဟန်ဆောင်နေရပေမည်။

ထို့ကြောင့် သူက ရန်သူများ အာရုံစိုက်မည့်နယ်ပယ်အတွင်းသို့ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားကို စေလွှတ်ထားခဲ့သည်။

မဟာသူတော်စင် ရွှေခန္ဓာတစ်ခုထွက်ပေါ်လာခြင်းနှင့်အတူ သူ၏လှည့်ဖြားမှုကလည်း ပို၍ထင်ရှားလာမည်ဖြစ်ပြီး အခြားသောအင်အားစုများမှ ပိုမိုများပြားသော ကျွမ်းကျင်သူများကို ဆွဲဆောင်နိုင်ပေမည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား ပိုင်ဆိုင်သော မဟာသူတော်စင်ရွှေခန္ဓာက ပြင်ပတာအိုကျင့်ကြံသူ ကောင်းကင်နတ်ဘုရားများကို ဖိနှိပ်ရန် လုံလောက်သည်။

တကယ်တော့ ထိုရွှေခန္ဓာဖြင့်ဆိုလျှင် လမ်းမှန်ဗုဒ္ဓဘာသာမှဗုဒ္ဓများနှင့် နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်များကိုပင် ရင်ဆိုင်နိုင်စွမ်းရှိသည်။

တစ်နည်းဆိုရသော မဟာသူ‌တော်စင် ရွှေခန္ဓာတစ်ခုတည်းဖြင့် အနောက်ဘက်သူတော်စင်ဘုံ၊ နတ်မိစ္ဆာမျိုးနွယ်၊ အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးမှ ထိပ်တန်းကျွမ်းကျင်သူများ၏အာရုံကို ဆွဲဆောင်နိုင်ခြင်းမှာ ရန်ကျောက်ကဲအတွက် ကြီးမားသော အကျိုးအမြတ်ပင် ဖြစ်၏။

မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် သတိထားရန် လိုအပ်နေဆဲပင်။

အကယ်၍ သူသာ အတွင်းကျကျ ပါဝင်ပတ်သက်မိသွားပါက သူ၏မိုက်မဲမှုအတွက် တစ်လောကလုံးက သူ့အား ‌လှောင်ပြောင်ကြမည်သာ ဖြစ်သည်။

လက်ရှိမှာတော့ ရွှီဖေးက ဝါဒတောင်ကို အုပ်ချုပ်စောင့်ကြပ်နေပြီး မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက အခြားသူများကို တားဆီးထားသည်။

ပန်ပန်ကတော့ ရန်ကျောက်ကဲတို့အုပ်စုနှင့်အတူ လိုက်ပါလာသည်။

စွမ်းအားပြန်လည်ဖြည့်တင်းရန် အနားယူနေသည့် ဖန်းယွင်ရှန်းသည်လည်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ကောင်းချင်းရွှမ်ကတော့ သူမနှင့်အတူ နတ်ဘုရားသတ်ဖြတ်ဓားကို တစ်ပါတည်း ယူဆောင်လာခဲ့သည်။

ယခုတစ်ကြိမ်မှာတော့ ထျန်းစူးစကြာဝဠာက စိတ်ဆန္ဒရှိသည့်အတိုင်း လွတ်လပ်စွာလှုပ်ရှားနိုင်ပြီဖြစ်သဖြင့် သူတို့၏ထိပ်တန်းအင်အားစုများကို တပ်ဖြန့်ထားခဲ့သည်။

မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားက ဆူပူလှုပ်ရှားမှုများကို ထပ်မံဖန်တီးပြီး ကောလာဟလများများကို ပိုမိုခိုင်မာလာစေလျှက် အခြားအင်အားစုများ၏စိတ်အာရုံကို ဆွဲဆောင်ထားချိန် ရန်ကျောက်ကဲတို့အုပ်စုက တိတ်တဆိတ် ခရီးထွက်ခွာလာခဲ့ကြသည်။

နတ်ဘုရားသတ်ဖြတ်ဓားမှ ပေးအပ်သော လမ်းညွှန်ချက်များအတိုင်း သူတို့အုပ်စု စကြာဝဠာများ ၊ ကြယ်တာရာများနှင့် ကောင်းကင်အလွှာများကို ဖြတ်သန်းခဲ့ကြသည်။

ဤသို့ ခရီးသွားလာခြင်းသည်ပင် အတော်လေး အချိန်ကြာမြင့်ခဲ့သည်။

အတော်လေး ကျင့်ကြံခြင်းအဆင့်မြင့်မားသည့် ရန်ကျောက်ကဲတို့အုပ်စုသည်ပင် ဤခရီးက ဝေးကွာလွန်းသလိုခံစားရပြီး ရောက်နိုင်တော့မည်မဟုတ်ဟု ထင်မြင်လာရသည်။

တစ်နေ့မှာတော့...

ရန်ကျောက်ကဲက သူ၏အရှိန်အဟုန်ကို ရုတ်တရက် နှေးကွေးလိုက်သည်။

ယင်းကို သတိထားမိသည်နှင့် အဖွဲ့ဝင်အားလုံးကလည်း ခရီးကိုရပ်တန့်လိုက်ကြသည်။ မည်သူမှ အပိုစကားမဆိုဘဲ ရန်ကျောက်ကဲ စကားဆိုလာမည်ကိုသာ စောင့်ဆိုင်းနေကြ၏။

ရန်ကျောက်ကဲက လက်ထဲမှအင်းသင်္ကေတကိုကြည့်ရင်း ခဏမျှအာရုံစိုက် စဉ်းစားနေပြီးမှ...

“နိယာမအရဆိုရင်တော့ ဒီနေရာတဝိုက်မှာဖြစ်ရမယ်...”

ပြီးမှ သူက ကောင်းချင်းရွှမ်ဘက်သို့ လှည့်လိုက်ပြီး...

“အကြီးအကဲ'ကောင်း'.... ကျွန်တော့်ကို နတ်ဘုရားသတ်ဖြတ်ဓား ခဏလောက် ငှားပါလား”

ကောင်းချင်းရွှမ်က တိတ်ဆိတ်စွာပင် ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူမက လက်အုပ်ချီလိုက်ပြီး လက်ဖဝါးများကို ဖြန့်ချလိုက်ရာ အသက်ရှူကျပ်စေလောက်အောင် နက်မှောင်သောချီစွမ်းအားများဖြင့် ပြည့်နက်နေသည့် ရှေးဟောင်းဓားတစ်လက် ပေါ်လာသည်။

ထိုဓားက နတ်ဘုရားသုတ်သင်ဓား(၄)လက်ထဲမှ တစ်လက်ဖြစ်သည့် “နတ်ဘုရားသတ်ဖြတ်ဓား” ပင် ဖြစ်၏။

ရန်ကျောက်ကဲက ရှေ့သို့တိုးသွားလိုက်ပြီး လက်ထဲမှအင်းသင်္ကေတကို နတ်ဘုရားသတ်ဖြတ်ဓား၏ ဓားရိုးပေါ်သို့ ဖိကပ်လိုက်သည်။

“လုပ်ဆောင်ပါ...”

ကောင်းချင်းရွှမ်က ဓားကိုဆွဲကိုင်ပြီး ရှေ့တည့်တည့်သို့ချိန်ရွယ်လိုက်ရာ တန်ခိုးစွမ်းအားစုစည်းမှုအောက်တွင် ငုပ်လျှိုးနေသည့် နေရာတစ်ခု ထွက်ပေါ်လာသည်။

ပင့်ကူမျှင်ကဲ့သို့ မှောင်မည်းသော အမျှင်တန်းများ ထူထပ်စွာစုစည်းလျှက် ဗလာနယ်ထဲသို့ ပျံ့နှံ့သွားကာ စကြာဝဠာတစ်ခုလုံးအား လျှင်မြန်စွာ လွှမ်းခြုံသွားသည်။

“အိုး...”

ရန်ကျောက်ကဲ ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်ရာ တစ်စုံတစ်ခုက သူ့မျက်ဝန်းများကို ဖမ်းစားလိုက်သည်။ သူက ချက်ချင်းပင် အခြားတစ်နေရာသို့ ကြည့်လိုက်သည်။

အခြားသူများကလည်း ပုံမှန်မဟုတ်သည့်မြင်ကွင်းကိုသတိပြုမိသွားကာ ထိုနေရာသို့ လှမ်းကြည့်လိုက်ကြ၏။

ပင့်ကူမျှင်များကဲ့သို့ နက်ရှိင်းသောဓားချီများ ထူထပ်စွာပြည့်နက်နေသော နေရာတစ်ခုတွင် သွေးနီရောင်အလင်းတန်းတစ်ခု တစ်ချက်တစ်ချက်တောက်ပလျှက် ရှိသည်။

နတ်ဘုရားသတ်ဖြတ်ဓား၏ စူးစမ်းရှာဖွေမှုအောက်တွင် ရန်လိုခြင်း၊ ရင်းနှီးခြင်း ၊ ကျွမ်းဝင်ခြင်းနှင့် မတူကွဲပြားခြင်းရောင်ဝါများ ပြည့်နက်နေသည့် သွေးနီရောင်ဓားအလင်းတန်းက တဖျတ်ဖျတ် တောက်ပနေသည်။

ထိုမြင်ကွင်းကိုတွေ့သည်နှင့် ရန်ကျောက်ကဲတို့အုပ်စု ဝမ်းသာသွားကြသည်။

“... နတ်ဘုရားထောင်ချောက်ဓား”

ကောင်းချင်းရွှမ်က တီးတိုးရေရွတ်လိုက်သည်။

“တကယ်ပဲ ဒီနေရာမှာ ရှိနေတာပေါ့ ၊ ရန်ရှင်းထန်နဲ့ တိချင်းလျန်တို့ ချန်ထားခဲ့တဲ့ သဲလွန်စတွေကို နတ်ဘုရားသတ်ဖြတ်ဓားနဲ့ပေါင်းစပ်လိုက်တော့ ဒီနေရာကို ညွှန်ပြတယ် ၊ ဆိုလိုတာက... သူတို့ အရင်တုန်းက နတ်ဘုရားထောင်ချောက်ဓားကိုရှာဖွေတာ အောင်မြင်ခဲ့ကြတယ်ပေါ့”

ရန်ကျောက်ကဲက ပင့်သက်တစ်ချက်ရှိုက်ရင်း...

“ဟုတ်တယ်၊ သူတို့ အောင်မြင်ခဲ့ပုံရတယ်...”

နတ်ဘုရားသတ်ဖြတ်ဓားနှင့် နတ်ဘုရားထောင်ချောက်ဓားတို့က စန့်ချင်အဆက်အနွယ် ၊ လင်ပေါင်ထျန်းကျွင်း ချန်ထားခဲ့သော အမွေအနှစ်များဖြစ်သည်။

ဓားနှစ်လက်က နီးစပ်သော်လည်း အလွန်ပြင်းထန်သည့် ဓားဆန္ဒများပါဝင်သဖြင့် သူတို့အချင်းချင်း ရင်းနှီးခြင်း ၊ ရန်လိုခြင်း ဝိရောဓိတုံ့ပြန်မှုမျိုး ဖြစ်ပေါ်နေခြင်းပင်။

ယင်းသို့ တုံ့ပြန်မှု ဖြစ်ပေါ်ခြင်းသည်ပင် ပုံမှန် အခြေအနေဟု သတ်မှတ်နိုင်သည်။

ဖန်းယွင်ရှန်းက အတန်ကြာစောင့်ကြည့်ပြီးမှ တုံ့ဆိုင်းသည့်လေသံဖြင့်...

“နတ်ဘုရားထောင်ချောက်ဓားက ပိုင်ရှင်မဲ့နေပုံရတယ်”

ထို့ကြောင့်ပင် နတ်ဘုရားသတ်ဖြတ်ဓား၏တုံ့ပြန်မှုက မတည်မငြိမ် ဖြစ်နေခြင်းပင်။

ရန်ကျောက်ကဲနှင့် ကောင်းချင်းရွှမ်တို့ မျက်မှောင်ကြုတ်လျက် တိတ်ဆိတ် နေကြသည်။

“သွားကြည့်ရအောင်”

သွေးနီရောင်ဓားအလင်းတန်းရှိရာသို့ အတန်ကြာစိုက်ကြည့်နေပြီးမှ နောက်ဆုံးတွင် ရန်ကျောက်ကဲက စကားဆိုလိုက်သည်။

ထို့နောက် သူတို့အုပ်စု တိတ်ဆိတ်စွာပင် နတ်ဘုရားသတ်ဖြတ်ဓားကိုသိမ်းဆည်းလိုက်ပြီး သွေးနီရောင်အလင်းတန်းရှိရာသို့ စတင်ချဉ်းကပ်သွားကြသည်။

ပိုမိုနီးကပ်လာလေ ပိုပြီးထူးခြားသည်ဟု ခံစားရလေ ဖြစ်သည်။

သူတို့ အတန်ကြာ ရှေ့ဆက်သွားပြီးသည့်တိုင် သွေးနီရောင်အလင်းတန်းက ပို၍ဝေးကွာသွားသည်ဟု ထင်မှတ်ရသည်။ ထိုဓားအလင်းတန်းက သူတို့အုပ်စု ရှေ့တိုးလာသည့်အရှိန်အတိုင်း နောက်ဆုတ်သွားသည့်ပမာပင်။

ပြောရမည်ဆိုလျှင် သူတို့ကြားမှအကွာအဝေးက အမြဲတမ်းတူညီနေပြီး အနားသို့ ပိုမိုနီးကပ်အောင် မသွားနိုင်ခြင်း ဖြစ်၏။

ရန်ကျောက်ကဲက...

“ဒီမှာ ခဏလောက်စောင့်ကြည့်ကြတာပေါ့”

ရန်ကျောက်ကဲနှင့် ကောင်းချင်းရွှမ်တို့၏ မျက်နှာအမူအရာများက မပြောင်းလဲဘဲ ရှိနေသည်။

ထို့နောက် သူတို့ခန္ဓာကိုယ်များမှ သွေးနီရောင်ဓားအလင်းတန်းများတောက်ပလာပြီး ရှေ့ဆက်လျှောက်လှမ်းသွားကြသည်။ ရလဒ်အနေဖြင့် သူတို့နှစ်ယောက်က သွေးနီရောင်ဓားအလင်းတန်းရှိရာသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားနိုင်ကြသည်။

သွေးနီရောင်ဓားအလင်းတန်းက ထူးဆန်းသောခံစားမှုကို ပေးစွမ်းသည်ပင်။ ထိုအလင်းတန်းက ကြယ်တစ်စင်းထက်ပိုမိုကြီးမားနေပြီး တစ်ချိန်တည်းပင် မြူမှုန်လေးတစ်စက်ထက်လည်း ပိုပြီးသေးငယ်နေပြန်သည်။

အချိန်နှင့် နေရာ၏ ပြောင်းလဲမှုက အံ့မခန်းဖြစ်ပြီး စိတ်ကူးဖြင့်တွေးမမီနိုင်သည့်ပမာပင်။

ထိုဓားအလင်းတန်း၏ ဆန့်ကျင်ဘက်ဂုဏ်သတ္တိက လူတိုင်းကို စိတ်ရှုပ်ထွေးစေသည်။

ကောင်းချင်းရွှမ်က အချိန်မဆွဲတော့ဘဲ နတ်ဘုရားသတ်ဖြတ်ဓားကိုထုတ်ယူကာ သွေးနီရောင်အလင်းတန်းအား ထိုးစိုက်ချလိုက်သည်။

သူမက နတ်ဘုရားသတ်ဖြတ်ဓား၏စွမ်းအားကို ထုတ်ဖော်ခဲ့ခြင်းမရှိပေ။ သို့သော် ထိုဓား၏လွှမ်းမိုးမှုအောက်တွင် ဓားအလင်းတန်းက အမိန့်နာခံသည့်ပုံစံ ဖြစ်လာသည်။

ရန်ကျောက်ကဲ၏အမြင်မှာတော့ သွေးနီရောင်အလင်းတန်းက ကောင်းကင်တစ်ခွင်ဖုံးလွှမ်းသွားပြီး ၎င်း၏လွှမ်းခြုံထားသောဧရိယာက အဆမတန် ကြီးမားလာသည်။

ထိုအရာက ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာ သို့မဟုတ် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကဲ့သို့ ကြီးမားခြင်းမရှိသော်လည်း အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ သမုဒ္ဒရာကမ္ဘာနှင့် အခြားသော အောက်ဘုံကမ္ဘာများထက် ပိုမိုကြီးမားသည်။

“ဒါက သီးခြား ကမ္ဘာတစ်ခုလိုပဲ”

ရန်ကျောက်ကဲက မေးစေ့ကိုလက်ဖြင့်ထိရင်း မျက်စိရှေ့မှမြင်ကွင်းကို ဆန်းစစ်လိုက်သည်။

ရန်တိနှင့် ဖန်းယွင်ရှန်းတို့သည်လည်း အကွာအဝေးကန့်သတ်ချက်ကို မခံစားရတော့ဘဲ ရန်ကျောက်ကဲနှင့် ကောင်းချင်းရွှမ်တို့မတ်တတ်ရပ်နေသည့် နေရာသို့ ချဉ်းကပ်လာကြသည်။

သူတို့ရှေ့တွင် အလွန်ကြီးမားသော သွေးနီရောင်အလင်းစက်ဝန်းကြီးတစ်ခု ရှိနေလေသည်။

အနီးကပ်ကြည့်လိုက်သည့်အခါ နတ်ဘုရားထောင်ချောက်ဓားအလင်းတန်းဖြင့် လွှမ်းခြုံခံထားရသောကမ္ဘာ၏ နယ်နိမိတ်များတွင် အင်းသင်္ကေတများစွာ လှည့်ပတ်နေကြောင်း သူတို့ သတိပြုမိလိုက်ကြ၏။

All Chapters