တာအိုဆရာ’ယွိတင်’ ၏အမွေအနှစ်
Vol. 109 Ch. 1520
အခန်း (၁၅၂၀) တာအိုဆရာ’ယွိတင်’ ၏အမွေအနှစ်
ရန်ကျောက်ကဲ၏ လက်ချောင်းထိပ်မှ သွေးနီရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
ထို့နောက် ကမ္ဘာ၏နယ်နိမိတ်တွင် ရေးထွင်းထားသည့် သင်္ကေတများအတိုင်း ပုံသဏ္ဌန်အတုယူကာ လက်ချောင်းဖြင့်ရေးဆွဲလိုက်သည်။
ခဏကြာမှ သူက လက်ချောင်းကို ပြန်ရုတ်သိမ်းလိုက်ပြီး...
“ဒါက စည်းတံဆိပ်ခတ်ထားတာထင်တယ် ၊ နတ်ဘုရားထောင်ချောက်ဓားရဲ့ဓားအလင်းတန်းကိုအသုံးပြုပြီး စည်းတံဆိပ်ခတ်ထားတာ ၊ စည်းတံဆိပ်နဲ့ ကမ္ဘာရဲ့နယ်နိမိတ်က တစ်သားတည်းကျနေတယ် ၊ အင်အားသုံးဖောက်ထွင်းဖို့ကြိုးစားရင် မကောင်းတဲ့ရလဒ်ပဲ ဖြစ်လာလိမ့်မယ်”
ဖန်းယွင်ရှန်းက...
“ကျွန်မတို့ ဓားကို အတင်းလုယူဖို့ ကြံရွယ်ထားရင်တော့ ဒီနည်းကိုစမ်းကြည့်လို့ရတယ် ၊ ဒါပေမဲ့ အခုချိန်မှာ အခြေအနေက ဘာမှန်းမသိသေးဘူး ၊ အထူးသဖြင့် ရွှေစင်ထက်ယံအရှင်သခင်နဲ့ ကျင့်ကြံသူ’တိချင်းလျန်’ တို့ရော အသက်ရှင်နိုင်ခြေရှိဦးမလား မသိနိုင်ဘူး”
သူမက ဆက်ပြောလိုက်သည်။
“ကျွန်မတို့ အထဲကိုဝင်ကြည့်ဖို့ ကြိုးစားမယ်ဆိုရင်ရော”
ရန်ကျောက်ကဲက ရန်တိနဲ့ ကောင်းချင်းရွှမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က ကန့်ကွက်ဟန် မရှိပေ။
အခြေအနေဟာ အနည်းငယ် ထူးဆန်းနေသော်လည်း နေရာတွင်ရှိနေသူတိုင်းက ကြောက်ရွံ့ခြင်း မရှိကြပေ။
ရန်ရှင်းထန်နဲ့ တိချင်းလျန်တို့ ပျောက်ဆုံးသွားချိန်က နက်ရှိုင်းနတ်ဘုရားအဆင့်တွင် ဖြစ်ကြသည်။ သူတို့၏ ကျင့်ကြံခြင်းအားနည်းမှုကြောင့် များစွာသော အတားအဆီးများကို ရင်ဆိုင်ရနိုင်သည်။
ယနေ့ ဤနေရာသို့ရောက်ရှိနေသူတိုင်းက ကောင်းကင်နတ်ဘုရားများကိုပင် ရင်ဆိုင်နိုင်သည့်စွမ်းအားကို ပိုင်ဆိုင်ထားကြပေသည်။
လူတစ်ယောက် အင်အားကြီးလေ ပို၍ဂုဏ်သိက္ခာရှိလေပင်။ အင်အားကြီးလေ ရွေးချယ်ခွင့် ပိုမိုများပြားလေ ဖြစ်သည်။
ထို့ပြင်၊ သူတို့ရှေ့တွင်ရှိသော နတ်ဘုရားထောင်ချောက်ဓားက ပိုင်ရှင်မရှိသလိုပင်။
ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။
“ဒါဖြင့် အထဲဝင်ကြည့်ရအောင်”
ပြောပြီးသည်နှင့် သူက ဖန်းယွင်ရှန်းဘက်သို့ လှည့်ကြည့်လိုက်သည်။
ဖန်းယွင်ရှန်းက အကြည့်ကိုသဘောပေါက်သွားပြီး သူမ၏ခန္ဓာကိုယ်မှ မှောင်မှိုင်းသည့်အနက်ရောင်မြူခိုးများ ထွက်ပေါ်လာသည်။
ထို့နောက် သူမက နက်မှောင်သည့်ဗလာနယ်ထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
ကောင်းချင်းရွှမ်၏လက်ချောင်းထိပ်မှ သွေးနီရောင်ဓားအလင်းတန်းထွက်ပေါ်လာပြီး သူမက အရှေ့ဆီမှ သွေးနီရောင်ကမ္ဘာအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
မူလဇစ်မြစ်မတူညီသော်လည်း နတ်ဘုရားသုတ်သင်ဓား၏သဘောသဘာဝက ဤကမ္ဘာကို တည်ငြိမ်စေပြီး ယာယီအားဖြင့် မည်သည့်ပြောင်းလဲမှုမျှ မဖြစ်ပေါ်စေရန် တားဆီးပေးသည်။
သွေးနီရောင်အလင်းတန်းအတွင်း ဝင်ရောက်လိုက်ချိန် သူ့အရှေ့ရှိ နေရာဒေသဖြစ်စဉ်များ ချက်ချင်းပြောင်းလဲသွားသည်။
သို့သော် ကောင်းချင်းရွှမ်၏အကူအညီကြောင့် ရန်ကျောက်ကဲ အထဲသို့ဝင်ရောက်လာချိန်တွင် ဗလာနယ်ပုံပျက်ခြင်းကို မခံစားခဲ့ရပေ။
နတ်ဘုရားထောင်ချောက်ဓားသိုင်းကို ကျွမ်းကျင်စွာ နားလည်ထားသော ရန်ကျောက်ကဲနှင့် ကောင်းချင်းရွှမ်တို့မှာ အချိန်တိုအတွင်းမှာပင် စည်းတံဆိပ်ကို ဖောက်ထွင်းနိုင်သည့် နည်းလမ်းများကို လျှင်မြန်စွာ တွေ့ရှိသွားကြသည်။
အခြားနည်းလမ်းများ အလုပ်မဖြစ်ပါက စည်းတံဆိပ်ကို အင်အားသုံးပြီး ချိုးဖျက်ပစ်ရပေမည်။ မဟုတ်ပါက သွေးနီရောင်အလင်းတန်းနှင့် ထိတွေ့မိသည်နှင့် အခြားစကြာဝဠာများသို့ ပို့ဆောင်ခံရမည် ဖြစ်သည်။
အတွင်းဘက်တွင် နတ်ဘုရားထောင်ချောက်ဓားအလင်းတန်း အစုအဝေးက ဤကမ္ဘာ၏တည်ငြိမ်မှုကို ထိန်းသိမ်းထားသည်။
သို့သော် အပြင်ဘက်မှကြည့်လျှင်တော့ ခန့်မှန်းမရသည့် အခိုးအငွေ့ဟင်းလင်းပြင်တစ်ခုအလား ထင်မှတ်ရသည်။
ဤနေရာ၏နက်နဲမှုမှာ စကားဖြင့် ဖော်ပြမရနိုင်လောက်အောင် သိမ်မွေ့လှသည်။ ရန်ကျောက်ကဲကတော့ ထိုစည်းတံဆိပ်ကို ဖယ်ရှားနိုင်မည့်နည်းလမ်းများကို စတင်စဉ်းစားနေပေပြီ။
သူက မတည်မငြိမ်ဖြစ်နေသည့် နေရာများသို့ရောက်တိုင်း ဆက်သွယ်တံတားတစ်ခုဖန်တီးပြီး အတွင်းတွင် လျှောက်လှမ်းနိုင်အောင် ပြုလုပ်လိုက်သည်။
ရန်ကျောက်ကဲက သူနှင့်အတူ ရန်တိကို ခေါ်ဆောင်လာရသည်ဖြစ်ရာ နေရာပြောင်းလဲမှုကြောင့် ရန်တိ ပျောက်ဆုံးသွားခြင်း သို့မဟုတ် အခြားနေရာသို့ ပို့ဆောင်ခံရခြင်းတို့မှ ရှောင်ရှားနိုင်ခဲ့သည်။
ခရီးတစ်ဝက်ခန့်ရောက်ပြီးနောက် သူတို့နှစ်ယောက်လုံး မျက်ခုံးများတွန့်ချိုးသွားပြီး မျက်နှာက တည်ကြည်လေးနက်သွားကြသည်။
သူတို့ရှေ့မှ ပါးလျသော သွေးနီရောင်အလင်းတန်းအတွင်း ဓားအလင်းတန်းများ တစ်ခုနှင့်တစ်ခု ရစ်ပတ်ဆက်နွယ်နေသည်ကို တွေ့ရသောကြောင့်ပင်။
ထိုဓားအလင်းတန်းများက စည်းတံဆိပ်များအသွင်ပြောင်းလဲပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို သွေးနီရောင်ဗလာနယ်အဖြစ် ဆွဲယူလျှက်ရှိသည်။
ထိုဓားအလင်းတန်းများကိုတွေ့သည်နှင့် ရန်ကျောက်ကဲနှင့် ရန်တိတို့နှစ်ယောက်လုံး သိချင်စိတ်ပြင်းပြသွားကြသည်။
အဘယ်ကြောင့်ဆိုသော် ထိုအထဲတွင်ပါဝင်သော ဓားဆန္ဒက ရန်တိ၏ဖန်ဆင်းခြင်းဓားသိုင်းနှင့် အလွန်ဆင်တူနေသောကြောင့်ပင်။
ကောင်းချင်းရွှမ်နှင့် သူမကိုယ်ပွား၏ ဓားနှစ်လက်ပေါင်းစည်းမှုပင်လျှင် ဤမျှဆင်တူနိုင်မည် မဟုတ်ပေ။
“ဒီဓားသိုင်းက ထိုက်ယိဟွာတိမ်တိုက်ရဲ့ ပြုစုပျိုးထောင်ပေးမှုမရှိတာကလွဲရင် လုံးဝ ပြီးပြည့်စုံတယ်”
မှတ်ချက်ပေးရန် အရည်အချင်းအပြည့်ဆုံး ဖြစ်သော ရန်တိက ဆိုသည်။
“ပုံမှန်အတိုင်းပြောရရင်... လူနှစ်ယောက် အင်အားပေါင်းစည်းလိုက်ရင်တောင် ဒီအဆင့်ကို ရောက်နိုင်စွမ်း မရှိသင့်ဘူး”
စကားဆုံးသည်နှင့် သူကပါးစပ်ပိတ်ကာ ရှေ့သို့ဆက်လျှောက်သွားသည်။ ရန်ကျောက်ကဲသည်လည်း စကားမပြောဘဲ တိတ်ဆိတ်နေလေသည်။
မတူညီသောအရာနှစ်ခုဆိုသည်က သေချာပေါက် တစ်ခုတည်း မဟုတ်ပေ။ မည်မျှတူညီပါစေ ဓားသိုင်း၏ သန့်စင်သောပုံစံကို နှိုင်းယှဉ်ကြည့်ပါက လုပ်ဆောင်ချက်ချင်း နီးစပ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် ပုံမှန်အားဖြင့် လူနှစ်ယောက် ပူးပေါင်းဆောင်ရွက်မှုက ဤမျှတူညီစွာ လိုက်ဖက်ညီသည့်အဆင့်သို့ ရောက်ရှိနိင်စွမ်း မရှိသင့်ပေ။
ကောင်းချင်းရွှမ်နှင့် သူမကိုယ်ပွားသည်ပင် အတူတူ ဖြစ်သည်။
ထို့နောက် သူတို့ရှေ့မှမြင်ကွင်းက မူမမှန်သောအခြေအနေတစ်ခု ဖြစ်ပေါ်လာသည်။
ရန်တိ၏က မျက်နှာအမူအရာမပြောင်းလဲဘဲ ရှေ့သို့ဆက်လျှောက်သွားပြီး ရှေ့တည့်တည့်သို့ ဓားဖြင့်ခုတ်ပိုင်းချလိုက်၏။
သူ၏ဓားအလင်းတန်းက အတွင်းထဲမှ ဓားအလင်းတန်းနှင့် ရစ်ပတ်ဆက်နွယ်သွားသည်။ အသံတစ်ချက်မထွက်ဘဲ ဓားအလင်းတန်းနှစ်ခု ဖြည်းဖြည်းချင်း တစ်သားတည်းပေါင်းစည်းသွားသည်။
ထို့နောက် ဓားအလင်းတန်းဖြင့် ဖွဲ့စည်းထားသောစည်းတံဆိပ်ပြေလျော့သွားပြီး သူတို့ရောက်ရှိနေသည့်နေရာက တစ်ဖန် ပြောင်းလဲသွားပြန်သည်။
သွေးနီရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး ကောင်းကင်ပြင် ပြန်လည်ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက ခန္ဓာကိုယ်ကို တည်ငြိမ်အောင်ထိန်းလိုက်ပြီး ရှေ့သို့လှမ်းမျှော်ကြည့်လိုက်ရာ အဝေးရှိ မိုးကုတ်စက်ဝိုင်းဆီတွင် တောင်တန်းများကို တွေ့ရလေသည်။
သူက ပင့်သက်တစ်ချက်ရှိုက်ရင်း...
“ဝိညာဉ်စွမ်းအားလှုပ်ရှားမှုတွေ သိပ်မူမမှန်ဘူး ၊ ကုန်ခမ်းလုနီးပါးဖြစ်နေပြီ ၊ ဒါပေမဲ့ လုံးဝ ကုန်ခမ်းသွားတာမျိုးတော့ မဟုတ်သေးဘူး”
သူက ဆက်ပြောလိုက်သည်။
“ကြည့်ရတာ နတ်ဘုရားထောင်ချောက်ဓားနဲ့ စည်းတံဆိပ်ခတ်ထားလို့ ဒီလိုဖြစ်တာနေမယ်”
ဤနေရာမှ ဝိညာဉ်စွမ်းအားလှုပ်ရှားမှုများက မဟာကပ်ဘေးကြီးမတိုင်ခင် အသင်္ချေကမ္ဘာနှင့် အလွန်နီးစပ်သည်ဟု သူ မရေမာ ခံစားနေရသည်။
ဤနေရာက ယခင်က ရန်ကျောက်ကဲရောက်ခဲ့ဖူးသည့် ကျုန်းယွမ်တာအိုကျောင်းတော်ကဲ့သို့ပင် မဟာကပ်ဘေးကြီး၏ ဖျက်ဆီးမှုကို ခံနိုင်ရည်ရှိခဲ့ပြီး မပျက်ဆီးအောင်ထိန်းသိမ်းနိုင်ခဲ့သည်ၢ
ပြီးတော့ ဤကမ္ဘာက ကျုန်းယွမ်တာအိုကျောင်းတော်ထက် အများကြီးပိုပြီးခိုင်မာသည်။
ယုတ္တိကျကျဆိုရလျှင် မဟာကပ်ဘေးကျရောက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သဖြင့် ဤနေရာလည်း ပျက်ဆီးယိုယွင်းသွားသင့်ပေပြီ။
ယနေ့တိုင် ထိန်းသိမ်းထားနိုင်ခြင်း ၊ ဝိညာဉ်စွမ်းအားကုန်ခမ်းမသွားခြင်း အကြောင်းရင်းမှာလည်း နတ်ဘုရားထောင်ချောက်ဓားဖြင့် စည်းတံဆိပ်ခတ်ထားမှုကြောင့်ပင် ဖြစ်နိုင်၏။
သို့သော် စည်းတံဆိပ်ကြောင့်ပင် ဝိညာဉ်စွမ်းအားစီးဆင်းမှုနှေးကွေးကာ ရပ်တန့်လုနီးပါး ဖြစ်သွားရပြီး တစ်ချိန်တည်းမှာပင် ပြင်ပလောကနှင့်လည်း အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
ထိုစည်းတံဆိပ်ကြောင့်ဖြစ်ပေါ်လာသော ကောင်းကျိုးဆိုးကျိုးက ရှုပ်ထွေးလွန်းသဖြင့် ချက်ချင်းကောက်ချက်ချရန်ပင် မဖြစ်နိုင်ပေ။
ရန်ကျောက်ကဲက မျက်လုံးကိုအသာမှေးစင်းရင်း ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ရှုလိုက်သည်။
“ဒါမှမဟုတ် ဒီနေရာမှာလူတွေများနေသလားပဲ”
ရန်တိက မည်သည့်မှတ်ချက်မှ မပေးပေ။
သူက မျက်လုံးများကိုမှေးမှိတ်လိုက်ပြီး စိတ်အာရုံကို ချဲ့ထွင်ကာ ဖန်ဆင်းခြင်းဓားသိုင်းနှင့်ဆင်တူသော နောက်ထပ်ဓားဝိညာဉ်တစ်ခုကို ရှာဖွေလိုက်သည်။
ခဏအကြာမှာတော့ သူက မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့်...
“ဓားဝိညာဉ် နောက်တစ်ခု မရှိဘူး...”
ရန်ကျောက်ကဲက သက်ပြင်းချရင်း...
“ဒါဖြင့် လျှောက်ရှာကြည့်ရအောင် ၊ နတ်ဘုရားထောင်ချောက်ဓားကို ရှာတွေ့ရင် အဘိုးနဲ့အဘွားရှိတဲ့နေရာကို သိနိုင်မှာပဲ”
သူက ဆက်ပြောလိုက်သည်။
“ဒါမှမဟုတ် ဒီနေရာမှာနေထိုင်တဲ့သူတွေကို ရှာတွေ့ရင် အခြေအနေကို နားလည်နိုင်မယ်ထင်တယ်”
သူတို့ ချီစွမ်းအားလှုပ်ရှားရာနေရာများကိုစစ်ဆေးပြီးနောက် ချီစွမ်းအားများစုဝေးနေသော နေရာအချို့ကို အာရုံခံမိကြသည်။
သူတို့၏လက်ရှိ ကျင့်ကြံခြင်းအဆင့်ဖြင့် ထိုနေရာများတွင် လူများနေထိုင်ကြောင်း နားလည်ခဲ့ကြသည်။ ထို့ပြေင် ဤနေရာတွင် စီးဆင်းနေသော ဝိညာဉ်စွမ်းအားကို ပြုပြင်ပြောင်းလဲထားသည့် လက္ခဏာများလည်း ရှိနေသည်။
သူတို့နှစ်ယောက် ခရီးစဉ်အရှိန်မြှင့်ကာ နေရာတစ်ခုသို့ လျှင်မြန်စွာ ထွက်ခွာလာကြသည်။
ထိုနေရာက တောင်တစ်လုံးဖြစ်ပြီး အဝေးမှကြည့်လျှင် အခြားတောင်တန်းများထက် ပိုမိုမတ်ဆောက်စွာ မြင့်မားနေသည်။
တောင်၏ပုံစံက ကောင်းကင်ထက်သို့ထောင်မတ်ထားသော ဓားတစ်လက်နှယ်ပင်။
ထိုနေရာမှ ရက်စက်ကြမ်းတမ်းသောဓားဝိညာဉ်တစ်ခု ထွက်ပေါ်နေပြီး ခမ်းနားသောရောင်ဝါက ပတ်ဝန်းကျင်သို့ပင် ပျံ့နှံ့နေသည်။
ခဏမျှလေ့လာပြီးသည်နှင့် ထိုအရာက ဘာဖြစ်သည်ကို ရန်ကျောက်ကဲ သိရှိသွားသည်။
ယွိချင်ဓားသိုင်း အမွေအနှစ်။
အခြားဂိုဏ်းဂဏ၏ အမွေအနှစ် မဟုတ်ပေ။ တာအိုဆရာ'ယွိတင်' ၏ အမွေအနှစ် ဖြစ်ပေ၏။
ရန်ကျောက်ကဲနှင့် ရန်တိတို့က သူတို့၏စွမ်းအားရောင်ဝါကို လုံးဝဖုံးကွယ်ထားခြင်းမရှိဘဲ တောင်မြင့်ကြီးရှိရာသို့ ပွင့်လင်းစွာပင် ချဉ်းကပ်လာခဲ့သည်။
ထို့ကြောင့် အဝေးတွင်ရှိနေသေးသည့်တိုင် တောင်ပေါ်တွင်နေထိုင်သူများက သူတို့ရောက်လာသည်ကို သတိထားမိသွားကြသည်။
မကြာမီ ဓားအလင်းတန်းများ လင်းလက်ထွက်ပေါ်လာပြီး ရန်ကျောက်ကဲတို့ထံသို့ ချဉ်းကပ်လာသည်။
အနားသို့ရောက်လာချိန်မှာတော့ ဓားအလင်းတန်းများက အရမ်းကာရော တိုက်ခိုက်ခြင်းမရှိဘဲ ရန်ကျောက်ကဲနှင့် ရန်တိတို့ရှေ့တွင် စုဝေးရပ်တန့်သွားသည်။
ရှေ့ဆုံးမှ ဦးဆောင်သူမှာ တာအိုဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ဖြစ်သည်။
သူ့ထံမှ ခမ်းနားကြီးကျယ်သောရောင်ဝါထွက်ပေါ်လျှက်ရှိသည်။
ချီစွမ်းအား(၄)မျိုး ပေါင်းစည်းခြင်းရောင်ဝါ _ ဖြောင့်မတ်ခြင်းချီစွမ်းအား ၊ ပြောင်းလဲခြင်းချီစွမ်းအား ၊ တောက်ပခြင်းချီစွမ်းအားနှင့် နက်ရှိုင်းချီစွမ်းအားတို့ ပေါင်းစည်းထားခြင်းပင်။
ထိုအဘိုးအိုက နက်ရှိုင်းနတ်ဘုရား အထွတ်ထိပ်အဆင့်ဖြစ်သည်မှာ ထင်ရှားသည်။
အဘိုးအိုက သူတို့နှစ်ယောက်ကိုကြည့်ပြီး ဦးညွှတ်နှုတ်ဆက်လိုက်သည်။
“ကျုပ်နာမည်က ချင်းကျန်းပါ ၊ ဒီက မိတ်ဆွေတို့က ဘယ်သူတွေများလဲ”
ရန်တိက တည်ငြိမ်စွာဖြင့်...
“တာအိုရောင်းရင်း’ချင်းကျန်း’ က ယဉ်ကျေးလွန်းနေပါပြီ ၊ ကျုပ်က ရန်တိပါ ၊ သူကတော့ ကျုပ်သား ရန်ကျောက်ကဲပါပဲ”
“ရန်တိ” ဆိုသောအမည်ကို ကြားလိုက်ရသည်နှင့် တာအိုဆရာ’ချင်းကျန်း’ ၏နောက်တွင်ရှိနေသူများ မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။
“ရန်တိ... ဟုတ်လား”
တာအိုဆရာ’ချင်းကျန်း’ က နာမည်ကို ရေရွတ်လိုက်ပြီး ရန်တိကို ခဏမျှ အကဲခတ်လိုက်သည်။
ပြီးမှ...
“ခင်ဗျားတို့က ကျုပ်တို့ ကျောက်စိမ်းစမ်းချောင်းကမ္ဘာ အပြင်ဘက်က ရောက်လာတာလား”