ကျောက်စိမ်းစမ်းချောင်းကမ္ဘာတွင်ပိတ်မိနေခြင်း
Vol. 109 Ch. 1521
အခန်း (၁၅၂၁) ကျောက်စိမ်းစမ်းချောင်းကမ္ဘာတွင်ပိတ်မိနေခြင်း
ကျောက်စိမ်းစမ်းချောင်းတောင် ၊ ရွှေရောင်တိမ်တိုက်ဂူဆိုသည်က တာအိုဆရာ'ယွိတင်' ၏ ဒဏ္ဍာရီလာ ကျောက်ဂူအိမ်တော် ဖြစ်သည်။
ယခု ဤနေရာကို “ကျောက်စိမ်းစမ်းချောင်းကမ္ဘာ” ဟု အမည်ပေးထားသည်။
ဤသည်က တာအိုဆရာ’ယွိတင်’ နာမည်ပေးခဲ့ခြင်းမဟုတ်နိုင်ဘဲ သူ၏အဆက်အနွယ်များက နာမည်ပေးခဲ့ခြင်း ဖြစ်နိုင်သည်။
ရန်ကျောက်ကဲက ရန်တိဘေးနားတွင် တိတ်ဆိတ်စွာရပ်နေရင်း ထိုသူ(၃)ယောက်ကို အကဲခတ်နေသည်။
နက်ရှိုင်းနတ်ဘုရား တစ်ပါး၊ အစစ်အမှန်နတ်ဘုရား နှစ်ပါး။
အခြားသော လမ်းမှန်တာအိုဂိုဏ်းတစ်ခုခုမှ ဆိုပါက မဟာကပ်ဘေးကြီးနောက်ပိုင်း ရှုထောင့်မှကြည့်လျှင် ဤဂိုဏ်းကို ထူးချွန်သည်ဟု သတ်မှတ်နိုင်သည်။
ကောင်းကင်ဘုံများစွာအလွန် ကောင်းကင်ဘုံကမ္ဘာ လက်ရှိပိုင်ဆိုင်ထားသည့် ကံကောင်းခြင်းနှင့် ခမ်းနားမှုများမှာ သူတို့ရရှိခဲ့သော အခွင့်အရေးများကြောင့် ဖြစ်သည်။
ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံဆိုလျှင် နှစ်ပေါင်းများစွာ အခြေခံအုတ်မြစ်များရှိသော်လည်း ဤသို့ကျွမ်းကျင်သူများထွက်ပေါ်လာသည့် သိုင်းဂိုဏ်းအနည်းငယ်သာ ရှိသည်။
သို့ပေသိ ကျောက်စိမ်းစမ်းချောင်းကမ္ဘာအနေဖြင့် မဟာကပ်ဘေးကြီးအတွင်း ဘေးကင်းစွာရှင်သန်ခဲ့သည်ဆိုပါက သူတို့၏အခြေခံအုတ်မြစ်များ ကျန်ရှိနေဆဲဖြစ်လေရာ အရာအားလုံးကို အသစ်ပြန်လည်စတင်ရန် မလိုအပ်ပေ။
ထိုသို့သောအခြေခံအုတ်မြစ်များဖြင့် ဤသို့သောကျွမ်းကျင်သူများ ထွက်ပေါ်လာခြင်းမှာ ပုံမှန်သာ ဖြစ်သည်။
ရန်ကျောက်ကဲ စိတ်ဝင်စားသည်က “ရန်တိ” ဆိုသည့်အမည်ကိုကြားပြီးနောက် ထိုသူများ၏တုံ့ပြန်မှု ဖြစ်၏။
ရန်တိက...
“ဟုတ်ပါတယ် ၊ ကျုပ်တို့နှစ်ယောက်လုံး ပြင်ပလောက လာခဲ့ကြတာပါ”
တာအိုဆရာ’ချင်းကျန်း’ ၏နောက်ဘက်မှ လူတစ်ယောက်က မထိန်းနိုင်ဘဲမေးလိုက်သည်။
“ခင်ဗျားတို့နှစ်ယောက် ဘယ်လိုဝင်လာခဲ့ကြတာလဲ”
ရန်ကျောက်ကဲနှင့် ရန်တိ မဖြေရသေးခင် တာအိုဆရာ’ချင်းကျန်း’ က ထိုသူကို လှည့်ကြည့်လိုက်သ်ည။
“ဧည့်သည်တွေအပေါ် မရိုင်းပျရဘူး”
မေးခွန်းထုတ်လိုက်သည့် လူရွယ်တာအိုဆရာက ချက်ချင်း မျက်နှာအမူအရာကိုပြင်လိုက်ပြီး ရန်ကျောက်ကဲနှင့် ရန်တိကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုလိုက်သည်။
“ကျုပ် မဆင်မခြင်ပြောမိတာ ခွင့်လွှတ်ပါ ၊ ကျုပ်နာမည်က ကျောက်ကျန်းပါ ၊ ဧည့်သည်တွေကို နှုတ်ဆက်ပါတယ်”
တာအိုဆရာ’ချင်းကျန်း’ က သူ့နောက်မှလူများနှင့် မိတ်ဆက်ပေးလိုက်သည်။
“ကျောက်ကျန်းက ကျုပ်တပည့်ပါ... ၊ ဒီတစ်ယောက်ကတော့ လှိုင်းမြင့်တောင် ခရမ်းရောင်သက်ရှည်ချိုင်ဝှမ်းက တာအိုဆရာ’ယောင်းယွင်ချန်’ ပါ”
ဆယ်ကျော်သက်လူငယ်ပုံစံရှိသော ယောင်းယွင်ချန်က ရန်ကျောက်ကဲနှင့်ရန်တိကိုကြည့်လိုက်ပြီး...
“ဧည့်သည်နှစ်ယောက်ကို နှုတ်ဆက်ပါတယ်”
သူတို့ရှေ့မှလူ(၃)ယောက်က ဂိုဏ်းမတူညီကြောင်း ရန်ကျောက်ကဲနှင့် ရန်တိတို့ နားလည်သွားသည်။
သို့သော် တာအိုဆရာ’ယွိတင်’နှင့် ဆက်စပ်နေသည်ကို စဉ်းစားကြည့်ပါက သူတို့ရရှိခဲ့သော သင်ကြားမှုများမှာ တာအိုဆရာ’ယွိတင်’ ၏ အကိုင်းအခက်မှ ကျင့်ကြံခြင်းများသာလျှင် ဖြစ်နိုင်သည်။
အားလုံးကိုနှုတ်ဆက်ပြီးနောက် ရန်တိက ကျောက်ကျန်း၏ မေးခွန်းကိုပြန်မဖြေဘဲ မေးခွန်းပြန်ထုတ်လိုက်သည်။
“ကျုပ်နာမည်ကိုကြားတော့ ခင်ဗျားတို့(၃)ယောက်လုံး တစ်ခုခုဖြစ်သွားသလိုပဲ”
သူက ဆက်ပြောလိုက်သည်။
“ကျုပ် ခင်ဗျားတို့နဲ့ တစ်ခါမှ မတွေ့ဖူးပါဘူး ၊ ဒီနေ့မှ ကျုပ်တို့ ပထမဆုံးတွေ့ကြတာ မဟုတ်လား ၊ ဘာလို့ ခင်ဗျားတို့အားလုံးက ကျုပ်ကိုသိနေသလို အမူအရာပြနေရတာလဲ”
တာအိုဆရာ’ချင်းကျန်း’ က ရန်တိကို စူးစိုက်ကြည့်လိုက်ပြီး...
“ဟုတ်ပါတယ် ၊ ခင်ဗျားတို့နှစ်ယောက်လုံးကို အခုမှ ပထမဆုံးအကြိမ်တွေ့ဖူးတာပါ ၊ ဒါပေမဲ့ ခင်ဗျားရဲ့နာမည်က ကျုပ်တို့ရဲ့မိတ်ဆွေဟောင်းနှစ်ယောက်ကို သတိရစေပါတယ် ၊ ကျုပ်ရဲ့တပည့်နဲ့ တာအိုရောင်းရင်း’ယောင်း’ တို့ကလည်း သူတို့နဲ့သိတယ်ဆိုတော့ မဆင်မခြင် ပြုမူလိုက်ကြတာပါ ၊ ကျေးဇူးပြုပြီး သူတို့ကို အပြစ်မတင်ပါနဲ့”
“အဖေ့နာမည် ဟုတ်လား...”
ရန်ကျောက်ကဲ၏ မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိပေ။ အားလုံးက သူမျှော်မှန်းထားသည့်အတိုင်း ဖြစ်လာသည်ပင်။
ရန်တိ၏ အမည်မှာ ရန်ရှင်းထန်နှင့် တိချင်းလျန်၏ မျိုးရိုးနာမည်များ ပေါင်းစပ်ထားခြင်း ဖြစ်သည်။
သူတို့နှစ်ယောက် တကယ်ပင် ကျောက်စိမ်းစမ်းချောင်းကမ္ဘာတွင် ရှိနေပြီး တာအိုဆရာ’ချင်းကျန်း’ တို့နှင့် ဆက်ဆံခဲ့ဖူးသည်ဆိုပါက “ရန်တိ” ၏ အမည်ကို သူတို့နှင့် ဆက်စပ်မိခြင်းမှာ ပုံမှန်ပင် ဖြစ်သည်။
မဟုတ်ပါက တခြားအာရုံစိုက်မှု ဖြစ်ပေါ်စေမည် မဟုတ်ပေ။
သို့သော် ရန်တိနှင့် ရန်ကျောက်ကဲတို့မှာ ရန်ရှင်းထန်နှင့် တိချင်းလျန်တို့ကဲ့သို့ ပြင်ပလောကမှ လူများဖြစ်ပြီး ကျောက်စိမ်းစမ်းချောင်းကမ္ဘာတွင် နေထိုင်သူများ မဟုတ်ကြပေ။
ဤသို့တူညီသောအချက်ကြောင့်လည်း သူတို့အနေဖြင့် ထိုသို့ဆက်စပ်တွေးတောမိခြင်းမှာ အံ့သြစရာ မရှိခဲ့ပေ။
ရန်တိက ထိုက်ယိဟွာတိမ်တိုက်ထဲတွင် နှစ်ပေါင်းထောင်နှစ်ချီပြီး ပြုစုပျိုးထောင်ခြင်းခံခဲ့ရသည်။
ထို့ကြောင့် သူ၏စိတ်နေစိတ်ထားက လွတ်လပ်သွားပြီး မိဘများနှင့် သွေးသားဆက်နွယ်မှု ဖြည်းဖြည်းချင်းပျောက်ကွယ်သွားခဲ့သည်။
ထို့ကြောင့် သူ၏ ရုပ်ရည်သွင်ပြင်က ရန်ရှင်းထန် ၊ တိချင်းလျန်တို့နှင့် တူညီခြင်း မရှိတော့ပေ။
ဤအချက်က တာအိုဆရာ’ချင်းကျန်း’ တို့အား မသေချာမရေရာမှုများ ဖြစ်စေခဲ့သည်။
သို့သော် နာမည်၏တိုက်ဆိုင်မှုက ထူးဆန်းလွန်းသဖြင့် သူတို့(၃)ယောက်လုံး မတွေးဘဲ မနေနိုင်ခဲ့ပေ။
ရန်တိက ပွင့်လင်းစွာပင် ပြောလိုက်သည်။
“ကျုပ်နာမည်က ဘာမှထူးခြားတာမရှိပါဘူး ၊ ကျုပ်အမေက 'တိ' မျိုးနွယ်ပါ ၊ အမေ့မျိုးနွယ်ကို နာမည်အဖြစ်ယူထားတာလေ”
သူတို့(၃)ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
နောက်ဆုံး တာအိုဆရာ’ချင်းကျန်း’ က...
“ခင်ဗျားရဲ့မိဘတွေက ဘယ်သူတွေများလဲ သိခွင့်ရှိမလား”
ရန်တိက...
“ကျုပ်အဖေက ယွိချင်အဆက်အနွယ်အကြီးအကဲ – တာအိုဆရာ'ယွိတင်'ရဲ့အဆက်အနွယ်ပါ ၊ နာမည်က ရန်ရှင်းထန်လို့ခေါ်တယ် ၊ ကျုပ်အမေက စန့်ချင်အဆက်အနွယ်ကျင့်ကြံသူ တိချင်းလျန်ပါ”
ထိုစကားကြားတော့ တာအိုဆရာ’ချင်းကျန်း’ တိုးလျစွာ သက်ပြင်းချလိုက်သည်။
ယောင်းယွင်ချန်နှင့် ကျောက်ကျန်း၏ မျက်နှာအမူအရာကတော့ ထူးဆန်းသွားသည်။
ရန်တိက သူတို့(၃)ယောက်ကို ကြည့်လိုက်ရင်း...
“ကျုပ်က မိဘတွေကိုရှာဖွေဖို့ ဒီနေရာကို ရောက်လာတာပါ ၊ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်တောက်သါားပေမယ့် သားတစ်ယောက်အနေနဲ့ မျှော်လင့်ချက်နည်းနည်းပဲရှိရငတောင် ရှာဖွေဖို့ကြိုးစားရမှာပါ”
သူက ဆက်ပြောလိုက်သည်။
“မိတ်ဆွေ(၃)ယောက် တစ်ခုခုသိထားတာရှိရင် ပြောပြစေချင်ပါတယ် ၊ ကျုပ် အရမ်းကျေးဇူးတင်မိမှာပါ”
တာအိုဆရာ’ချင်းကျန်း’ ၏ မျက်နှာအမူအရာ ပုံမှန်ပြန်ဖြစ်သွားပြီး...
“တာအိုရောင်းရင်း'ရန်' က ယဉ်ကျေးလွန်းနေပါပြီ ၊ နားလည်မှုလွဲတာမျိုး မရှိဘူးဆိုရင် ကျုပ်တို့ စောစောက ပြောခဲ့တဲ့ မိတ်ဆွေဟောင်းတွေက ခင်ဗျားတို့ရှာဖွေနေတဲ့သူတွေ ဖြစ်မယ်ထင်တယ်”
သူက ခေါင်းတစ်ချက်ညိတ်ရင်း...
“တာအိုရောင်းရင်း'ရန်' နဲ့ တာအိုရောင်းရင်း'တိ' တို့ ကျုပ်တို့ ကျောက်စိမ်းစမ်းချောင်းကမ္ဘာမှာ ရှိနေပါတယ်”
ထိုစကားကြားတော့ ရန်ကျောက်ကဲနှင့် ရန်တိတို့ စိတ်ဓာများမြင့်တက်သွားကြသည်။
“အိုး... သူတို့ အခုထိ အသက်ရှင်နေသေးတာလား...”
တာအိုဆရာ’ချင်းကျန်း’ က မချိပြုံးတစ်ချက်ပြုံးလိုက်ပြီး...
“ဟုတ်ပါတယ် ၊ သူတို့ ထွက်သွားချင်ရင်တောင် သွားလို့မရပါဘူး”
ထိုစကားကြားတော့ ရန်ကျောက်ကဲနှင့် ရန်တိ မျက်ခုံးများ တွန့်ချိုးသွားသည်။
တာအိုဆရာ’ချင်းကျန်း’ က ခေါင်းတစ်ချက်ခါယမ်းရင်း ကောင်းကင်ယံဆီ လက်ညှိုးညွှန်ပြလိုက်သည်။
“စကားရှုပ်သွားရင် ခွင့်လွှတ်ပါ ၊ ကျုပ် ဆိုလိုတာက ဒီနေရာကနေ ဘယ်သူမှ ထွက်မသွားနိုင်ဘူးလို့ ပြောချင်တာပါ”
သူက ရန်တိတို့နှစ်ယောက်ကို ကြည့်လိုက်ရင်း...
“နှစ်ပေါင်း(၂၀၀၀)အတွင်း ခင်ဗျားတို့က ပထမဆုံးရောက်လာတဲ့ ဧည့်သည်တွေပါ”
ကျောက်ကျန်းက ဝင်ပြောလိုက်သည်။
“နှစ်ပေါင်း(၂၀၀၀) ရှိခဲ့ပြီ ၊ ဘယ်သူမှ ကျောက်စိမ်းစမ်းချောင်းကမ္ဘာကနေ ထွက်မသွားနိုင်သလို ဘယ်သူမှလည်း အထဲကိုဝင်မလာနိုင်ကြပါဘူး ၊ ခင်ဗျားတို့နှစ်ယောက်ကတော့ ခြွင်းချက်ပေါ့”
ရန်ကျောက်ကဲက...
“ကျုပ်တို့လည်း အဆင်သင့်ပြီးဝင်လာနိုင်ခဲ့တာပါ ၊ ဝင်လာတဲ့နည်းလမ်းနဲ့ ပြန်ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”
သူက အမှန်ကိုပြောလိုက်ခြင်း ဖြစသည်။
ကျောက်စိမ်းစမ်းချောင်းကမ္ဘာ တစ်ခုလုံးကို အင်အားသုံးဖျက်ဆီးမှ အပြင်သို့ ထွက်နိုင်မည် ဖြစ်သည်။ မဟုတ်ပါက ဤနေရာတွင် ပိတ်မိနေပေမည်။
သို့မဟုတ် ဤနေရာမှ ဘေးကင်းကင်းနှင့် ထွက်သွားချင်ပါက နတ်ဘုရားထောင်ချောက်ဓားကိုရှာဖွေပြီး စည်းတံဆိပ်ကို ချိုးဖျက်ရမည် ဖြစ်၏။
ရန်ကျောက်ကဲစကားကိုကြားတော့ ကျောက်ကျန်းနှင့် ယောင်းယွင်ချန်တို့ မျက်နှာပျက်သွားကြသည်။
တာအိုဆရာ’ချင်းကျန်း’ ကတော့ တည်ငြိမ်နေဆဲပင်။
မည်သို့ပင်ဖြစ်စေ သူတို့အားလုံး စိတ်ပျက်လက်ပျက်ဖြစ်သွားကြသည်။
သူတို့အားလုံး နတ်ဘုရားတံခါးကို တွန်းဖွင့်နိုင်ခဲ့သည့်တိုင် ကျောက်စိမ်းစမ်းချောင်းကမ္ဘာထဲတွင်ပိတ်မိနေပြီး အသက်ရှင်သန်နေသော်လည်း လွတ်မြောက်မှုမရှိပေ။
သူတို့ ဤနေရာမှ ထွက်ခွာသွားရန် မျှော်လင့်နေကြသည်မှာ သံသယဝင်စရာ မလိုပေ။
ရန်ကျောက်ကဲနှင့်ရန်တိ ရောက်ရှိလာခြင်းက သူတို့အတွက် မျှော်လင့်ချက် ဖြစ်ခဲ့သော်လည်း ၊ သူတို့မျှော်လင့်ချက်ကို ကြိုဆိုခဲ့သည်က နောက်ထပ်စိတ်ပျက်ရခြင်းပင် ဖြစ်၏။
သို့ရာတွင် သူတို့၏ဓားချီများမှ သတ်ဖြတ်လိုသည့်အငွေ့အသက်နှင့် မကောင်းသည့်အငွေ့အသက်များကို ရန်ကျောက်ကဲ မသိမသာ ခံစားနေရသည်။
တာအိုဆရာ’ချင်းကျန်း’ က သက်ပြင်းချလိုက်ရင်း...
“ဒီနေရာက အပြင်ထွက်ဖို့ဆိုတာ သိပ်ကိုခက်ခဲပါတယ် ၊ ကျုပ်ဘဝတစ်ဝက်လောက် ဒီနေရာမှာ နေခဲ့ပြီးပြီ ၊ အခု အသက်လည်းကြီးလာပြီ ၊ ဒါပေမဲ့ ဒီနေရာမှာပဲ ပိတ်မိနေဆဲပဲ”
ရန်ကျောက်ကဲက မျက်နှာထက် စိုးရိမ်ပူပန်သွားဟန်ဆောင်လိုက်ရင်း...
“ဝင်မလာခင်ကတော့ ပြန်ထွက်ရမှာ ဒီလောက်ခက်ခဲမယ်လို့ မထင်ခဲ့မိဘူး”
ရန်တိက...
“ကျုပ်မိဘတွေ ဘယ်မှာရှိတယ်ဆိုတာ သိခွင့်များရှိမလား”
တာအိုဆရာ’ချင်းကျန်း’ က...
“အနောက်ပိုင်းမှာ ရွှေရောင်တိမ်တိုက်တောင်ဆိုတာ ရှိတယ် ၊ သူတို့နှစ်ယောက်လုံး အဲဒီမှာနေကြပါတယ်”
ထို့နောက် သူက ကျောက်ကျန်းကိုလှည့်ကြည့်လိုက်ပြီး...
“ကျောက်ကျန်း... သူတို့ကို ရွှေရောင်တိမ်တိုက်တောင်ကို လိုက်ပို့လိုက်ပါ”
“ဟုတ်ကဲ့ပါ ဆရာ”
ကျောက်ကျန်းက စိတ်ခံစားချက်များကိုပြင်လိုက်ပြီး မျက်နှာအမူအရာ ပုံမှန်ပြန်ဖြစ်သွားသည်။
ထို့နောက် သူက ရန်ကျောက်ကဲနှင့်ရန်တိကို လက်ဟန်တစ်ချက်ပြလိုက်ပြီး...
“ဧည့်သည်နှစ်ယောက်... ကျုပ်နောက် လိုက်ခဲ့ပါ”
ရန်ကျောက်ကဲနှင့် ရန်တိတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် ကျောက်ကျန်းခေါ်ဆောင်ရာ အနောက်ဘက်သို့ လိုက်ပါသွားကြသည်။
တာအိုဆရာ’ချင်းကျန်း’နှင့် ယောင်းယွင်ချန်တို့ကတော့ အသံတိတ်ဆိတ်နေကြသည်။
သူတို့က ရန်ကျောက်ကဲတို့နှစ်ယောက် ကျောက်ကျန်းနှင့်အတူ လိုက်ပါသွားပြီး အဝေးတွင်ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့ကြသည်။
ပြီးမှ တာအိုဆရာ’ချင်းကျန်း’ က တည်ကြည်သည့်မျကနှာထားဖြင့်...
“အခုချက်ချင်း လှုပ်ရှားတော့...”