← Chapters

တာဝန်ပေးအပ်ခံရခြင်း

Vol. 40 Ch. 558

တာဝန်ပေးအပ်ခံရခြင်း

Vol. 40 Ch. 558

ချီတိမ်တိုက်ပေါ်တွင် ရှိနေသော ကန်ရွှမ်းကလန်၏ တပည့်များမှာ အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။ ၎င်းတို့အားလုံးမှာ ပျော်ရွှင်တက်ကြွစွာဖြင့် ရှေ့တွင်ရှိနေသော ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ဝင်ပေါက်အား ကြည့်ရှုနေကြ၏။

လီချင်းချန်မှာ တောက်ပရွှန်းစိုနေသော မျက်ဝန်းများဖြင့် တပည့်များအားကြည့်ကာ စကားဆိုလိုက်သည်။ "ရှန်းဟွပုံရိပ်ယောင်ကမ္ဘာက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကို သတိအပြည့်ထားကြပါ။ ဘယ်လိုအခြေအနေပဲ ဖြစ်နေပါစေ အသက်က အရေးအကြီးဆုံးပဲဆိုတာ မမေ့ပါနဲ့။ နင်တို့ မသေမချင်း ဘာမဆို ကြိုးစားခွင့်ရှိတယ်။ အဲ့ဒါကြောင့် ကိုယ့်ရဲ့အသက်ကို တန်ဖိုးထားကြပါ။"

လီချင်းချန်မှာ သတိပေးစကားဆိုလိုက်ပြီးနောက် လက်ချောင်းများကိုလှုပ်ယမ်းကာ တပည့်များထံသို့ ပစ္စည်းများ ပေးအပ်လိုက်သည်။

ဇူယွမ်မှ ပစ္စည်းအား လက်ခံရယူလိုက်သောအခါတွင် ထောင်ဇယ်ကျောက်စိမ်းဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။

"ရှန်းဟွပုံရိပ်ယောင်ကမ္ဘာရဲ့ မြေပြင်အနေအထားတချို့ကို ထောင်ဇယ်ကျောက်စိမ်းထဲမှာ မှတ်တမ်းတင်ထားတယ်။ ဒါပေမယ့် မြေပုံက ပြီးပြည့်စုံမှုတော့ မရှိဘူး။ ဒါကအရင်တုန်းက ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲဝင်ဖူးတဲ့ တပည့်တွေဆီကရတဲ့ သတင်းအချက်အလက်တွေနဲ့ ရေးဆွဲထားတဲ့မြေပုံပဲ။ မြေပုံမှာပါတဲ့ လင်းလက်နေတဲ့ အစက်အပြောက်လေးတွေက ရှန်းဟွချန်ယင်းအဆီအနှစ်ကို ရှာလို့ရနိုင်မယ့် နေရာတွေပဲ။ အဲ့ဒါကြောင့် ဒီမြေပုံမှာပါတဲ့ အစက်အပြောက်ရှိတဲ့ နေရာတွေဆီသွားမယ်ဆိုရင် ရှန်းဟွချန်ယင်းအဆီအနှစ်တွေကို အရမ်းမခက်ခဲပဲ ရှာဖွေနိုင်လိမ့်မယ်။"

တပည့်များမှာ အလွန်လှုပ်ရှားသွားကြပြီးနောက် ထောင်ဇယ်ကျောက်စိမ်းအား အာရုံခံကာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ မြေပုံအား ကြည့်ရှုလိုက်ကြသည်။

ဇူယွမ်မှာလည်း မျက်လုံးများကိုပိတ်ကာ ထောင်ဇယ်ကျောက်စိမ်းအား အာရုံခံလိုက်၏။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာနှင့်ပက်သတ်သော သတင်းအချက်အလက်များသည် သူ၏စိတ်အတွင်းသို့ ဝင်ရောက်လာကာ မြေပုံတစ်ချပ်အသွင် ပြောင်းလဲသွား၏။ မြေပုံမှာ ပြီးပြည့်စုံခြင်း မရှိပါသော်လည်း လင်းလက်နေသော အစက်အပြောက်အချို့ကို ထင်ရှားစွာ မြင်တွေ့နေရလေသည်။

ဇူယွမ်မှာ သေချာစွာ သေချာစွာ ကြည့်ရှုစစ်ဆေးလိုက်သောအခါ၌ အလင်းအစက်အပြောက်များမှာ အရောင်များကွဲပြားနေသည်ကို တွေ့ရှိလိုက်ရသည်။ အချို့မှာ​ ရောင်စဉ်နှစ်ခုရောနှောနေခြင်းဖြစ်ပြီး အချို့မှာမူ ရောင်စဉ်သုံးခု၊ လေးခု စသည်ဖြင့် ရောနှောနေကြခြင်း ဖြစ်၏။

"အရောင်တွေက ဘာလို့ကွဲနေတာလဲ။" ဇူယွမ်မှ မေးမြန်းလိုက်သည်။

လီချင်းချန်မှ ဖြည်းညင်းစွာ ရှင်းပြလိုက်၏။ "ရောင်စဉ်နှစ်ခုရောနေတာက အဲ့နေရာမှာ ရောင်စဉ်နှစ်သွယ် ရှန်းဟွချန်ယင်းအဆီအနှစ်ကို ရရှိခဲ့ဖူးတယ်လို့ ဆိုလိုတာပဲ။ ရောင်စဉ်သုံးခုဆို ရောင်စဉ်သုံးသွယ် ရှန်းဟွချန်ယင်းအဆီအနှစ်ကို အဲ့နေရာမှာ ရခဲ့ဖူးတာ။ ဒါပေမယ့် ဒါကအရင်က သတင်းအချက်အလက်ကို မှတ်ထားရုံလောက်ပဲ။ အခုတစ်ကြိမ်မှာ အစစအရာရာ ကွဲပြားသွားနိုင်တယ်။ အဲ့ဒါကြောင့် မြေပြင်အနေအထားနဲ့ ရှန်းဟွချန်ယင်းအဆီအနှစ် ရနိုင်တဲ့နေရာကိုပဲမှတ်ထား။ ရောင်စဉ်ဘယ်နသွယ်ရမလဲဆိုတာကတော့ ကိုယ်ရဲ့ကံပေါ်ပဲ မူတည်လိမ့်မယ်။"

ဇူယွမ်မှာ နားလည်းသဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"တပည့်ခေါင်းဆောင်တွေက ကိုယ့်ရဲ့အစုအဖွဲ့တွေကို ဦးဆောင်ပြီးတော့ အဲ့အလင်းအစက်အပြောက်တွေရှိတဲ့နေရာကို သွားကြပါ။ ပြီးရင် အဲ့နေရာမှာရှိတဲ့ ရှန်းဟွချန်ယင်းအဆီအနှစ်တွေကို ရသလောက် စုဆောင်းခဲ့ကြ။"

"ဒီလိုမျိုး ရှန်းဟွပုံရိပ်ယောင်ကမ္ဘာရဲ့ မြေပုံနဲ့ သတင်းအချက်အလက်တွေကို ရရှိဖို့အတွက် ကန်ရွှမ်းကလန်က တပည့်တွေအများကြီး သွေးစက်တွေနဲ့ ပေးဆပ်ခဲ့ရတယ်ဆို​တာ မမေ့ပါနဲ့။ ဒီအမှတ်အသားတွေကို ကန်ရွှမ်းကလန်က တပည့်တွေ ရှာတွေ့ထားတာဆိုပေမယ့် တခြားကလန်တွေမှာလည်း ဒီလိုမျိုး မြေပုံတွေ ရှိနေနိုင်တယ်။ လောဘနဲ့ပက်သတ်လာရင် ဘယ်သူကမှ ငါတို့က ကန်ရွှမ်းကလန်ကလာတာပဲဆိုပြီး ငဲ့ညှာနေမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် အစစအရာရာ သတိထားကြပါ။"

"ဘာလို့လဲဆိုတော့ နင်တို့သာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာထဲမှာ သေသွားမယ်ဆိုရင် ဘယ်သူက သတ်လိုက်မှန်းတောင် ဘယ်သူကမှ သိမှာမဟုတ်ဘူး။" လီချင်းချန်မှ လေးနက်စွာ စကားဆိုလိုက်၏။

တပည့်များမှာ လီချင်းချန်၏စကားကြောင့် အနည်းငယ် ကြောက်လန့်တုန်လှုပ်သွားကြသည်။

"အမတော်တို့ကရော ဘာလုပ်မှာလဲ။" ဇူယွမ်မှ မေးမြန်းလိုက်သည်။ လီချင်းချန်မှာ တပည့်ခေါင်းဆောင်များကိုသာ တာဝန်ပေးအပ်ခြင်းပြုပြီး ရွေးချယ်ခံများနှင့်ပက်သတ်၍ ပြောဆိုသွားခြင်း မရှိပေ။

"ငါတို့က ရှန်းဟွပုံရိပ်ယောင်ကမ္ဘာရဲ့ အတွင်းပိုင်းထဲထိဝင်ပြီး နင်တို့အတွက် လမ်းရှင်းပေးထားရမှာ။ အဲ့ဒါကြောင့် မြေပုံပေါ်က အစက်အပြောက်တွေ ရှိတဲ့နေရာမှာ ရှန်းဟွချန်ယင်းအဆီအနှစ်တွေကို စုဆောင်းပြီးပြီဆိုတာနဲ့ လူစုပြီးတော့ အရှေ့အရပ်အတိုင်း လာခဲ့ကြ။" လီချင်းချန်မှ ပြောလိုက်၏။

ဇူယွမ်မှ လီချင်းချန်အား ခေါင်းညိတ်ပြလိုက်သည်။ သို့သော် ရွေးချယ်ခံများ၏ ရည်ရွယ်ချက်အား ဇူယွမ်မှ သိရှိနေ၏။ ရွေးချယ်ခံများသည် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ အတွင်းပိုင်းဆီသို့ ဝင်ရောက်လိုကြသည်မှာ ရရှိလာသော ရှန်းဟွချန်ယင်းအဆီအနှစ်များအား မည်သူနှင့်မျှ မခွဲဝေလို​သောကြောင့်ပင် ဖြစ်သည်။ ထို့အပြင် ၎င်းတို့မှာ လုံလောက်သောသန်မာမှုရှိသဖြင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ အတွင်းသို့ ဝင်ရောက်ရန်လည်း အရည်အချင်းပြည့်မှီနေပြီပင် ဖြစ်၏။

ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ အတွင်းပိုင်းသို့ရောက်လေလေ ရရှိလာမည့် ရှန်းဟွချန်ယင်းအဆီအနှစ်များမှာ တန်ဖိုးရှိလေလေပင်ဖြစ်ကြောင်း တွေးတောကြည့်ရုံမျှဖြင့်ပင် သိရှိနိုင်ပေသည်။ သို့သော် အတွင်းပိုင်းဆီသို့ ရောက်လေလေ အန္တရာယ်များလေလေပင် ဖြစ်သည်။

ရွေးချယ်ခံများမှ အတွင်းပိုင်းဆီသို့ ဦးစွာဝင်ရောက်ကြမည့် အကြောင်းအရင်းမှာ တပည့်များအတွက် လမ်းရှင်းပေးရုံမျှသာမဟုတ်ပဲ တန်ဖိုးကြီးမားသော ရှန်းဟွချန်ယင်းအဆီအနှစ်များအား ရရှိနိုင်ရန်ပင် ဖြစ်သည်။

လီချင်းချန်မှ ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ရှန်းဟွပုံရိပ်ယောင်ကမ္ဘာက နင်ထင်ထားထက်ပိုပြီး ကြီးမားတယ်။ အစက်အပြောက်ချထားတဲ့ နေရာတွေက ရှန်းဟွချန်ယင်းအဆီအနှစ်တွေကို အကုန်စုဆောင်းနိုင်မယ်ဆိုရင် နင်တို့တွေအတွက် ကောင်းကောင်းလုံလောက်နေပြီ။ အဓိကကတော့ အစစအရာရာ သတိထားပြီး လုပ်ဆောင်ဖို့ပဲ။"

ဇူယွမ်မှ ပြုံးကာခေါင်းညိတ်ပြလိုက်သည်။ လီချင်းချန်သည် သူ့အား မဆင်မခြင်ဖြင့် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏အတွင်းပိုင်းအား ဝင်ရောက်လာမည်ကို စိုးရိမ်ပူပန်နေကြောင်း ကောင်းစွာနားလည်ထားပေသည်။ မည်သို့ပင်ဆိုစေကာမူ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသည် သူနှင့်ရင်းနှီးကျွမ်းဝင်နေသော နေရာတစ်ခု မဟုတ်သောကြောင့် ဇူယွမ်ကိုယ်တိုင်လည်း ဖြည်းညင်းစွာ လှုပ်ရှားရန်သာ စဉ်းစားထားခြင်း ဖြစ်၏။

လီချင်းချန်မှာ သက်ပြင်းချလိုက်ပြီးနောက် ယောင်ယောင်အားကြည့်ကာ ပြောလိုက်သည်။ "နင်နဲ့ထန်ထန်နဲ့ကိုတော့ ငါတို့ရွေးချယ်ခံတွေနဲ့အတူ လိုက်ခဲ့စေချင်တယ်။"

ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ အတွင်းပိုင်းသည် အလွန်အန္တရာယ်များလွန်းလှသည်။ ထို့ကြောင့် လီချင်းချန်နှင့်တကွ အခြားသော ရွေးချယ်ခံများမှာ တက်နိုင်သမျှ အားကိုး၍ရမည့်သူအား လိုက်ပါစေချင်ကြ၏။ ယောင်ယောင်နှင့် ထန်ထန်မှာ ရွေးချယ်ခံများနည်းတူ သန်မာကြသူများ ဖြစ်ကြသောကြောင့် ၎င်းတို့နှင့် အတူတကွ လိုက်ပါလာရန် ခေါ်ဆောင်နေရခြင်းပင် ဖြစ်သည်။

ယောင်ယောင်မှာ လီချင်းချန်၏ ခေါ်ဆောင်မှုကြောင့် အနည်းငယ် အံ့အားသင့်သွားရလေသည်။ ထို့နောက် စိုးရိမ်ပူပန်စွာဖြင့် ဇူယွမ်အား ကြည့်ရှုလိုက်မိသည်။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသည် အန္တရာယ်များဖြင့် ပြည့်နှက်နေသော နေရာတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် သူမသည် ဇူယွမ်အား တစ်ဦးတည်း ထားရစ်ခဲ့ရန် အနည်းငယ်မျှပင် စိတ်မချပါချေ။

ယောင်ယောင်၏ အမူအရာအား မြင်တွေ့လိုက်ရသောအခါ၌ လီချင်းချန်မှ ဇူယွမ်အား မျက်စောင်းထိုးကာ စကားဆိုလိုက်သည်။ "ယောင်ယောင်ရယ် ဇူယွမ်က ကလေးသေးသေးလေးလည်း မဟုတ်တော့ပါဘူး။ နင်အချိန်တိုင်း နောက်ကလိုက်ထိန်းနေစရာ လိုလို့လား။ နင်က သူရဲ့ကလေးထိန်းလား။"

အခြားသော တပည့်များမှာ လီချင်းချန်၏စကားကြောင့် ပြုံးစိပြုံးစိ ဖြစ်သွားကြလေသည်။ မည်သို့ပင်ဆိုစေကာမူ ဇူယွမ်နှင့် ယောင်ယောင်တို့၏ ဆက်ဆံရေးမှာ အားကျမနာလိုဖြစ်စရာပင် ဖြစ်သည်။ နတ်မိမယ်တမျှ လှပလွန်းသော ယောင်ယောင်မှာ ဇူယွမ်မှလွဲ၍ မည်သူ့ကိုမှ အရေးတယူ ဆက်ဆံခြင်း မရှိလောက်အောင်ပင် ဇူယွမ်အပေါ် အလေးထားခြင်း ဖြစ်သည်။ ထို့အပြင် ယောင်ယောင်သည် လှပသည်သာမက အရည်အချင်းမှာလည်း ရွေးချယ်ခံများနှင့် နှိုင်းယှဉ်နိုင်လောက်အောင် ထူးချွန်လှသူ ဖြစ်သည်။

ချူချင်းမှာ ယဲ့ကယ်၏ပုခုံးအားဆွဲ၍ တီတိုးစကားဆိုလိုက်သည်။ "အမယ်...ဒီစုန်းမက သူ့ဟာလေးအပေါ်တော့ စိတ်ပူတက်သားပဲ။"

ယဲ့ကယ်၏ မျက်ဝန်းများမှာမူ ဝမ်းနည်းပက်လက်ပင် ဖြစ်နေရပြီ ဖြစ်၏။ သူသည် ချူချင်းအား အလုံးစုံ လျစ်လျူရှုထားလိုက်သည်။

ဇူယွမ်မှ ယောင်ယောင်အားကြည့်ကာ ပြုံး၍ပြောလိုက်သည်။ "ကျွန်တော့်ကို စိတ်မပူပါနဲ့။"

ဇူယွမ်၏ လက်ရှိစွမ်းအင်ဖြင့်ဆိုပါက ရွေးချယ်ခံများနှင့် တွေ့ဆုံခဲ့ရလျှင်ပင် အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်ရှိလိမ့်မည် မဟုတ်ပေ။ ထို့အပြင် ရွေးချယ်ခံအဆင့်ရှိသူများမှာလည်း ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ အတွင်းပိုင်းသို့သာ ဝင်ရောက်ကြလိမ့်မည်ဖြစ်သောကြောင့် ဇူယွမ်အနေဖြင့် ပြဿနာ တစ်စုံတစ်ရာ ကြုံတွေ့ရခြင်း နည်းပါးလိမ့်မည်ပင် ဖြစ်လေသည်။

ထို့အပြင် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသည် ၎င်းတို့အားလုံးအတွက် အတွေ့အကြုံအသစ် တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် မည်သည့်အခက်အခဲအား ကြုံတွေ့ရပါစေ ကိုယ်ပိုင်စွမ်းအင်အပေါ်သာမှီခို၍ ကြိုးစားဖြေရှင်းသင့်၏။ ယောင်ယောင်မှသာ လမ်းတစ်လျှောက် လိုက်လံကာကွယ်ပေးနေပါက သူ၏စွမ်းရည်များအားလုံး အလဟဿ ဖြစ်သွားရပေလိမ့်မည်။ ထို့ကြောင့် ယခုအချိန်တွင် တစ်ဦးတည်း ကြိုးစားဝင်ရောက်ခြင်းကသာ ပို၍သင့်တော်ပေသည်။

ယောင်ယောင်မှာလည်း ဇူယွမ်၏ စိတ်ခံစားချက်ကို နားလည်နေသည့်အတွက် အနည်းငယ် စိတ်မချဖြစ်မိပါသော်လည်း လီချင်းချန်ကိုသာ ခေါင်းညိတ်သဘောတူလိုက်တော့၏။ မည်သို့ပင်ဆိုစေကာမူ သူမသည်လည်း ဇူယွမ်အား အတွေ့အကြုံများရှာဖွေကာ ပိုမိုသန်မာလာစေချင်သည်။

ယောင်ယောင်မှ ဇူယွမ်အားကြည့်ကာ စကားဆိုလိုက်သည်။ "ဘာပဲဖြစ်ဖြစ် လုံးဝသတိမလွတ်စေနဲ့နော်။ အချိန်ပြည့် သတိနဲ့နေ။"

ဇူယွမ်မှ ပြုံးကာခေါင်းညိတ်ပြလိုက်သည်။

ထိုသို့ဖြင့် အသက်ရှူချိန် အနည်းငယ်မျှ ကြာမြင့်သွားပြီးနောက် ကန်ရွှမ်းကလန်မှ တပည့်များ စီးနင်းလိုက်ပါလာသော ချီတိမ်တိုက်မှာ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ ဝင်ပေါက်အနီးသို့ ရောက်ရှိလာပြီပင် ဖြစ်သည်။

"အသင့်ပြင်ထားကြတော့။" လီချင်းချန်မှ လေးနက်စွာ  စကားဆိုလိုက်၏။

ဇူယွမ်နှင့် အခြားသော တပည့်ခေါင်းဆောင်များမှာ သက်ဆိုင်ရာ အုပ်စုများ၏ရှေ့မှ အသင့်အနေအထားဖြင့် ရပ်နေလိုက်ကြသည်။

"နင်တို့တွေအကုန် သတိထားကြရမယ်နော်။" လီချင်းချန်မှ တပည့်များအားကြည့်ကာ ပြောလိုက်သည်။ "ငါတို့အားလုံး နောက်တစ်ကြိမ် ပြန်တွေ့နိုင်ဖို့ မျှော်လင့်ပါတယ်။"

တပည့်များအားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြ၏။ ရှန်းဟွပုံရိပ်ယောင်ကမ္ဘာသည် ရွေးချယ်ခံများပင် အသက်ရှင်ကျန်ရန် မသေချာသော နေရာတစ်ခု ဖြစ်သည်။

"ဂရုစိုက်ကြပါ။"

တပည့်များမှ ရွေးချယ်ခံများအား အရိုအသေပြုလိုက်ကြ၏။

ဇူယွမ်မှာ ယောင်ယောင်အား ကြည့်ရှုလိုက်ပြီးနောက် အနည်းငယ်မျှပင် တွေဝေခြင်းမရှိပဲ ချီစွမ်းအင်များအား ပေါက်ကွဲထွက်ပေါ်စေလိုက်သည်။ ထို့နောက် ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ၏ ဝင်ပေါက်အတွင်းသို့ တိုးဝင်ပျံသန်းသွားတော့၏။

ရှန်းဟွပုံရိပ်ယောင်ကမ္ဘာ......ငါလာပြီ....

All Chapters