သွေးအစီအရင်
Vol. 109 Ch. 1522
အခန်း (၁၅၂၂) သွေးအစီအရင်
လမ်းတွင် ရန်ကျောက်ကဲက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရင်း...
“တာအိုရောင်းရင်း’ကျောက်ကျန်း’ ၊ ကျောက်စိမ်းစမ်းချောင်းကမ္ဘာရဲ့ စည်းတံဆိပ်က ဘယ်လို ဖြစ်ပေါ်လာခဲ့တာလဲ”
ကျောက်ကျန်းက...
“ခင်ဗျားတို့နှစ်ယောက်ဝင်လာတော့ စည်းတံဆိပ်က နတ်ဘုရားသုတ်သင်ဓား(၄)လက်ထဲက တစ်လက်ဖြစ်တဲ့ နတ်ဘုရားထောင်ချောက်ဓားက ဆင်းသက်လာတယ်ဆိုတာ အာရုံခံမိတယ် မဟုတ်လား ၊ အဲဒါ ကျုပ်တို့ ဆရာဘိုးဘိုး တာအိုဆရာ’ယွိတင်’ ထိန်းချုပ်ထားတဲ့ နတ်ဘုရားထောင်ချောက်ဓားပါ”
သူက သက်ပြင်းချလိုက်ရင်း...
“စိတ်မကောင်းစရာပဲ... ကျုပ်တို့တွေက ကျောက်စိမ်းစမ်းချောင်းကမ္ဘာမှာ နေတယ်ဆိုပေမယ့် ဒီဓားကိုမထိန်းချုပ်နိုင်ကြဘူး ၊ ဒီဓားကြောင့်ပဲ ဒီနေရာမှာ အကျဉ်းကျသလို ပိတ်ဆို့ခံထားကြရတယ်”
ရန်ကျောက်ကဲက...
“တာအိုဆရာ’ယွိတင်’ က ဘယ်မှာလဲဆိုတာ သိခွင့်ရှိနိုင်မလား ၊ သူက ဘာလို့ နတ်ဘုရားထောင်ချောက်ဓားနဲ့ ဒီနေရာကို စည်းတံဆိပ်ခတ်ထားရတာလဲ”
ထိုမေးခွန်းကိုကြားတော့ ကျောက်ကျန်းမျက်နှာ မှောင်ရိပ်သမ်းသွားသည်။
“ဆရာဘိုးဘိုး တာအိုဆရာ’ယွိတင်’ က ဆုံးပါးသွားခဲ့ပါပြီ”
“အိုး...”
ရန်ကျောက်ကဲနှင့် ရန်တိ သူ့ကိုလှမ်းကြည့်လိုက်ကြသည်။
ကျောက်ကျန်းက ခေါင်းညိတ်လိုက်ရင်း...
“မဟာကပ်ဘေးကြီးပြီးဆုံးတဲ့နောက် ဆရာဘိုးဘိုး တာအိုဆရာ’ယွိတင်’ က ကျောက်စိမ်းစမ်းချောင်းကမ္ဘာကို ရောက်လာခဲ့ပါတယ် ၊ ဒါပေမဲ့ သူ ဒဏ်ရာအပြင်းအထန်ရထားတဲ့အတွက် (၇)ရက်ပြည့်တဲ့နေ့မှာပဲ ဆုံးပါးသွားပြီး သူ့ရုပ်အလောင်းကို ရွှေရောင်တိမ်တိုက်တောင်မှာ ထားရှိခဲ့ပါတယ်”
ရန်ကျောက်ကဲက...
“ကျုပ်တို့သားအဖက တာအိုဆရာ’ယွိတင်’ ရဲ့အဆက်အနွယ်မဟုတ်ပေမယ့် စန်းချင်း(၃)ပါးအဆက်အနွယ်က ဆင်းသက်လာသူတွေပါ ၊ ဒါကြောင့် တာအိုဆရာ’ယွိတင်’ အနားယူရာနေရာကို ဂါရဝပြုချင်ပါတယ်”
“ဟုတ်ပါပြီ”
ကျောက်ကျန်းက ခေါင်းညိတ်ရင်း သူတို့နှစ်ယောက်ကို အနောက်ဘက်သို့ ဆက်ပြီးလိုက်ပို့သည်။
မကြာမီ တောင်ထိပ်တစ်ခုသို့ ရောက်ရှိလာလေသည်။
ထိုတောင်က ရွှေရောင်အလင်းတန်းများတောက်ပနေပြီး တောင်ထွတ်က တိမ်လွှာများထဲ ပျောက်ကွယ်နေသည့်ပမာ ဖြစ်သည်။
ပြီးတော့ ဤနေရာက တာအိုဆရာ’ချင်းကျန်း’ တို့နှင့် တွေ့ဆုံခဲ့သည့်နေရာလောက်ပင် ဝိညာဉ်စွမ်းအားက များပြားခြင်းမရှိပေ။
သာမန်နေရာတစ်ခုအဖြစ်သာ သတ်မှတ်နိုင်သည်။
သို့သော် သေချာစွာပြောရလျှင် ဤနေရာရှိ ဝိညာဉ်စွမ်းအားက ချို့တဲ့နေပုံရပြီး ပျက်ဆီးယိုယွင်းသည့်ဘက်သို့ပင် ဦးတည်နေသည်။
“ကျောက်စိမ်းစမ်းချောင်းတောင် ၊ ရွှေရောင်တိမ်တိုက်ဂူဆိုတာ... အရင်တုန်းက တာအိုဆရာ’ယွိတင်’ ရဲ့ ကျောက်ဂူအိမ်တော်ပဲ”
ရန်ကျောက်ကဲ တွေးလိုက်သည်။
“ဒါပေမဲ့ ကျောက်စိမ်းစမ်းချောင်းကမ္ဘာက ရွှေရောင်တိမ်တိုက်တောင်ကတော့ ဘာလို့ ဝိညာဉ်စွမ်းအားတွေ ဒီလောက်နည်းပါးနေရတာလဲ”
ဤကမ္ဘာမှ ဝိညာဉ်စွမ်းအားများကို တွက်ချက်ကြည့်မည်ဆိုလျှင် ရွှေရောင်တိမ်တိုက်တောင်က ကျောက်စိမ်းစမ်းချောင်းကမ္ဘာတစ်ခုလုံးတွင် ဝိညာဉ်စွမ်းအား အကောင်းဆုံးနေရာ ဖြစ်သင့်သည်။
ဤသို့သော ပုံမှန်မဟုတ်သည်များကို နတ်ဘုရားထောင်ချောက်ဓားက ဖြစ်ပေါ်စေခဲ့ခြင်းလား...။
နတ်ဘုရားထောင်ချောက်ဓားက ယွိချင်အဆက်အနွယ် ကျင့်ကြံသူလက်ထဲ ကျရောက်ခဲ့သည်ဆိုသော်လည်း စန့်ချင်အဆက်အနွယ် ရတနာပစ္စည်း ဖြစ်နေဆဲပင်။
ထိုဓားက ကမ္ဘာ့အရက်စက်ဆုံး တည်ရှိမှုကို ကိုယ်စားပြုပြီး အဖျက်စွမ်းအား ပြင်းထန်လွန်းသည်။
ထို့ကြောင့် ကျောက်စိမ်းစမ်းချောင်းကမ္ဘာ၏ ဝိညာဉ်စွမ်းအားစီးဆင်းမှုကို ထိခိုက်စေခဲ့ပြီး ရွှေရောင်တိမ်တိုက်တောင်၏ ပထဝီအနေအထားကို ပျက်ဆီးစေခဲ့ခြင်းပင်။
ရွှေရောင်တိမ်တိုက်တောင်တွင် နတ်ဘုရားထောင်ချောက်ဓား၏တည်ရှိမှုကို အာရုံခံနိုင်ခြင်း မရှိပေ။ ဖြစ်နိုင်သည်မှာ ကျောက်စိမ်းစမ်းချောင်းကမ္ဘာ၏ ဝိညာဉ်စွမ်းအားက ဓား၏တည်ရှိမှုကို ဖုံးကွယ်ထားခြင်း ဖြစ်နိုင်သည်။
တစ်ချိန်တည်းမှာပင် ဓား၏အင်အားက စည်းတံဆိပ်ကို ထိန်းသိမ်းထားသည်။
ရန်တိက...
“ကျုပ်မိဘတွေက ဘယ်မှာနေတာလဲ”
ကျောက်ကျန်းက ရွှေရောင်တိမ်တိုက်တောင်ကို လက်ညှိုးထိုးပြရင်း...
“သူတို့က တောင်ပေါ်မှာနေကြတာပါ ၊ ကျုပ်နဲ့လိုက်ခဲ့ပါ”
ပြောပြီးသည်နှင့် သူက ရှေ့မှဦးဆောင်ကာ အောက်ဘက်သို့ ဆင်းသွားသည်။
သူက တောင်ထိပ်သို့တန်းမသွားဘဲ တောင်တန်းများကြားပျံသန်းကာ ချိုင့်ဝှမ်းတစ်ခုဆီသို့ ရောက်ရှိလာသည်။ ရန်ကျောက်ကဲနှင့် ရန်တိတို့လည်း သူ့နောက်သို့လိုက်ကာ ချိုင့်ဝှမ်းထဲ အတူဆင်းသွားကြသည်။
ချိုင့်ဝှမ်းထဲတွင် တာအိုကျောင်းတော်တစ်ခုရှိနေသည်။ ကျောင်းတော်က အနည်းငယ်ဟောင်းနွမ်းသော်လည်း သပ်သပ်ရပ်ရပ်ရှိနေသည်။
“တာအိုရောင်းရင်း’ရန်’ နဲ့ တာအိုရောင်းရင်း’တိ’ တို့ အပြင်ထွက်သွားတယ်ထင်တယ်”
ကျောက်ကျန်းက တာအိုကျောင်းတော်ကို လှည့်ပတ်ကြည့်ရှုရင်း မည်သူ့မှမတွေ့သဖြင့် စကားဆိုလိက်သည်။
“ဧည့်သည်နှစ်ယောက် ခဏစောင့်ကြပါ ၊ ကျုပ် သူတို့ကိုသွားရှာလိုက်မယ် ၊ စိတ်မရှိကြပါနဲ့”
ရန်ကျောက်ကဲနှင့် ရန်တိ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
ရန်တိက...
“ကျုပ်တို့လည်း အတူလိုက်ပြီးရှာမယ်လေ ၊ အဆင်ပြေတယ်မလား”
ကျောက်ကျန်းက...
“ရတာပေါ့...”
ရန်တိက ခေါင်းညိတ်ရင်း...
“ကျောက်ကဲ... မင်း တာအိုရောင်းရင်း’ကျောက်ကျန်း’ နဲ့ လိုက်သွားလိုက်ပါ ၊ ငါ ဒီနေရာမှာ ခဏနေလိုက်ဦးမယ်”
ထို့နောက် သူက ပတ်ဝန်းကျင်ကို တစ်ချက်လေ့လာလိုက်သည်။
ဤနေရာတွင် သူ၏မိဘများနေထိုင်ခဲ့သည့်အရိပ်အယောင် အမှန်တကယ်ပင် ရှိနေလေသလား။
ရန်ကျောက်ကဲက...
“သွားရအောင်...”
ထို့နာက် ရန်ကျောက်ကဲနှင့် ကျောက်ကျန်း တာအိုကျောင်းတော်မှ ထွက်ခွာသွားသည်။
တောင်တစ်ခွင်လမ်းလျှောက်ရင်း ရန်ကျောက်ကဲက မေးလိုက်၏။
“တာအိုဆရာ’ယွိတင်’ ရဲ့ ဂူဗိမာန်က ဘယ်နေရာမှာရှိတာလဲ ၊ သူတို့နှစ်ယောက် အဲဒီကိုသွားတာများလား”
ကျောက်ကျန်း ခေါင်းညိတ်လိုက်သည်။
“ဖြစ်နိုင်ပါတယ် ၊ သွားကြည့်ရအောင်... ကျုပ်နောက် လိုက်ခဲ့ပါ”
သူတို့နှစ်ယောက် တောင်အလယ်ပိုင်းသို့ ဦးတည်ထွက်ခွာလာကြသည်။
ထိုနေရာတွင် ကျောက်ဂူတစ်ခု ရှိနေလေသည်။
ကျောက်ကျန်းက...
“ဒီနေရာပဲ... ဒါပေမဲ့ ဘယ်သူမှရှိပုံမရဘူး”
ရန်ကျောက်ကဲက...
“ဒီနေရာက တာအိုဆရာ’ယွိတင်’ ခေါင်းချခဲ့တဲ့နေရာလား”
“ဟုတ်ပါတယ်... ဒါပေမဲ့ သူ့ရဲ့ရုပ်အလောင်းက ဒီနေရာမှာ မရှိပါဘူး”
ကျောက်ကျန်းက ပြောရင်း ကျောက်ဂူထဲဝင်သွားသည်။
“ဆရာဘိုးဘိုးရဲ့ရုပ်အလောင်းက စည်းတံဆိပ်ရဲ့ အစိတ်အပိုင်းဖြစ်သွားခဲ့ပါတယ်”
စကားမဆုံးခင် အခြေအနေ ရုတ်တရက် ပြောင်းလဲသွားသည်။
ရွှေရောင်တိမ်တိုက်တောင်၏ ကောင်းကင်ယံမှ သွေးနီရောင်အလင်းတန်းများ ဆင်းသက်လာသည်။
တောင်ပတ်ပတ်လည်မှ စွမ်းအားမြင့်မားသော အလင်းတိုင်လုံးကြီးများ ရုတ်တရက်ထွက်ပေါ်လာပြီး ကောင်းကင်ထက်မှဆင်းသက်လာသည့် သွေးနီရောင်အလင်းတန်းများနှင့်ပေါင်းစပ်ကာ ကြီးမားသော လှောင်အိမ်တစ်ခု ဖြစ်ပေါ်လာသည်။
တောက်ပခမ်းနားသည့်ရောင်ဝါတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့လာသည်။
ထိုရောင်ဝါထဲတွင် နတ်ဘုရားထောင်ချောက်ဓား၏ အရက်စက်ဆုံးဓားဝိညာဉ်ပါဝင်နေပြီး အခြားသောနက်ရှိုင်းသည့်တန်ခိုးစွမ်းအားများလည်း ပေါင်းစပ်ထားသည်။
ကြီးမားသောလှောင်အိမ်ကြီးက ရွှေရောင်တိမ်တိုက်တောင်တစ်ခုလုံးကို ဖိနှိပ်ထားပြီး တောင်ပေါ်မှလူများကိုပါ ထိခိုက်စေသည်။
ရန်ကျောက်ကဲမှာ မမြင်ရသည့်အလေးချိန်တစ်ခုက ခန္ဓာကိုယ်ပေါ် ဖိနှိပ်နေသည့်ပမာ ခံစားရပြီး တန်ခိုးစွမ်းအားကို အပြည့်အဝ အသုံးမချနိုင်တော့ပေ။
“စည်းတံဆိပ်ရဲ့စွမ်းအားတချို့ကို တစ်နေရာတည်းမှာစုစည်းလိုက်တာလား”
အတွေးနှင့်အတူ ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်ရင်း ကျောက်ကျန်းကို ကြည့်လိုက်သည်။
သို့သော် သူတွေ့မြင်ရသည်က ကျောက်ဂူဝင်ပေါက်တွင် လွှမ်းခြုံထားသည့် သွေးနီရောင်အလင်းတန်းအလွှာတစ်ခု ဖြစ်လေသည်။
အပြင်ဘက်တွင်ရှိနေသော ကျောက်ကျန်းကတော့ လုံးဝ ထိခိုက်ခြင်း မရှိပေ။
ကျောက်ကျန်းက ရုတ်တရက် လှည့်လာပြီး ရန်ကျောက်ကဲကို တည်ငြိမ်စွာ စူးစိုက်ကြည့်လိုက်သည်။
“တာအိုဆရာ’ယွိတင်’ ရဲ့ ရုပ်အလောင်းလိုပဲ သူတို့နှစ်ယောက်လည်း ဒီစည်းတံဆိပ်ရဲ့ အစိတ်အပိုင်းဖြစ်သွားခဲ့တယ်”
ထို့နောက် သူက ကောင်းကင်ထက်သို့ လက်ညှိုးညွှန်ပြလိုက်ပြီး...
“သူတို့ တကယ်ပဲ ဒီနေရာမှာ ရှိနေပါတယ် ၊ ဒါပေမဲ့ မင်း သူတို့ကို နောက်ထပ်တွေ့နိုင်မှာ မဟုတ်တော့ဘူး”
ရန်ကျောက်ကဲ စကားမဆိုတော့ပေ။
သွေးနီရောင်အလင်းတန်းမှထွက်ပေါ်လာသည့်ဖိအားကိုရင်ဆိုင်ရင်း ကျောက်ဂူအဝသို့ လမ်းလျှောက်သွားလိုက်သည်။
သို့သော် ကျောက်ဂူအတွင်းမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သွေးနီရောင်အလင်းတန်းကို သီးခြားခွဲထုတ်လိုက်ကာ ရန်ကျောက်ကဲ ကျောက်ဂူအဝသို့ တိုးကပ်လာနိုင်ရန် တားဆီးလိုက်သည်။
ထိုအချိန်...
ကျောက်ဂူအတွင်းပိုင်းမှ တာအိုဆရာ’ချင်းကျန်း’ နှင့် ယောင်းယွင်ချန်တို့ ထွက်လာကြလေသည်။
တာအိုဆရာ’ချင်းကျန်း’ က တည်ငြိမ်စွာဖြင့်...
“ဒီလိုလုပ်ရတာ ကျုပ်တို့ကို အပြစ်မတင်ပါနဲ့ ၊ အရင်တုန်းက ရန်ရှင်းထန်နဲ့ တိချင်းလျန်တို့က ဒီပြဿနာကိုဖြစ်စေခဲ့တာပါ ၊ သူတို့က နတ်ဘုရားထောင်ချောက်ဓားကိုအသုံးပြုပြီး ကျုပ်တို့ ကျောက်စိမ်းစမ်းချောင်းကမ္ဘာကို နှစ်ပေါင်း(၂၀၀၀)ကျော် စည်းတံဆိပ်ခတ်ခဲ့တယ် ၊ ကျုပ်တို့ လွတ်လပ်မှုတွေကို လုယူသွားခဲ့တယ်”
သူက ဆက်ပြောလိုက်သည်။
“ကျုပ်တို့ ထပ်မစောင့်နိုင်တော့ဘူး ၊ ထွက်ပေါက်ရှာဖို့အတွက် ဒီရက်ပိုင်းအတွင်း အပြည့်အဝကြိုးစားမယ်လို့ ဆုံးဖြတ်ထားခဲ့တာ ၊ ဒါပေမဲ့ ဒီစည်းတံဆိပ်က အရမ်းစွမ်းအားကြီးလွန်းတယ် ၊ ကျုပ်တို့တွေ နှစ်ပေါင်းများစွာ ပြင်ဆင်ခဲ့ပေမယ့် ယုံကြည်မှုမရှိခဲ့ဘူး ၊ မင်းတို့နှစ်ယောက်ရောက်လာတာက ကျုပ်တို့အတွက် မျှော်လင့်ချက်ပဲ”
“အရင်တုန်းက ရန်ရှင်းထန်နဲ့ တိချင်းလျန်တို့က နတ်ဘုရားထောင်ချောက်ဓားကိုသုံးပြီး သွေးအစီအရင်တစ်ခု ပြုလုပ်ပြီး စည်းတံဆိပ်ခတ်ခဲ့တယ် ၊ ဒီနေ့ ကျုပ်တို့က သူတို့ရဲ့သားသမီးတွေအပေါ် သွေးအစီအရင်ပြုလုပ်ပြီး စည်းတံဆိပ်ကို ဖြိုခွင်းမယ် ၊ ဒါက ကံတရားအတိုင်းပဲ ၊ ဒါက ကံကြမ္မာရဟတ်တစ်ပတ်လည်တာပဲ”
သွေးနီရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းခံထားရသော်လည်း ရန်ကျောက်ကဲက လုံးဝ ထိတ်လန့်ခြင်း မရှိပေ။
သူက လှောင်ပြောင်ဟန်ဖြင့် တာအိုဆရာ’ချင်းကျန်း’ ကို ကြည့်လိုက်သည်။
“ဒီလောက်အထိလုပ်ဖို့ လိုလို့လား ၊ ကျုပ်တို့မှာ စည်းတံဆိပ်ကိုဖြိုခွင်းနိုင်တဲ့ နည်းလမ်းတွေရှိသလားဆိုတာတောင် မေးမကြည့်တော့ဘူးလား”
ရန်ကျောက်ကဲက သူတို့(၃)ယောက်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
“ဘာလဲ... စည်းတံဆိပ်ခတ်ခံရတဲ့ ရန်ငြိုးအတွက် ဒီလိုလုပ်တာလား ၊ ဒါမှမဟုတ် နတ်ဘုရားထောင်ချောက်ဓားအတွက်လား”
ထိုစကားကြားတော့ ယောင်းယွင်ချန်မျက်နှာထက် ဒေါသရိပ်များ ထွက်ပေါ်လာသည်။ ကျောက်ကျန်း၏မျက်နှာထက်တွင်တော့ စိတ်ရှုပ်ထွေးသည့်အမူအရာများ ပေါ်လာသည်။
တာအိုဆရာ’ချင်းကျန်း’ က ရန်ကျောက်ကဲကို စူးစိုက်ကြည့်လိုက်သည်။ သူ၏မျက်နှာအမူအရာက အနည်းငယ်ပင်ပန်းနွမ်းနယ်နေပြီး အထီးကျန်နေဟန်ရှိသည်။
သူက ခေါင်းခါယမ်းရင်း...
“မင်း နားမလည်တဲ့အရာတွေ အများကြီးရှိသေးတယ်”
သူ စကားပြောနေစဉ်မှာပင် ရွှေရောင်တိမ်တိုက်တောင်ကို လွှမ်းခြုံထားသည့် သွေးနီရောင်အလင်းတန်းများက ပိုမိုပြင်းထန်လာပြီး ပို၍ရက်စက်ကြမ်းတမ်းလာသည်။
ရန်ကျောက်ကဲမှာ သူ၏ စိတ်နှင့် ဝိညာဉ် တဖြည်းဖြည်း မတည်မငြိမ်ဖြစ်လာသည်ကို ခံစားလိုက်ရသည်။
ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်အထိ ၊ အပြင်မှအတွင်းအထိ ၊ စိတ်ကူးမှသည် အမှန်တရားအထိ...
လောင်ကျွမ်းမှုနှင့် နာကျင်ခံစားရမှုက သူ့တစ်ကိုယ်လုံး လုံးဝ ဖုံးလွှမ်းသွားလေသည်။