မင်းတို့နားမလည်တာတွေရှိသေးတယ်
Vol. 109 Ch. 1523
အခန်း (၁၅၂၃) မင်းတို့နားမလည်တာတွေရှိသေးတယ်
ဤသက်ရောက်မှုကို သူတစ်ယောက်တည်း ခံစားရသည် မဟုတ်ပေ။
တောင်ကြားအောက်ဘက်ဆီမှ ပေါက်ကွဲထွက်လာသည့် ဓားချီများကို ရန်ကျောက်ကဲ အာရုံခံလိုက်မိသည်။
ဤသည်က ရန်တိ၏ တန်ပြန်တိုက်ခိုက်မှု ဖြစ်ပေလိမ့်မည်။
ပြင်းထန်လှသည့် ဓားချီတုံ့ပြန်မှုကို ခံစားမိသည့်အခါ တာအိုဆရာ’ချင်းကျန်း’ တို့(၃)ယောက် မျက်နှာအမူအရာများ တည်ကြည်လေးနက်သွားသည်။
ရန်ကျောက်ကဲနှင့် ရန်တိတို့က နက်ရှိုင်းနတ်ဘုရားများဖြစ်ကြောင်း သူတို့သိရှိကြသော်လည်း ရန်တိ၏ ထူးခြားလွန်းသော စွမ်းအားမြင့်မားသည့်ဓားဝိညာဉ်က သူတို့မျှော်မှန်းထားသည်ထက် အကြီအးကျယ် ကျော်လွန်သွားသည်။
“ဒါက နက်ရှိုင်းနတ်ဘုရားတစ်ပါးရဲ့ တန်ခိုးစွမ်းအားလား...”
သူတို့အားလုံး အံ့အားသင့်သွားသည့်တိုင် ထိတ်လန့်သွားခြင်းတော့ မရှိပေ။
တာအိုဆရာ'ချင်းကျန်း' ၏မျက်နှာက တည်ငြိမ်နေပြီး သူ့လက်ထဲတွင် ဓားတိုတစ်လက်ပေါ်လာသည်။ ဓားတိုက ကျောက်စိမ်းဖြင့်ပြုလုပ်ထားပြီး ဓားသွားမျက်နှာပြင်က ကြည်လင်သည့်အလင်းရောင်တောက်ပနေသည်။
သို့သော် ဓားတိုမျက်နှာပြင်တစ်ခုလုံး အက်ကွဲရာများနှင့်ပြည့်နေသည်ဖြစ်ရာ ထိုဓား အချိန်မရွေး အက်ကွဲသွားတော့မည့်အလား ထင်မှတ်ရ၏။
သို့ရာတွင် ဓားတိုထဲတွင်ပါဝင်သည့် ဓားဝိညာဉ်ကတော့ ခမ်းနားထည်ဝါသည့် နက်နဲမှုများဖြင့် ပြည့်နက်နေပြီး အံ့သြဖွယ်ရာ တန်ခိုးစွမ်းအားကို ထိန်းသိမ်းထားသည်။
တာအိုဆရာ'ချင်းကျန်း' ၏ ထိန်းချုပ်မှုအောက်တွင် ကျောက်စိမ်းဓားတိုမှ ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး ကောင်းကင်ထက်မှ တစ်စုံတစ်ခုသော အရာဝတ္ထုနှင့် ထိတွေ့သွားပုံရသည်။
“တာအိုဆရာ’ယွိတင်’ ၏ ရုပ်အလောင်းသည်လည်း စည်းတံဆိပ်၏ အစိတ်အပိုင်းဖြစ်သွားခဲ့သည်” ဟု ကျောက်ကျန်းပြောခဲ့ခြင်းကို ပြန်စဉ်းစားမိတော့ ထိုကျောက်စိမ်းဓားတိုက တာအိုဆရာ’ယွိတင်’ ချန်ထားခဲ့သော အမွေအနှစ်ဖြစ်နိုင်ကြောင်း ရန်ကျောက်ကဲ သဘောပေါက်လိုက်၏။
ဤဓားတိုဖြင့် တာအိုဆရာ’ချင်းကျန်း’တို့အုပ်စု ပြင်ဆင်မှုများစွာ ပြုလုပ်နိုင်ခဲ့ပြီး သူတို့၏ကန့်သတ်ထားသောစွမ်းရည်ဖြင့်ပင် စည်းတံဆိပ်ကို ဖောက်ထွက်ရန် ကြိုးပမ်းခဲ့ကြသည်။
သို့ပေသိ ထိုဓားတိုတစ်လက်တည်းဖြင့်ဆိုလျှင်တော့ သူတို့လွတ်မြောက်ရန် အခွင့်အရေးက အင်မတန်မှ နည်းပါးလွန်းလှသည်။
နတ်ဘုရားထောင်ချောက်ဓားက ရက်စက်ပြင်းထန်လွန်းသည်ဖြစ်ရာ စည်းတံဆိပ်ကိုမချိုးဖျက်နိုင်ဘဲ ကျရှုံးခဲ့ပါက နောက်ဆက်တွဲခံစားရမည့်ဒဏ်ရာများက အလွန်တရာ ဆိုးရွားနိုင်သည်။
အခန့်မသင့်လျှင် အသက်ပင်လျှင် သေဆုံးရနိုင်၏။
သို့သော် ရန်ကျောက်ကဲနှင့်ရန်တိတို့ကို သွေးအစီအရင်ဖြင့် စတေးခံမည်ဆိုလျှင် အောင်မြင်ရန်မသေချာသည့်တိုင် မျှော်လင့်ချက်တော့ အနည်းငယ်တိုးတက်လာနိုင်သည်။
ကျရှုံးခဲ့လျှင်တောင်မှ ရန်ကျောက်ကဲနှင့် ရန်တိသာလျှင် အကျိုးဆက်ကို ရင်ဆိုင်ရမည်ဖြစ်လေရာ တာအိုဆရာ’ချင်းကျန်း’ တို့အုပ်စုမှာ နောက်ပိုင်း ပြန်လည်နလန်ထူရန် အခွင့်အရေးရနိုင်ပေမည်။
တာအိုဆရာ'ချင်းကျန်း' ၏ အမိန့်အောက်တွင် ရွှေရောင်တိမ်တိုက်တောင်တစ်ခုလုံးအား လွှမ်းခြုံထားသည် သွေးနီရောင်အလင်းတန်းများက ပိုမိုအားကောင်းလာကာ ရန်ကျောက်ကဲအပေါ် သက်ရောက်သည့်ဖိအားများက ပိုမိုပြင်းထန်လာသည်။
ရန်ကျောက်ကဲ ရင်ထဲ ထိခိုက်သွားသည်။
သူက သူ့အတွက် စိုးရိမ်ခြင်း မဟုတ်ပေ။
အစောပိုင်းက တာအိုဆရာ’ချင်းကျန်း’ တို့ပြောသည့်စကားများ အမှန်တရား ဖြစ်နေမည်ကို စိုးရိမ်ခြင်း ဖြစ်၏။
ရန်ရှင်းထန်နှင့် တိချင်းလျန်တို့က နတ်ဘုရားထောင်ချောက်ဓားကိုအသုံးပြုပြီး စည်းတံဆိပ်ခတ်ရန်အတွက် သွေးအစီအရင်ကို ပြုလုပ်ခဲ့သည်မှာ ဖြစ်နိုင်ခြေရှိသည်။
မဟုတ်ပါက ယခု သွေးအစီအရင်၏သက်ရောက်မှုက ရန်ကျောက်ကဲနှင့် ရန်တိအပေါ် ဤမျှလောက် သိသာထင်ရှားစွာ သက်ရောက်မည် မဟုတ်ပေ။
ဤသည်ကိုကြည့်ခြင်းအားဖြင့် သွေးသားဆက်နွယ်မှု၏ အကျိုးသက်ရောက်မှုဖြစ်ကြောင်း သိနိုင်ပေသည်။
ခန္ဓာကိုယ်အနှံ့ နာကျင်မှုများခံစားနေရသည့် ရန်ကျောက်ကဲက သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။
“ဟုတ်ပြီ.... မင်းတို့အားလုံး ဘာတွေတွေးနေကြလဲဆိုတာ ငါနားမလည်ဘူး ၊ ဒါပေမဲ့ တချို့ကိစ္စတွေကလည်း မင်းတို့နားလည်နိုင်စွမ်းထက် ကျော်လွန်နေတယ် ဟုတ်တယ်မလား”
သူ စကားပြောနေစဉ်မှာပင် ရန်တိ၏တိုက်ခိုက်မှုက ပိုမိုအားကောင်းလာသည်။
ချိုင့်ဝှမ်းထဲမှ သက်တံ့ရောင်တိမ်တိုက်တစ်ခု ထွက်ပေါ်လာပြီး ထိုတိမ်တိုက်က ကြာပန်းတစ်ပွင့်ပမာ ပွင့်လန်းလာသည်။ ထိုတိမ်တိုက်ကို အမှောင်ထုကဖုံးလွှမ်းထားပြီး ပရမ်းပတာ ခံစားချက်များဖြင့် လွှမ်းခြုံထားသည်။
ထိုက်ယိဟွာတိမ်တိုက် ထွက်ပေါ်လာသည်နှင့် သွေးအစီအရင်က ရန်တိအပေါ်သက်ရောက်မှု သိသိသာသာ လျော့ကျသွားသည်။
တာအိုဆရာ’ချင်းကျန်း’ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ကျောက်စိမ်းဓားတိုကို ရန်ကျောက်ကဲထံသို့ ချိန်ရွယ်လိုက်သည်။
သွေးနီရောင်အလင်းတန်းများက ချက်ချင်းဆိုသလို စုစည်းသွားပြီး ပိုမိုသိပ်သည်းလာကာ ရန်ကျောက်ကဲအပေါ် စတင်လွှမ်းခြုံလာသည်။
ရန်ကျောက်ကဲက ခပ်ရေးရေးပြုံးလိုက်ပြီး သူ့ခန္ဓာကိုယ်မှ နက်မှောင်သည့်သွေးနီရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။
သူ့ခန္ဓာကိုယ်ထဲမှ ပရမ်းပတာချီစွမ်းအားများ လောင်မြိုက်ထွက်ပေါ်လာပြီး သူ၏စိတ်ဝိညာဉ်ကို ငြိမ်သက်သွားစေသည်။ တစ်ချိန်တည်းမှာပင် သူက လက်ချောင်းများကိုဆန့်ထုတ်လိုက်ပြီး လေထဲတွင် သင်္ကေတများ စတင်ရေးဆွဲလိုက်သည်။
အနက်ရောင်နှင့်အနီရောင် ဓားအလင်းတန်းများက ကခုန်ပျံသန်းလာပြီး ဓားအစီအရင်များစွာ ထွက်ပေါ်လာသည်။
ထိုဓားအစီအရင်များ မြင့်တက်လာသည်နှင့်အမျှ ရွှေရောင်တိမ်တိုက်တောင်အား ဖိနှိပ်ထားသည့်စွမ်းအားများက ဆက်တိုက်ဆိုသလို ပြိုကွဲပျက်ဆီးသွားသည်။
ရန်ကျောက်ကဲလုပ်ရပ်ကိုတွေ့သည်နှင့် တာအိုဆရာ’ချင်းကျန်း’၏မျက်နှာအမူအရာက လုံးဝပြောင်းလဲသွားသည်။
ရန်ကျောက်ကဲက သူ၏ထူးခြားသောစွမ်းရည်ကို မပြသခဲ့သော်လည်း သွေးအစီအရင်အတွင်း သူ့ကိုပိတ်ဆို့ထားသည့်ထောင်ချောက်က ပြိုကွဲသွားသည်။
သူ၏လုပ်ဆောင်ချက်က သိမ်မွေ့လွန်းသဖြင့် တာအိုဆရာ’ချင်းကျန်း’ မှာ အလွန်တရာ အံ့အားသင့်ပြီး ထိတ်လန့်သွားခဲ့ရသည်။
ရန်ကျောက်ကဲက နတ်ဘုရားထောင်ချောက်ဓားသိုင်းအား ကျွမ်းကျင်သည့်အချက်က သူတို့အတွက် လုံးဝ ထိတ်လန့်စရာ ဖြစ်သွားခဲ့သည်။
“ပြေးကြ...”
တာအိုဆရာ’ချင်းကျန်း’ ပြတ်သားစွာ အော်ဟစ်လိုက်သည်။
ထို့နောက် သူတို့အားလုံး ကျောက်ဂူအတွင်းပိုင်းဆီသို့ ဦးတည်လျှက် ထွက်ပြေးရန် ကြိုးစားလိုက်ကြ၏။ ထိုနေရာတွင် သူတို့အတွက် ထွက်ပြေးရန် လမ်းကြောင်းများ ရှိပေသည်။
သို့သော် ထိုအချိန်မှာပင် ရန်ကျောက်ကဲက စတင်လှုပ်ရှားလိုက်သည်။
သွေးနီရောင်အလင်းတန်းများ၏ ဖိနှိပ်မှုကို ရှင်းလင်းပြီးသည့်နောက် သူ၏ခန္ဓာကိုဘ်က တုန်ခါသွားသည်။ ချီစွမ်းအားစီးကြောင်းများ ရောယှက်သွားပြီး “ကောင်းကင်ခွင်းလှံရှည်” ၏ပုံရိပ် ထွက်ပေါ်လာသည်။
အဆုံးမရှိသည့်အမှောင်ထု အက်ကွဲသွားပြီး တောက်ပသည့်အလင်းရောင်များ ပွင့်လန်းထွက်ပေါ်လာသည်။
ထို့နောက် ရန်ကျောက်ကဲသည်လည်း ကျောက်ဂူအနောက်ဘက်သို့ လျှင်မြန်စွာ ဝင်ရောက်သွားသည်။
သွေးနီရောင်ဓားအလင်းတန်းများ ပျံသန်းထွက်ပေါ်လာပြီး ရန်ကျောက်ကဲက လူ(၃)ယောက်နောက်သို့ လျှင်မြန်စွာ လိုက်ပါသွားသည်။
တာအိုဆရာ’ချင်းကျန်း’ ၏ခန္ဓာကိုယ်ပတ်လည်တွင်လည်း သွေးနီရောင်ဓားအလင်းတန်းများ ထွက်ပေါ်လာသည်။
သူ အသုံးပြုလိုက်သည်က ပြင်ပလောကတွင် ပျောက်ကွယ်နေသည့် ယွိချင်အဆက်အနွယ် တာအိုဆရာ’ယွိတင်’ အသုံးပြုသော နတ်ဘုရားထောင်ချောက်ဓားကို အသုံးပြုလိုက်ခြင်း ဖြစ်၏။
သူက ကျောက်ကျန်းနှင့် ယောင်းယွင်ချန်ကိုခေါ်ဆောင်ကာ အသံထက်မြန်သည့်အရှိန်အဟုန်ဖြင့် ပျံသန်းထွက်ခွာနေခြင်းပင်။
သူ၏အရှိန်အဟုန်နှင့် နတ်ဘုရားထောင်ချောက်ဓားသိုင်းက စန့်ချင်အဆက်အနွယ် နက်ရှိုင်းနတ်ဘုရားများထက် နိမ့်ကျခြင်း မရှိပေ။
ကံမကောင်းသည်မှာ သူက အလွန်လျှင်မြန်သည့်တိုင် ရန်ကျောက်ကဲက ပိုမိုမြန်ဆန်နေခြင်းပင်။
သွေးနီရောင်အလင်းတန်းများ ပျံသန်းထွက်ပေါ်လျှက် တာအိုဆရာ’ချင်းကျန်း’ နှင့် ရန်ကျောက်ကဲကြားမှ အကွာအဝေးက ဖြည်းဖြည်းချင်း နီးကပ်လာသည်။
ကျောက်ဂူအတွင်း ဗလာနယ်အက်ကွဲကြောင်းမှ အပြင်သို့ရောက်သည်နှင့် ရန်ကျောက်ကဲသည်လည်း သူတို့(၃)ယေက်အား အမီလိုက်နိုင်ခဲ့ပြီ ဖြစ်သည်။
မည်သူမှ နောက်ဆုတ်၍မရနိုင်မှန်း သိလိုက်ရသည့်အခါ တာအိုဆရာ’ချင်းကျန်း’ က တည်ငြိမ်စွာပင် ရပ်တန့်လိုက်သည်။
ထို့နောက် သူက ရုတ်တရက် တန်ပြန်တိုက်ခိုက်မှုပြုလုပ်လိုက်ပြီး သူ့လက်ထဲမှဓားဖြင့် ရန်ကျောက်ကဲအား ထိုးစိုက်ချလိုက်သည်။
သူ၏ဓား ဖြတ်သန်းသွားရာနေရာတိုင်းတွင် တည်ရှိမှုအားလုံး ၊ သက်ရှိအားလုံး ပျက်သုဉ်းသွားလေသည်။
ကောင်းကင်ကိုးထပ်မှလေပြင်းများ ၊ မြေအောက်ကမ္ဘာမှ ချော်ရည်ပူများ ၊ ပင်လယ်ရေနက်ပိုင်းအတွင်းမှ ရေခဲများ ၊ နတ်ဘုရားကောင်းကင်ထက်မှ စိမ်းလန်းသည့်မိုးကြိုးများ...။
ကမ္ဘာလောကတစ်ခုလုံး ပြောင်းလဲသွားသည့်ပမာပင်...။
ဖန်ဆင်းခြင်းမှသည် မပျက်ဆီးနိုင်သည့်ဓားတစ်လက်အဖြစ် ခိုင်မာသွားပြီး ခကျ်ချင်းပင် ဓားသွားက ဗလာနယ်ကို ခုတ်ပိုင်းပစ်လိုက်သည်။
ရန်ကျောက်ကဲမှာ ကျောက်ဂူအတွင်းပိုင်း ဗလာနယ်အက်ကွဲကြောင်းမှ ထွက်လိုက်သည်နှင့် ချက်ချင်းပင် ဗလာနယ် အလွှာနှစ်ခုကြား ပိတ်မိသွားသည်။
တာအိုဆရာ’ချင်းကျန်း’ ၏ တိုက်ခိုက်မှုက အလွန်တိကျသည်ပင်။
သူ၏ဓားကွက်က တာအိုဆရာ’ယွိချင်’ ၏ ယွိချင်ဓားသိုင်းအနှစ်သာရကိုပင် ထုတ်ဖော်ပြသနေခဲ့သည်။
ဓားကွက်ထဲတွင် ယွိချင်အစစ်အမှန်ဓားဟန်(၉)ခုမှ “အသက်ဓာတ်ပျောက်ဆုံး” နှင့် “အရာအားလုံးကိုဝါးမျို” ဓားဟန်(၂)ခုကို ပေါင်းစပ်ထားပြီး ပြီးပြည့်စုံသည့် ဓားကွက်တစ်ခု ထုတ်ဖော်ပြသထားသည်။
ရန်ကျောက်ကဲက နတ်ဘုရားထောင်ချောက်ဓားသိုင်း တတ်ကျွမ်းကြောင်း ရန်သူက သိရှိထားသည်။
ထို့ကြောင့် ရန်ကျောက်ကဲ ကျောက်ဂူအတွင်းမှ ထွက်မလာနိုင်စေရန် ယွိချင်အဆက်အနွယ် နတ်ဘုရားထောင်ချောက်ဓားသိုင်းကိုအသုံးပြုကာ တန်ပြန်ပိတ်ဆို့လိုက်ခြင်း ဖြစ်၏။
“ကောင်းလိုက်တဲ့တိုက်ကွက်...”
ရန်ကျောက်ကဲ ချီးကျူးလိုက်သည်။
သို့သော် သူက ထိုဓားကွက်ကိုရှောင်တိမ်းရန် လုံးဝ မကြိုးစားခဲ့ပေ။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးနီရောင်ဓားအလင်းတန်းများ ထွက်ပေါ်လာပြီး ဗလာနယ်နှစ်ခုကြား အခြေအနေအားလုံးကို အေးခဲပစ်လိုက်သည်။
ထို့နောက် သူက လက်သီးဖြင့် ရှေ့သို့ထိုးစိုက်ချလိုက်ရာ ထိုက်ယီလက်သီးသိုင်း၏ လက်သီးဝိညာဉ်က ပတ်ဝန်းကျင်တစ်ခုလုံးအား ဝါးမျိုးသွားသည်။
တာအိုဆရာ’ချင်းကျန်း’ ၏ ဓားကွက်မှာ နောက်ထပ်အလှည့်အပြောင်းမလုပ်နိုင်တော့ဘဲ သူ၏ မူလဓားတည်ရှိရာ ထွက်ပေါ်လာသည်။
ထို့နောက် ရန်ကျောက်ကဲက သူ့ရှေ့သို့ရောက်လာပြီး တာအိုဆရာ’ချင်းကျန်း’ ၏ ဓားကို လက်ချောင်းများဖြင့် အသာထိလိုက်သည်။
တာအိုဆရာ’ချင်းကျန်း’ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားပြီး ဓားကို မြဲမြဲဆုပ်ကိုင်ထားနိုင်စွမ်း မရှိတော့ပေ။
သို့သော် သူက ဆုံးဖြတ်ချက်ပြတ်သားသူပင်။
သူက ဓားကို ရန်ကျောက်ကဲဆီပစ်လွှတ်လိုက်ပြီး နောက်ဆုတ်ရန် ကြိုးစားလိုက်သည်။
သို့သော် ရန်ကျောက်ကဲက လက်ချောင်းနှစ်ချောင်းဖြင့် ဓားကိ မြဲမြဲစွာ ချုပ်ကိုင်ထားလိုက်ပြီး ဓားကို ရှေ့သို့ ထိုးစိုက်ချလိုက်၏။
ကောင်းကင်ဖွင့်လှစ်ပြီး မြေကြီးအက်ကွဲသွားသည့်ပမာ ဓားသွားက ချက်ချင်းပင် တာအိုဆရာ’ချင်းကျန်း’ ရှေ့သို့ ရောက်ရှိသွားသည်။
ဓားကိုညှပ်ထားသည့် ရန်ကျောက်ကဲ၏လက်နှစ်ချောင်းက (၉၀) ဒီဂရီလှည့်ပတ်သွားပြီး တာအိုဆရာ’ချင်းကျန်း’ ၏လည်ပင်းကို အလျားလိုက်ဖြတ်တောက်လိုက်သည်။
တာအိုဆရာ’ချင်းကျန်းက လျှင်မြန်စွာ ရှောင်တိမ်းလိုက်ပြီး လည်ပင်းပြတ်မည့်အရေးမှ ပွတ်ကာသီကာ ရှောင်တိမ်းလိုက်သည်။
သို့သော် ရန်ကျောက်ကဲက ဓားကိုထပ်ပြီးလှည့်လိုက်ရာ ဓားသွားထိပ်ဖျားက တစ်ပတ်လည်သွားပြီး တာအိုဆရာ’ချင်းကျန်း’ ကို ထိုးစိုက်မိသွားပြီး မြေပြင်ထက်တွင် သံမှိုနှက်သည့်ပမာ ဖိကပ်ထားလိုက်တော့သည်။
ကျောက်ကျန်းနှင့် ယောင်းယွင်ချန်တို့မှာလည်း လွတ်မြောက်ရာလမ်း မရှိတော့ပေ။
ရန်ကျောက်ကဲက လက်ကိုဆန့်တန်းလိုက်ပြီး သူတို့နှစ်ယောက်လုံးကို ချုပ်ကိုင်ထားလိုက်သည်။
“ကောင်းပြီ.... အခု ငါတို့ စကားပြောကြတာပေါ့”
ရန်ကျောက်ကဲက တည်ငြိမ်စွာဖြင့်ပင် တာအိုဆရာ’ချင်းကျန်း’ ကို လှည့်ကြည့်လိုက်သည်။ သူ၏မျက်နှာက ဆိုးရွားစွာ ပျက်ယွင်းနေပေပြီ။
ရန်ကျောက်ကဲက သူတို့သားအဖကို အလစ်ဖမ်းတိုက်ခိုက်ရသည့်အကြောင်းရင်းကို မေးမြန်းခြင်းမရှိပေ။
သူမေးလိုက်သည့်မေးခွန်းက...
“နတ်ဘုရားထောင်ချောက်ဓားက ဘာကိုတံဆိပ်ခတ်ထားတာလဲ ၊ ဒါမှမဟုတ် ဘယ်သူ့ကို တံဆိပ်ခတ်ထားတာလဲ”
(၃)ယောက်လုံး တိတ်ဆိတ်နေကြသည်။
ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...
“ဘာလဲ... ငါ့ကိုလှည့်စားပြီး စည်းတံဆိပ်ကိုဖွင့်ခိုင်းဖို့ ကြိုးစားနေတာလား ၊ ပြီးတော့ စည်းတံဆိပ်ထဲမှာပိတ်မိနေတဲ့သူကို ခေါ်ထုတ်ပြီး မင်းတို့အားလုံးအတွက် လက်စားချေပေးဖို့ မျှော်လင့်နေတာလား”