← Chapters

ရှေးဟောင်းဒဏ္ဍာရီ

Vol. 109 Ch. 1524

ရှေးဟောင်းဒဏ္ဍာရီ

Vol. 109 Ch. 1524

အခန်း (၁၅၂၄) ရှေးဟောင်းဒဏ္ဍာရီ

ရန်ကျောက်ကဲက နှုတ်ခမ်းများတွန့်ကွေးလိုက်ပြီး...

“ဒါနဲ့... နည်းနည်းလောက် ကြွားလိုက်ဦးမယ် ၊ ငါတို့သားအဖက နက်ရှိုင်းနတ်ဘုရားအဆင့်ဆိုပေမဲ့ ထိုက်ရွှီးမူလနတ်ဘုရား အများစုတောင် ငါတို့နဲ့ ယှဉ်နိုင်ကြတာ မဟုတ်ဘူး”

သူက ဆက်ပြောလိုက်သည်။

“တာအိုဆရာ’ချင်းကျန်း’... အခု မင်းလည်း ငါနဲ့တိုက်ဖူးပြီးပြီဆိုတော့ ဒီအချက်ကို သဘောပေါက်လောက်ပြီထင်ပါတယ် ၊ နောက်တစ်ခုက စည်းတံဆိပ်ကနေ မင်းတို့ကယ်ထုတ်ချင်နေတဲ့သူက နက်ရှိုင်းနတ်ဘုရားတစ်ပါး မဟုတ်လောက်ဘူး”

သူက ကောင်းကင်ယံဆီသို့ ခေါင်းမော့ကြည့်လိုက်ပြီး...

“နတ်ဘုရားထောင်ချောက်ဓားက စွမ်းအားပြင်းထန်လွန်းတယ် ၊ ပြီးတော့ စည်းတံဆိပ်ပြုလုပ်ဖို့ တာအိုဆရာ’ယွိတင်’ ရဲ့ ရုပ်အလောင်းကို အသုံးပြုထားတယ် ၊ ဘယ်လိုပဲဖြစ်ဖြစ်... နတ်ဘုရားထောင်ချောက်ဓားက အစကတည်းက ပိုင်ရှင်မရှိတဲ့ ဓားတစ်လက်ပဲလေ ၊ တာအိုဆရာ’ယွိတင်’ သက်ရှိထင်ရှားမရှိတော့ဘူးဆိုရင် ကောင်းကင်နတ်ဘုရားတစ်ပါးကို ဖိနှိပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ၊ ကောင်းကင်နတ်ဘုရားဆိုတဲ့နေရာမှာ ဗုဒ္ဓဘာသာက ဗုဒ္ဓတွေ ၊ နတ်မိစ္ဆာမျိုးနွယ် မဟာသူတော်စင်တွေနဲ့ ငရဲကိုးထပ်က နတ်ဆိုးတွေပါ ပါဝင်နိုင်တယ်”

“ဒါဆိုရင်... ဖြစ်နိုင်ခြေက သိပ်များများမရှိဘူး...”

ရန်ကျောက်ကဲက သူ့ရှေ့မှ(၃)ယောက်ကို ပြန်ကြည့်လိုက်သည်။

“စည်းတံဆိပ်နဲ့ ဖိနှိပ်ခံထားရတဲ့သူက... ကောင်းကင်နတ်ဘုရားအဆင့် ပြင်ပတာအိုကျင့်ကြံသူတစ်ယောက်ဖြစ်ရမယ် ၊ အဲဒီလူက အဖြူရောင်ကြာပန်း သုခဘုံကလား ၊ အမတခုံရုံးကလား... သြော်... ဒါနဲ့ ... မင်းတို့တွေ အမတခုံရုံးအ‌ကြောင်း သိကြသလား”

စကားပြောရင်း ရန်ကျောက်ကဲက ဓားဖြင့် တာအိုဆရာ’ချင်းကျန်း’ ၏ ခန္ဓာကိုယ်ကို ထိုးဖောက်လိုက်ပြီး သူ့ခန္ဓာကိုယ်တစ်လျှောက် ဓားချီကို စီးဆင်းစေလိုက်သည်။

ထို့ကြောင့် တာအိုဆရာ’ချင်းကျန်း’ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

ကျောက်ကျန်းကတော့ အလွန်ပင် စိတ်ပျက်လက်ပျက်ဖြစ်နေဟန် ရှိ၏။

ယောင်းယွင်ချန်က နှာခေါင်းရှုံ့လိုက်သည်။

“မင်းတို့ လျှောက်ခန့်မှန်းနေလို့ရော ဘာထူးမှာလဲ ၊ ကျောက်စိမ်းစမ်းချောင်းကမ္ဘာက ထွက်သွားချင်ရင် စည်းတံဆိပ်ကို ဖွင့်ရမှာပဲ ၊ အဲဒီလိုဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် သူနဲ့ရင်ဆိုင်ရမှာပဲလေ”

သူတို့ ဤအကြောင်းကို ထုတ်ဖော်မပြောရခြင်းမှာ ရန်ကျောက်ကဲနှင့် ရန်တိတို့ မည်သည့်ပြင်ဆင်မှုမှမရှိဘဲ ထိုသူကို ရင်ဆိုင်စေလိုသောကြောင့် ဖြစ်၏။

ယခု ရန်ကျောက်ကဲက ခန့်မှန်းမိသွားပြီဖြစ်ရာ ဖုံးကွယ်စရာ မလိုတော့ပေ။

ကျောက်ကျန်းက...

“အမတခုံရုံးအကြောင်း ငါတို့ မသိဘူး ၊ ဒါပေမဲ့ နတ်ဘုရားထောင်ချောက်ဓားထဲ စည်းတံဆိပ်ခတ်ခံထားရတဲ့သူက သုခဘုံက ဗုဒ္ဓတစ်ပါးပဲ...”

သူက ဆက်ပြောလိုက်သည်။

“သူ့ကို ပြင်ပကျင့်ကြံသူလို့ ခေါ်ချင်ရင်တော့... အဟက်... လမ်းမှန်ဗုဒ္ဓဘာသာဆိုတဲ့အဓိပ္ပါယ်က ပြောင်းလဲသွားပြီပဲ ၊ သူက အလယ်ပိုင်းသုခဘုံက ထင်ရှားတဲ့ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက်ပဲ ၊ ဘယ်လိုလုပ် ပြင်ပကျင့်ကြံသူ ဖြစ်နိုင်မှာလဲ”

ရန်ကျောက်ကဲ အနည်းငယ် ပြုံးလိုက်သည်။

သူ့အပြုံးက ပြက်ရယ်ပြုသည့်အပြုံမးဟုတ်ဘဲ ကရုဏာသက်သည့်အပြုံးမျိုး ဖြစ်၏။

“အဲဒါကြောင့်ပဲ ငါပြောခဲ့တာပေါ့ ၊ မင်းတို့မသိတဲ့အရာတွေ အများကြီးရှိနေသေးတယ်လို့...”

ဤကမ္ဘာက နှစ်ပေါင်း(၂၀၀၀)ကျော်ကြာအောင် ပိတ်ဆို့ခံထားရသည့်နေရာတစ်ခု မဟုတ်ပါလား။

ဖြစ်ချင်တော့ တိုက်ဆိုင်မှုကြောင့်လားမသိ သူတို့က အမတခုံရုံးနှင့် တစ်ခါမှ ထိတွေ့ခဲ့ဖူးခြင်း မရှိကြပေ။ ထို့အတူ အနောက်ဘက်သူတော်စင်ဘုံ လောကတွင် ပြန်လည်ထွက်ပေါ်လာသည်ကိုလည်း မသိရှိကြပေ။

တာအိုဆရာ’ယွိတင်’ က ဤအကြောင်းများကို သိရှိခဲ့သော်လည်း ဤကမ္ဘာမှလူများကို အသိပေးရန် အချိန်မရခဲ့ပေ။

ထိုအချိန်...

ရွှေရောင်တိမ်တိုက်တောင်၏ တောင်ထွတ်တစ်နေရာမှ ရန်တိ၏ပုံရိပ် ပျံသန်းထွက်ပေါ်လာပြီး သူတို့ကို အေးစက်စွာ စူးစိုက်ကြည့်လိုက်သည်။

သို့သော် အခြားအရာတစ်ခုက ရန်ကျောက်ကဲနှင့် ရန်တိ၏ စိတ်အာရုံကို ချက်ချင်း ဖမ်းစားသွားခဲ့သည်။

ရွှေရောင်တိမ်တိုက်တောင် အနောက်ဘက်မှ ဓားအလင်းတန်းများ ကောင်းကင်ယံသို့ ထိုးဖောက်ပျံသန်းလာခြင်း ဖြစ်ပေ၏။

ရောက်ရှိလာသူက ယေကျ်ားတစ်ယောက် ၊ မိန်းမပျိုတစ်ယောက်ဖြစ်ပြီး နှစ်ယောက်လုံး နက်ရှိုင်းနတ်ဘုရားအဆင့်တွင် ရှိကြသည်။

မိန်းမပျို၏ ကျင့်ကြံခြင်းအဆင့်က ပိုမိုမြင့်မားပြီး အမတချီစွမ်းအား(၄)ခု ပေါင်းစည်းခြင်းရောင်ဝါအဆင့် ဖြစ်သည်။

လူရွယ်ကတော့ အမတချီစွမ်းအား(၂)ခု ပေါင်းစည်းခြင်းရောင်ဝါအဆင့်ဖြစ်ပြီး သမ္မာတရားကပ်ဘေးကို မကြာမီကပင် ကျော်ဖြတ်ခဲ့ဟန်ရှိသည်။

သူတို့နှစ်ယောက်က ရန်ကျောက်ကဲတို့ ရှိနေသည့်နေရာတွင် ရပ်တန့်လိုက်ကြပြီး မျက်နှာထက်တွင်လည်း အံ့အားသင့်ဟန် ထွက်ပေါ်နေသည်။

သူတို့က မရေရာသော အမူအရာဖြင့် အားလုံးကို အကဲခတ်လိုက်သည်။

ရန်ကျောက်ကဲက သူတို့ကိုလှမ်းကြည့်လိုက်ပြီး ရိုးရိုးသားသားပင် စကားဆိုလိုက်သည်။

“ကျုပ်က ရန်ကျောက်ကဲပါ ၊ ဒါကတော့ ကျုပ်ဖခင် ရန်တိပါ ၊ ကျုပ်ရဲ့အဘိုးနဲ့အဘွားက ရန်ရှင်းထန်နဲ့ တိချင်းလျန်လို့ ခေါ်ပါတယ် ၊ ဒီကမိတ်ဆွေတွေက ဘယ်သူတွေများလဲ မသိဘူး”

သူ့စကားကိုကြားသည်နှင့် ထိုနှစ်ယောက်၏တုံ့ပြန်မှုက တာအိုဆရာ’ချင်းကျန်း’ တို့နှင့် ကွဲပြားကြောင်း ရန်ကျောက်ကဲ အာရုံခံမိသည်။

သူတို့က ရွှေရောင်တိမ်တိုက်တောင်တွင် ဖြစ်ပွားသော သွေးအစီအရင်ကြောင့် သတိထားမိသွားပြီး အခြေအနေကိုစစ်ဆေးရန် ရောက်ရှိလာခြင်း ဖြစ်ဟန်ရှိသည်။

သို့ပေသိ သူတို့သည်လည်း ကျောက်စိမ်းစမ်းချောင်းကမ္ဘာတွင် နေထိုင်သူများ ဖြစ်ကြသည်။

ထို့ပြင် သူတို့ပျံသန်းလာသော ဓားအလင်းတန်းကိုကြည့်လျှင် တာအိုဆရာ’ယွိတင်’ ၏ ဓားဟန်(၉)မျိုးမှ တစ်မျိုးကို အခြေခံထားကြောင်း တွေ့ရသည်။

သို့သော် ထိုဓားဟန်က တာအိုဆရာ’ချင်းကျန်း’ ၏ ဓားဟန်ဖြင့် အနည်းငယ် ကွဲလွဲသည်။

ကြည့်ရသည်မှာ သူမက တာအိုဆရာ’ချင်းကျန်း’ တို့နှင့်မတူညီသည့် ဂိုဏ်းခွဲတစ်ခုမှ ဆင်းသက်လာသူတစ်ယောက် ဖြစ်နိုင်၏။

ရန်ရှင်းထန်နှင့် တိချင်းလျန်ဆိုသည့် အမည်များကိုကြားသည့်အခါ သူတို့နှစ်ယောက်လုံး ခန္ဓာကိုယ်များ တုန်လှုပ်သွားကြသည်။

ပြီးမှ စိတ်ကိုတည်ငြိမ်အောင်ကြိုးစားလိုက်ပြီး ရန်ကျောက်ကဲနှင့်ရန်တိတို့အား ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။

မိန်းမပျိုက...

“ဧည့်သည်နှစ်ယောက်ကို နှုတ်ဆက်ပါတယ် ၊ ကျွန်မက အေးခဲကြယ်စင်တောင် ၊ ငြိမ်သက်ကျောက်သားဂူက ထုန်ရှင်းလင်ပါ”

လူရွယ်က...

“ကျုပ်က ထင်းရှူးစိမ်းတောင် ၊ လေညင်းမီးလျှံချိုင့်ဝှမ်းက ကွမ်းထုန်ကျီပါ”

ရန်ကျောက်ကဲနှင့် ရန်တိတို့ကို နှုတ်ဆက်ပြီးနောက် ထုန်ရှင်းလင်နှင့် ကွမ်းထုန်ကျီတို့က တာအိုဆရာ’ချင်းကျန်း’ တို့ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်ကြသည်။

ထုန်ရှင်းလင်က...

“တာအိုဆရာ’ချင်းကျန်း’... ရှင်တို့က စည်းတံဆိပ်ကို ချိုးဖျက်ဖို့ ကြိုးစားနေတာလား”

တာအိုဆရာ’ချင်းကျန်း’ မည်သည့်စကားမှမဆိုဘဲ ငြိမ်သက်နေလေသည်။

ရန်တိက အေးစက်စွာဖြင့်...

“အတိအကျပြောရရ၍်တော့ သူတို့က ကျုပ်တို့ကို သွေးအစီအရင်ပြုလုပ်ပြီး စည်းတံဆိပ်ကို ချိုးဖျက်ဖို့ ကြိုးစားခဲ့တာပဲ”

သူက ကျောက်စိမ်းစမ်းချောင်းကမ္ဘာမှ လူများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး...

“ကျုပ်မိဘတွေ အခြေအနေဘယ်လိုရှိလဲ သိချင်ပါတယ်”

ထုန်ရှင်းလင်က သက်ပြင်းချလိုက်ပြီး ကွမ်းထုန်ကျီက တိုးဖျော့သည့်လေသံဖြင့်...

“အကြီးအကဲနှစ်ယောက်က ကျုပ်တို့ ကျောက်စိမ်းစမ်းချောင်းကမ္ဘာအတွက် သူတို့ကိုယ်သူတို့ စတေးခဲ့ကြပါတယ် ၊ နတ်ဘုရားထောင်ချောက်ဓားနဲ့ တာအိုဆရာ’ယွိတင်’ ရဲ့ ရုပ်အလောင်းကိုအသုံးပြုပြီး သွေးအစီအရင်နဲ့အတူ ရွှေရောင်တိမ်တိုက်တောင်ထွတ်မှာ စည်းတံဆိပ်ခတ်ခဲ့တာပါ”

ထိုစကားကိုကြားတော့ ရန်တိက မျက်လုံးများကိုမှိတ်လိုက်ပြီး ခေါင်းကိုမော့လျှက် တိတ်ဆိတ်ငြိမ်သက်နေသည်။

ရန်ကျောက်ကဲသည်လည်း မည်သည့်စကားမှ မဆိုခဲ့ပေ။

ကွမ်းထုန်ကျီက ဆက်ပြောလိုက်သည်။

“ပြီးတော့... ဒီစည်းတံဆိပ်က ထူးခြားပြီး ကျောက်စိမ်းစမ်းချောင်းကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံထားတယ် ၊ ကျုပ်တို့ အပြင်ထွက်ခွင့်မရဘဲ ပြင်ပလောကနဲ့ ကင်းလွတ်စေခဲ့တယ်”

စည်းတံဆိပ်ကြောင့် ဤနေရာ၏ ဗလာနယ်သည်လည်း ထူးခြားလာခဲ့သည်။

ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတို့က ဤကျောက်စိမ်းစမ်းချောင်းကမ္ဘာထက် များစွာကြီးမားသည်။

ထို့ကြောင့် ပုံမှန်ဆိုလျှင် ထိုကမ္ဘာများ၏ နယ်နိမိတ်အရံအတားက များစွာခိုင်မာသည်။

သို့သော် နတ်ဘုရားအဆင့် ကျင့်ကြံသူများ အထက်ဘုံကမ္ဘာ သို့မဟုတ် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကမ္ဘာတွင် တိုက်ခိုက်ကြသောအခါ အထူးသတိထားကြရသည်။

မဟုတ်ပါက နယ်နိမိတ်ဆုတ်ပြဲပြီး ကမ္ဘာပျက်ဆီးသွားနိုင်၏။

တိုက်ခိုက်သူများ၏နှစ်ဖက်အင်အားက လုံလောက်စွာကြီးမားသည်ဆိုလျှင် ကမ္ဘာများသည်ပင် ပျက်သုဉ်းသွားနိုင်သည်။

ထို့ကြောင့် နတ်ဘုရားအဆင့်ကျင့်ကြံသူများတိုက်ခိုက်ကြသည့်အခါ ကမ္ဘာများမထိခိုက်စေရန် တန်ခိုးစွမ်းအားကို ထိန်းချုပ်ထားလေ့ရှိကြသည်။ မဟုတ်ပါကလည်း ပြင်ပဗလာနယ်ထဲတွင်သာ စွမ်းအားအပြည့်သုံးပြီး တိုက်ခိုက်လေ့ ရှိကြ၏။

သို့သော် တာအိုဆရာ’ချင်းကျန်း’ က တော့ ကျောက်စိမ်းစမ်းချောင်းကမ္ဘာထဲမှာပင် စွမ်းအားအပြည့်အဝဖြင့် တိုက်ခိုက်ခဲ့ပြီး ရန်ကျောက်ကဲသည်လည်း အလားတူပင် ပြုလုပ်ခဲ့သည်။

သို့တိုင် သိသာထင်ရှားသည့်ပျက်ဆီးမှု မဖြစ်ပေါ်ခဲ့ပေ။

ဤသည်မှာ စည်းတံဆိပ်နှင့် တစ်စိတ်တစ်ပိုင်း သက်ဆိုင်နေသည်။

အတန်ကြာမှ ရန်ကျောက်ကဲက မေးခွန်းထုတ်လိုက်သည်။

“ဒီနေရာမှာ တံဆိပ်ခတ်ခံထားရတဲ့သူက ဘယ်သူလဲ”

ထိုမေးခွန်းကြားတော့ ထုန်ရှင်းလင်၏မျက်နှာ တည်ကြည်လေးနက်သွားသည်။

သူမက ရှင်းလင်းသည်စကားလုံးများဖြင့် ပြန်လည်ဖြေကြားလိုက်လေသည်။

“ဓားဗုဒ္ဓ...”

ရန်တိက ထပ်မံရေရွတ်လိုက်သည်။

“ဓားဗုဒ္ဓ ဟုတ်လား……”

ဗုဒ္ဓဘွဲ့ရရှိထားသူများမှာ ဗုဒ္ဓဘာသာအားဖြင့် တရားအလင်းရရှိထားသူများကို ဆိုလိုသည်။

အခြားစကားဖြင့်ဆိုရလျှင် တာအိုဝါဒမှ ‘ကောင်းကင်နတ်ဘုရားအဆင့်’ နှင့် ဗုဒ္ဓဘာသာမှ ‘ဗုဒ္ဓ’ အဆင့်က အတူတူပင် ဖြစ်၏။

အဖြူရောင်ကြာပန်းသုခဘုံမှ “ဗုဒ္ဓ” တစ်ပါးသည် ပြင်ပကျင့်ကြံသူဖြစ်လင့်ကစား ကောင်းကင်နတ်ဘုရားအဆင့် ဖြစ်လေသည်။

ထို့ပြင် သူ၏ဘွဲ့အမည်တွင်ပါရှိသည့် “ဓား” ဆိုသည့် အမည်က ထူးခြားလှသည်။

ဗုဒ္ဓဘာသာဆိုသည်က ရှောင်လင်သိုင်းကျင့်စဉ်အမျိုးမျိုးဖြင့် လွှမ်းခြုံခြင်းခံထားရသော်လည်း ဓားနှင့်ပတ်သက်သည့်ပညာရပ်က မရှိသလောက် ရှားပါးသည်။

သို့သော် ခြွင်းချက်ကတော့ ရှိစမြဲပင်။

ဘုန်းတော်ကြီးစန်းကျန့် မတိုင်မီက ဗုဒ္ဓဘာသာကျင့်ကြံသူတစ်ယောက် ရှိခဲ့ဖူးသည်။

ထိုသူက ဗုဒ္ဓဘာသာသို့ ဝင်ရောက်ခဲ့သော်လည်း ဓားသိုင်းလမ်းစဉ်ကို အလွန်စွဲလန်းခဲ့သည်။

နောက်ဆုံး ဗုဒ္ဓဘာသာသိုင်းကျင့်စဉ်များတွင် လမ်းသစ်တစ်ခုတည်ဆောက်ခဲ့ပြီး သံသရာလည်ရာ လမ်းခြောက်သွယ်ကို ဓားကျင့်စဉ်တံခါးအဖြစ်အသုံးပြု၍ သူ၏ကိုယ်ပိုင် “သံသရာဓားကျမ်း” ကို ဖန်တီးခဲ့သည်။

ထိုစဉ်အချိန်က ပြင်ပလူများက သူကို ဗုဒ္ဓဘာသာမှ ဓားသခင်ဟု ခေါ်ဆိုခဲ့ကြသည်။ နောက်ပိုင်းမှာတော့ သူ၏ဘွဲ့အမည်က “ဓားဗောဓိသတ္တ” ဟု ဖြစ်လာသည်။

ဓားသိုင်းလမ်းစဉ်၏တိုးတက်မှုက နှေးကွေးပြီး ခက်ခဲသည်။

ဓား‌ဗုဒ္ဓက ဗုဒ္ဓဘာသာတွင် ဓားသိုင်းလမ်းစဉ်ကို ကိုယ်ပိုင်တည်ထောင်ခဲ့သည်ဖြစ်ရာ ရှေ့ဆက်ရမည့်ခရီးတွင် ကိုယ့်လမ်းကိုယ်တူးဖော်ရသဖြင့် တိုးတက်မှုက ပိုမိုခက်ခဲခဲ့သည်။

အလယ်ခေတ် ပြီးဆုံးသည့်နောက် အလယ်ပိုင်းသုခဘုံက အဖြူရောင်ကြာပန်းသုခဘုံသို့ ပြောင်းလဲခဲ့ပြီး ဗုဒ္ဓဘာသာကိုယ်တော်များစွာ ထိုနေရာမှ ထွက်ခွာခဲ့ကြသည်။

ထိုသူများထဲတွင် ‘ဓားသခင်’ လည်း ပါဝင်ခဲ့သည်။

သို့သော် မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးတို့ တိုက်ခိုက်ချိန်တွင် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သော ‘ဓားသခင်’ က အဖြူရောင်ကြာပန်းသုခဘုံဘက်မှရပ်တည်ပြီး စစ်ပွဲတွင် ပါဝင်ခဲ့သည်။

ထိုအချိန်တွင် သူက မူလကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီး တရားအလင်းရရှိခဲ့ပြီးဖြစ်သဖြင့် လူတိုင်းက သူ့ကို “ဓားဗုဒ္ဓ” ဟု ခေါ်ဆိုနေကြပေပြီ။

မကြာသေးမီနှစ်များအတွင်း ရန်ကျောက်ကဲနှင့် ရန်တိအပါအဝင် လူအများစုက ဓားဗုဒ္ဓ၏တပည့် မျိုးဆက်သစ်ဓားဗုဒ္ဓဆိုသော လမ်းခြောက်သွယ်ဓားသခင်’ချွိစု’ အကြောင်း ကြားသိခဲ့ရသည်။

ထို မျိုးဆက်သစ်ဓားဗုဒ္ဓက ဆရာဖြစ်သူထက်ပင်သာလွန်သည်ဟု ဆိုကြ၏။

မျိုးဆက်သစ်ဓားဗုဒ္ဓ၏ဆရာဖြစ်သူ “ဓားဗုဒ္ဓ” ကတော့ လောကမှ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့လေသည်။

ထုန်ရှင်းလင်က ‌ကောင်းကင်ယံသို့ လက်ညှိုးထိုးပြလိုက်ပြီး တည်ကြည်လေးနက်သည့်အမူအရာဖြင့် စကားဆိုလိုက်သည်။

“သူ... အဲဒီနေရာမှာ ရှိနေတယ်”

All Chapters