← Chapters

ဓားဗုဒ္ဓကဘယ်လိုမျိုးလဲ

Vol. 109 Ch. 1527

ဓားဗုဒ္ဓကဘယ်လိုမျိုးလဲ

Vol. 109 Ch. 1527

အခန်း (၁၅၂၇) ဓားဗုဒ္ဓကဘယ်လိုမျိုးလဲ

သူမ၏စကားကိုကြားတော့ ရန်ကျောက်ကဲမျက်ဝန်းထဲ အလင်းရောင်တစ်ချက် လင်းလက်သွားသည်။

“သူက သံသရာလမ်းခြောက်သွယ်မှာ နောက်တစ်လမ်းကို ကူးပြောင်းသွားတာလား”

ထုန်ရှင်းလင်က တည်ငြိမ်စွာဖြင့်...

“ဆယ်စုနှစ်တွေအများကြီး တိုက်ခိုက်ပြီးတဲ့နောက် ဓားဗုဒ္ဓရဲ့အခြေအနေက ပိုပြီးထူးဆန်းလာတယ် ၊ အရင်က ခေါင်းမာမှုတွေပျောက်ဆုံးသွားပြီး သွေးဆာမှုတွေနဲ့ ပြည့်နက်လာခဲ့တယ်”

ရန်ကျောက်ကဲနှုတ်ခမ်းများ တွန့်ကွေးသွားသည်။

“.... ငရဲဘုံ”

ဓားဗုဒ္ဓ၏ သံသရာလမ်းခြောက်သွယ်တွင် ငရဲဘုံက လူသားများအတွက် အန္တရယ်အများဆုံးလမ်းစဉ် ဖြစ်သည်။

နှိုင်းယှဉ်ပြောရလျှင် အသူရာဘုံ၏ခေါင်းမာမှု ၊ ပြိတ္တာဘုံ၏လောဘကြီးမှုတို့မှာ ဆိုးသွမ်းသည့်တိုင် အနည်းဆုံး ညှိနှိုင်း၍ရနိုင်သေးသည်။

သို့သော် ငရဲဘုံကတော့ သွေးဆာမှုဖြင့် သက်ရှိအားလုံးကို သုတ်သင်သတ်ဖြတ်ပြီး လူ့လောကတစ်ခုလုံးကို ငရဲအဖြစ်ပြောင်းလဲဿွားစေနိုင်သော ဖျက်ဆီးမှု ၊ ခြိမ်းခြောက်မှုတို့ဖြင့် ပြည့်နက်နေသည်။

ငရဲဘုံသို့ရောက်ရှိသွားလျှင် ဓားဗုဒ္ဓက မဟာဗုဒ္ဓအသွင်ယူထားသည့် မဟာနတ်ဆိုးတစ်ပါး ဖြစ်လာပေမည်။

လမ်းမှန်ဗုဒ္ဓဘာသာတွင် ဓားဗောဓိသတ္တအဖြစ်ရှိခဲ့စဉ်အချိန်များနှင့် အဖြူရောင်ကြာပန်းသုခဘုံသို့ ရောက်ရှိလာကာ ဓားဗုဒ္ဓဖြစ်လာပြီးနောက်ပိုင်းများတွင်လည်း ဓားဗုဒ္ဓက ငရဲဘုံသို့ဝင်ရောက်သည်နှင့် နှစ်ပေါင်းထောင်နှင့်ချီပြီး တံခါးပိတ်ကျင့်ကြံနေလေ့ ရှိခဲ့သည်။

ယခင် အလယ်ပိုင်းသုခဘုံပဲဖြစ်ဖြစ် ၊ ယခု အဖြူရောင်ကြာပန်းသုခဘုံပဲဖြစ်ဖြစ် ဓားဗုဒ္ဓ ငရဲဘုံသို့ဝင်ရောက်ချိန်တွင် လူစိတ်ပျောက်ပြီး စိတ်ရူးပေါက်မသွားစေရန် စောင့်ရှောက်ထိန်းသိမ်းပေးခဲ့ကြသည်။

အဖြူရောင်ကြာပန်းသုခဘုံက ယုံကြည်ခြင်းစွမ်းအားကို ဦးစားပေးကြသည်။

အမတခုံရုံးနှင့် နှစ်ပေါင်းများစွာတိုက်ခိုက်ခဲ့သည့်တိုင် ကျွမ်းကျင်သူအချင်းချင်း တိုက်ခိုက်ကြသည့်တိုက်ပွဲသာလျှင်ဖြစ်ပြီး သာမန်လူများ ပဋိပက္ခထဲတွင် ပါဝင်သည်မှာ အလွန်ရှားပါးသည်။

ဓားဗုဒ္ဓ ငရဲဘုံသို့ဝင်ရောက်ပါက ချက်ချင်းပင် သတ်ဖြတ်လိုသောဓားတစ်လက်ကိုကိုင်ဆောင်ထားသည့် နတ်ဆိုးတစ်ပါး ဖြစ်လာပေမည်။

သူ၏သွေးဆာမှုက ငရဲကိုးထပ်မှ နတ်ဆိုးအများစုကိုပင် ကျော်လွန်သွားမည်ဖြစ်ပြီး အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ သတ်ဖြတ်ပစ်မည် ဖြစ်သည်။

အစပိုင်းတွင် ဓားဗုဒ္ဓ စီစဉ်ထားသည်မှာ သူက ဗုဒ္ဓအသွင်ဖြင့် ကျောက်စိမ်းစမ်းချောင်းကမ္ဘာသို့ ဆင်းသက်ရန် ဖြစ်သည်။

တာအိုဆရာ’ယွိတင်’ အသက်ရှင်နေခြင်းမရှိပါက နတ်ဘုရားထောင်ချောက်ဓားကို လွယ်ကူစွာ ယူဆောင်သွားပြီး နေထိုင်သူများကိုပါ အဖြူရောင်ကြာပန်းသုခဘုံသို့ ခေါ်ဆောင်သွားရန် ရည်ရွယ်ထားသည်။

ငရဲဘုံသို့မဝင်ရောက်သေးခင် သူ့တွင် အချိန်များစွာရှိနေလေသည်။

သို့သော် အသူရာဘုံ၏ ခေါင်းမာမှုကြောင့် ရန်ရှင်းထန် ၊ တိချင်းလျန်တို့ ဇနီးမောင်နှံနှင့် အလကားသက်သက် ဆယ်စုနှစ်များစွာ ဖြုန်းတီးပစ်ခဲ့သည်။

အချိန်ကုန်ဆုံးလာသည်နှင့်အမျှ အသူရာဘုံမှ ငရဲဘုံသို့ ပြောင်းလဲမည့်နေ့ရက်သို့ ရောက်ရှိလာခဲ့သည်။

ထိုသို့ဖြင့် သူ၏ယှဉ်ပြိုင်လိုစိတ်များ ပျောက်ဆုံးသွားပြီး သွေးဆာမှုများ အစားထိုးလာခဲ့သည်။ ထို့ကြောင့်ပင် ဓားဗုဒ္ဓက ရန်ရှင်းထန် ၊ တိချင်းလျန်တို့ ဇနီးမောင်နှံဖြင့် ထပ်မံတိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိတော့ပေ။

ကျောက်စိမ်းစမ်းချောင်းကမ္ဘာတွင် နေထိုင်သူများကို အဖြူရောင်ကြာပန်းသုခဘုံသို့ ခေါ်ဆောင်သွားမည်ဆိုသော အတွေးကိုလည်း စွန့်လွှတ်လိုက်သည်။

ထိုအစား သူက လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ခဲ့ပြီး အားလုံးကို တစ်ခါတည်း အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့သည်။

ရန်ကျောက်ကဲက လက်တစ်ဖက်ဖြင့် နဖူးကိုထောက်လိုက်ရင်း...

“သံသရာဓားကျမ်း……”

တိရိစ္ဆန်ဘုံတွင်ရှိနေမည်ဆိုလျှင် အရေးမကြီးပေ။

ဓားဗုဒ္ဓအနေဖြင့် သိစိတ်နိုးတစ်ဝက်အနေအထားတွင်ရှိနေမည်ဖြစ်ပြီး သူ၏စိတ်အစဉ်က လူ့လောကနှင့် ကင်းလွတ်နေမည် ဖြစ်သည်။

နတ်ဘုံတွင်ရှိမည်ဆိုပါက မည်သူ့ကိုမှဒုက္ခမပေးဘဲ နတ်ဘုရားထောင်ချောက်ဓားကိုသာလျှင် ယူဆေင်သွားနိုင်သည်။

ကံမကောင်းစွာဖြင့် ဓားဗုဒ္ဓ ကျောက်စိမ်းစမ်းချောင်းကမ္ဘာသို့ ရောက်ရှိချိန်တွင် နတ်ဘုံ မဟုတ်ဘဲ အသူရာဘုံ ဖြစ်နေခဲ့သည်။

သို့သော် အသူရာဘုံကြောင့်ပင် သူက ရန်ရှင်းထန် ၊ တိချင်းလျန်တို့ဖြင့် ဓားသိုင်းယှဉ်ပြိုင်ရန် လှုံ့ဆော်ခံခဲ့ရသည်။

အသူရာဘုံမှတစ်ဆင့် လူ့ဘုံ သို့မဟုတ် ပြိတ္တာပုံသို့ ပြောင်းလဲသွားမည်ဆိုပါက ဓားဗုဒ္ဓအနေဖြင့် ကျောက်စိမ်းစမ်းချောင်းကမ္ဘာမှ လူများအားလုံးကို အဖြူရောင်ကြာပန်းသုခဘုံသို့ ခေါ်ဆောင်သွားမည်မှလွဲပြီး အခြားဆိုးရွားသောလုပ်ရပ်များ လုပ်ဆောင်မည် မဟုတ်ပေ။

သို့သော် ငရဲဘုံသို့ဝင်ရောက်လာသည့်အအခါ သူ၏စိတ်က အားလုံးကို သတ်ဖြတ်ပစ်ခြင်းဖြင့် အဆုံးသတ်မည် ဖြစ်၏။

ဤအခြေအနေကို ရင်ဆိုင်ရလျှင် ရန်ရှင်းထန်နှင့် တိချင်းလျန်တို့သည်လည်း သူ့ကို ထပ်မံအချိန်ဆွဲထားရန် တတ်နိုင်မည် မဟုတ်တော့ပေ။

ထို့ကြောင့်ပင် လျှို့ဝှက်ပြင်ဆင်ထားသည့် စည်းတံဆိပ်ကို အသက်သွင်းခဲ့ရသည်။

ဇနီးမောင်နှံနှစ်ယောက်က ကိုယ်တိုင်ပင် သွေးအစီအရင်ပြုလုပ်ကာ ငရဲဘုံသို့ ဝင်ရောက်ပြီဖြစ်သော ဓားဗုဒ္ဓကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့သည်။

ရန်ရှင်းထန်နှင့် တိချင်းလျန်တို့ အသက်ပေးခဲ့ရသည့်တိုင် ကျောက်စိမ်းစမ်းချောင်းကမ္ဘာတွင် နေထိုင်သူများအားလုံး ဘေးကင်းခဲ့ကြသည်။

အခြေအနေများကို ရှင်းပြပြီးသည့်နောက် ထုန်ရှင်းလင်နှင်နှင့် ကွမ်းထုန်ကျီတို့၏အသံက အနည်းငယ် ဝမ်းနည်းပူဆွေးရိပ် ယှက်သမ်းနေသည်။

ရန်တိက မျက်လုံးများကိုမှိတ်ကာ တိတ်ဆိတ်နေလေသည်။

တာအိုဆရာ’ချင်းကျန်း’ သက်ပြင်းချလိုက်ပြီး ယောင်းယွင်ချန်ကတော့ နှုတ်ခမ်းကိုတင်းတင်းစေ့ ၊ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်း ငြိမ်သက်နေသည်။

သူက ထိုကပ်ဘေးကို ကိုယ်တိုင် မခံစားဖူးခဲ့ချေ။

ထို့ကြောင့် ဓားဗုဒ္ဓ၏ သတ်ဖြတ်လိုသည့်အငွေ့အသက်ကို တာအိုဆရာ’ချင်းကျန်း’ နှင့် ထုန်ရှင်းလင်တို့လောက် နက်နဲစွာ နားမလည်နိုင်ခဲ့ပေ။

ယခုလည်း ဤမျှဆိုးရွားသော ဘေးဒဏ်ကြီးအကြောင်း ကြားသိနေရသည့်တိုင် ဆရာဖြစ်သူ၏သေဆုံးမှုကို လက်မခံနိုင်သေးပေ။

ထိုအချိန် တာအိုဆရာ’ချင်းကျန်း’ က နှာခေါင်းရှုံ့လိုက်ရင်း...

“သူတို့က ကျုပ်တို့ ကျောက်စိမ်းစမ်းချောင်းကမ္ဘာအတွက် စတေးခဲ့တယ်လို့ ပြောနေတာလား ၊ သူတို့က ကိုယ့်သေလမ်းကိုယ်ရှာတာပဲလေ”

ထိုစကားကြားတော့ ရန်တိက သူ့ကို လှမ်းကြည့်လိုက်ရာ တာအိုဆရာ’ချင်းကျန်း’ မှာ ကျောရိုးထဲအထိ အေးစိမ့်မှုကို ခံစားလိုက်ရသည်။

သို့သော် သူက ဆက်ပြောလိုက်သည်။

“ဓားဗုဒ္ဓ အသူရာဘုံမှာရှိနေတဲ့အချိန်မှာ သူတို့နှစ်ယောက်က ခေါင်းမာမာနဲ့ မဟန့်တားခဲ့ဘူးဆိုရင် ကျုပ်တို့အခြေအနေက အဆိုးဆုံးရှိမှ ဗုဒ္ဓဘာသာထဲ ဝင်ရရုံပဲရှိမှာ ၊ သူတို့သာ မရှိခဲ့ရင် ဒီလောက်အထိ ဖြစ်လာမှာ မဟုတ်ဘူး”

ထုန်ရှင်းလင်နှင့် ကွမ်းထုန်ကျီတို့က မကျေမနပ်ဖြင့် တာအိုဆရာ’ချင်းကျန်း’ ကို လှမ်းကြည့်လိုက်ကြသည်။

ကျောက်ကျန်းကလည်း နက်ရှိုင်းသည့်အသံဖြင့် ဝင်ပြောလိုက်သည်။

“အခု ကျုပ်ဆရာ သက်တမ်းကုန်ဆုံးတော့မယ် ၊ မူလသမ္မာတရားကပ်ဘေးကိုစိန်ခေါ်ဖို့ မျှော်လင့်ချက် ဆုံးရှုံးခဲ့ရပြီ ၊ ကျုပ်တို့တွေ သက်တမ်းရှည်ခဲ့ကြတယ်ဆိုပေမယ့် ဒီအရံအတားကို မဖြိုခွဲနိုင်လို့ ကျင့်ကြံခြင်းအဆင့်မတက်နိုင်ဘဲ ရပ်တန့်နေခဲ့ကြရတယ် ၊ ကျုပ်တို့ ဘယ်လောက်အချိန်ကြာမြင့်အောင် အသက်ရှည်ပါစေ မူလသမ္မာတရားကပ်ဘေးကို စိန်ခေါ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး”

သူက ရန်ကျောက်ကဲနှင့် ရန်တိတို့ကို တစ်ချက်ကြည့်လိုက်ပြီး...

“မင်းတို့ဘိုးဘေးတွေ ဗုဒ္ဓဘာသာထဲမဝင်ချင်တာ မင်းတို့ကိစ္စပဲ ၊ ဒါပေမဲ့ အဲဒီကိစ္စက ကျုပ်တို့ရှေ့ဆက်မယ့်လမ်းအတွက် အတားအဆီး ဖြစ်လာခဲ့တယ် ၊ အဲဒါက ရွံရှာစက်ဆုပ်စရာ မကောင်းဘူးလား”

“ပြီးတော့... တွေးကြည့်မယ်ဆိုရင် ဗုဒ္ဓဘာသာမှာရော ဘာများ မကောင်းတာရှိလို့လဲ”

တာအိုဆရာ’ချင်းကျန်း’ ကလည်း ကျယ်လောင်စွာဖြင့် ဝင်ပြောလိုက်သည်။

“ကျင့်ကြံဖို့ဆိုတာ လွယ်ကူတာ မဟုတ်ဘူး ၊ ဘယ်နည်းလမ်းနဲ့ပဲကျင့်ကြံပါစေ ကျင့်ကြံခြင်းအဆင့်တက်ရင် ပြီးတာပဲ မဟုတ်ဘူးလား ၊ တာအိုဝါဒတစ်ခုတည်းမှာပဲ ကျင့်ကြံနိုင်တာမဟုတ်ပါဘူး ၊ တာအိုဝါဒကိုစွန့်လွှတ်ပြီး ဗုဒ္ဓဘာသာထဲဝင်တော့ရော ဘာဖြစ်မှာမို့လို့လဲ”

ရန်ကျောက်ကဲက သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။

“မင်း တာအိုဝါဒထဲဝင်ပြီး စတင်ကျင့်ကြံတုန်းက လမ်းမှန်တာအိုဝါဒကို ရွေးချယ်ခဲ့တာလား ၊ ပြင်ပဗုဒ္ဓဘာသာကို ရွေးချယ်ခဲ့တာလား”

ထိုမေးခွန်းကိုကြားတော့ တာအိုဆရာ’ချင်းကျန်း’ အံ့အားသင့်သွားသည်။ ပါးစပ်ဟကာ တုံ့ပြန်ပြောဆိုချင်သော်ငြား တုံ့ဆိုင်းလို့နေလေသည်။

ရန်ကျောက်ကဲက သူ့ကိုထပ်မကြည့်တော့ဘဲ ‌ကျောက်ကျန်းကို လှမ်းကြည့်လိုက်သည်။

“လွန်ခဲ့တဲ့နှစ်ပေါင်း(၂၉၇၀)က ဓားဗုဒ္ဓ ကျောက်စိမ်းစမ်းချောင်းကမ္ဘာကို ရောက်လာတတော့ မင်းတို့ တာအိုဝါဒကိုစွန့်လွှတ်ပြီး မီလဲ့ကိုယ်တော်ရဲ့အဆုံးအမကို လိုက်နာချင်ခဲ့ကြလို့လား”

တာအိုဆရာ’ချင်းကျန်း’ က ခေါင်းခါလျှက် သက်ပြင်းချလိုက်ပြီး...

“အဲဒီလိုတော့ မဟုတ်ဘူးပေါ့ ၊ ဘယ်သူမှ သုခဘုံကိုဝင်ဖို့ တွေးခဲ့ကြတာ မဟုတ်ဘူးလေ ၊ ဒါပေမဲ့...”

ကျောက်ကျန်းက ဝင်ပြောလိုက်သည်။

“အဲဒီအချိန်တုန်းက ကျုပ်ဆရာက ဗုဒ္ဓဘာသာထဲဝင်ဖို့ ဆန္ဒမရှိပေမယ့် ဒီလိုသာ စည်းတံဆိပ်ထဲပိတ်မိမနေခဲ့ဘူးဆိုရင် မင်းတို့တောင် သူ့ကို အခုလိုလှောင်ပြောင်ဖို့ အခွင့်အရေးရမှာ မဟုတ်ဘူး ၊ ဘာပဲဖြစ်ဖြစ် တာအိုဝါဒကိုစွန့်ပစ်ပြီး ဗုဒ္ဓဘာသာထဲဝင်မယ်ဆိုလည်း ဒါက... ကျုပ်တို့ကိစ္စပဲလေ”

ရန်ကျောက်ကဲက အေးစက်စွာပင် သူ့စကားကို ဖြတ်ပြောလိုက်သည်။

“ရွေးချယ်ခွင့်ရှိတာ မှန်ပါတယ် ၊ ဒါပေမဲ့ ငါ့အဘိုးနဲ့အဘွား အသက်စတေးခဲ့တာက မင်းဆရာကို ကာကွယ်ရုံတင်မဟုတ်ဘူး ၊ မင်းတို့ အဆက်အနွယ်အားလုံးကို ကာကွယ်ပေးခဲ့တာ”

သူက ဆက်ပြောလိုက်သည်။

“မင်းတို့ အခုလို လွတ်လပ်စွာရွေးချယ်ခွင့်အကြောင်း ပြောဆိုနေနိုင်တာကိုက ငါ့အဘိုးနဲ့အဘွားရဲ့ ကျေးဇူးကြောင့်ပဲ ၊ မဟုတ်လို့ကတော့ လွတ်လပ်စွာရွေးချယ်ခွင့်ဆိုတဲ့စကားကိုတောင် မင်းတို့ လွတ်လွတ်လပ်လပ် ပြောခွင့်ရှိမှာ မဟုတ်ဘူး ၊ မင်းတို့ အဖြူရောင်ကြာပန်းသုခဘုံကို ရောက်သွားရင် ပြင်ပဗုဒ္ဓဘာသာလမ်းစဉ်ကို မဖြစ်မနေရွေးချယ်ရတော့မှာလေ ၊ အခုလိုမျိုး ပြောဆိုခွင့်တောင် ရှိမှာမဟုတ်ဘူး”

“ဘာကိုမှမစွန့်စားချင်ဘဲနဲ့ အကျိုးအမြတ်ချည်းပဲ ယူချင်နေလို့ဖြစ်မလား ၊ အဲဒီလိုလူစားမျိုးကို ဘယ်လိုလူစားလို့ သတ်မှတ်ရမှာလဲ”

ရန်ကျောက်ကဲက ကျောက်စိမ်းစမ်းချောင်းကမ္ဘာမှလူများကို တစ်ချက်ကြည့်ရင်း ရုတ်တရက် ရယ်မောလိုက်သည်။

“မင်းတို့ မသိလို့ပါ ၊ ပြင်ပဗုဒ္ဓဘာသာအပြင် ငါတို့ တာအိုဝါဒမှာလည်း ပြင်ပတာအိုကျင့်ကြံသူတွေဆိုတာ ရှိသေးတယ်”

သူက ဆက်ပြောလိုက်သည်။

“မဟာကပ်ဘေးကြီးပြီးကတည်းက သူတို့အုပ်စုနှစ်စု အမြဲတမ်း ပဋိပက္ခတွေဖြစ်ပြီး တိုက်ခိုက်နေကြတာ ၊ သူတို့စကြာဝဠာတွေမှာ နေထိုင်သူတွေရဲ့ ယုံကြည်ခြင်းစွမ်းအားတွေကို လုယူနေခဲ့ကြတာ ၊ (၁၀)နှစ်တစ်ကြိမ် တိုက်ပွဲငယ်တွေဖြစ်ပြီး ရာစုနှစ်တစ်ကြိမ်မှာ တိုက်ပွဲကြီးတစ်ခုဖြစ်တယ် ၊ သမိုင်းတစ်လျှောက် မရေမတွက်နိုင်တဲ့ကျင့်ကြံသူတွေ သေကြေပျက်ဆီးခဲ့ကြရတယ် ၊ ဒါပေမဲ့ အဲဒီအဖွဲ့နှစ်ဖွဲ့လုံးရဲ့မျက်လုံးထဲမှာ မင်းတို့လိုလူတွေကို အသုံးချလို့ရတဲ့ စစ်သည်တွေလို့ပဲမြင်ထားတာ ၊ မင်းတို့အတွက် ယုံကြည်ခြင်းအလင်းတန်း လုံလောက်တာနဲ့ ကျဆုံးသွားတဲ့ကျင့်ကြံသူတွေနေရာမှာ အချိန်တိုအတွင်း အစားထိုးပြီး တိုက်ပွဲဝင်ခိုင်းမှာပဲ”

“သူတို့ရဲ့ စစ်ပွဲထဲပိတ်မိသွားလို့ကတော့ အေးအေးဆေးဆေး နေလို့ရမယ်မထင်နဲ့ ၊ စိတ်ပါလက်ပါ တိုက်ခိုက်ပေးလို့လည်း အောင်မြင်မှုရမယ်မထင်နဲ့ ၊ ဗုဒ္ဓဘာသာ ယုံကြည်ခြင်းအလင်းတန်းအောက်မှာ မင်းတို့တွေ ဘယ်လောက်ပဲကြိုးစားကြိုးစား ဘာမှဖြစ်မလာဘူး”

ရန်ကျောက်ကဲက တာအိုဆရာ’ချင်းကျန်း’ ၊ ကျောက်ကျန်းနှင့် ယောင်းယွင်ချန်တို့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

“နှစ်ပေါင်း(၂၀၀၀)ကျော်အတွင်း ဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေကြောင့် ကောင်းကင်နတ်ဘုရားတွေကလွဲရင် ကျန်တဲ့ကျင့်ကြံသူတွေ သုံးပုံတစ်ပုံလောက်ပဲ အသက်ရှင်နိုင်ကြတယ် ၊ ဒီတော့ မင်းတို့သာ ပြင်ပဗုဒ္ဓဘာသာထဲဝင်မယ်ဆိုရင် မူလသမ္မာတရားကပ်ဘေးကိုဖြတ်ကျော်ဖို့မပြောနဲ့ စစ်ပွဲထဲမှာသေသွားဖို့က ပိုများတယ်”

“နတ်ဘုရားအဆင့်တွေတောင် ဒီလိုသေကြေတယ်ဆိုရင်... နတ်ဘုရားအဆင့်အောက် ကျင့်ကြံသူတွေကိုတော့ ပြောမနေနဲ့တော့”

ကျောက်ကျန်းက တစ်စုံတစ်ခုပြောလိုဟန် ပါးစပ်ဟလိုက်သော်လည်း ရန်ကျောက်ကဲက အေးစက်စွာဖြင့် ဆက်ပြောလိုက်သည်။

“အခု ငါက မင်းတို့ အကျိုးအကြောင်းစဉ်းစားတတ်အောင် ရှင်းပြနေတာ ၊ ပြင်ပဗုဒ္ဓဘာသာထဲဝင်လို့ကတော့ မင်းတို့တွေ သေတဲ့အချိန်မှာ သေမှန်းတောင် သိလိုက်မှာမဟုတ်ဘူး”

ကျောက်ကျန်းက ခါးသက်စွာဖြင့်...

“မင်းက ဘာကောင်မို့လို့ ငါတို့ကို ဆရာလုပ်နေရတာလဲ ၊ စည်းတံဆိပ်ရှိနေသရွေ့ ငါတို့က လှောင်အိမ်ထဲအကျဉ်းချခံနေရသလိုပဲ ၊ စည်းတံဆိပ်ကိုဖွင့်လိုက်မယ်ဆိုရင် မင်းတို့မှာရော ဓားဗုဒ္ဓကိုရင်ဆိုင်နိုင်တဲ့အစွမ်း ရှိလို့လား ၊ တာအိုဝါဒက ဒီလောက်အားနည်းနေတယ်ဆိုရင်... မင်းတို့အနေနဲ့ ဗုဒ္ဓဘာသာကျင့်ကြံသူတွေရှေ့မှာ ဘာလို့ မာန်တက်နေဦးမှာလဲ”

ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“ဟုတ်တယ်... မီလဲ့ကိုယ်တော်က စွမ်းအားကြီးတာအမှန်ပဲ ၊ ဒါပေမဲ့ ဓားဗုဒ္ဓကတော့ အဟက်...”

ထို့နောက် ရန်ကျောက်ကဲက လက်ကိုမြှောက်လိုက်ရာ သွေးနီရောင်ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ လှည့်ပတ်ပျံသန်းသွားသည်။

ကောင်းကင်ယံထက်တွင် ရှုပ်ထွေးသော အင်းသင်္ကေတများ ထင်ရှားထွက်ပေါ်လာလေသည်။

All Chapters