← Chapters

စည်းတံဆိပ်ကိုချိုးဖျက်ခြင်း

Vol. 109 Ch. 1528

စည်းတံဆိပ်ကိုချိုးဖျက်ခြင်း

Vol. 109 Ch. 1528

အခန်း (၁၅၂၈) စည်းတံဆိပ်ကိုချိုးဖျက်ခြင်း

အင်းသင်္ကေတများ ထင်ရှားလာသည်နှင့်အမျှ ထူးဆန်းသော သွေးနီရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး နတ်ဘုရားထောင်ချောက်ဓားမှ ဓားဝိညာဉ် ယိုစိမ့်ထွက်ပေါ်လာသည်။

ထိုသွေးနီရောင်အလင်းတန်းများအတွင်းမှ နက်နဲသည့်အဓိပ္ပါယ်နှင့်စည်းမျဉ်းများက အခြားအရာများနှင့်မတူညီစွာ ကွဲပြားလွန်းသည်။

တာအိုဆရာ’ချင်းကျန်း’ ၊ ကျောက်ကျန်းနှင့် ယောင်းယွင်ချန်တို့က ရန်ကျောက်ကဲကို အေးစက်စွာဖြင့် စူးစိုက်ကြည့်နေကြသည်။

ရန်ကျောက်ကဲက သူတို့၏ သွေးအစီအရင်ကို လွယ်ကူစွာ ဖြိုခွင်းနိုင်ခဲ့သည့်တိုင် စည်းတံဆိပ်ကိုတော့ ချိုးဖျက်ရန် လွယ်ကူမည် မဟုတ်ပေ။

အမှန်တော့ တာအိုဆရာ’ချင်းကျန်း’ တို့အုပ်စုက အလုပ်ဖြစ်မည်ဟုထင်သော နည်းလမ်းများကိုသာ အသုံးပြုခဲ့ကြခြင်းဖြစ်ပြီး စည်းတံဆိပ်ကိုချိုးဖျက်ရန် လုံးဝ ယုံကြည်မှု မရှိခဲ့ကြပေ။

ရန်ကျောက်ကဲနှင့် ရန်တိတို့ရောက်ရှိလာခြင်းက သွေးအစီအရင်ပြုလုပ်နိုင်သဖြင့် သူတို့အတွက် အခွင့်အရေးကောင်းတစ်ခုရကာ မျှော်လင့်ချက် အနည်းငယ် ပိုမိုရရှိခဲ့သည်။

သို့သော် ထိုမျှော်လင့်ချက်က အနည်းငယ်သာပင်။

စည်းတံဆိပ်ကိုချိုးဖျက်ရန် ဤမျှလွယ်ကူပါက ကျောက်စိမ်းစမ်းချောင်းကမ္ဘာတစ်ခုလုံး ယခုလက်ရှိအချိန်ထိ နှစ်ပေါင်းနှစ်ထောင်ကျော် ပိတ်မိနေခဲ့မည် မဟုတ်ပေ။

ထုန်ရှင်းလင်နှင့် ကွမ်းထုန်ကျီတို့၏မျက်နှာအမူအရာများကတော့ ရှုပ်ထွေးသောခံစားချက်များဖြင့် ပြည့်နက်နေပြီး ရန်ကျောက်ကဲကိုတားဆီးရန် ရည်ရွယ်ခဲ့ကြသည်။

ကျောက်စိမ်းစမ်းချောင်းကမ္ဘာမှ အခြားသောနေထိုင်သူများသည်လည်း အံ့အားသင့်မှုများစွာဖြင့် အဝေးတစ်နေရာမှ ရန်ကျောက်ကဲရှိရာနေရာသို့ ချဉ်းကပ်လာကြသည်။

ရန်ရှင်းထန်နှင့် တိချင်းလျန်တို့၏ လုပ်ရပ်များအပေါ် အမြင်ကွဲပြားမှုနှင့် ဓားဗုဒ္ဓနှင့် အဖြူရောင်ကြာပန်းသုခဘုံ အပေါ် အမြင်ကွဲပြားမှုများကြောင့် ကျောက်စိမ်းစမ်းချောင်းကမ္ဘာမှ ယွိချင်အဆက်အနွယ်များကြားတွင် အုပ်စုနှစ်စု ကွဲသွားကြသည်။

အုပ်စုနှစ်ခုကြား အခါအားလျော်စွာ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ရန်ငြိုးရန်စ ပိုမို ပြင်းထန်လာခဲ့သည်။

သို့သော် တာအိုဆရာ’ချင်းကျန်း’ တို့ အုပ်စုရော ထုန်ရှင်းလင်တို့အုပ်စုပါ သဘောတူညီသော ကိစ္စတစ်ခု ရှိသည်။

ထိုအရာက “ဓားဗုဒ္ဓ၏တန်ခိုးစွမ်းအား” ပင်။

ကျောက်စိမ်းစမ်းချောင်းကမ္ဘာ၏ အမြင့်ဆုံးကျင့်ကြံခြင်းအဆင့်က နက်ရှိုင်းနတ်ဘုရားအဆင့်ဖြစ်လေရာ ဗုဒ္ဓဘာသာ ကောင်းကင်နတ်ဘုရားအဆင့် တရားအလင်းရပြီးသူတစ်ယောက်ကို မည်သည့်နည်းနှင့်မှ မယှဉ်နိုင်ပေ။

ရန်ကျောက်ကဲက တာအိုဆရာ’ချင်းကျန်း’နှင့် အခြားသူများကို လွယ်ကူစွာ ဖမ်းဆီးနိုင်ခဲ့သော်လည်း သူတို့က နက်ရှိုင်းနတ်ဘုရားအဆင့်သာ ဖြစ်သည်။

သူ့အနေဖြင့် ကောင်းကင်နတ်ဘုရားတစ်ပါးကို မည်သို့ရင်ဆိုင်နိုင်ပါမည်နည်း။

ထို့ကြောင့် ရန်ကျောက်ကဲ၏လုပ်ရပ်ကိုတားဆီးသံများ ထွက်ပေါ်လာလေသည်။

“တာအိုရောင်းရင်း... ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါဦး”

“မဆင်မခြင် မလုပ်ပါနဲ့”

ပုံမှန်အားဖြင့် နက်ရှိုင်းနတ်ဘုရားအဆင့်များသည်လည်း စည်းတံဆိပ်ကို ချိုးဖျက်နိုင်ခြင်း မရှိခဲ့ကြပေ။ သို့သော် ရန်ကျောက်ကဲ၏ ယုံကြည်မှုအပြည့်ရှိသောပုံစံက အခြားသူများကို ကြောက်ရွံ့စေခဲ့သည်။

ထိုအချိန် ရန်ကျောက်ကဲက သူ၏ဝတ်ရုံကိုလှုပ်ခါလိုက်ရာ အတွင်းထဲမှ အရိပ်တစ်ခု ပျံသန်းထွက်ပေါ်လာသည်။ ထိုအရိပ်က လေထဲတွင် ပိုမိုကြီးမားလာလေသည်။

လူတိုင်း အာရုံစိုက်ကြည့်လိုက်ရာ အရိပ်မှာ ကြီးမားသော သားရဲတစ်ကောင်နှင့် ဆင်တူပြီး အဖြူရောင်နှင့်အနက်ရောင်အမွှေးများ ပါရှိလေသည်။

“ဖီရှိုးသတ္တဝါပဲ...”

ကျောက်စိမ်းစမ်းချောင်းကမ္ဘာမှ လူတစ်ယောက်က အော်ဟစ်လိုက်သည်။

သူက သမိုင်းစာအုပ်များထဲတွင် မှတ်တမ်းတင်ထားသော နတ်မိစ္ဆာမျိုးနွယ်တစ်ခုကို ရုတ်တရက် သတိရလိုက်သောကြောင့်ပင်။

ထို့‌နောက် ကြီးမားသော ဖီရှိုးသတ္တဝါ၏ကျောပြင်ထက်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။

ရွှေရောင်အလင်းတန်းများက ကောင်းကင်ယံသို့ တည့်မတ်စွာထိုးဖောက်သွားပြီး အလွန်တရာကြီးမားသော နတ်မိစ္ဆာမျောက်မင်းတစ်ကောင် ထွက်ပေါ်လာသည်။

မျောက်မင်း၏ ကြီးမားသောပုံရိပ်က ကောင်းကင်ယံထိတိုင် မြင့်မားလွန်းသဖြင့် ကျောက်စိမ်းစမ်းချောင်းကမ္ဘာသည်ပင် မျောက်မင်းကို ထိန်းမထားနိုင်သလို ဖြစ်သွားရ၏။

“ချီ... ချီထျန်းမဟာသူ‌တော်စင်...”

နတ်မိစ္ဆာမျောက်မင်း၏ပုံစံကိုမြင်လိုက်သည်နှင့် ဒဏ္ဍာရီထဲမှ နာမည်တစ်ခု လူတိုင်းစိတ်ထဲ ဖြတ်သန်းသွားပြီး အံ့အားသင့်လွန်းသဖြင့် ထခုန်မိမတတ် ဖြစ်သွားကြသည်။

ထို့နောက် မျောက်မင်းက လက်နှစ်ဖက်ကို တပြိုင်တည်းပင့်မြှောက်လိုက်၏။

ထိုအခါ ကောင်းကင်ယံထက်မှ စည်းတံဆိပ်က ဆက်တိုက်ဆိုသလိုတုန်ခါလာပြီး အလင်းတန်းများက ဓားသွားပမာပေါင်းစည်းသွားလျှက် မျောက်မင်း၏လက်များကို ခုတ်ပိုင်းချလိုက်သည်။

သို့သော် နတ်မိစ္ဆာမျောက်မင်း၏ခန္ဓာကိုယ်တစ်ခုလုံးမှ ရွှေရောင်အမွှေးများထောင်မတ်လာပြီး ရွှေရောင်အလင်းတန်းများလှည့်ပတ်သွားကာ စည်းတံဆိပ်မှထွက်ပေါ်လာသည့် သွေးနီရောင်ဓားအလင်းတန်းကို ကြံ့ကြံ့ခံ ရင်ဆိုင်လိုက်သည်။

နတ်ဘုရားထောင်ချောက်ဓားက ပြင်းထန်သော်လည်း ဓားဗုဒ္ဓကို စည်းတံဆိပ်ခတ်ရန်အတွက် အဓိကအသုံးပြုထားခြင်း ဖြစ်သည်။

ပန်ပန်မှထုတ်ဖော်လိုက်သည့် ချီထျန်းမဟာသူတော်စင်၏ရွှေခန္ဓာက ထက်ရှသည့်ဓားအလင်းတန်းကို ကြံ့ကြံ့ခံနိုင်စွမ်းရှိသော ရွှေရောင်အမွှေးရှိသည့်လက်များအား စည်းတံဆိပ်အတွင်းပိုင်းနက်ရှိုင်းရာသို့ ထိုးသွင်းလိုက်သည်။

ကျောက်စိမ်းစမ်းချောင်းကမ္ဘာရှိ လူများအားလုံး အံ့အားသင့်မှုဖြင့် စိတ်ရှုပ်ထွေးနေကြချိန် ရန်ကျောက်ကဲက လက်ကိုမြှောက်လျှက် လေထဲတွင် အင်းသင်္ကေတများရေးဆွဲလိုက်ရာ သွေးနီရောင်ဓားအလင်းတန်းများ တစ်ခုပြီးတစ်ခု ကောင်းကင်ယံထက်ဆီသို့ ပျံသန်းထွက်ခွာသွားသည်။

သူ့ဘေးနားရပ်နေသည့်ရန်တိကတော့ မျက်နှာအမူအရာ တင်းမာနေဆဲ ဖြစ်သည်။

သူက စကားမဆိုဘဲ ဓားအလင်းတန်းတစ်ခု ပစ်လွှတ်လိုက်ရာ သူ၏ဓားအလင်းတန်းက ရန်ကျောက်ကဲ၏ဓားအလင်းတန်းနှင့်အတူ စည်းတံဆိပ်အတွင်း ပျံ့နှံ့ဝင်ရောက်သွားသည်။

ထို့နောက် ကောင်းကင်ယံထက် စည်းတံဆိပ်ထဲတွင် အပြောင်းအလဲများစွာ ဆက်တိုက် ဖြစ်ပေါ်လာသည်။

ပန်ပန်က ချီထျန်းမဟာသူတော်စင်၏ရွှေခန္ဓာစွမ်းအားကို အသုံးပြုကာ စည်းတံဆိပ်ကို နေရာမှမရွေ့စေရန် ထိန်းထားပြီး ရန်ကျောက်ကဲ၏လှုပ်ရှားမှုကို မခုခံရန် တားဆီးထားသည်။

ရန်ကျောက်ကဲက စည်းတံဆိပ်ကို ဖြိုခွင်းနေသဖြင့် ပန်ပန်က စည်းတံဆိပ်နှင့် တိုက်ရိုက်ရင်ဆိုင်ရန် မလိုအပ်ခဲ့ပေ။ သူက ကြီးမားသောအင်အားကို အသုံးပြုပြီး စည်းတံဆိပ်လည်ပတ်မှုအားလုံးကို ပယ်ဖျက်ရန်သာ လိုအပ်ခဲ့သည်။

လူတိုင်း အံ့သြတကြီး ကြည့်နေကြစဉ်...

မကြာမီအချိန်အတွင်းမှာပင် ကျောက်စိမ်းစမ်းချောင်းကမ္ဘာ၏ ကောင်းကင်ယံတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာသည်။

ကောင်းကင်ယံထက်မှ သွေးနီရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး ခမ်းနားသော ကျောက်စိမ်းအလင်းတန်းများ တောက်ပလာသည်။

ထို့နောက် ကျောက်စိမ်းအလင်းတန်းများသည်လည်း တဖြည်းဖြည်း မှေးမှိန်သွားကာ ကျောက်စိမ်းစမ်းချောင်းကမ္ဘာ၏ ကောင်းကင်ယံ တဖြည်းဖြည်း ပုံမှန် ပြန်ဖြစ်သွားသည်။

နောက်ဆုံးမှာတော့ နှစ်ပေါင်း(၂၀၀၀)ကျော် ပိတ်ဆို့ထားခဲ့သော စည်းတံဆိပ် ပျောက်ကွယ်သွားခဲ့လေသည်။

တာအိုဆရာ’ချင်းကျန်း’ တို့အုပ်စုကို မဆိုနှင့် ထုန်ရှင်းလင် ၊ ကွမ်းထုန်ကျီနှင့် အခြားသူများသည်ပင် တိတ်ဆိတ်နေခဲ့ကြသည်။

သူတို့အားလုံး စိတ်ရှုပ်ထွေးနေကြပြီး ရုတ်တရက် ပြောင်းလဲသွားသည့်အခြေအနေကို နားမလည်နိုင် ဖြစ်နေကြသည်။

လက်ရှိမှာတော့ ရွှေရောင်တိမ်တိုက်တောင်၏ ကောင်းကင်ယံ အထက်ပိုင်းတစ်နေရာတွင် သွေးနီရောင်အလင်းအချို့ တောက်ပနေသည်ကို တွေ့ရသည်။

လွှမ်းမိုးနိုင်စွမ်းမြင့်မားသည့် ရှေးကျသော စွမ်းအားရောင်ဝါအောက်ရှိ သွေးနီရောင်အလင်းတန်းထဲတွင် ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။

ဓားရှည်တစ်လက်နှင့် လူတစ်ယောက်...။

ဓားရှည်က ရိုးရှင်း‌သော်လည်း အလွန်ရှေးကျဟန်ရှိပြီး သွေးနီရောင်အလင်းတန်းတို့၏ မြစ်ဖျားခံရာ ဖြစ်သည်။

ဓားရှည်အအွင်းမှ အချိန်ကုန်ဆုံးမှု ၊ သက်တမ်းကုန်ဆုံးမှု ၊ ပျက်ဆီးမှု ၊ ဆိတ်သုဉ်းမှုနှင့် ရှေ့ကျသည့်ရောင်ဝါများ စိမ့်ထွက်နေ၏။

ဓားရှည်ပတ်ဝန်းကျင် ဗလာနယ်က တဖြည်းဖြည်းပြိုကျလာနေပြီး ပတ်ဝန်းကျင်မှ အရာဝတ္ထုများကို ဆွဲယူနေသည်။ ထိုနေရာရှိလေထုမှာ ပျက်ဆီးခြင်းဆီသို့ ဦးတည်နေသည့်ပမာ ထင်မှတ်ရသည်။

ထိုရှေးဟောင်းဓားကို အာရုံစိုက်ကြည့်မည်ဆိုပါက မတူညီသည့် ဗလာနယ်ထဲတွင် တည်ရှိနေသလို ခံစားရပေမည်။

ထိုဓားနှင့် မည်မျှနီးကပ်သည့်နေရာသို့ ရောက်လာပါစေ အလွန်အလှမ်းကွာဝေးနေသည့်ပမာ အနားသို့ မရောက်နိုင်ရှိချေသည်။

ထိုဓားက နတ်ဘုရားသုတ်သင်ဓား(၄)လက်မှ တစ်လက်ဖြစ်သော “နတ်ဘုရားထောင်ချောက်ဓား” သာပင်။

နတ်ဘုရားသတ်ဖြတ်ဓားနှင့် အဆင့်တူညီပြီး နတ်ဘုရားသုတ်သင်အစီအရင်ကို ပြီးပြည့်စုံအောင်ပြုလုပ်ရာတွင် ကူညီပေးနိုင်ပေသည်။

နတ်ဘုရားထောင်ချောက်ဓားနှင့် မျက်နှာချင်းဆိုင် အဝေးတစ်နေရာတွင် ကြာပန်းအသွင်ထိုင်နေသည့် တာအိုဆရာတစ်ယောက် ရှိနေသည်။

သူက မျက်လုံးများကို တင်းတင်းမှိတ်ထားပြီး တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ထိုတာအိုဆရာ၏ခန္ဓာကိုယ်မှ အသက်ဓာတ်စွမ်းအားများကတော့ ကုန်ဆုံးနေပြီ ဖြစ်၏။ သို့သော် သူ၏ခန္ဓာကိုယ်က ပုပ်သိုးခြင်းမရှိဘဲ အရေပြားထက်တွင် ကျောက်စိမ်းဖြူအလင်းရောင်များ တောက်ပလျှက် ရှိသည်။

သူက သေဆုံးသွားပြီဖြစ်သော်လည်း ကောင်းကင်ယံထက်တွင် သူ၏တည်ရှိမှုမှာ နတ်ဘုရားထောင်ချောက်ဓားနှင့်နှိုင်းယှဉ်လျှင် မှေးမှိန်သွားခြင်း မရှိပေ။

အသက်ဓာတ်စွမ်းအားများမရှိတော့သည်ဖြစ်ရာ သူ့ပုံစံက နတ်ဘုရားထောင်ချောက်ဓားထက်ပင် ဓားတစ်လက်နှင့် ပိုတူနေသေးသည်။

မည်သို့ပင်ဖြစ်စေ သူ၏ လွှမ်းမိုးနိုင်စွမ်းနှင့် ရေခဲပမာ အေးစက်သည့် ရက်စက်မှုက လူတိုင်းကို အံ့အားသင့်စေနေဆဲပင်။

ထုန်ရှင်းလင်နှင့် ကျောက်စိမ်းစမ်းချောင်းကမ္ဘာရှိ နေထိုင်သူများက ဂါရဝပြုလိုက်ကြသည်။

“ဆရာဘိုးဘိုးကို ဂါရဝပြုပါတယ်”

ဟုတ်ပေ၏။

ထိုတာအိုဆရာရုပ်အလောင်းမှာ ယွိချင်အဆက်အနွယ်မှ ထိပ်တန်းအကြီးအကဲ တာအိုဆရာ’ယွိတင်’ ပင် ဖြစ်၏။ သူ သေဆုံးပြီးနောက် ရုပ်အလောင်း ကျန်ရစ်ခဲ့ခြင်းသာပင်။

“တာအိုဆရာ’ယွိတင်’ ကို ဂါရဝပြုပါတယ်”

ရန်ကျောက်ကဲနှင့် ရန်တိတို့ကလည်း တာအိုဆရာ’ယွိတင်’ ၏ ရုပ်အလောင်းကို လေးနက်စွာဖြင့် ဂါရဝပြုလိုက်ကြသည်။

ထိုအချိန်မှာပင်...

နတ်ဘုရားထောင်ချောက်ဓားနှင့် တာအိုဆရာ’ယွိတင်’ ၏ ရုပ်အလောင်းကြားတွင် တောက်ပသည့် ဗုဒ္ဓအလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

သွေးနီရောင်ဓားအလင်းတန်းထဲတွင် အဖြူရောင်ကြာပန်းတစ်ပွင့် ရုတ်တရက်ပွင့်လန်းလာသည်။ အဖြူရောင်ကြာပန်း၏ရနံ့ စိမ့်ဝင်လာသည်နှင့် ဗုဒ္ဓကျမ်းဂန် ရွတ်ဆိုသံ ထွက်ပေါ်လာသည်။

အလွန် တန်ခိုးစွမ်းအားကြီးမားသည့် တည်ရှိမှုတစ်ခု ဆင်းသက်လာပြီး နေရာတွင်ရှိနေသူများအားလုံး လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။

ထုန်ရှင်းလင်နှင့်အခြားသူများ စိတ်ပျက်အားလျော့သွားကြသည်။

“ဓားဗုဒ္ဓ...”

စည်းတံဆိပ်ပျောက်ကွယ်သွားသည်နှင့် နတ်ဘုရားထောင်ချောက်ဓားနှင့် တာအိုဆရာ’ယွိတင်’ ၏ ရုပ်အလောင်းက ကမ္ဘာပေါ်တွင် ပြန်လည်ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျောက်စိမ်းစမ်းချောင်းကမ္ဘာနှင့်အတူ တံဆိပ်ခတ်ခံထားရသော ဓားဗုဒ္ဓ လူ့လောကသို့ ထပ်မံ ဆင်းသက်လာခဲ့လေသည်။

အဖြူရောင်ကြာပန်းက လေထဲလှည့်ပတ်သွားပြီး နတ်ဘုရားထောင်ချောက်ဓားဆီ ဦးတည်ထွက်ခွာသွားသည်။

သို့သော် တစ်ချိန်တည်းမှာပင် နားကန်းလုမတတ် စူးရှလွန်းသော အသံတစ်သံထွက်ပေါ်လာသည်။

အဆုံးမရှိသော မိစ္ဆာချီစွမ်းအားများ မြင့်တက်လာပြီး ကြီးမားသော နတ်မိစ္ဆာမျောက်မင်းက ကောင်းကင်ယံထက်သို့ခုန်တက်ကာ အဖြူရောင်ကြာပန်းကို ဆွဲယူလိုက်သည်။

နတ်မိစ္ဆာမျောက်မင်း၏ ကြုံးဝါးဟိန်းဟောက်သံနှင့်အတူ ကျောက်စိမ်းစမ်းချောင်းကမ္ဘာတွင် နေထိုင်သူများအပေါ် ကျရောက်နေသည့်ဖိအားများ ရုတ်ချည်းပျောက်ကွယ်သွားပြီး သူတို့၏လှုပ်ရှားမှုများ ထပ်မံပိတ်ဆို့ဟန့်တားခံရခြင်း မရှိတော့ပေ။

နတ်မိစ္ဆာချီစွမ်းအား၏ သက်ရောက်မှုကြောင့် အဖြူရောင်ကြာပန်း တုန်ခါသွားသည်။

ဖန်သားပမာကြည်လင်သည့် ဗုဒ္ဓအလင်းတန်းမြင့်တက်လာပြီး တန်ခိုးစွမ်းအားများဖြန့်ကျက်သွားကာ အဖြူရောင်ကြာပန်းထက်တွင် ဗုဒ္ဓတစ်ပါး၏ပုံရိပ် ထွက်ပေါ်လာသည်။

ထိုဗုဒ္ဓက မီးခိုးရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မျက်နှာက သာမန်မျှသာ ဖြစ်သည်။ သူ၏နောက်ကျောတွင်တော့ ဓားတစ်လက်ကို ဓားအိမ်ထဲထည့်လျှက် တစောင်းလွယ်ထားလေ၏။

All Chapters