မျိုးဆက်နှစ်ခု၏ဓားဗုဒ္ဓများ
Vol. 109 Ch. 1529
အခန်း (၁၅၂၉) မျိုးဆက်နှစ်ခု၏ဓားဗုဒ္ဓများ
အဖြူရောင်ကြာပန်းထက်တွင်ထိုင်နေသည့်ဗုဒ္ဓက အခြားဗုဒ္ဓဘာသာကျင့်ကြံသူများကဲ့သို့ ဦးခေါင်းထက်တွင် ရတနာရောင်ခြည် ဝန်းရံထားခြင်းမျိုး မရှိပေ။
သူ့ပုံစံက သာမန် အရပ်သားဘုန်းတော်ကြီးတစ်ပါးပုံစံနှင့် ပိုတူသည်။
သူ၏မျက်နှာက သေမျိုးလူသားတစ်ယောက်ပမာဖြစ်ပြီး မျက်ဝန်းများထဲတွင်လည်း ဉာဏ်အလင်းဖြင့် ပြည့်စုံခြင်းမျိုး လုံးဝမတွေ့ရှိရပေ။
များပြားလှစွာသော နိယာမများက သူ့ကို ငြိမ်သက်အေးချမ်းသည့်ပုံစံမျိုး ဖြစ်နေစေသော်လည်း သူ့ထံတွင် မရေမတွက်နိုင်သည့်ခံစားချက်များ စုစည်းနေပုံရသည်။
ယခု သူက နတ်ဘုရားထောင်ချောက်ဓားနှင့် တာအိုဆရာ'ယွိတင်' ၏ရုပ်အလောင်းကို စိုက်ကြည့်နေလေသည်။
သူ့ထံတွင် အာရုံစိုက်စရာအကောင်းဆုံးမှာ သူ့ကျောတွင်လွယ်ထားသည့် ဓားရှည်ဖြစ်သည်။ ထက်ရှသည့်ဓားချီများက ကောင်းကင်ထိတိုင်မြင့်တက်နေပြီး ကျောက်စိမ်းစမ်းချောင်းကမ္ဘာတစ်ခုလုံးကို ဝန်းရံထားသည်သာမက စကြာဝဠာဗလာနယ်သို့ပါ စိမ့်ဝင်ပျံ့နှံ့နေခဲ့သည်။
ထိုဓားချီ၏ အေးစက်သည့်အရှိန်အဝါက ပိုင်ရှင်မဲ့ဖြစ်နေသော နတ်ဘုရားထောင်ချောက်ထားထက်ပင် သာလွန်နေခဲ့သည်။
ထိုဗုဒ္ဓက “ဓားဗုဒ္ဓ” ပင် ဖြစ်ပေ၏။
ထုန်ရှင်းလင်နှင့် တာအိုဆရာ'ချင်းကျန်း' တို့က အတိတ်တစ်ချိန်က ဓားဗုဒ္ဓ မည်မျှအစွမ်းထက်ကြောင်း ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ဖူးကြသည်။
သူတို့အနေဖြင့် ဓားဗုဒ္ဓ၏ရုပ်သွင်ကို အာရုံမခံနိုင်ကြသည့်တိုင် ကျောက်စိမ်းစမ်းချောင်းကမ္ဘာတစ်ခုလုံးကို ဖိအားပေးနေသည့် ခမ်းနားထည်ဝါသည့်ရောင်ဝါကိုတော့ အာရုံခံမိကြသည်။
သို့သော် လက်ရှိတွင် ဓားဗုဒ္ဓ၏ရောင်ဝါက လွန်ခဲ့သောနှစ်ပေါင်း(၂၀၀၀)က သူတို့မှတ်ဉာဏ်ထဲမှပုံစံနှင့် လုံးဝမတူဘဲ ကွဲပြားနေခဲ့၏။
သွေးကြွခေါင်းမာသော အသူရာဘုံ ပုံစံနှင့်လည်း မတူညီသလို အစုလိုက်အပြုံလိုက် သတ်ဖြတ်ချင်စိတ်ပြည့်နက်နေသည့် ငရဲဘုံနှင့်လည်း မတူညီပေ။
တကယ်တော့ ဓားဗုဒ္ဓ၏လက်ရှိပုံစံတွင် ‘ဇင်’ ဗုဒ္ဓဘာသာ၏အရိပအယောင် လုံးဝ မတွေ့ရှိရပေ။
သူ့ကိုကြည့်ရသည်မှာ တရားအလင်းရထားသည့် ဗုဒ္ဓဘာသာ ထိပ်တန်းကျင့်ကြံသူတစ်ယောက်ထက် ဓားတာအိုကိုအောင်မြင်ထားသည့် တာအိုကျင့်ကြံသူ ကောင်းကင်ဘုံအရှင်တစ်ပါးနှင့် ပိုမိုဆင်တူနေခဲ့သည်။
“လူ့ဘုံကို ရောက်နေတာပဲ...”
ဓားဗုဒ္ဓအကြောင်း အနည်းအကျဉ်းနားလည်ထားသူများ၏စိတ်ထဲ ထိုအတွေးက ဖြတ်သန်းဝင်ရောက်သွားသည်။
ဓားဗုဒ္ဓက အဖြူရောင်ကြာပန်းထက်တွင်ထိုင်လျှက် လက်ကိုဆန့်တန်းပြီး နတ်ဘုရားထောင်ချောက်ဓားကို လှမ်းယူရန် ရည်ရွယ်လိုက်သည်။
သို့သော် အမွှေးများထူထပ်သည့်လက်ဖဝါးကြီးတစ်ဖက်က သူ့ကိုရိုက်ချလိုက်သည်။ ထိုရိုက်ချက်ပြင်းအားက ဓားဗုဒ္ဓ၏လက်များကို ကျိုးကျေသွားစေနိုင်သည်အထိ စွမ်းအားပြင်းထန်လေရာ ဓားဗုဒ္ဓမှာ ဓားကိုယူဆောင်နိုင်ခြင်း မရှိတော့ပေ။
"တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ နတ်မိစ္ဆာခန္ဓာက ဘာလို့ ဒီနေရာမှာ ရောက်နေရတာလဲ"
ဓားဗုဒ္ဓ၏မျက်နှာထက် စိတ်ရှုပ်ထွေးသည့်အရိပ်အယောင်ထွက်ပေါ်လာသည့်တိုင် သူ့ပုံစံက တုန်လှုပ်ခြင်းမရှိသလို အနည်းငယ်ပင် နောက်ဆုတ်သွားခြင်းလည်း မရှိခဲ့ပေ။
သူ့လက်တစ်ဖက်က ရှေ့သို့ဆန့်တန်းနေဆဲဖြစ်ပြီး ကျန်လက်တစ်ဖက်ကတော့ သူ့နောက်ကျောမှဓားကို ဆွဲထုတ်လိုက်သည်။
ထို့နောက်မှာတော့ ကောင်းကင်တစ်ခွင်ပျံ့နှံ့နေသည့် ထိတ်လန့်ဖွယ်ရာအလင်းတန်းများက ကြယ်တံခွန်မိုးများသဖွယ်ကျဆင်းလာပြီး ဧရာမ နတ်မိစ္ဆာမျောက်မင်းဆီသို့ တည့်တည့်မတ်မတ် ပစ်ခတ်ဝင်ရောက်သွားသည်။
“မင်းက ပန်းနှစ်ပွင့်ပေါင်းစည်းခြင်းသရဖူအဆင့်ဆိုပေမယ့် ချီထျန်းမဟာသူတော်စင်ရဲ့ ပြိုင်ဘက်ကင်းတန်ခိုးစွမ်းအားကိုတော့ ဘယ်တော့မှမီနိုင်မှာ မဟုတ်ဘူး”
ဓားဗုဒ္ဓ၏စကားသံ အဆုံးသတ်သွားသည်နှင့် ဓားအလင်းတန်းများက အောက်ဘက်သို့ ကျဆင်းလာသည်။
အောက်ဘက်တွင်ရှိနေသည့် နတ်မိစ္ဆာမျောက်မင်းက သွားများကိုဖြဲလိုက်ပြီး...
“မင်းက ပန်းသုံးပွင့်ပေါင်းစည်းခြင်းသရဖူအဆင့်လေ ၊ ကိုယ့်ကိုယ်ကိုယ် လှည့်ဖြားမနေစမ်းပါနဲ့”
ထို့နောက် နတ်မိစ္ဆာမျောက်မင်းက လက်နှစ်ဖက်ပင့်မြှောက်လိုက်ရာ သူ၏လက်ဖဝါးများထဲတွင် ရွှေရောင်အလင်းတန်းများ စုစည်းလာသည်။
ရွှေရောင်အလင်းတန်းများက ကြီးမားသည့် ရူယိရွှေတုတ်အဖြစ်ပြောင်းလဲသါားပြီး ပတ်တန်းကျင်တစ်ခွင် စကြာသဖွယ် ကြမ်းတမ်းစွာ လည်ပတ်သွားသည်။
ရူယိရွှေတုတ် လှည့်ပတ်သွားသည်နှင့် သူ့ထံသို့ကျရောက်လာသည့် ကြယ်တံခွန်ပမာ ဓားအလင်းတန်းများအားလုံး ပျက်ဆီးပျောက်ကွယ်သွားသည်။
ထို့နောက် မျောက်မင်းခန္ဓာကိုယ်တစ်ပတ်လည်သွားပြီး ဓားကိုဆွဲယူတော့မည့် ဓားဗုဒ္ဓ၏လက်ကို ရိုက်ချိုးရန်ဟန်ပြင်လိုက်၏။
ဓားဗုဒ္ဓက သူ၏လုပ်ရပ်ကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သော်လည်း ခန္ဓာကိုယ်ဟန်ပန်ကတော့ ရုတ်တရက် ပုံစံပြောင်းသွားသည်။
သူက နေရာတိုင်းတွင်ရှိနေသူတစ်ယောက်ပမာ ပြောင်းလဲသွားပြီး မျောက်မင်း၏နောက်ကျောဘက် နှလုံးသားတည့်တည့်နေရာတွင် ဓားတစ်လက် ထွက်ပေါ်လာသည်။
ကောင်းကင်ကပ်ဘေးတစ်ခု ဆင်းသက်လာသည့်ပမာ ဓားတစ်လက်က ရန်ကျောက်ကဲနှင့် အခြားသူများ၏ဦးခေါင်းထက်တွင် ထွက်ပေါ်လာသည်။
ထို့နောက် နတ်ဘုရားထောင်ချောက်ဓား၏ဘေးနားတွင် လက်တစ်ဖက်ထွက်ပေါ်လာပြီး ထိုလက်က ဓားကိုဆုပ်ကိုင်ရန် ကြိုးစားလိုက်၏။
တစ်ချိန်တည်းမှာပင် ဓားဗုဒ္ဓထွက်ပေါ်လာပြီး အရာအားလုံးကို အစစ်အမှန်ဖြစ်စေရန် ဖန်တီးလိုက်သည်ဖြစ်ရာ မည်သည့်အရာမှ ထင်ယောင်ထင်မှား ဖြစ်ခြင်းမျိုး မရှိပေ။
ဤသည်ကပင် ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက်၏ အံ့မခန်းစွမ်းရည်ပင် ဖြစ်၏။
“တိုက်...”
နတ်မိစ္ဆာမျောက်မင်းက အော်ဟစ်လိုက်ပြီး ကောင်းကင်ယံထက် လေထုထဲသို့ ခုန်ဝင်လိုက်သည်။ ရုတ်တရက်ပင် မျောက်မင်း၏ပုံရိပ်ပေါင်းများစွာ ဗလာနယ်ထဲတွင် ထွက်ပေါ်လာသယောင် ထင်မှတ်ရသည်။
နေရာတိုင်းတွင်ရှိနေသည့် ဓားဗုဒ္ဓကိုယ်ခွဲအရေအတွက်နှင့် နတ်မိစ္ဆာမျောက်မင်း၏အရေအတွက်က တူညီနေခဲ့သည်။
အဖြစ်အပျက်များက မယုံနိုင်စရာကောင်းလောက်အောင် ဆန်းကြယ်လွန်းလေရာ ရန်ကျောက်ကဲနှင့် အခြားသူများအတွက် အိပ်မက်ကမ္ဘာထဲ ရောက်ရှိနေသည့်ပမာ ခံစားရသည်။
နောက်တစ်စက္ကန့်သောအချိန်မှာတော့ သူတို့နှစ်ယောက်လုံး၏ အံ့မခန်းတန်ခိုးစွမ်းအားများ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ကောင်းကင်ယံထက်တွင် ရွှေရောင်အမွှေးရှိသော မျောက်ဝံကြီးတစ်ကောင်နှင့် ဓားကိုင်ထားသည့် ဘုန်းတော်ကြီးတစ်ပါး ပုံမှန်အတိုင်း တိုက်ခိုက်နေခြင်းသာ ကျန်ရှိတော့သည်။
“ချီထျန်းမဟာသူတော်စင် ... ချီထျန်းမဟာသူတော်စင်ကတော့ ချီထျန်းမဟာသူတော်စင်ပါပဲ”
ဓားဗုဒ္ဓ သက်ပြင်းချလိုက်သည်။
“ထိုက်ရွှီးမူလနတ်ဘုရားအဆင့်ကို ကျဆင်းသွားတာတောင် ကောင်းကင်နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားတွေ အပြည့်အဝ ကျန်ရှိနေတုန်းပဲ ၊ ပြီးတော့ ဒီတန်ခိုးစွမ်းအားတွေကိုလည်း စိတ်ထင်တိုင်း ထုတ်ဖော်နိုင်နေဆဲပဲ”
ယခုဆိုလျှင် ဓားဗုဒ္ဓက ကြာပလ္လင်ထက်တွင် တင်ပျဉ်ခွေထိုင်မနေတော့ဘဲ မတ်တတ်ရပ်နေပြီ ဖြစ်၏။
သူ့လက်ထဲတွင် ဓားကိုကိုင်ဆောင်ထားပြီး မီးခိုးရောင်ဝတ်ရုံက လေထဲတွင်လွင့်မျောနေသည်ဖြစ်ရာ သူ့ကိုတွေ့မြင်ရသည်မှာ ခမ်းနားသည့် ဓားသိုင်းကျင့်ကြံသူတစ်ယောက်ပမာ ထင်မှတ်ရသည်။
ထိုအချိန် ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာရုပ်သွင် ပခုံးထက်တွင် ရန်ကျောက်ကဲပုံရိပ် ထွက်ပေါ်လာသည်။
“ဓားဗုဒ္ဓကလည်း ဓားဗုဒ္ဓပါပဲ ၊ လူ့ဘုံမှာရောက်နေတာတောင် အဖြူရောင်ကြာပန်းသုခဘုံမှာရှိနေတဲ့ အစွမ်းထက်ဆုံး တန်ခိုးစွမ်းအားရျင်တွေထဲက တစ်ယောက်အဖြစ် ဆက်ရှိနေတုန်းပါပဲ”
ရန်ကျောက်ကဲ စကားဆိုလိုက်သည်။
ဓားဗုဒ္ဓက သံသရာလမ်းကြောင်း(၆)သွယ်အတိုင်း ပြောင်းလဲနေခြင်း ဖြစ်သည်။
သူ၏တိုက်ခိုက်မျုစွမ်းရည်က နတ်ဘုံ ၊ အသူရာဘုံနှင့် ငရဲဘုံတို့တွင် အမြင့်မားဆုံးဖြစ်ပြီး လူ့ဘုံ ၊ တိရိစ္ဆန်ဘုံနှင့် ပြိတ္တာဘုံများတွင် အားနည်းနေလေ့ရှိသည်။
သို့ပေသိ ယခု “လူ့ဘုံ” တွင်ရှိနေသည့်တိုင် ပြင်ပကျင့်ကြံသူ ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများထဲတွင် အစွမ်းအထက်ဆုံးတစ်ယောက်အဖြစ် ရှိနေဆဲပင်။
အဘယ်ကြောင့်ဆိုသော သူက ကောင်းကင်နတ်ဘုရားအဆင့်သို့ မတက်လှမ်းမီ ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူအုပ်စုထဲသို့မဝင်ခင်က ဗောဓိသတ္တအဆင့်အထိ လမ်းမှန်ဗုဒ္ဓဘာသာတွင် ကျင့်ကြံခဲ့သူ ဖြစ်သောကြောင့်ပင်။
လမ်းမှန်ဗုဒ္ဓဘာသာတွင် သူက အစွမ်းထက်ဆုံးများထဲမှတစ်ယောက်အဖြစ် ရပ်တည်ခဲ့ဖူးသည်။ ကျင့်ကြံခြင်းအဆင့်တူသူများထဲတွင် ပြိုင်ဘက်ကင်းအဖြစ် နာမည်ကျော်ကြားခဲ့ဖူးသည်။
အတိတ်တစ်ချိန်က လမ်းမှန်ဗုဒ္ဓဘာသာ ကျင့်ကြံသူတစ်ယောက်ဖြစ်ခဲ့သူသည် မည်သို့ အားနည်းသူတစ်ယောက် ဖြစ်နိုင်ပါမည်နည်း။
သို့တိုင် သူ့အနေဖြင့် ရန်ကျောက်ကဲ၏ ချီထျန်းမဟာသူတော်စင် ရွှေခန္ဓာကိုတော့ ဘာမှမလုပ်နိုင်ခဲ့ပေ။
ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာတစ်ခုတည်းနှင့်ပင် ပြင်ပတာအိုကျင့်ကြံသူ ကော်းကင်နတ်ဘုရားတစ်ပါးကို ဆိုးဆိုးရွားရွား ရိုက်နှက်နိုင်ခဲ့သည်ပင်။
ရှေ့တွင် စိတ်ကူးနတ်ဘုရားက ဥပမာတစ်ခု ဖြစ်ခဲ့သည်။ မူလကောင်းကင်ကပ်ဘေးအတားအဆီးသာမရှိဘူးဆိုလျှင် စိတ်ကူးနတ်ဘုရားကိုပင် သတ်ဖြတ်ပစ်နိုင်ခြေ ရှိသည်။
တိုက်တိုင်းအောင်ဗုဒ္ဓကတော့ အလွန်ထူးချွန်သည့်တိုက်ခိုက်စွမ်းရည်ပိုင်ဆိုင်သည့်အတွက် ဒဏ်ရာရထားသည့်တိုင် ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာကို ဖိနှိပ်ထားနိုင်ခဲ့သည်။
ယခု ဓားဗုဒ္ဓက စွမ်းအားကြီးမားသည့်တိုင် ပြင်ပတာအိုကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။ သို့ဖြစ်ရာ လမ်းမှန်ဗုဒ္ဓဘာသာမှ ဉာဏ်အလင်းရရှိထားသည့် တိုက်တိုင်းအောင်ဗုဒ္ဓလောက်တော့ အစွမ်းမထက်နိုင်ပေ။
“မင်းက ဘယ်သူလဲ”
ဓားဗုဒ္ဓက ရန်ကျောက်ကဲနှင့် ရန်တိကို တစ်ချက်ဝေ့ကြည့်ပြီးမေးလိုက်သည်။
ယခု ရန်တိက ရန်ကျောက်ကဲဘေးနားတွင် ရှိမနေခဲ့ပေ။
သူက သွေးနီရောင်ဓားအလင်းတန်းများဖြင့်ရစ်ပတ်နေသည့် ဗလာနယ်နက်ရှိုင်းရာဆီသို့ ဦးတည်ထွက်ခွာသွားလေသည်။
ထိုက်ယိဟွာတိမ်တိုက်က တစ်စုံတစ်ခုကို ခေါ်ဆိုသည့်အလား ဖြန့်ကျက်ထွက်ပေါ်လာခဲ့သည်။ ဓားဗုဒ္ဓ၏အကြည့်ဖြင့် ထိုးနှက်ခံရသဖြင့် ထိုက်ယိဟွာတိမ်တိုက်တစ်လျှောက် လှိုင်းဂယက်များ ထွက်ပေါ်လာသည်။
သို့သော် ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာက အနည်းငယ်သာ တုန်ခါသွားသည်။
သူ့ထံမှ ရွှေရောင်အလင်းတန်းများထွက်ပေါ်လာပြီး ရန်ကျောက်ကဲနှင့်ရန်တိအား ဓားဗုဒ္ဓ၏အေးစက်ထက်ရှသောအကြည့်မှ ကာကွယ်ပေးလိုက်သည်။
ဓားဗုဒ္ဓက မျက်မှောင်တစ်ချက်ကျုံ့လိုက်ပြီး အကြည့်ကိုပြန်ရုတ်သိမ်းလိုက်ကာ ချီထျန်းမဟာသူတော်စင်ထံ အာရုံပြောင်းလိုက်သည်။
“ငါက ရန်ကျောက်ကဲ ၊ ဟိုတစ်ယောက်က ငါ့အဖေပဲ”
ရန်ကျောက်ကဲက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။
“ငါ့အဘိုးက ရန်ရှင်းထန်၊ ငါ့အဘွားက တိချင်းလျန်”
ထိုနာမည်နှစ်ခုကိုကြားလိုက်သည်နှင့် ဓားဗုဒ္ဓ၏ မျက်ခုံးထူထူတို့ တွန့်ချိုးသွားပြီး သူ၏မျက်ဝန်းမှ အေးစက်သည့်ရောင်ဝါများ ထွက်ပေါ်လာသည်။
“လက်စသတ်တော့ မင်းက သူတို့မျိုးဆက်ကိုး ၊ သူတို့ကြောင့်သာမဟုတ်ရင် ငါ နှစ်ပေါင်းတစ်ထောင်ကျော် အချည်းနှီးဖြစ်ခဲ့မှာ မဟုတ်ဘူး”
သူ့လေသံတွင် စိတ်ရှုပ်ထွေးမှုများ ပါဝင်နေသည်။
အတိတ်အမှတ်တရများအပေါ် လေးစားသည့်စိတ်ခံစားချက်များ ပါဝင်နေသည့်တိုင် ထိန်းမနိုင်သိမ်းမရ ဒေါသထွက်လျှက် လက်စားချေလိုစိတ်များလည်း လွှမ်းမိုးနေခဲ့သည်။
ရန်ကျောက်ကဲက အေးစက်စွာဖြင့်...
“မင်းကြောင့်သာမဟုတ်ရင် ငါ့အဘိုးနဲ့အဘွားလည်း သေခဲ့ရမှာ မဟုတ်ဘူး”
ဓားဗုဒ္ဓက ဖြည်းညင်းစွာခေါင်းညိတ်လိုက်ပြီး...
“မင်းက ငါ့ကို ဒီမှာ ထိန်းထားဖို့ ရည်ရွယ်နေတာလား”
ထိုအချိန် ပြပဗလာနယ်ထဲတွင် အနက်ရောင်ကြိုးမျှင်များ ရုတ်တရက် ထွက်ပေါ်လာသည်ကို သူ့မျက်လုံးထောင့်မှ တွေ့မြင်လိုက်ရသည်။
ထိုအနက်ရောင်ကြိုးမျှင်များ အချင်းချင်းရတ်ပတ်ပေါင်စပ်ကာ ပြင်ပဗလာနယ်ကို ဖြည်းဖြည်းချင်းဖုံးအုပ်သွားပြီး ဧရာမပိုက်ကွန်ကြီးတစ်ခု ဖြစ်တည်လာသည်။
ဧရာမပိုက်ကွန်ကြီးအတွင်းမှ အလုံးစုံပျက်သုဉ်းခြင်း ဓားဆန္ဒ ထွက်ပေါ်လျှက် ရှိ၏။
အနက်ရောင်ကြိုးမျှင်ပင်လယ်ထဲတွင် ကောင်းချင်းရွှမ်၏ပုံရိပ်ကို ဝိုးတဝါးတွေ့မြင်နေရပြီး သူမလက်ထဲတွင် နတ်ဘုရားသတ်ဖြတ်ဓားကို ကိုင်ဆောင်ထားသည်။
ဓားဗုဒ္ဓ၏အကြည့်က ကောင်းချင်းရွှမ်၏လက်ထဲမှဓားထက်သို့ ကျရောက်သွားသည်။
“နတ်ဘုရားသတ်ဖြတ်ဓား...”
ထို့နောက် သူက အလွန်နီးကပ်နေသည့်တိုင်း လှမ်းယူ၍မရနိုင်ဖြစ်နေသော နတ်ဘုရားထောင်ချောက်ဓားကို လှမ်းကြည့်လိုက်ပြီး ခေါင်းတစ်ချက် ခါယမ်းလိုက်သည်။
“ဒါပေါ့... မင်းတို့မှာ ငါ့ကိုသတ်ဖို့ အခွင့်အရေး ရှိပါတယ် ၊ ဒါပေမဲ့ ဒီနေ့တော့ မဟုတ်ဘူး”
ပြောပြီးသည်နှင့် သူက ခေါင်းလှည့်ပြီး အဝေးသို့ ကြည့်လိုက်သည်။
“အခုချိန်မှာ ငါတို့အဖြူရောင်ကြာပန်းသုခဘုံက အမတခုံရုံးက မိစ္ဆာတွေနဲ့ တိုက်ခိုက်မနေဘူးဆိုရင်... ငါကလည်း လူ့ဘုံမှာရောက်နေတယ်ဆိုတော့ ငါ့တပည့် ငါ့ကိုလာရှာနေလောက်ပြီ ၊ နှစ်ပေါင်းနှစ်ထောင်ကျော်ကြာပြီဆိုတော့ သူလည်း ဗုဒ္ဓတစ်ပါး ဖြစ်နေလောက်ပြီ”
သူ့စကားကို သက်သေပြလိုက်သည့်ပမာပင် အဝေးတစ်နေရာ ပြင်ပဗလာနယ်ထဲမှ ဓားအလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာလေသည်။
ဓားအလင်းတန်းထဲတွင် အဖြူရောင်ကြာပန်းတစ်ပွင့် ရှိနေသည်။
အဖြူရောင်ကြာပန်းထက်တွင် လူငယ်တစ်ယောက်ထိုင်နေပြီး သူက ဘုန်းကြီးဝတ်ရုံဝတ်ဆင်ထားသော်လည်း ဆံပင်ရှည်များက ကျောထက်တွင်ပြန့်ကျဲကျနေသည်။
သူ၏ဒူးများထက်မှာတော့ ဓားရှည်တစ်လက် အလျားလိုက် တင်ထားလေသည်။