← Chapters

ပြန်လည်ဝင်စားခြင်း သံသရာလမ်းခြောက်သွယ်ဓား

Vol. 109 Ch. 1530

ပြန်လည်ဝင်စားခြင်း သံသရာလမ်းခြောက်သွယ်ဓား

Vol. 109 Ch. 1530

အခန်း (၁၅၃၀) ပြန်လည်ဝင်စားခြင်း သံသရာလမ်းခြောက်သွယ်ဓား

အားလုံးရှေ့ ရောက်ရှိလာသူကတော့ ဆံပင်ရှည်များဖြင့် အဖြူရောင်ကြာပန်းထက်တွင်ထိုင်နေသည့် လူငယ်ဘုန်းတော်ကြီးတစ်ပါး ဖြစ်သည်။

ကျောက်စိမ်းစမ်းရေကမ္ဘာမှလူများအတွက်တော့ ထိုသူက အစိမ်းသက်သက် ဖြစ်လေသည်။

သို့သော် ရန်ကျောက်ကဲတို့အတွက်တော့ ယခင်မျိုးဆက်ဓားဗုဒ္ဓထက်ဆာလျှင် သူ့ကိုပိုပြီး ရင်းနှီးကြသည်။

ထိုသူက လမ်းခြောက်သွယ်ဓားသခင် “ချွိစု” ပင် ဖြစ်သည်။

သူက ယခင်မျိုးဆက် ဓားဗုဒ္ဓ၏တပည့်ဖြစ်ပြီး မျိုးဆက်သစ်ဓားဗုဒ္ဓအဖြစ် လူသိများသည်။

လက်ရှိတွင် သူက အဖြူရောင်ကြာပန်းသုခဘုံ၏ ထိပ်တန်းတန်ခိုးစွမ်းအားရှင်များထဲမှတစ်ယောက်ဖြစ်ပြီး လမ်းမှန်ဗုဒ္ဓဘာသာမှ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူများနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။

“ဆရာ... ဆရာ‌ ဘေးကင်းတာမြင်ရလို့ အရမ်းဝမ်းသာပါတယ်”

ချွိစုက အဖြူရောင်ကြာပန်းထက်တွင် မတ်တတ်ထရပ်လိုက်ပြီး ဓားဗုဒ္ဓကို လက်အုပ်ချီဂါရဝပြုလိုက်သည်။

“ဆရာ... တပည့် နှစ်တွေအများကြီး နောက်ကျမှ လာတွေ့တာကို ခွင့်လွှတ်ပေးစေချင်ပါတယ်”

ပြောပြီးသည်နှင့် သူက ဓားအိမ်ထဲမှဓားရှည်ကို ဆွဲထုတ်လိုက်၏။

ရောင်စဉ်ခြောက်သွယ်ဓားအလင်းတန်းများ တလက်လက်တောက်ပနေပြီး ထိုအလင်းတန်းများက စက်ဝန်းတစ်ခုပမာ ဖြစ်သည်။

ဓားအလင်းတန်းများ လှည့်ပတ်သွားသည်နှင့် ဗလာနယ်တစ်ခုလုံး ကစဉ့်ကလျားဖြစ်သွားပြီး သက်ရှိ ၊ အရာဝတ္ထုနှင့် တည်ရှိမှုများအားလုံးက ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားသည်။

ဓားအလင်းတန်း လည်ပတ်သွားသည်နှင့် ထိုအရာများအားလုံးက အလိုအလျှောက် ဓားအလင်းတန်းထဲသို့ ဝင်ရောက်သွားကြသည်။

ကောင်းချင်းရွှမ် မျက်မှောင်ကျုံ့လိုက်သည်။

သူမက နတ်ဘုရားသတ်ဖြတ်ဓားကို အရှေ့ဆီသို့ထိုးချိန်လိုက်ရာ ရှေးဟောင်းဓား၏ပတ်ပတ်လည်တွင် အနက်ရောင်ကြိုးမျှင်များ ရစ်ပတ်လှုပ်ရှားလာသည်။

နတ်ဘုရားသတ်ဖြတ်ဓား၏ ရက်စက်ကြမ်းတမ်းမှုရှိနေသည့်တိုင် ချွိစု၏ဓားအလင်းတန်းဖြင့် ဆွဲခေါ်ခံလိုက်ရသည့်အခါ ကောင်းကင်ချင်းရွှမ်မှာ အနည်းငယ် မူးဝေသွားသလို ခံစားလိုက်ရသည်။

သူမရှေ့တွင် ပုံရိပ်ယောင်ကမ္ဘာတစ်ခု ထွက်ပေါ်လာပြီး ထူးခြားဆန်းကြယ်သည့်ခံစားချက်ကို ပေးစွမ်းလေသည်။

သံသရာလမ်းခြောက်သွယ် ထွက်ပေါ်လာပြီး ကောင်းချင်းရွှမ်မှာ ထိုလမ်းကြောင်းများထဲမှ တစ်ခုဆီသို့ အတင်းထိုးသွင်းခံနေရသလို ခံစားနေရသည်။

ထိုလမ်းက မှောင်မိုက်နေပြီး ရက်စက်ကြမ်းတမ်းသည့် လမ်းတစ်ခု ဖြစ်၏။

ထိုလမ်းက လူအများကို သတ်ဖြတ်လိုစိတ်နှင့် ရူးသွပ်ခြင်းကို ဖြစ်ပေါ်စေပြီး ရှေ့တွင်ရှိနေသာအရာအားလုံးကို ဖျက်ဆီးပစ်ချင်သည့် ပြင်းပြသောဆန္ဒကို ထွက်ပေါ်လာသည်။

ထိုလမ်းက ငရဲဘုံပင် ဖြစ်သည်။

“ဆရာထက်တပည့်လက်စောင်းထက်တဲ့ မျိုးဆက်သစ်ဓားဗုဒ္ဓပဲ...”

ကောင်းချင်းရွှမ် တွေးလိုက်သည်။

ထို့နောက် သူမက ကိုယ့်ကိုယ်ကိုယ်အာရုံစိုက်လိုက်ပြီး စိတ်အခြေအနေကို အတင်းအကျပ်ထိန်းချုပ်လိုက်သည်။

လမ်းခြောက်သွယ်ဓားသခင် ‘ချွိစု’ ...။

သူ၏ဗုဒ္ဓဘာသာ ဓားသိုင်းကျင့်ကြံခြင်းမူလအစက ယခင်မျိုးဆက်ဓားဗုဒ္ဓဆီမှအရင်းခံခဲ့သော်လည်း ၊ သူက ယခင်မျိုးဆက်ဓားဗုဒ္ဓ၏ “သံသရာဓားကျမ်း” ကို အခြေခံပြီး လမ်းကြောင်းအသစ်တစ်ခု ဖန်တီးခဲ့သည်။

ယခင်မျိုးဆက်ဓားဗုဒ္ဓက သူကိုယ်တိုင် သံသရာလမ်းခြောက်သွယ်အဖြစ်ပြောင်းလဲသွားခြင်းဖြစ်သည်။ သို့သော် ချွိစုကတော့ ထိုသို့မဟုတ်ပေ။

ချွိစုက သူ့ကိုယ်သူ သံသရာစက်ဝန်းထဲမှခွဲထွက်ပြီး ရန်သူကို သံသရာစက်ဝန်းထဲသို့ ဆွဲထည့်သည့်လမ်းစဉ်ကို ကျင့်သုံးခြင်း ဖြစ်၏။

ပြိုင်ဘက်၏ကံကြမ္မာစုဆောင်းမှု ပိုများလေလေ ချွိစု၏တိုက်ခိုက်မှုက ပိုမိုပြင်းထန်လေ ဖြစ်သည်။

ထို့ကြောင့်ပင် မျိုးဆက်သစ်ဓားဗုဒ္ဓက သူ့ထက် ကျင့်ကြံခြင်းအဆင့်မြင့်သည့်ရန်သူများကိုပင် အနိုင်ယူခဲ့ဖူးသည်ဟု ဂုဏ်သတင်းကျော်စောသူဖြစ်ပြီး ၊ သူ့ကို မည်သူမှ လျှော့မတွက်ရဲကြပေ။

သူ့ထက်အားနည်းသူများနှင့်ရင်ဆိုင်ရသည့်အခါ ဓားသိုင်း၏ထူးခြားချက်က သိပ်ပေါ်လွင်ခြင်း မရှိပေ။

အားနည်းသူများကိုတိုက်ခိုက်ပါက တန်ခိုးစွမ်းအားအသုံးပြုပြီး ဖိအားပေးလိုက်ရုံဖြင့် လုံလောက်ပေသည်။ ထိုသို့သောသူများကိုတိုက်ခိက်ရန် ဓားသိုင်း၏ အံ့မခန်းစွမ်းအရည်ကို ထုတ်ဖော်ရန် မလိုအပ်ပေ။

ကောင်းချင်းရွှမ်ကတော့ နတ်ဘုရားသတ်ဖြတ်ဓားကိုကိုင်စွဲထားပြီး အခြားသော အားကောင်းသည့်ရန်သူများလည်းရှိနေသည်ဖြစ်ရာ ချွိစုက ရန်သူကို ဖိအားပေးသည့်နည်းလမ်း အသုံးမပြုခဲ့ခြင်းပင်။

ကောင်းချင်းရွှမ်အနေဖြင့် ချွိစု၏တိုက်ခိုက်မှုကို ကောင်းစွာမကိုင်တွယ်နိုင်ပါက သူမ၏စိတ်ဝိညာဉ်က သံသရာလမ်းခြောက်သွယ်အတွင်းကျရောက်သွားပြီး ချက်ချင်းပင် သေဆုံးခြင်းဖြင့် ကြုံတွေ့ရပေမည်။

နတ်ဘုရားသတ်ဖြတ်ဓားက ကမ္ဘာပေါ်တွင် တည်ရှိသမျှဓားများထဲတွင် အပြင်းထန်ဆုံးဓားတစ်လက် ဖြစ်၏။

ထိုဓားကြောင့် မရေမတွက်နိုင်သည့် လူမျိုးတုံးသတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ထူထဲသည့်ကံကြမ္မာများစွာကိုလည်း စုဆောင်းထားခဲ့သည်။

ထိုဓားကိုထိလိုက်ရုံဖြင့် လူတစ်ယောက် ငရဲဘုံသို့ ချက်ချင်း ဆွဲခေါ်ခံရလုနီးပါး ဖြစ်နိုင်သည်။

ကောင်းချင်းရွှမ် မျက်လုံးများကို မှေးစင်းလိုက်ပြီး သွေးဆာမှုနှင့်ရူးသွပ်မှုများကဲ့သို့ အနုတ်လက္ခဏာ‌ဆောင်သည့် စိတ်ခံစားချက်များကို ဖုံးကွယ်လိုက်သည်။

ဓားချီက နတ်ဘုရားသတ်ဖြတ်ဓားမှတစ်ဆင့် စိမ့်ထွက်လာပြီး အပြင်ဘက်သို့ ချဲ့ထွင်သွားသည်။

နတ်ဘုရားသတ်ဖြတ်ဓားသိုင်း၏ ဓားသိုင်းအနှစ်သာရများသာက နတ်ဘုရားသုတ်သင်ဓားသိုင်း(၄)မျိုးလုံး၏ ဓားသိုင်းအနှစ်သာရာများပါ အတွင်းထဲမှ ယိုစိမ့်ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကောင်းချင်းရွှမ်၏ ဓားအလင်းတန်းတုန်ခါမှုအောက်တွင် နတ်ဘုရားသုတ်သင်ဓားသိုင်း(၄)မျိုးလုံး ထွက်ပေါ်လာခြင်းသာပင်။

ဤသည်က မူလပရမ်းပတာသုတ်သင်ခြင်းကျင့်စဉ်ကျမ်းနှင့် ယှဉ်နိုင်စွမ်းမရှိသော်လည်း ကမ္ဘာပျက်စေလောက်သည့် ပြင်းထန်ကြမ်းတမ်းမှုများကိုတော့ ပြသနေဆဲ ဖြစ်သည်။

စစ်ရေးဗျူဟာအစီအရင်တစ်ခု ချမှတ်ထားသည့်ပမာ ကမ္ဘာပျက်ပြီး အရာအားလုံးဖျက်ဆီးခံရမည့် တန်ခိုးစွမ်းအားက အတွင်းထဲမှ မှိန်ဖျော့စွာ စိမ့်ထွက်လို့နေသည်။

ကောင်းချင်းရွှမ်က လက်ထဲတွင် နတ်ဘုရားသတ်ဖြတ်ဓားကို ကိုင်ဆောင်ထားသဖြင့် သန့်စင်သည့် နတ်ဘုရားသတ်ဖြတ်ဓားသိုင်း၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်ပြသနိုင်ခဲ့သည်။

သို့သော် ချွိစု၏ ဓားဆန္ဒက သူမကို ငရဲပြည်သို့ဆွဲမသွင်းစေရန် ကောင်းချင်းရွှမ်က တိုက်ကွက်ကို ပြတ်ပြတ်သားသား ပြောင်းလဲပစ်လိုက်ရသည်။

နတ်ဘုရားသတ်ဖြတ်ဓားသိုင်း သီးသန့်အသုံးပြုပါက နတ်ဘုရားသတ်ဖြတ်ဓား၏ တန်ခိုးစွမ်းအားသီးသန့် ထွက်ပေါ်လာပေမည်။

ယခု ကောင်းချင်းရွှမ်က သူမ၏တန်ခိုးစွမ်းအားကို ရှေးဟောင်းဓားနှင့်ပေါင်းစပ်ကာ အသက်သွင်းလိုက်ခြင်း ဖြစ်၏။

ကောင်းချင်းရွှမ်၏ အမြင်၊ ဆုံးဖြတ်နိုင်စွမ်း၊ ထိန်းချုပ်နိုင်မှုနှင့် မိမိကိုယ်ကိုယုံကြည်မှုများက ဤတိုက်ကွက်တွင် အပြည့်အဝထွက်ပေါ်လာသည်။

တောက်ပသည့်ဓားအလင်းတန်းက လေးဘက်လေးတန်သို့ တိုက်စားသွားပြီး အလွန်ပင်ဂယက်ထန်သည့် အရှိန်အဝါတစ်ခု ဆောင်ကြဉ်းလာခဲ့သည်။

အသက်ဓာတ်ကင်းမဲ့နေပြီး ချော်ရည်ပူများနေရာတိုင်းမှစိမ့်ထွက်နေသော ငရဲဘုံတွင် သေခြင်းတရားရောင်ဝါပျံ့နှံ့လာပြီး နေရာတိုင်းတွင် အက်ကွဲကြောင်းများ ထင်ဟပ်လာသည်။

ငရဲဘုံကိုယ်တိုင်က သူ၏အဆုံးသတ်ကို ကြိုဆိုနေသယောင်ပင်။

ထို့နောက် ငရဲဘုံ၏စွမ်းအားများပျောက်ကွယ်သွားပြီး သံသရာလမ်းခြောက်သွယ် ပြန်လည်ထွက်ပေါ်လာသည်။

သို့သော် ကောင်းချင်းရွှမ်၏နတ်ဘုရားသတ်ဖြတ်ဓား အလင်းတန်း၏ လွှမ်းမိုးမှုအောက်တွင် ထိုလမ်းခြောက်သွယ်လုံးက ငရဲဘုံကဲ့သို့ပင် ကမ္ဘာပျက်မည့်ဖြစ်ရပ်ကို ရင်ဆိုင်ခဲ့ကြရ၏။

လူဘုံမှသက်ရှိများမှာ ကမ္ဘာပျက်ကိန်းနှင့် ကြုံတွေ့ရသည့်အလား နာကျင်စွာဖြင့် အော်ဟစ်နေကြသည်။

တိရိစ္ဆန်ဘုံမှ သားရဲမျိုးစုံ ပိုးမွှားမျိုးစုံတို့မှာ ဟိန်းဟောက်အော်မြည်သောင်းကျန်းနေကြပြီး အရူးအမူး ပြေးလွှားနေကြသည်။ ဤသည်ကလည်း ကမ္ဘာပျက်ကိန်းကို ပြသနေခြင်းပင်။

အသူရာဘုံမှာတော့ အချင်းချင်းသတ်ဖြတ်နေသည့် သွေးဆာမှုက ပိုမိုတက်ကြွလာပြီး ခေါင်းမာပြင်းထန်စွာ တိုက်ခိုက်နေကြသည်။

ပြိတ္တာဘုံတွင်ရှိနေသည့် သန်းနှင့်ချီသော သရဲတစ္ဆေများသည်လည်း ပိုမိုရက်စက်ကြမ်းတမ်းလာကြသည်။

သူတို့၏မျက်နှာများက ပြင်းထန်သည့်နာကျင်မှုကြောင့် ရုပ်ပျက်ဆင်းပျက်တွန့်လိမ်နေပြီး သူတို့ထံမှထွက်ပေါ်နေသည့် ထူထဲကြမ်းတမ်းသည့်ရောင်ဝါက လူအများကို အသက်ရှူကြပ်စေပြီး ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားစေနိုင်သည်။

နတ်ဘုံတွင်ရှိနေသည့် မိမိကိုယ်ကို ဖြောင့်မတ်လှပသည်ဟု ယူဆကြသော နတ်သား နတ်သမီးများသည်ပင်လျှင် ရုပ်ပျက်ဆင်းပျက်အခြေအနေထဲ နစ်မြုပ်သွားခဲ့ကြသည်။

သူတို့အဝတ်အစားများ ညစ်နွမ်းသွားပြီး ဆံပင်များလည်းဖွာလန်ကျဲနေကာ ခန္ဓာကိုယ်များမှ အနံ့အသက်ဆိုးများ ထွက်ပေါ်လျှက်ရှိသည်။ သေမျိုးလူသားများ သေခါနီးအချိန် ရောက်ရှိသည်နှင့်ပင် ဆင်တူလှ၏။

သံသရာလမ်းခြောက်သွယ်လုံး ချုပ်ငြိမ်းရာသို့ ဦးတည်နေဟန်ရှိပြီး တိတ်ဆိတ်စွာပင် ကမ္ဘာပျက်ကိန်းကို ရင်ဆိုင်နေကြရသည်။

တစ်ချိန်တည်းမှာပင် ကောင်းချင်းရွှမ်အား ဆွဲခေါ်နေသည့် ထိတ်လန့်ဖွယ်ရာ တန်ခိုးစွမ်းအားက အားနည်းသွားသည်။ ထိုအခွင့်အရေးကိုအသုံးချပြီး သူမက ပြတ်သားစွာနောက်ပြန်ဆုတ်လျှက် ချွိစု၏ဓားချက်ကို ရှောင်တိမ်းလိုက်သည်။

ချွိစုက သူမကို ဆက်လက်တိုက်ခိက်ခြင်းမရှိတော့ဘဲ ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာဖြင့်ပိတ်ဆို့ခံနေရသည့် ဓားဗုဒ္ဓကို စကားလှမ်းပြောလိုက်သည်။

“ဆရာ... ဆက်မတိုက်နဲ့တော့... အဲဒါက တိုက်တိုင်းအောင်ဗုဒ္ဓရဲ့ နတ်မိစ္ဆာခန္ဓာအစစ်မဟုတ်ဘူး ၊ ချီထျန်းမဟာသူ‌တော်စင်နှိမ်နင်းခံရပြီး ကျန်ခဲ့တဲ့ ရွှေခန္ဓာပါ ၊ အဲဒီလိုရွှေခန္ဓာတွေ တစ်ခုမက ရှိနေတယ်”

“အိုး ဟုတ်လား”

ထိုစကားကြားတော့ ဓားဗုဒ္ဓ၏မျက်နှာထက် အံ့အားသင့်သည့်အရိပ်အယောင်များထွက်ပေါ်လာသည်။

“ဒီကိစ္စမျိုး ရှိတာလား...”

ချွိစုက...

“ဒီဖြစ်ရပ်မှာ ထူးဆန်းတဲ့ကိစ္စတွေ အများကြီးပါဝင်နေတယ် ၊ လွယ်လွယ်နဲ့ရှင်းပြလို့မရနိုင်ဘူး ၊ အခုလက်ရှိမှာ ချီထျန်းမဟာသူတော်စင်ရဲ့ရွှေခန္ဓာ တစ်ခုတည်းဆိုပေမယ့် တခြားရွှေခန္ဓာတွေ လျှို့ဝှက်ပြီးရှိနေနိုင်သေးတယ် ၊ အဲဒါတွေအားလုံး ပေါင်းစည်းလိုက်ရင် ချီထျန်းမဟာသူတော်စင် အစစ်ရဲ့ တန်ခိုးစွမ်းအားမျိုးတောင် ထွက်ပေါ်လာနိုင်ပါတယ်”

သူက ဆက်ပြောလိုက်သည်။

“ပိုပြီး အသေးစိတ်သိချင်ရင်တော့ ကျွန်တော်တို့ သုခဘုံကိုပြန်ပြီး မီလဲ့ကိုယ်တော်နဲ့ တွေ့ဆုံမေးမြန်းမှ နားလည်နိုင်ပါလိမ့်မယ်”

သူက စကားပြောနေရင်းပင် ဓားကွက်တစ်ခု ထပ်မံထုတ်ဖော်လိုက်သည်။ ဓားအလင်းတန်းများ ဖြတ်သန်းသွားရာနေရာတိုင်းတွင် အမှောင်ထုက အက်ကွဲသွားသည်။

သို့သော် စကြာဝဠာထဲမှ နက်မှောင်သည့်ဓားအလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အရာအားလုံးကို ပျက်သုဉ်းသွားစေသည်။

ထိုဓားအလင်းတန်း၏ ရက်စက်ကြမ်းတမ်းမှုက နတ်ဘုရားသတ်ဖြတ်ဓားအောက် နိမ့်ကျခြင်း မရှိပေ။

ဓားအလင်းတန်းနှစ်ခု ထိပ်တိုက်တွေ့မိသည်နှင့် ရပ်တန့်သွားပြီး တစ်ခု၏စွမ်းအားကို တစ်ခုက ဖျက်ဆီးပစ်လိုက်သည်။

ထို့နောက် အမှောင်ထုထဲမှ ဖန်းယွင်ရှန်း၏ပုံရိပ် ထွက်ပေါ်လာသည်။

သူမက ဓားသွားကို အလျားလိုက်ကိုင်ဆောင်ထားပြီး ယခင်မျိုးဆက်ဓားဗုဒ္ဓနှင့် မျိုးဆက်သစ်ဓားဗုဒ္ဓကို တည်ငြိမ်စွာ စူးစိုက်ကြည့်နေသည်။

ချွိစု ခေါင်းညိတ်လိုက်သည်။

“ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး... ကမ္ဘာဖျက်နတ်ဆိုးဓား... တကယ့်ကို ဂုဏ်သတင်းနဲ့ထိုက်တန်ပါပေတယ်”

ဓားဗုဒ္ဓကတော့ ဖန်းယွင်ရှန်း ပတ်ပတ်လည်တွင် ရစ်ပတ်နေသည့် အနက်ရောင်မိစ္ဆာချီများကိုကြည့်ရင်း မျက်မှောင်ကျုံ့လိုက်သည်။

ဖန်းယွင်ရှန်းက ကောင်းချင်းရွှမ်နှင့် ယှဉ်လျှက် မတ်တတ်ရပ်နေခဲ့သည်။

သူတို့နှစ်ယောက်လုံး တစ်ချက်လေးမှ ကြောက်ရွံ့ခြင်းမရှိဘဲ အဖြူရောင်ကြာပန်းသုခဘုံမှ ဗုဒ္ဓနှစ်ပါးကို ရင်ဆိုင်ရန် အသင့်ရှိနေခဲ့ကြသည်။

ဤဗုဒ္ဓနှစ်ပါးက ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူများဖြစ်ကြသော်လည်း သာမန်မဟုတ်ကြပေ။ သူတို့နှစ်ယောက်လုံးက လမ်းမှန်တာအိုဝါဒနှင့် လမ်းမှန်ဗုဒ္ဓဘာသာမှလူများနှင့်ပင် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်သည်အထိ အစွမ်းထက်သူများ ဖြစ်ကြသည်။

ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး၏ အခွင့်အာဏာကိုပိုင်ဆိုင်ထားသော ဖန်းယွင်ရှန်းနှင့် နတ်ဘုရားသတ်ဖြတ်ဓားကို ကိုင်ဆောင်ထားသော ကောင်းချင်းရွှမ်သည်ပင် အထူးသတိထားနေခဲ့ရသည်။

သို့သော် ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာကိုထုတ်ဖော်ထားသည့် ပန်ပန်ကတော့ လေထဲသို့တစ်ချက်ခုန်ဝင်လိုက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းမိုးထားလိုက်သည်။

သူ၏အရှိန်အဟုန်က ဗုဒ္ဓနှစ်ပါးထက်ပင် လျှင်မြန်သေး၏။

နတ်မိစ္ဆာမျောက်မင်း အနှောက်အယှက်ပေးကာ သောင်းကျန်းနေသဖြင့် ဓားဗုဒ္ဓနှင့် ချွိစုတို့မှာ ဖန်းယွင်ရှန်းနှင့် ကောင်းချင်းရွှမ်တို့ကို အာရုံစိုက်ကာ မတိုက်ခိုက်နိုင်ခဲ့ကြပေ။

ဓားဗုဒ္ဓက နတ်ဘုရားထောင်ချောက်ဓားကိုဆွဲယူရန် ကြံရွယ်တိုင်း မျောက်ဝံကြီးက သူ၏လမ်းကြောင်းကို ဟန့်တားနေခဲ့သည်။

“ကျစ်...”

ဓားဗုဒ္ဓ မကျေမနပ် တစ်ချက်ရေရွတ်လိုက်ပြီး သူ၏တိုက်ခိုက်မှုပုံစံ ကို ရုတ်တရက် ပြောင်းလဲလိုက်သည်။

ကြယ်တံခွန်မိုးများကဲ့သို့ကျဆင်းနေသည့် ဓားအလင်းတန်းများ ချက်ချင်းပျံ့လွင့်သွားပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်။

ဓားဗုဒ္ဓကိုယ်တိုင်လည်း ထိုဓားအလင်းတန်းများနှင့်အတူ ပျောက်ကွယ်သွားသည်။

ဓားအလင်းတန်းများက လေစီးကြောင်းများသဖွယ် ပြောင်းလဲသွားပြီး ဗလာနယ်တစ်ခုလုံးသို့ စိမ့်ဝင်ပျံ့နှံ့သွားသည်။

ထိုအချိန် ရန်ကျောက်ကဲနှင့် အခြားသူများ၏ အမြင်အာရုံထဲမှ မြင်ကွင်းသည်လည်း ပြောင်းလဲသွားခဲ့လေသည်။

သေမျိုးလူသားလောက၏ မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။

သူတို့ဘေးတွင် လူအုပ်ကြီးက ဖြတ်သန်းသွားလာနေပြီး လောကီရေးရာ မိသားစုအရေး ၊ စီးပွားရေး စသည်ဖြင့် အကြောင်းအရာများစွာကို ဆွေးနွေးပြောဆိုနေကြသည်။

ရန်ကျောက်ကဲတို့ အသက်ရှူလိုက်တိုင်း သေမျိုးလူသားများထံမှထွက်ပေါ်နေသည့် အနံ့ပေါင်းစုံက သူတို့အသက်ရှူလမ်းကြောင်းထဲ ဝင်ရောက်လာသည်။

All Chapters